မြဝတီက ကျားဖြန့်မှာ လူကုန်ကူးခံရတဲ့ တရုတ်မင်းသား ဘယ်လိုပြန်လွတ်လာလဲ

ဓာတ်ပုံ ရင်းမြစ်, EPA
ထိုင်း - မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ နောက်ဆုံးတွေ့ခဲ့ရပြီး ၄ ရက် ပျောက်သွားခဲ့တဲ့ တရုတ်သရုပ်ဆောင်မင်းသား ဝမ်ရှင်းသတင်းဟာ ထိုင်းနိုင်ငံမီဒီယာတွေမှာရော၊ မြန်မာမီဒီယာတွေမှာပါ လူစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ သတင်းဖြစ်ခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ် တရုတ်သရုပ်ဆောင်ဟာ မြဝတီမြို့နဲ့ ကပ်လျက်က တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ ပျောက်ဆုံးသွားခဲ့တာပါ။
ဒါပေမဲ့ သူ့ကို ဇန်နဝါရီလ ၇ ရက်မနက်မှာ ထိုင်းရဲတပ်ဖွဲ့က ပြန်ရှာဖွေနိုင်ခဲ့ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)တွေရှိရာ ထိုင်း - မြန်မာနယ်စပ်၊ မြန်မာဘက်ခြမ်းကနေ ပြန်တွေ့တာလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ထိုင်းရဲတပ်ဖွဲ့အပြောအရ လူကုန်ကူးသားကောင်ဖြစ်ခဲ့တယ်လို့ဆိုတဲ့ တရုတ်သရုပ်ဆောင်မင်းသားကို ထိုင်းရဲတပ်ဖွဲ့က မြန်မာဘက်ခြမ်းကနေ ဘယ်လို ပြန်ခေါ် ထုတ်ခဲ့တာပါလဲ။
ဝမ်ရှင်း ဘယ်လိုပျောက်ဆုံးခဲ့လဲ

ဓာတ်ပုံ ရင်းမြစ်, EPA
ဝမ်ရှင်းဟာ နာမည်ရတဲ့ တရုတ်ဒရာမာဇာတ်လမ်းတွေမှာ သရုပ်ဆောင်ဖူးသူဖြစ်ပါတယ်။
တရုတ်လူမှုကွန်ရက် အပလီကေးရှင်း WeChat ကတဆင့်ခေါ်တဲ့ ရုပ်ရှင်ရိုက်ကူးရေးကမ်းလှမ်းချက်တစ်ခုကြောင့် တရုတ်နိုင်ငံကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိလေဆိပ်ကို ဇန်နဝါရီ ၃ ရက်မှာ ရောက်ပါတယ်။
ရုပ်ရှင်ဒါရိုက်တာလို့ဆိုသူက စီစဥ်ပေးထားတဲ့ လေဆိပ်အနီးက ဟိုတယ်တစ်ခုမှာ ညအိပ်ဖို့ ရှိခဲ့ပေမဲ့ ရိုက်ကူးရေးအချိန် နီးကပ်နေလို့ဆိုပြီး လေဆိပ် လူဝင်မှုကြီးကြပ်ရေးမှာ ရှင်းကို ခေါ် တဲ့အမျိုးသားကပဲ ကားနဲ့ခေါ်သွားထုတ်သွားခဲ့တာလို့ ထိုင်းသတင်းတွေက ကနဦး ဖော်ပြခဲ့ပါတယ်။
မဲဆောက်အထိ ရောက်ရောက်သွားပြီးမှာ ရှင်းတစ်ယောက် အဆက်အသွယ်ပြတ်နေပြီလို့ တရုတ်မှာ ကျန်ခဲ့တဲ့သူ့ ချစ်သူအမျိုးသမီးက လူမှုကွန်ရက်ပေါ် စိတ်ပူပြီး တက်ရေးခဲ့လို့ သူ ပျောက်ဆုံးတဲ့သတင်း ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့တာပါ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တာ့ခ်ခရိုင်၊ ထိုင်းအရာရှိတွေကတော့ ရှင်းဟာ လေဆိပ်ကနေ အငှားယာဥ်မောင်းကို သူကိုယ်တိုင်ခေါ်ယူခဲ့ပြီး မဲဆောက်ကို သွားဖို့ပြောခဲ့တယ်လို့ နောက်ပိုင်းမှာ ပြောပါတယ်။ ဒါပေမဲ့ ရှင်းဟာ မဲဆောက်ကို သွားဖို့ အတင်းအဓမ္မ ခေါ်ဆောင်ခံရတာလားဆိုတာကိုတော့ ထုတ်မပြောထားပါဘူး။
