နိုင်ငံဖြတ်ကျော် ကျားဖြန့်နှိမ်နင်းရေးနဲ့ ဗိုလ်မှူးကြီးစောချစ်သူရဲ့ ကံကြမ္မာ

တရုတ်အစိုးရအလိုရှိနေတဲ့ ကျားဖြန့်ပပျောက်ရေးကို ထိုင်းကအပြည့်အဝပူးပေါင်းပြနေပြီး မြန်မာလို အထိအခိုက်မများအောင် ရှောင်ရှားချင်ပုံရပါတယ်။

၂၀၂၅ ဖေဖော်၀ါရီ ၁၅ ရက်က ဖော်ပြခဲ့တဲ့ ဆောင်းပါးကို အချက်အလက်အသစ်တွေ ဖြည့်စွက်ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့် (အွန်လိုင်းလိမ်လည်မှု) နှိမ်နင်းရေးကို အမေရိကန်က စိတ်ဝင်စားကြောင်း ဒီနှစ်ဆန်းပိုင်းမှာ ပြသခဲ့ပေမဲ့ လအတန်ကြာငြိမ်သက်နေခဲ့ပါတယ်။

နိုဝင်ဘာလထဲမှာ အမေရိကန်ရဲ့ခြေလှမ်းက ပြန်သွက်လာပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တိုက်ဖျက်ရေးအထူးအဖွဲ့ (Scam Center Strike Force) ကို ဖွဲ့စည်းလိုက်ပါတယ်။

အမေရိကန် ရှေ့နေချုပ်ရုံး၊ တရားရေးဌာန ရာဇဝတ်ဌာနခွဲ၊ FBI နဲ့ US Secret Service (USSS) တို့ ပါဝင်ဖွဲ့စည်းထားတဲ့ ဒီအဖွဲ့ဟာ မြန်မာက အွန်လိုင်း ငွေလိမ်ဂိုဏ်း ၂ ခုကို စုံစမ်းထောက်လှမ်းတာတွေ လုပ်ခဲ့ပြီးပါပြီ။

ဒါ့အပြင် DKBA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ စောစတီး၊ စောစိန်ဝင်း၊ စောဆန်းအောင် နဲ့ စိုင်းကျော်လှတို့ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားပါတယ်။

အစောပိုင်းကတည်းက အမေရိကန်ဟာ ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ နာမည်ပြောင်းထားတဲ့ KNA နဲ့ ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးစောတင်ဝင်း၊ ဗိုလ်မှူးကြီးစောမင်းမင်းဦးနဲ့ ဗိုလ်မှူးကြီး စောချစ်သူရဲ့သား ၂ ဦးတို့ကို ဒဏ်ခတ်ပိတ်ဆို့ထားပြီးပါပြီ။

အထူးသဖြင့် အမေရိကန်ပါလာတဲ့အပေါ် တရုတ်က လိုလားမှာမဟုတ်ဘူးလို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

မြန်မာစစ်ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း သူတို့ဟာ ရှမ်းပြည်နယ်(မြောက်ပိုင်း)က ကျားဖြန့်နှိမ်နင်းရေးကတည်းက တရုတ်နဲ့ပူးပေါင်းဆောင်ရွက်နေပြီး မြဝတီဒေသ မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Trilateral Cooperation) ဖွဲ့စည်းပြီး ဆောင်ရွက်နေတယ် လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့မှာကျင်းပခဲ့တဲ့ တရုတ်-မြန်မာ-ထိုင်း-ကမ္ဘောဒီးယား-လာအိုနှင့် ဗီယက်နမ် ခြောက်နိုင်ငံ Online လိမ်လည်မှု ပူးပေါင်းတိုက်ဖျက်ရေးအစည်းအဝေး တက်ရောက်ခဲ့ပြီး ဒီအဖွဲ့နဲ့လည်း မြန်မာက ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အမေရိကန်ပါဝင်လာတဲ့အပေါ်မှာတော့ Online လိမ်လည်မှု၊တိုက်ဖျက်ရေးဆိုတာထက် နက်နဲတဲ့ လျှို့ဝှက်ရည်ရွယ်ချက် (Hidden Agenda) တစ်ခုရှိနေနိုင်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

မြန်မာ၊ထိုင်းနဲ့ တရုတ် သုံးနိုင်ငံပေါင်း ဆောင်ရွက်နေတဲ့ ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့် နှိမ်နင်းရေးမှာ အမေရိကန်ပါ ထဲထဲဝင်ဝင် ပါလာတဲ့အတွက် လူဆိုးဂိုဏ်းတွေရော ဒေသတွင်းခေါင်းဆောင်တွေပါ သတိထားစရာကိစ္စဖြစ်လာပါတယ်။

