မြန်မာပြည်တောင်ပိုင်းက ကျားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းမယ့် စစ်ဆင်ရေးပေါ်လာနိုင်မလား

ဓာတ်ပုံ ရင်းမြစ်, CJ
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တာကြောင့် ကျားဖြန့် လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ် လုပ်ငန်းတွေရပ်နားခဲ့ပေမဲ့ မြန်မာပြည်တောင်ပိုင်းက ကျားဖြန့် လုပ်ငန်းတွေကြီးစိုးရာ ကရင်ပြည်နယ် တကြောမှာတော့ ပုံမှန်အတိုင်းလည်ပတ်လုပ်ကိုင်နေဆဲပါ။
“ကျွန်တော်တို့ဆီမှာ Finding(လူရှာ) နဲ့ Chatting (စကားပြော)ခေါ်တယ်ဗျ ပြီးတော့မော်ဒယ်မိန်းကလေးလည်းခေါ်ပါတယ်”
လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ တယ်လီဂရန်က “မြဝတီ ရွှေကုက္ကို အလုပ်အကိုင်များစုစည်းမှု” ချန်နယ်မှာတင်ထားတဲ့ အလုပ်ခေါ်စာတစ်ခုကို ဘီဘီစီက ဆက်သွယ်စုံစမ်းခဲ့တဲ့အချိန် တဖက်ကုမ္ပဏီ ဝန်ထမ်းတစ်ဦးက အခုလိုပြန်လည်ရှင်းပြပါတယ်။
ကျားဖြန့် လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအတွက် အလုပ်ခေါ်စာကို အခုလိုမျိုးပေါ်ပေါ်တင်တင် ဖော်ပြခေါ်ယူနေတာဖြစ်ပြီး ဒီချန်နယ်တစ်ခုမှာ တစ်ရက်ကိုပျှမ်းမျှ အလုပ်ခေါ်စာ ၃၅၀၀ ဝန်းကျင် ဖော်ပြလေ့ရှိပါတယ်။
ရွှေကုက္ကို မှာအလုပ်လုပ်ကိုင်လိုသူတစ်ဦးအနေနဲ့ ဘီဘီစီက အသွင်ယူမေးမြန်းကြည့်ချိန်မှာတော့ တစ်လအတွင်းအလုပ်ရနိုင်ကြောင်း အလုပ်ခေါ်သူဘက်က တုံ့ပြန်ဖြေပါတယ်။
“အတွေ့အကြုံမရှိလည်းအဆင်ပြေတယ်လေ။ ဒီမှာခေါင်းဆောင်တွေက စိတ်ရှည်ပြီးသင်ပေးတယ်။ ကိုယ့်ဘက်က ကွန်ပျူတာစာစီစာရိုက်နဲ့ အင်္ဂလိပ်စာနည်းနည်းပြောတတ်ဖို့လိုတယ်”
ဒီလိုအလွယ်တကူခေါ်ယူနေတဲ့ ကျားဖြန့်လုပ်ငန်းတွေဆိုတာဟာ အွန်လိုင်းမှာ အမျိုးသမီးအဖြစ် အကောင့်အတုဖန်တီးပြီး အနောက်နိုင်ငံက အွန်လိုင်းသုံးစွဲသူ အမျိုးသားတွေကို ခရစ်တို ကာရန်စီလို့ခေါ်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးတွေ လွှဲပြောင်းလာအောင် ဖြားယောင်းကြရတာဖြစ်ပါတယ်။

ဘီဘီစီစုံစမ်းကြည့်ခဲ့တဲ့ လုပ်ငန်းမှာတော့ ငွေလိမ်ရမယ့်သားကောင်ကိုရှာဖွေရတဲ့ Finding နေရာအတွက် တစ်လကို လစာ ထိုင်းဘတ်ငွေ ၁၇,၀၀၀၊ မြန်မာကျပ်ငွေကာလပေါက်စျေးအနေနဲ့ တစ်လကို ၁၆ သိန်းကျော် ရရှိမယ့်သဘောလည်းဖြစ်ပါတယ်။