ဝမ်ရှင်းကို မဲဆောက်ပို့ပေးခဲ့တဲ့ အငှားယာဥ်မောင်းကို မဲဆောက်ရဲတပ်ဖွဲ့က စစ်ဆေးပြီးနောက် ထိုင်းဘတ်ငွေ ၅,၀၀၀ နဲ့ ရှင်းကို ပို့ဆောင်ပေးခဲ့တာလို့ ရဲတပ်ဖွဲ့ဘက်က ထုတ်ပြောထားပါတယ်။
ကားသမားရဲ့အပြောအရ မဲဆောက်မြို့က စျေးဝယ်စင်တာတစ်ခုမှာ လာကြိုဖို့ အသင့်စောင့်ဆိုင်းနေခဲ့တဲ့ နောက်ထပ်ကားတစ်စီးပေါ်ကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းအရာရှိတွေက နောက်ထပ်ကားတစ်စီးရဲ့ ယာဉ်မောင်းကိုလည်း ထပ်ပြီးစစ်ဆေးရာမှာတော့ မြဝတီမှာနေထိုင်တဲ့ ဆင်းဆင်းဆိုသူက သတ်မှတ်နေရာမှာ ဝမ်ရှင်းကို သွားကြိုပေးဖို့ ဆက်သွယ်ခဲ့ပြီး အဲဒီဆင်းဆင်းဆိုသူဟာ ဘယ်သူဘယ်ဝါမှန်း မသိရသေးဘူးလို့ ထိုင်းရဲတပ်ဖွဲ့ဘက်က ထုတ်ပြောပါတယ်။
"ကျွန်တော့်ကို လာကြိုတဲ့သူက ကားပေါ်ကဆင်း လက်ခုပ်တီးပြီး မဲဆောက်တဖက်ခြမ်း ဟိုဘက် (မြဝတီ) ကိုကူးဖို့ ခေါ်တယ်" လို့ ဝမ်ရှင်းက ပြောပြတဲ့အကြောင်း တာ့ခ်ခရိုင် ရဲတပ်ဖွဲ့မှူးက ဘီဘီစီ ထိုင်း ဘာသာစကားဌာနကို ပြောပါတယ်။
အဲဒီကနေ သောင်ရင်းမြစ်တစ်ဖက်ကမ်း မြဝတီမြို့အထိ လှေနဲ့ တရားမဝင် ရေလမ်းကြောင်းကနေ ဆက်ခေါ်သွားတာလို့ တာ့ခရိုင်ထဲက ထိုင်းအရာရှိတွေက ပြောပါတယ်။
ဒါ့အပြင် ရှင်းဟာ ထိုင်းကနေ မြန်မာဘက်ကိုဖြတ်တဲ့ နယ်စပ်ကို တရားဝင်ဖြတ်ကူးတဲ့အထောက် အထားတွေလည်းမရှိခဲ့ဘူးလို့ မဲဆောက်ရဲတပ်ဖွဲ့မှူးက ဘီဘီစီ ထိုင်းဌာနကို အတည်ပြုပြောပြပါတယ်။
ဝမ်ရှင်းပျောက်ဆုံးခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ အနီးမှာ မြဝတီမြို့ရှိပြီး မြဝတီမြို့ အနီးတဝိုက်ဟာ ရာဇဝတ်မှုတွေ၊ လူကုန်ကူးမှုတွေအပြင် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေပါ ကျက်စားတဲ့နေရာအဖြစ်သတင်းကြီးပါတယ်။
ဝမ်ရှင်းကို ဘယ်မှာ ပြန်တွေ့ခဲ့လဲ
ထိုင်းနဲ့ မြန်မာနယ်စပ်ကို ခြားထားတဲ့သောင်ရင်းမြစ်ကို ဖြတ်ကူးပြီးနောက် ဝမ်ရှင်းဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းဖွင့်ဖို့ ဆောက်လုပ်ဆဲနေရာတစ်ခုမှာ ခေါင်းရိတ်ဖို့ ခေါ်ဆောင်ခံခဲ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။
အဲဒီနောက် သူဟာ ထိုင်း-မြန်မာနယ်စပ်၊ KK Park အနီးက Dongmei လောင်းကစားရုံအနီးက တစ်နေရာကို စာရိုက်လိမ်လည်တဲ့ အလုပ်ကိုစမ်းသပ်လုပ်ကိုင်ဖို့ ထပ်မံခေါ်ဆောင်သွားခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့က ဘီဘီစီကို ပြောပါတယ်။