ဘေဂျင်းဘက်က အလိုရှိနေတဲ့ ရှီကျီကျန်းကို ထိုင်းလုံခြုံရေးအထူးတပ်ဖွဲ့ဝင်တွေက ခေါ်ဆောင်လာတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CIB

ဓာတ်ပုံ ပုံစာ, ဘေဂျင်းဘက်က အလိုရှိနေတဲ့ ရှီကျီကျန်း(ဗိုလ်မှူးကြီးစောချစ်သူနဲ့ ရင်းနှီးသူ) ကို နိုဝင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းမှာ ထိုင်းအာဏာပိုင်တွေက တရုတ်ဆီလွှဲပေးခဲ့ပါတယ်။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြန်မာ-တရုတ်နယ်စပ်က ကျားဖြန့် (အွန်လိုင်းလိမ်လည်မှု) နှိမ်နင်းရေးကို အကြောင်းပြုပြီး မြန်မာ့နိုင်ငံရေး၊ စစ်ရေးအခြေအနေ အကြီးအကျယ်ပြောင်းလဲသွားခဲ့တာကို မနှစ်ကမြင်ခဲ့ကြရပြီးပါပြီ။

ကျားဖြန့်နှိမ်နင်းရေးနဲ့အတူ ၁၀၂၇ စစ်ဆင်ရေး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကျဆုံးမှုနဲ့ နေပြည်တော်အာဏာစက်ကို လူမျိုးစုတိုင်းရင်းသားတပ်တွေက ခြိမ်းခြောက်မှုတွေ ဆက်တိုက်ဖြစ်ခဲ့တာပါ။

မြန်မာနိုင်ငံအရှေ့မြောက်က ကျားဖြန့်ဇာတ်လမ်းဟောင်းကို အရှေ့တောင်ဘက်မှာပြန်မြင်နေရပြီး ထိုင်းနိုင်ငံ ပါဝင်ပတ်သက်လာရတဲ့အတွက် ဒေသတွင်းပြဿနာဖြစ်လာပါတယ်။

တရုတ်အစိုးရအလိုရှိနေတဲ့ ကျားဖြန့်ပပျောက်ရေးကို ထိုင်းကအပြည့်အဝပူးပေါင်းပြနေပြီး မြန်မာလို အထိအခိုက်မများအောင် ရှောင်ရှားချင်ပုံရပါတယ်။

ဒါကြောင့် ကျားဖြန့်လုပ်ငန်းအများအပြားတည်ရှိတဲ့ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ အာဏာပြင်းတဲ့ ဗိုလ်မှူးကြီးစောချစ်သူကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းက ခြေလှမ်းပြင်လိုက်တာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၊ မြဝတီမြို့နယ်ထဲမှာ အခြေစိုက်တဲ့ကျားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းဖို့ မြန်မာ၊ ထိုင်းနဲ့ တရုတ် သာမကဘဲ အမေရိကန်ကပါ စိတ်ဝင်စားလာတာတွေ့ရပါတယ်။

ဆန်ရှင်ထိထားတဲ့ ဘီလျံနာတပ်မှူး

ကရင်နယ်ခြားစောင့်တပ်မှူး ဗိုလ်မှူးကြီးစောချစ်သူ
ဓာတ်ပုံ ပုံစာ, ကရင်နယ်ခြားစောင့်တပ်မှူး ဗိုလ်မှူးကြီးစောချစ်သူ

၂၀၀၉ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်တွေမှာ နယ်ခြားစောင့်တပ်မှူးတွေအဖြစ် အသွင်ပြောင်းခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို မြန်မာစစ်တပ်က လုပ်ပိုင်ခွင့်တွေပေးခဲ့ပါတယ်။

အဲဒီထဲမှာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး (DKBA) ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးစောချစ်သူလည်း အပါအဝင်ဖြစ်ပါတယ်။

ကရင်နယ်ခြားစောင့်တပ်မှူး ဗိုလ်မှူးကြီးစောချစ်သူရဲ့ နောက်ထပ်နာမည်က ဦးစံမြင့် ဖြစ်ပါတယ်။