ငွေလိမ်လည်ပေးရတဲ့ Chatting နေရာအတွက် ဘတ်ငွေ တစ်သောင်းခွဲကနေ ငါးသောင်းအထိ ရရှိနိုင်ပြီး ဗီဒီယိုနဲ့စကားပြောဆိုပေးရမယ့် မော်ဒယ်နေရာအတွက်တော့ တစ်လကို ဘတ် လေးသောင်းကနေ တစ်သိန်းအထိ ငွေပေးမယ့်အကြောင်းဖော်ပြထားတာပါ။
ဒီလုပ်ငန်းဟာ ကရင်ပြည်နယ် မြဝတီမြို့ရဲ့မြောက်ဘက်ဆယ်မိုင်အကွာမှာရှိတဲ့ ရွှေကုက္ကို မြို့သစ်မှာ လုပ်ကိုင်ရမှာလည်းဖြစ်ပါတယ်။
“လစာတွေကကောင်းတယ်။ သူတို့သတ်မှတ်တဲ့လူအရေအတွက်မရရင်တော့ ပိုက်ဆံပြန်လျော်ရတာ၊ အလုပ်ထုတ်ခံရတာလည်းရှိဦးမယ်။ ကုမ္ပဏီပေါ်မူတည်ပြီးတော့လည်း ဝန်းအပြင်ထွက်ခွင့်မရတာ မှတ်ပုံတင်အသိမ်းခံရတာတွေလည်းရှိတယ်” လို့ ရွှေကုက္ကို မြို့သစ်ထဲ ကိုယ်တိုင်ရောက်ရှိအလုပ်ရှာဖွေခဲ့သူတစ်ဦးက သိရှိခဲ့ရတာတွေကို ပြန်ပြောပြပါတယ်။
တယ်လီဂရန်ချန်နယ်တွေမှာရေးသားထားကြတဲ့ အလုပ်ခေါ်စာတွေအရလည်း တစ်ရက်ကိုပျှမ်းမျှ ၁၂ နာရီ အလုပ်လုပ်ရမှာဖြစ်ပြီး နေထိုင်စားသောက်ဖို့စီစဉ်ပေးမယ်လို့ဆိုပါတယ်။ အလုပ်ရပြီဆိုရင်တော့ မိမိဒေသကနေ မြဝတီကိုလာမယ့်လမ်းစရိတ်အကုန်အကျခံပေးမှာဖြစ်သလို မြဝတီမြို့ကနေ ရွှေကုက္ကိုမြို့သစ်လုပ်ငန်းနေရာအထိ ကားကြိုပေးမယ်လို့ အာမခံကြပါတယ်။
ကျားဖြန့်၊ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေရှိရာရွှေကုက္ကိုမြို့

ဓာတ်ပုံ ရင်းမြစ်, AFP
မြန်မာ - ထိုင်းနယ်စပ် သောင်းရင်းမြစ်နံဘေးက သီးသန့်မြို့ငယ်လေးတစ်ခုလိုတည်ရှိနေတဲ့ ရွှေကုက္ကို မြို့သစ် ဆိုတာဟာ နိုင်ငံတကာအဆင့်မီမြို့သစ်စီမံကိန်းအဖြစ်စတင်ခဲ့ပေမဲ့ အခုတော့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ အမြောက်အများရှိရာနေရာတစ်ခုအဖြစ် ဒေသတွင်းနိုင်ငံတွေကြား နာမည်ဆိုးနဲ့ ကျော်ကြားလို့နေပါတယ်။
ဒီနေရာကိုထိန်းချုပ်ထားသူကတော့ စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူပါ။
သမိုင်းကြောင်းပြန်ကြည့်ရရင် ဒီနေရာတကြောဟာ ကရင်အမျိုးသားအစည်းအရုံး(KNU)ဌာနချုပ် မာနယ်ပလောမကျရှုံးခင် ၁၉၉၅ ခုနှစ်မတိုင်မီအထိ တပ်မဟာ ၇ ဘားအံခရိုင်လက်အောက်က သာမန်ဒေသတစ်ခုအဖြစ်သာရှိခဲ့ပါတယ်။
မာနယ်ပလောကျပြီးတဲ့နောက် ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်မတော်(DKBA) ခွဲထွက်အဖွဲ့ ပေါ်ပေါက်ခဲ့ပြီး DKBA ကနေမှ ၂၀၁၀ ခုနှစ်မှာ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်ထပ်မံခွဲထွက်ကာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းခဲ့ကြတာပါ။