မဲဆောက်မှာပျောက်ဆုံးသွားတဲ့ မင်းသား ဝမ်ရှင်းကို ကရင်ပြည်နယ်ထဲက ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်တဲ့ KNA - ကရင်အမျိုးသားတပ်မတော် (ယခင် ကရင်နယ်ခြားစောင့်တပ် - BGF) ထိန်းချုပ်ထားတဲ့ မယ်ထော်သလေးဒေသထဲက လောင်းကစားရုံအနီးတစ်နေရာမှာ ပြန်တွေ့ခဲ့တာလို့ မဲဆောက်ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ဘီဘီစီ ထိုင်းသတင်းဌာနကို အတည်ပြု ပြောပြပါတယ်။
ရှင်းကို ပြန်တွေ့ခဲ့တဲ့နေရာအနီးမှာ ဒွန်မေး (Dongmei) ဆိုတဲ့ လောင်းကစားရုံရှိပြီး အဲဒီလောင်းကစားရုံဟာ မြဝတီ KK Park နဲ့အလားတူ KNA ဗိုလ်မှူး သိန်းဝင်းရဲ့ ဩဇာခံနယ်မြေဖြစ်တယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။
မဲဆောက် ရဲတပ်ဖွဲ့ဘက်က KNA ဗိုလ်မှူး သိန်းဝင်းဆီကို ဝမ်ရှင်းပျောက်ဆုံးတဲ့အနေအထားနဲ့ ပတ်သက်လို့ ဖုန်းနဲ့တိုက်ရိုက်ဆက်သွယ်ခဲ့ပြီးနောက် ဗိုလ်မှူးသိန်းဝင်းက သူ့လက်အောက်ခံတပ်သားတွေကို ခိုင်းပြီး ဝမ်ရှင်းကို အမိန့်ပေးရှာဖွေစေခဲ့တယ်လို့ သိရတဲ့အကြောင်း သူက ဆက်ပြောပြပါတယ်။
အဲဒီနောက် ဇန်နဝါရီ ၇ ရက်မှာ ဝမ်းရှင်းရှိနေတဲ့နေရာကို မဲဆောက် ရဲတပ်ဖွဲ့က သိခဲ့ပြီး ထိုင်းဘက်ကို ပြန်ခေါ် နိုင်ခဲ့တာလို့ သူက ဆက်ရှင်းပြပါတယ်။
BGF နာမည်ပြောင်းထားတဲ့ KNA ပြောခွင့်ရ ဗိုလ်မှူးနိုင်မောင်ဇော်ကတော့ ဝမ်ရှင်းကို ကူညီရှာဖွေပေးခဲ့ပြီး သူ့ လွတ်မြောက်ရေးကို သူကြားဝင် ကူညီခဲ့တယ်လို့ ဘီဘီစီကို အတည်ပြုပါတယ်။
ဒါပေမဲ့ ဝမ်ရှင်းရောက်နေခဲ့တဲ့နေရာဟာ သတင်းတွေမှာ ဖော်ပြထားသလို ရွှေကုက္ကို မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
''ဒီကိစ္စကို ကျွန်တော်တို့ဆီက ရအောင်ရှာပေးလိုက်တာဖြစ်တယ်။ သတင်းတွေမှာရေးနေတာက ရွှေကုက္ကိုဆိုပြီး ဇောင်းပေးပြီးတော့ရေးနေကြတယ်။ အမှန်တကယ်က ရွှေကုက္ကိုမှာတွေ့တာမဟုတ်ဘူး။ အဲ့ဒါကတော့ ကျွန်တော် အခိုင်အမာပြောရဲတယ်။ အဓိကတော့ သူလာရာလမ်းကိုကျွန်တော်တို့လိုက်ရတာပေါ့နော်။ သူလာရာလမ်းကနေ ပြန်ပြီးတော့တွေ့တာပေါ့'' လို့ ဗိုလ်မှူးနိုင်မောင်ဇော်က ဘီဘီစီကို ပြောပါတယ်။
ဝမ်ရှင်းရောက်သွားခဲ့တဲ့နေရာဟာ ထိုင်း-မြန်မာနယ်စပ်ဖြစ်ပြီး မြဝတီမြို့တောင်ဘက် မင်းလက်ပံရွာနဲ့ အင်ကြင်းမြိုင် ရွာကြားမှာရှိပါတယ်။