တရားဝင်ရော တရားမဝင်လုပ်ငန်းတွေနဲ့ပါ ကြွယ်ဝချမ်းသာလာတဲ့ မြန်မာစစ်တပ်ရဲ့ တိုင်းရင်းသားမဟာမိတ်တွေဟာ သူတို့ထိန်းချုပ်နယ်မြေထဲမှာ ကျားဖြန့်လုပ်ငန်းတွေကို လက်ခံခဲ့မိတဲ့အတွက် ဒုက္ခကြုံလာရပါတယ်။

ကိုးကန့်နယ်ခြားစောင့်တပ်မှူး ဝေစန်းနဲ့ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်တွေဟာ ကျားဖြန့်နဲ့ ဆက်စပ်ရာဇဝတ်မှုစွဲချက်တွေနဲ့ တရုတ်နိုင်ငံမှာ ဖမ်းဆီးခံထားရပါတယ်။

ကိုးကန့်ရဲ့ အချမ်းသာဆုံးမိသားစုကြီး လေးခုဖြစ်တဲ့ ပယ် မိသားစု၊ မြီ မိသားစု၊ ဝေ မိသားစု နဲ့ လျို မိသားစုဝင်တွေကို တရုတ်က ဖမ်းဝရန်းထုတ်ခဲ့ပြီး တရုတ်နိုင်ငံဘက်က လွှဲပြောင်းရယူခဲ့ပါတယ်။

မြန်မာစစ်တပ်နဲ့ ကာလရှည်မဟာမိတ်ဖြစ်တဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန်၊ ကိုးကန့်နယ်ခြားစောင့်တပ်မှူးဟောင်း ဝေစန်းတို့အပါအဝင် ဝရမ်းထုတ်ထားသူတချို့ကို နေပြည်တော်ကနေ အထူးလေယာဉ်နဲ့ တရုတ်ကို လွှဲပေးခဲ့တာဖြစ်ပါတယ်။

ကိုးကန့်နယ်ခြားစောင့်တပ်မှူးတွေရဲ့ ကံကြမ္မာဆိုးလို ကြုံလာမှာကို ဗိုလ်မှူးကြီးစောချစ်သူ စိုးရိမ်ပူပန်နေပုံ ရပါတယ်။

သူ့မှာအပြစ်မရှိ‌ကြောင်း ဘီဘီစီကိုပြောပြီး ကျားဖြန့် နဲ့ လူမှောင်ခို နှိမ်နင်းရေးအထူးအဖွဲ့ကို ကိုယ်တိုင်ဦးဆောင်ဖွဲ့စည်းပြီး ရှင်းလင်းရေးလုပ်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကိုးကန့်ခေါင်းဆောင်တွေနဲ့ သူဌေးတွေတုန်းကလည်း ကျားဖြန့်သမားတွေကို ထုတ်ပေးခဲ့ပေမဲ့ ဇာတ်သိမ်းမလှခဲ့တာတွေ့ရပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူက မြဝတီကကျားဖြန့်တွေက လူမှောင်ခိုကူးခံရသူ ထောင်ဂဏန်းအထိ သူကယ်ထုတ်ပေးခဲ့တယ် လို့ ဘီဘီစီကိုပြောထားပါတယ်။

တစ်ဖက်မှာလည်း လူကုန်ကူးမှုတွေမှာ ပံ့ပိုးကူညီလို့ဆိုတဲ့ စွဲချက်နဲ့ ဗိုလ်မှူးကြီးစောချစ်သူကို ယူကေက ဒဏ်ခတ်ပိတ်ဆို့ထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်နေတဲ့ Justice For Myanmar အဖွဲ့က လည်း ဗိုလ်မှူးကြီးစောချစ်သူ မိသားစုနဲ့ BGF/KNA တပ်ဖွဲ့ဝင်အချို့ဟာ တရုတ်၊ ထိုင်း၊ မလေးရှား ၊ ကမ္ဘောဒီးယား၊ စင်ကာပူနိုင်ငံသားလက်မှတ်တွေ ကိုင်ဆောင်ထားတဲ့ ရာဇဝတ်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကြီးမားတဲ့ ရာဇဝတ်စီးပွားကွန်ရက် တစ်ခုကို တည်ဆောက်ထားတယ် လို့ ၂၀၂၄ ခုနှစ်က ထုတ်ဖော်ထားပါတယ်။