ဓာတ်ပုံ ရင်းမြစ်, Yatai IHG
ဧကသုံးသောင်းနီးပါးအထိ ကျယ်ပြန့်တဲ့ ရွှေကုက္ကို မြို့သစ် စီမံကိန်းကို ၂၀၁၇ ခုနှစ်မှာစတင်အကောင် အထည်ဖော်ခဲ့ပြီး ဗိုလ်မှူးကြီးစောချစ်သူရဲ့ ချစ်လင်းမြိုင်ကုမ္ပဏီနဲ့ ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ တရုတ်ကုမ္ပဏီ ရထိုက်နိုင်ငံတကာဦးပိုင်အုပ်စု (Yatai International Holdings Group) တို့ ပူးပေါင်းလုပ်ကိုင်ပါတယ်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျုရဲ့ အစီရင်ခံစာအရ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ အကုန်ကျခံတည်ဆောက်မယ့် ရွှေကုက္ကိုစီမံကိန်းဟာ အဆင့်မြင့် နည်းပညာသုံး မြို့တစ်မြို့ တည်ဆောက်ဖို့၊ ဒေသတွင်းမှာ နည်းပညာအခြေပြု ဗဟိုချက်တခု ဖြစ်လာစေဖို့ ရည်ရွယ်ခဲ့ပြီး ၂၀၂၇ ခုနှစ်မှာ ပြီးစီးဖို့ ရည်ရွယ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MYANMAR YATAI INTERNATIONAL HOLDING GROUP COMPANY ပုံဟောင်း
အရပ်သားအစိုးရလက်ထက်မှာ ရွှေကုက္ကို မြို့သစ်စီမံကိန်းထဲကအငြင်းပွားဖွယ်ရာကိစ္စတွေကို စစ်ဆေးဖို့ကြိုးစားခဲ့သလို အွန်လိုင်းလောင်းကစားအပါအဝင် လောင်းကစားဝိုင်းတွေကို တရားဝင်ခွင့်မပြုထားတဲ့အကြောင်း အတိအလင်းကြေညာခဲ့ပါတယ်။
ဒီလိုခုံရုံးဖွဲ့ စစ်ဆေးဖို့ကြိုးပမ်းခဲ့ပေမဲ့ အွန်လိုင်းလောင်းကစားတွေဆက်ရှိနေခဲ့သလို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်မှာလည်း ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေပါ ပိုမိုတွင်ကျယ် လာခဲ့ပြီး ဒီဒေသထဲလိမ်လည်ရောင်းစားခံရတဲ့ နိုင်ငံခြားသားတွေကို အိမ်နီးချင်းထိုင်းနိုင်ငံအကူအညီနဲ့ ကယ်ထုတ်ခဲ့ရတဲ့ဖြစ်စဉ်တွေပါ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရွှေကုက္ကို မြို့သစ်မှာ လုံခြုံရေးဘယ်လိုရှိလဲ၊ ကြောက်ရွံ့စိတ်ရှိတဲ့အကြောင်း ဘီဘီစီသတင်းထောက်က အလုပ်ရှာသူတစ်ဦးအသွင်နဲ့ မေးမြန်းကြည့်တဲ့အခါ အဲဒီမြို့မှာအလုပ်လုပ်ကိုင်ပြီး အွန်လိုင်းကနေ အလုပ်စုံစမ်းသူတွေကို ပင်တိုင်ဖြေကြားပေးနေတဲ့ HR တာဝန်ယူထားသူတစ်ဦးက အခုလိုဖြေပါတယ်။
မြို့ကိုကိုယ်တိုင်ရောက်ရှိပြီး အလုပ်ရှာဖွေခဲ့သူတစ်ဦးရဲ့ အပြောအရလည်း လုပ်ငန်းတွေရှိတဲ့ ခြံဝန်းတွေတိုင်းမှာ လက်နက်ကိုင်လုံခြုံရေးအဖွဲ့တွေရှိနေပြီး အလွယ်တကူဝင်ရောက်ဖို့မလွယ်ဘူးလို့ ပြောပါတယ်။