ဒါ့အပြင် အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)အပြင် လောင်းကစားလုပ်ငန်းတွေနဲ့ နာမည်ကျော်တဲ့ မယ်ထော်သလေးဒေသ၊ ကေကေပါ့ခ်(KK Park)နဲ့ ၃ မိုင်ကျော်သာ ကွာဝေးပြီး မြဝတီမြို့နဲ့တော့ ၁၀ မိုင်ဝန်းကျင်ပဲ ကွာဝေးပါတယ်။
ရှင်းဟာ မြန်မာနိုင်ငံထဲကို တရားမဝင်နည်းလမ်းနဲ့ ခေါ်ဆောင်ခံရပြီးနောက် လှည့်စားခေါ်လိုက်ရတာကို သတိထားမိလိုက်ပေမယ့် ခုခံထွက်ပြေးဖို့အတွက် အင်အားမရှိခဲ့ဘူးလို့ ထွက်ဆိုတဲ့အကြောင်း ထိုင်းလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဗဟိုဌာနရဲ့ ရဲချုပ်က မီဒီယာတွေကို ပြောခဲ့ပါတယ်။
ဒါ့အပြင် ဝမ်ရှင်းဟာ တရုတ်လူမျိုးတွေကို ပစ်မှတ်ထားတဲ့ စာတိုပို့လိမ်လည်တဲ့နည်းတွေ သင်ယူခဲ့ရသလို လိမ်လည်တဲ့သူအဖြစ်လေ့ကျင့်ဖို့ အတင်းအဓမ္မ လှည့်စားခံခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
၃ ရက်ဝန်းကျင်ခန့် ဒီလိုစေခိုင်းခံခဲ့ရပေမယ့် ဖုန်းနဲ့ဆက်သွယ်ပြီးလိမ်လည်တာတွေ မလုပ်ခဲ့ရသလို မြန်မာဘက်ရောက်နေစဉ်အတွင်း ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပန်းခံရတာတွေလည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။
လူမှုကွန်ရက်ပေါ်မှာတော့ ဝမ်ရှင်းကို ထိုင်းနိုင်ငံဘက်ပြန်ခေါ်ဆောင်လာချိန် ဝမ်ရှင်းရဲ့ ဘယ်ဘက်ခြေထောက်မှာတွေ့ရတဲ့ အနီရောင်အမှတ်အသားနဲ့ ပတ်သက်လို့ မေးမြန်းပြောဆိုမှုတွေရှိပေမယ့် ဒီအနီရောင်တွေက မွေးရာပါအမှတ်သာဖြစ်တယ်လို့ ရဲချုပ်က ရှင်းပြထားပါတယ်။
လူကုန်ကူးခံလိုက်ရတဲ့သားကောင်
ဝမ်ရှင်းကို ပြန်ရှာတွေ့ခဲ့ပြီး နိုင်ငံအဆင့်လွှဲပြောင်းတဲ့ ယန္တရားအရ စစ်ဆေးမေးမြန်းပြီးတဲ့နောက် ဝမ်ရှင်းဟာ လူကုန်ကူးမှုရဲ့ သားကောင်ဖြစ်ခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့က ဘီဘီစီကို အတည်ပြုပြောပြပါတယ်။
"ဝမ်ရှင်းက ထိုင်းမဟုတ်ဘဲ နောက်တစ်နိုင်ငံမှာ ရိုက်ကူးရေးလုပ်ဖို့ သရုပ်ဖော်လှည့်စားခံခဲ့ရတာလို့ ယုံကြည်ပါတယ်။ သူတို့ ညှိနှိုင်းသဘောတူတဲ့နေရာရောက်တော့မှ သူက ဆက်သွယ်ရေးဌာန (Call Center) လိုနေရာမျိုးမှာ အလုပ်လုပ်ဖို့ စေခိုင်းခံရတာ" လို့ ထိုင်းရဲအရာရှိက ပြောပါတယ်။
ဝမ်ရှင်းဟာ ထိုင်းနိုင်ငံမှာရှိနေစဉ်အတွင်း မိသားစုဆီကို ၃ ကြိမ်ဆက်သွယ်ပြီး စကားအနည်းအကျဥ်းပြောခဲ့တယ်လို့ ဖြေဆိုတာကြောင့် ထိုင်းအာဏာပိုင်တွေက ဒီအခြေအနေနဲ့ပတ်သက်လို့ အနီးကပ်လေ့လာနေတယ်လို့ ဆိုပါတယ်။
အဲဒီနောက် ထိုင်းရဲချုပ်ကလည်း ဒီလူကုန်ကူးလိမ်လည်မှုမှာ ထိုင်း လူမျိုးတွေ ပါဝင်ပတ်သက်မှု ရှိ၊ မရှိကိုလည်း ဆက်ပြီးစုံစမ်းနေမယ်လို့ ထပ်ပြောခဲ့ပါတယ်။