Justice For Myanmar ရဲ့ စုံစမ်းဖော်ထုတ်မှုမှာ ကျားဖြန့်လုပ်နေတဲ့ ကုမ္ပဏီတွေအပါအဝင် ကုမ္ပဏီ ၈ ခုထက်မနည်းမှာ ဗိုလ်မှူးကြီးစောချစ်သူ နဲ့ မိသားစုဝင်တချို့ ရှယ်ယာပါနေတယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူဟာ BGF ပိုင် တရားဝင်စီးပွားရေးလုပ်ငန်းတွေရော တရားမဝင် စီးပွားရေးလုပ်ငန်းတွေကပါ ဘီလျံချီတဲ့ ဝင်ငွေတွေရနေတဲ့အကြောင်း Justice For Myanmar က ရော အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (USIP)ကပါ ထုတ်ဖော်ထားပါတယ်။

အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (USIP) က ကရင်ပြည်နယ်၊ မြဝတီမြို့ နဲ့ ရွှေကုက္ကိုက အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)တွေအကြောင်း မနှစ်ကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဗိုလ်မှူးကြီးစောချစ်သူနဲ့ သူ့လက်အောက်က ဗိုလ်မိုလ်သိုလ်၊ ဗိုလ်မှူးတင်ဝင်းတို့ကို အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) လုပ်ငန်းတွေမှာ အဓိကပါဝင်သူတွေအဖြစ် ဖော်ပြထားပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်တဲ့ BGF/KNA ဟာ ထိုင်းမြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို လုံခြုံရေးပေးနေတယ်လို့ JFM ကရော ဒေသတွင်းအကဲခတ်တွေကပါ ပြောပါတယ်။

ကျားဖြန့်-ကိုးကန့်-မြဝတီ

ကိုးကန့်ဒေသ နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) က ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းလိုက်တဲ့အခါ မြဝတီ ရွှေကုက္ကိုနဲ့ KK park နယ်မြေက ကျားဖြန့်ဗဟိုချက်ပြန်ဖြစ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC Thai

ဓာတ်ပုံ ပုံစာ, ရှမ်းပြည်နယ်(မြောက်ပိုင်း) က ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းလိုက်တဲ့အခါ မြဝတီ ရွှေကုက္ကိုနဲ့ KK park နယ်မြေက ကျားဖြန့်ဗဟိုချက်ပြန်ဖြစ်လာ

‌မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ရေခံမြေခံက ကျားဖြန့်လုပ်ငန်းတွေ ရှင်သန်ကြီးထွားဖို့အတွက် အကြိုက်တွေ့စရာဖြစ်ပါတယ်။

နာတာရှည် ပြည်တွင်းစစ်နဲ့ ဗဟိုအစိုးရရဲ့ အာဏာစက်အောက်က လွတ်ကင်းနေတဲ့ နယ်မြေတွေက 'ကျားဖြန့် ကျား' တွေ ကျင်လည်ဖို့ စားကျက်ကောင်းတွေ ဖြစ်နေပါတယ်။

တရုတ်နယ်စပ်က ကိုးကန့်ဖြစ်စဉ် နဲ့ ထိုင်းနယ်စပ်က မြဝတီဖြစ်စဉ်တွေမှာ တူညီတဲ့အချက် အများအပြား ရှိနေပါတယ်။

မြန်မာစစ်တပ်နဲ့ မဟာမိတ်ဖြစ်ခြင်း၊ တရားမဝင်လုပ်ငန်းတွေကနေ ဘီလျံချီ ချမ်းသာကြွယ်ဝလာခြင်း၊ ဗဟိုအစိုးရတိုက်ရိုက်ထိန်းချုပ်မှုအောက်ကနေကင်းလွတ်ခြင်း၊ ကျားဖြန့်လုပ်ငန်းတွေကို လက်ခံထားမိခြင်းနဲ့ နယ်စပ်ဒေသမှာရှိနေခြင်းတွေ ဖြစ်ပါတယ်။

ကျားဖြန့်လုပ်ငန်းတွေရဲ့အစက နည်းပညာရှင်တွေကို နည်းပညာနဲ့ ဘာသာပြန်လုပ်ငန်းတွေအတွက် လစာအများအပြားရမယ်လို့ တရုတ်ရာဇဝတ်ဂိုဏ်းတွေက မက်လုံးပေးခေါ်ဆောင်ပြီး အွန်လိုင်းကတဆင့် လိမ်လည်ခိုင်းတာ ဖြစ်ပါတယ်။

ကိုးကန့်ဒေသ နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) က ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းလိုက်တဲ့အခါ မြဝတီ ရွှေကုက္ကိုနဲ့ KK park နယ်မြေက ကျားဖြန့်ဗဟိုချက်ပြန်ဖြစ်လာပါတယ်။