ကျားဖြန့်လုပ်ငန်းတွေကြီးစိုးခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ဒီလုပ်ငန်းတွေကို နှိမ်နင်းဖို့ဆိုတဲ့ ရည်ရွယ်ချက်အပါအဝင် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး စစ်ကောင်စီတပ်စခန်း ရာချီနဲ့ မြို့ဒါဇင်ဝက်ကျော်ကို ဆက်တိုက် တိုက်ခိုက်ထိန်းချုပ်နေပါတယ်။
ဒီစစ်ဆင်ရေးစတင်ပြီးနောက် နိုဝင်ဘာလအစောပိုင်းကစလို့ ကျားဖြန့် လုပ်ငန်းတွေရှိရာ မြန်မာပြည် တောင်ခြမ်းက ရွှေကုက္ကို မြို့သစ်မှာလည်း နယ်မြေစိုးမိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေက အဝင်အထွက် တင်းကြပ်ထားပြီလို့ နီးစပ်သူတွေဆီကတဆင့် စုံစမ်းသိရှိရပါတယ်။
“ရွှေကုက္ကို မှာနေ နေတဲ့လူတစ်ယောက်က ထောက်ခံစာပါမှဝင်ထွက်လို့ရတယ်။ အရင်ကလည်း လွယ်လွယ်သွားလို့မရဘူး၊ အခုကပိုဆိုးတာပေါ့” လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အခုလိုအခြေအနေတွေကြားထဲမှာပဲ နိုင်ငံတကာဖိအားတွေလည်းရှိလာခဲ့ပြီး ရွှေကုက္ကိုစီမံကိန်းမှာ ပါဝင်ပတ်သက်သူတွေဖြစ်တဲ့ ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် တရုတ်အမည် ရှီကျီကျန်း(She Zhijang)နဲ့ စောမင်းမင်းဦး ဆိုသူတို့ကို ဒီဇင်ဘာ ၈ ရက်နေ့တုန်းက ဗြိတိန်နိုင်ငံက ပိတ်ဆို့အရေးယူခဲ့ပါတယ်။
တောင်ပိုင်းက ကျားဖြန့်တွေကို နှိမ်နင်းတော့မယ့် ထိုင်း - မြန်မာ

ဓာတ်ပုံ ရင်းမြစ်, MOI
မြန်မာနယ်စပ်တကြောမှာ ခြေကုပ်ယူကြီးထွားလာတဲ့ အွန်လိုင်းငွေကြေးလိမ်လည်လုပ်ငန်းတွေကို နှိမ်နင်းနိုင်ဖို့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်အတွက် အရေးတကြီးဖြေရှင်းရမယ့်ကိစ္စရပ်တစ်ခုဖြစ်သလို တရုတ်၊ ထိုင်း၊ မြန်မာ သုံးနိုင်ငံပူးပေါင်းပြီး စစ်ဆင်ရေးသဖွယ်ကိုင်တွယ်ဖြေရှင်းဖို့ လုပ်ခဲ့တာကိုလည်း ၂၀၂၃ ခုနှစ်တောက်လျှောက် သူတို့ရဲ့ ထုတ်ပြန်ချက်တွေအရ တွေ့ရပါတယ်။
ထင်သာမြင်သာတဲ့တစ်ချက်ကတော့ ရွှေကုက္ကိုမြို့သစ်အပါအဝင် မယ်ထော်သလေးမြို့သစ်ကိုပါ ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်ကစလို့ ထိုင်းနိုင်ငံဘက်ကခြမ်းက လျှပ်စစ်မီးဖြတ်တောက်ခဲ့ပါတယ်။ ဒါအပြင် ထိုင်းဘက်က ဖုန်းလိုင်းတွေလည်း ပိတ်ဆို့ခဲ့တယ်လို့ ထိုင်း - မြန်မာအရေးစောင့်ကြည့်သူတွေကဆိုပါတယ်။