လက်ရှိမှာ ဝမ်ရှင်းရဲ့ စိတ်ကျန်းမာရေးအခြေအနေ ကောင်းမွန်လာတယ်လို့ ရဲချုပ်က ဆိုပြီး "ညအတော်ကြာ အိပ်မပျော်ခဲ့တာကြောင့် အိမ်ပြန်ချင်တယ်လို့ သူက ပြောပါတယ်။ ရှင်းကို လွတ်မြောက်အောင် ကူညီနိုင်ခဲ့လို့ ဝမ်းသာတယ် " လို့ ရဲချုပ်က ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ကလည်း မင်းသား ဝမ်ရှင်း ပြန်လွတ်မြောက်လာတာကို ကြိုဆိုခဲ့သလို ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေမဖြစ်အောင် အစိုးရက ဂရုတစိုက်ကိုင်တွယ်နေတယ်လို့ ထုတ်ပြောထားပါတယ်။
"ထိုင်းခရီးသွားလုပ်ငန်းကို မထိခိုက်အောင် စီမံခန့်ခွဲရမှာပါ" လို့ ဝန်ကြီးချုပ်က ပြောခဲ့တာပါ။ တရုတ်မင်းသား ပျောက်ဆုံးမှုဖြစ်ရပ်ကြောင့် ထိုင်းကိုသွားရောက်လည်ပတ်ဖို့ အန္တရာယ်များတဲ့ နေရာတစ်ခုဖြစ်အောင် လူမှုကွန်ရက်တွေကနေ ပုံဖော်ရေးသားနေကြတဲ့အကြောင်းကိုလည်း ဝန်ကြီးချုပ်က ထည့်ပြောထားပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဆက်ရှိနေတဲ့ မြဝတီမြို့

ဓာတ်ပုံ ရင်းမြစ်, Natty loves Myanmar
ကရင်အမျိုးသားတပ်မတော် (KNA) - ယခင် ကရင်နယ်ခြားစောင့်တပ် BGF အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ မြဝတီမြို့အနီး၊ ရွှေကုက္ကိုမြို့သစ် အပါအဝင် KK Park နဲ့ နေရာတချို့မှာ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ တရားမဝင် လောင်းကစားလုပ်ငန်းတွေ ဆက်ပြီးလည်ပတ်နေတယ်လို့ ဘီဘီစီသတင်းရင်းမြစ်တွေက အတည်ပြုပြောပြပါတယ်။
အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (USIP) က ၂၀၂၄ ဧပြီလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ BGF တပ်ဖွဲ့ကို ဦးဆောင်သူ ဗိုလ်မှူးကြီးစောချစ်သူနဲ့ သူ့လက်အောက်က ဗိုလ်မိုလ်သိုလ်နဲ့ ဗိုလ်မှူးတင်ဝင်းတို့ကို အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) လုပ်ငန်းတွေမှာ အဓိကပါဝင်သူတွေအဖြစ် စွပ်စွဲထားတာဖြစ်ပါတယ်။
ဗိုလ်မှူးကြီး စောချစ်သူနဲ့ ဗိုလ်မှူးတင်ဝင်းတို့ဟာ အရင်ဖူလီလိုက်ဖ်လုပ်ငန်းကြီးက ထိန်းချုပ်ခဲ့တဲ့ ရွှေကုက္ကိုအပါအဝင် မြဝတီမြို့အနီးမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကနေ အမြတ်ထုတ်ပြီးအပြန်အလှန် စီးပွားချင်း ရိုင်းပင်းနေကြတယ်လို့ ထည့်ပြောထားပါတယ်။
BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကတော့ ရွှေကုက္ကိုမှာ ကျားဖြန့်လုပ်ငန်းတွေ မရှိတဲ့ အကြောင်း၊ လာရောက်လေ့လာနိုင်တဲ့အကြောင်း နိုင်ငံတကာမီဒီယာတွေကို ပြီးခဲ့တဲ့လတွေအတွင်းပြောထားပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ အိန္ဒိယသံရုံးကတော့ မြဝတီမြို့နယ်ထဲက အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေထဲမှာ ပိတ်မိနေတာကြောင့် ပြန်လည် ကယ်ဆယ်ထားတဲ့ အိန္ဒိယ နိုင်ငံသားအရေအတွက်ဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာလအတွင်း အယောက် ၁၀၀ ကျော် ရှိတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ဘယ်နေရာတွေကနေ ပြန်လည်ကယ်ထုတ်ထားတယ်ဆိုတာတော့ မပြောပါဘူး။
တရုတ်နိုင်ငံသားတွေဦးဆောင်တဲ့ မြဝတီက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ မြန်မာ၊ သီရိလင်္ကာ၊ လာအို၊ မလေးရှား၊ ရုရှား နဲ့ နီပေါနိုင်ငံသားတွေ ဝင်ရောက်လုပ်ကိုင်နေကြသလို အများစုကတော့ အဓမ္မအလုပ်စေခိုင်းတာခံနေရတယ်လို့ ရွှေကုက္ကိုထဲမှာ အလုပ်လုပ်ကိုင်ခဲ့ဖူးတဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
လူမှုကွန်ရက် တယ်လီဂရန်ချန်နယ်လ်တွေမှာလည်း ရွှေကုက္ကိုအပါအဝင် မြဝတီမြို့တောင်ပိုင်းက မင်းလက်ပံ၊ မယ်ထော်သလေး ဒေသတွေမှာ အွန်လိုင်းနဲ့ဆက်စပ်တဲ့အလုပ်တွေလုပ်ဖို့ လုပ်ခလစာ ထိုင်းဘတ်ငွေ ၄၀,၀၀၀ နီးပါးအထိပေးတဲ့ အလုပ်ခေါ်ကြော်ငြာတွေ ဇန်နဝါရီလ ဒုတိယအပတ်ထိ တွေ့နေရပါတယ်။
ထိုင်းအောက်လွှတ်တော် ထိုင်းအောက်လွှတ်တော် အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားဗျူဟာနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ရိုစီမန်ရုန်းကတော့ ထိုင်း - မြန်မာနယ်စပ်မှာ ဖြစ်နေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)လုပ်ငန်းဟာ ကမ္ဘာ့နိုင်ငံအသီးသီးအနေနဲ့ ဒီအခြေအနေကို အလေးထားဖို့လိုတဲ့အကြောင်း ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။
ဒါ့အပြင် ထိုင်းအရာရှိတွေပါဝင်ပတ်သက်နေတယ်လို့ ရိုစီမန်ရုန်းက စွပ်စွဲခဲ့ပြီး အဂတိမှုမှာ ပါဝင်နေတဲ့သူတွေကို ဥပဒေနဲ့အညီဖြစ်လာအောင်လုပ်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။
ဒီလိုအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ဖန်တီးထားတာက တရုတ်နိုင်ငံသားတွေဖြစ်တာကြောင့် တရုတ်နိုင်ငံကလည်း ထိုင်းနိုင်ငံနဲ့ လက်တွဲတိုက်ဖျက်ဖို့လိုတဲ့အကြောင်း ရိုစီမန်ရုန်းက တိုက်တွန်းထားပါတယ်။