မြဝတီ ရွှေကုက္ကိုနဲ့ KK park နယ်မြေထဲက လူကုန်ကူးခံရသူတွေက ထိုင်းနိုင်ငံဘက်ကနေ ဝင်လာတဲ့သူတွေလို့ စစ်ကောင်စီဘက်ကရော ဗိုလ်မှူးကြီးစောချစ်သူကပါ ပြောပါတယ်။

''အဓိကအဲဒီ လူမှောင်ခိုတွေကဘယ်ကလာလဲ။ အခုလုပ်နေတဲ့ အွန်လိုင်းကျားဖြန့်လုပ်ငန်းတွေက ကျွန်တော်တို့ သွားခေါ်လာတာလည်းတစ်ယောက်မှမရှိပါဘူး။ ပြောရမယ်ဆိုရင် ရှင်းရှင်းလေးပဲ ထိုင်းနိုင်ငံကိုဖြတ်လာပြီးတော့ တရားမဝင်တဲ့ အပေါက်ကနေ ကူးလာတဲ့သူတွေချည်းပဲ'' လို့ ဗိုလ်မှူးကြီးစောချစ်သူက ဘီဘီစီ ကို ပြောပါတယ်။

''မြဝတီအခြေအနေဟာ ကိုးကန့်အခြေအနေနဲ့ကွဲပြားပြီး ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေကြားက ဆက်ဆံရေးဟာ နားလည်ရခက်တယ်'' လို့ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (USIP) ရဲ့ မြန်မာ့ရေးရာညွှန်ကြားရေးမှူး ဂျေဆင်တာဝါက ဘီဘီစီကို ပြောပါတယ်။

ကိုးကန့်ကိစ္စမှာ ကိုးကန့်နယ်ခြားစောင့်တပ်နဲ့ မြန်မာစစ်တပ်ကတစ်ဘက် ကျားဖြန့်နှိမ်နင်းရေးအတွက် တရုတ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ထောက်ခံမှုကိုရထားတဲ့ ကိုးကန့်တပ် MNDAA က တစ်ဘက်ဆိုတဲ့ အခြေအနေရှိခဲ့တယ် လို့ သူကပြောပါတယ်။

လောက်ကိုင်မှာတုန်းက တရုတ်ဟာ သူ့နယ်စပ်ဖြစ်တာကြောင့် ကျားဖြန့်နှိမ်နင်းရေးကို နယ်စပ်ဖြတ်ကျော်ပြီး မြန်မာနဲ့ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဝရမ်းထုတ်ထားသူတွေနဲ့ တရားခံတွေကို နယ်စပ်မှာအလွယ်တကူပဲ လက်ပြောင်းရယူသွားနိုင်ခဲ့ပါတယ်။

ထိုင်းနယ်စပ် မြဝတီမှာတော့ တရုတ်က နယ်စပ်ဖြတ်ကျော်ဝင်ရောက်နိုင်တဲ့ အခြေအနေမရှိတာကြောင့် ထိုင်းအစိုးရနဲ့တဆင့်ခံ ဆောင်ရွက်ရတဲ့အခြေအနေဖြစ်လာပါတယ်။

တရုတ်နဲ့ ထိုင်းအစိုးရအဖွဲ့ဝင်တွေဟာ အပြန်အလှန်ခရီးစဉ်တွေရှိလာပြီး ကျားဖြန့်ကိစ္စက လွှမ်းမိုးထားပါတယ်။

တရုတ်ပြည်သူ့လုံခြုံရေးဒုဝန်ကြီး ဇန်နဝါရီလကုန်ပိုင်းက ထိုင်း-မြန်မာ နယ်စပ် မဲဆောက်နဲ့ မယ်ဆိုင် မြို့တွေအထိ သွားရောက်ခဲ့တဲ့အဓိကတာဝန်က ကျားဖြန့်နှိမ်နင်းရေး ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ပေထုန်တန်ရဲ့ တရုတ်ခရီးစဥ်မှာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ ကျားဖြန့်နှိမ်နင်းရေး ဆွေးနွေးခဲ့ပါတယ်။

ဒီအချက်တွေက မြန်မာနိုင်ငံနယ်နိမိတ်ထဲမှာ ခြေကုပ်ယူထားတဲ့ ကျားဖြန့်ဂိုဏ်းတွေဟာ ဒေသတွင်းပြဿနာအဖြစ် ပုံပေါ်လာတယ်ဆိုတာ ထင်ရှားပါတယ်။