လက်ရှိအခြေအနေမှာ ရွှေကုက္ကိုမြို့သစ်မှာ ကိုယ်ပိုင်မီးစက်တွေနဲ့ လျှပ်စစ်မီးလည်ပတ်နေသလို မြန်မာဘက်က ဖုန်းလိုင်းတွေကို အဓိကထားအသုံးပြုနေတာလို့ သိရပါတယ်။
ဒီလို တစတစနှိမ်နင်းရေးတွေလုပ်ဖို့တာဆူနေတဲ့ ထိုင်းနိုင်ငံက တပ်ထိပ်ပိုင်းအရာရှိတွေ ၂၀၂၃ နှစ်ကုန်ပိုင်းထဲ နေပြည်တော်ကို ခပ်စိပ်စိပ်ရောက်လာခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက်မှာတော့ နယ်စပ်က ငွေလိမ်လုပ်ငန်းတွေကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်မယ့်အကြောင်း ထပ်ပြောခဲ့ပါတယ်။
ဒါဟာ ထိုင်းစစ်တပ်ရဲ့ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Jakkapong Janpengpen နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။
“စစ်ကောင်စီအနေနဲ့က BGF (နယ်ခြားစောင့်တပ်) နဲ့ သေနတ်ပြန်ပေါက်တဲ့အထိ ပြဿနာတက်နိုင်တဲ့ အနေအထားရှိတယ်” လို့ ထိုင်း - မြန်မာအရေးစောင့်ကြည့်လေ့လာသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ကနဦးအနေနဲ့ နယ်ခြားစောင့်တပ် (BGF)ကို စစ်တပ်က ဖိအားပေးနိုင်ပြီး အရေးတကြီးကိုင်တွယ်ဖြေရှင်းနိုင်မယ့်အနေအထားမရှိဘူးလို့ သူက ခန့်မှန်းသုံးသပ်ပါတယ်။
ဒါကြောင့် ထိုင်းအာဏာပိုင်တွေအနေနဲ့ ၂၀၂၄ ခုနှစ်ထဲ ကျားဖြန့် လုပ်ငန်းတွေနှိမ်နင်းဖို့ ဘယ်လိုစီစဉ်ထားသလဲ ဆိုတာနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မေးခွန်းတွေဟာ ကျယ်ပြန့်တာကြောင့် အစိုးရဌာနချင်းပြန်လည်မေးမြန်းပြီးမှသာ ဖြေကြားပေးမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မြဝတီ၊ ရွှေကုက္ကိုအပါအဝင် ကေကေဥယျာဉ် (KK Park) တို့မှာလုပ်ကိုင်နေတဲ့ ဒီလိမ်လည်မှုလုပ်ငန်းတွေ အကြောင်း လေ့လာစောင့်ကြည့်သူတွေကတော့ ဒီလုပ်ငန်းတွေမှာ နယ်ခြားစောင့်တပ် BGF သာမက ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်ဖွဲ့ဝင်အချို့လည်း ပါဝင် ဆက်နွယ်နေတယ်လို့ သုံးသပ်ချက်အချို့လည်း ရှိနေပြန်ပါတယ်။
နယ်ခြားစောင့်တပ် BGF ကိုတော့ ဘီဘီစီအနေနဲ့ ဆက်သွယ်လို့မရခဲ့ဘဲ KNU ကတော့ ဒီလုပ်ငန်းတွေမှာ သူတို့မပါဝင်ကြောင်းငြင်းဆိုပါတယ်။