ခြေလှမ်းသွက်တဲ့ ထိုင်းအစိုးရ

မြန်မာ ထိုင်း နယ်စပ်မှာ ကင်းလှည့်နေတဲ့ ထိုင်းစစ်တပ်

ဓာတ်ပုံ ရင်းမြစ်, BBC Thai

ဓာတ်ပုံ ပုံစာ, မြန်မာ ထိုင်း နယ်စပ်မှာ ကင်းလှည့်နေတဲ့ ထိုင်းစစ်တပ်

ကျားဖြန့်နှိမ်နင်းရေးလုပ်ငန်းစဉ်ကို အာရုံစိုက်ရမယ်ဆိုတာ တရုတ်မင်းသား 'ဝမ်ရှင်း' ဖြစ်စဉ်မှာ ထိုင်းက သတိပြုမိခဲ့ပါတယ်။

ထိုင်း - မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ ဇန်နဝါရီလဆန်းတုန်းက နောက်ဆုံးတွေ့ခဲ့ရပြီး ၄ ရက် ပျောက်သွားခဲ့တဲ့ တရုတ်သရုပ်ဆောင်မင်းသား ဝမ်ရှင်းသတင်းဟာ ထိုင်း၊တရုတ်နဲ့ မြန်မာမီဒီယာတွေမှာပါ လူစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ သတင်းဖြစ်ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်အပြီးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အာဆီယံ သံတမန်တွေကို အွန်လိုင်းလောင်းကစားတွေနဲ့ လိမ်လည်မှုတွေကို အာဆီယံနဲ့ပူးပေါင်းပြီး နယ်စပ်ဖြတ်ကျော် နှိမ်နှင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဘေဂျင်းကို ခေါ်ပြောခဲ့တာဖြစ်ပါတယ်။

ထိုင်းဟာ မြန်မာစစ်ကောင်စီရဲ့ ကျားဖြန့်နှိမ်နင်းရေးလုပ်ငန်းစဉ်နှေးကွေးမှုကြောင့် အထိအခိုက်များခဲ့ရတာကို သင်ခန်းစာယူခဲ့တယ်လို့ ဒေသတွင်းနိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

ထိုင်းဝန်ကြီးချုပ်ပေထုန်တန်ရဲ့ တရုတ်ခရီးစဥ်ကာလအတွင်းမှာ မြဝတီကကျားဖြန့်လုပ်ငန်းတွေကို ရည်ရွယ်တဲ့ လျှပ်စစ်မီးဖြတ်တောက်မှု၊ အင်တာနက်ဖြတ်တောက်မှုနဲ့ လောင်စာဆီဖြတ်တောက်မှုတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။

ထိုင်းကာကွယ်ရေးဝန်ကြီးကိုယ်တိုင် မဲဆောက်မြို့အထိ သွားရောက်ကွပ်ကဲခဲ့တာဖြစ်ပါတယ်။

ကျားဖြန့်နှိမ်နင်းရေးကို အဂတိကင်းကင်းလုပ်နိုင်အောင်ရည်ရွယ်ပြီး မဲဆောက်မှာတာဝန်ကျခဲ့တဲ့ ရဲမှူးချုပ်တွေကို နေရာတွေရွှေ့ပြောင်းခဲ့ပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူကိုပါ ဝရမ်းထုတ်ဖို့ လုပ်လိုက်တဲ့အတွက် ထိုင်းဟာ ကျားဖြန့်နှိမ်နင်းရေးကို တောက်လျှောက်အာရုံစိုက်လုပ်နေပြီဆိုတာ ပေါ်လွင်လာပါတယ်။

ဒါကြောင့်လည်း တရုတ်သမ္မတရှီကျင်းဖျင်က ထိုင်းဝန်ကြီးချုပ်ပေထုန်တန်နဲ့အတွေ့မှာ ထိုင်းရဲ့ကျားဖြန့်နှိမ်နင်းရေးကို ချီးကျူးထောပနာပြုခဲ့တာဖြစ်ပါတယ်။

'' ဗိုလ်မှူးကြီးစောချစ်သူကို တရုတ်ကဝရမ်းမထုတ်ခင် ထိုင်းက အရင်ဦးအောင်ထုတ်တာ။ ထိုင်းက တရုတ်နဲ့ပြေလည်ချင်တယ်'' လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

တရုတ်က ထိုင်းနယ်မြေကို လိုတာထက်ပိုသုံးလာမှာကို ထိုင်းဘက်က ထိန်းညှိချင်နေတာ ဖြစ်ပါတယ်။

မနှစ်ကစလို့ မဲဆောက်မှာ တရုတ်ထောက်လှမ်းရေးထိုင်နေပြီး တရုတ်လူမျိုးကျားဖြန့်တရားခံတွေကို လေယာဉ်နဲ့ခေါ်ထုတ်သွားခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့တဲ့အကြောင်း ထိုင်းစစ်တပ်နဲ့ နီးစပ်တဲ့ ဘီဘီစီ သတင်းအရင်းအမြစ်ကပြောပါတယ်။

ဒါ့အပြင် တရုတ်ပြည်သူ့လုံခြုံရေးဒုဝန်ကြီး သွားခဲ့တဲ့ မဲဆောက်နဲ့ မယ်ဆိုင်ကို ကျားဖြန့်စစ်ဆင်ရေးအတွက် တရုတ်အထူးတပ်ဖွဲ့တွေလာမယ့်ရက်ပိုင်းအတွင်း ရောက်လာဖို့ရှိတယ် လို့ နောက်ထပ်ဘီဘီစီသတင်းအရင်းအမြစ်တစ်ဦးက ထပ်ပြောပါတယ်။

အမေရိကန်လည်းပါဝင်လာ

ထိုင်းတရားရေးဝန်ကြီးထာဗီးဆော့ဆွန်နဲ့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးတွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, Royal Thai Government

ဓာတ်ပုံ ပုံစာ, ထိုင်းတရားရေးဝန်ကြီးထာဗီးဆော့ဆွန်နဲ့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးတွေ့ဆုံ

ထိုင်းဟာတရုတ်နဲ့ ပူးပေါင်းဆောင်ရွက်နေပေမဲ့ အမေရိကန်နဲ့စကားပြောဖို့လည်း မပျက်ကွက်ခဲ့ပါဘူး။

ထိုင်းတရားရေးဝန်ကြီးထာဗီးဆော့ဆွန်က ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ခဲ့တဲ့အကြောင်းထုတ်ပြောပါတယ်။

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုနဲ့ဆက်စပ်ပြီး လူကုန်ကူးခံရတဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

ဒီအကြောင်း ထိုင်းသတင်းတွေကလည်းဖော်ပြခဲ့ကြပြီး ''BGF လူကုန်ကူးသံသယရှိသူတွေကို ဖမ်းဆီးဖို့ အမေရိကန်၊ တရုတ်တို့နဲ့ ထိုင်းပူးပေါင်းဆောင်ရွက်မယ်'' လို့ ခေါင်းစဉ်တပ်ပါတယ်။

ရွှေတြိဂံနယ်မြေထဲမှာပါဝင်တဲ့ တာချီလိတ်၊ မယ်ဆိုင် ကို ကျားဖြန့်နှိမ်နင်းရေးအကြောင်းပြပြီး တရုတ်ကဝင်လာမှာကို အမေရိကန်က ဒီအတိုင်းထိုင်ကြည့်နေမှာမဟုတ်ဘူး လို့ နိုင်ငံရေးအကဲခတ်တစ်ဦးကပြောပါတယ်။

ရွှေတြိဂံနယ်မြေထဲမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး အမေရိကန်က ဝင်ရောက်နေတာကြာပါပြီ။

''အမေရိကန်နဲ့အခြားနိုင်ငံတွေက ငွေလိမ်ဂိုဏ်းတွေနဲ့ လူကုန်ကူးမှုဂိုဏ်းတွေကို နယ်ခြားစောင့်တပ်က ကာကွယ်ပေးနေတာမို့လို့အမျိုးသားလုံခြုံရေးပြဿနာဖြစ်လာနိုင်တယ်'' လို့ USIP ရဲ့ မြန်မာ့ရေးရာညွှန်ကြားရေးမှူး ဂျေဆင်တာဝါက ပြောပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို ဥပဒေကြောင်းအရအရေးယူနိုင်ရေးမှာ အမေရိကန်က အကြီးအကျယ်စိတ်ဝင်စားမှာဖြစ်ပြီးတော့ လိမ်လည်မှု၊ ပြန်ပေးဆွဲဖမ်းဆီးမှု၊ လူကုန်ကူးမှုနဲ့ တခြားအမြတ်ထုတ်မှုတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်ရယူရေးမှာပါဝင်လာမှာဖြစ်တယ် လို့ သူကပြောပါတယ်။

နေပြည်တော်ဘယ်လိုစဉ်းစားမလဲ

တရုတ်ပြည်သူ့လုံခြုံရေးလက်ထောက်ဝန်ကြီး ဖေဖော်ဝါရီ ၁၄ ရက်မှာ နေပြည်တော်ကို ရောက်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, တရုတ်ပြည်သူ့လုံခြုံရေးလက်ထောက်ဝန်ကြီး နဲ့ ပြည်ထဲရေးဝန်ကြီး ဖေဖော်ဝါရီ ၁၄ ရက်မှာတွေ့