KNU အဖွဲ့ဝင်တွေအနေနဲ့ ဒီလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တာရှိရင် KNU ရဲ့တရားဥပဒေစိုးမိုးရေး လုပ်ငန်းလမ်းစဉ်နဲ့အညီ တဆင့်ချင်းလုပ်ဆောင်နေတယ်လို့ ဘီဘီစီကို တုံ့ပြန်ပြောပေမဲ့ စစ်ဆေးအပြစ်ပေး အရေးယူတဲ့ ဖြစ်စဉ်အရေအတွက်ကိုတော့ ထုတ်ဖော်ပြောတာမတွေ့ရပါဘူး။
ဒါပေမဲ့ နယ်စပ်တကြောမှာ နာမည်ကြီးနေတဲ့ မူးယစ်ဆေးဝါးတရားမဝင်ကုန်သွယ်မှု၊ လူမှောင်ခို ကုန်ကူးတာတွေနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေကို ဖြေရှင်းဖို့ အဆင်သင့်ရှိနေတယ်လို့ KNU က ပြောပါတယ်။
ဒီတော့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ ထိုင်းအာဏာပိုင်တွေက KNU ကိုဆက်သွယ်ချိတ်ဆက်တာရှိသလားလို့ ဘီဘီစီက မေးခွန်းထုတ်ခဲ့ရာမှာတော့ မဆက်သွယ်လာဘူးလို့ ပြန်လည်ဖြေကြားပါတယ်။
“ရှမ်းမြောက်က ကျားဖြန့် လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ ၁၀၂၇ စစ်ဆင်ရေးပေါ်လာတယ်လို့ပြောတယ်ဆိုရင် ထိုင်းနယ်စပ်တကြောမှာရှိတဲ့လုပ်ငန်းတွေကိုတိုက်ဖျက်ဖို့အတွက်တော့ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေက ကျွန်တော်တို့ကိုတိုက်ရိုက်ဆွေးနွေးပြီး လက်တွဲဖို့လိုတယ်” လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CHINESE MINISTRY OF PUBLIC SECURITY
တောင်ပိုင်းက ကျားဖြန့် လုပ်ငန်းတွေကိုဖြေရှင်းဖို့ ရှုပ်ထွေးပွေလီနေပေမဲ့ တရုတ်နိုင်ငံရဲ့ ဖိအားအတိုင်းအဆ ပေါ်မူတည်ပြီး နောက်ဆက်တွဲအခြေအနေအပြောင်းအလဲရှိနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။
“အခုမြောက်ပိုင်းမှာ တင်းမာမှုများနေပေမဲ့ နည်းနည်းငြိမ်တာနဲ့တောင်ပိုင်းကိုလာလိမ့်မယ်လို့ ယူဆတယ်” လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဘာကြောင့်လဲဆိုတော့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးတဲ့နောက်ပိုင်း တရားမဝင်ကျားဖြန့် လုပ်ကိုင်နေသူတွေလို့ သံသယရှိခံရတဲ့ တရုတ်နိုင်ငံသားထောင်နဲ့ချီကို တရုတ်နိုင်ငံကို စစ်ကောင်စီဘက်က လွှဲပြောင်းပေးထား သလို တရုတ်ပြည်သူ့ လုံခြုံရေးဌာနရဲ့ နိုဝင်ဘာလ ထုတ်ပြန်ချက်အရ မြန်မာဘက်ကနေ တရုတ်ဘက်ကို လွှဲပြောင်းပေးထားသူ သုံးသောင်းကျော်ရှိနေပါပြီ။
“တောင်ပိုင်းကိုလာပါလိမ့်မယ်။ ၂၀၂၄ ထဲမှာကိုလာမယ်လို့ထင်တယ်” လို့ စောင့်ကြည့်လေ့လာသူက သူ့ရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပါတယ်။