၂၀၀၉ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်တွေမှာ နယ်ခြားစောင့်တပ်မှူးတွေအဖြစ် အသွင်ပြောင်းခဲ့တဲ့ ဗိုလ်မှူးကြီးစောချစ်သူကို မြန်မာစစ်တပ်က လုပ်ပိုင်ခွင့်တွေပေးခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ တခြားတိုင်းရင်းသားမဟာမိတ်တွေ နည်းတူဖြစ်ပါတယ်။

ဒါပေမဲ့ ကိုးကန့်ဖြစ်စဉ်မှာ မြန်မာစစ်တပ်ဟာ မဟာမိတ်ကိုးကန့်လုပ်ငန်းရှင်တွေ၊ နယ်ခြားစောင့်တပ်မှူးဟောင်းတွေ နဲ့ ပြည်သူ့စစ်တွေကို တရုတ်လက်အပ်တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

ထိုင်းတရားရေးဝန်ကြီး ထာဗီးဆော့ဆွန်က ဝရမ်းထုတ်ပြီးရင် ဖမ်းဆီးရေးကို အရင်လုပ်မယ်လို့ ပြောထားပါတယ်။

သံသယရှိသူတွေဟာ မြန်မာပိုင်နက်ထဲမှာရှိကြပေမဲ့ နိုင်ငံခေါင်းဆောင်တွေသာ ဆန္ဒရှိရင် ဖမ်းဖို့ မခက်ဘူးလို့ သူက ပြောတဲ့အကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

''နိုင်ငံခေါင်းဆောင်တွေက ဒီကိစ္စကို နိုင်ငံအားလုံးအတွက် ခြိမ်းခြောက်မှုလို့ သတ်မှတ်ရင် မဖြစ်မနေပူးပေါင်းလာကြမှာပါ'' လို့ သူကပြောပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူကို ဝရမ်းထုတ်ရင် လူကုန်ကူးမှုစွဲချက်ပါ ပါဝင်လာမှာပါ။

လူကုန်ကူးမှုဟာ အာဆီယံနိုင်ငံတွေမှာ နိုင်ငံဖြတ်ကျော်မှုခင်းဖြစ်တာကြောင့် ဘယ်နိုင်ငံကမှ ကျူးလွန်သူတွေကို လက်ခံထားလို့မရဘူးဆိုတဲ့အချက်ကို ထိုင်းဘက်က စွဲကိုင်ထားပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူဟာ ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNA)ကို မနှစ်က ပြောင်းလဲဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်အောက်ကနေ ခွဲထွက်ခဲ့တဲ့အတွက် အခုလိုအရေးကြုံတဲ့အခါမှာ နေပြည်တော်က ကာကွယ်ပေးပါ့မလားဆိုတာလည်း စဉ်းစားစရာဖြစ်ပါတယ်။

နေပြည်တော်အနေနဲ့လည်း အများကြီးစဉ်းစားချိန်မရလိုက်ပါဘူး။

ထိုင်းမြန်မာနယ်စပ်ကိုသွားခဲ့တဲ့ တရုတ်ပြည်သူ့လုံခြုံရေးလက်ထောက်ဝန်ကြီး ဖေဖော်ဝါရီ ၁၄ ရက်မှာ နေပြည်တော်ကို ရောက်လာပါတယ်။

လက်ထောက်ဝန်ကြီးခရီးစဉ်မှာ ထိုင်းမြန်မာနယ်စပ်က ကျားဖြန့်နှိမ်နင်းရေးမှာ တရုတ်-ထိုင်း-မြန်မာ ပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူအပေါ် နေပြည်တော်ရဲ့ ဆုံးဖြတ်ချက်က တရုတ်နဲ့ ထိုင်းရဲ့ ဖိအားအပေါ်မှာမူတည်နေတယ်လို့ ဂျေဆင်တာဝါက ဘီဘီစီကို ပြောပါတယ်။

''မြန်မာစစ်တပ်ကဘာမှမလုပ်ပေးရင်တော့ အကျိုးဆက်အနေနဲ့ ထိုင်းနိုင်ငံ အထူးသဖြင့်တရုတ်နဲ့ဆက်ဆံရေးပျက်ယွင်းသွားလိမ့်မယ်'' လို့ သူကပြောပါတယ်။