ကျားဖြန့်၊ လောက်ကိုင်နဲ့ ဒေသတွင်းနိုင်ငံသားတွေပါ အဓမ္မစေခိုင်းခံနေရတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း

အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ စေခိုင်းခံနေရ
    • ရေးသားသူ, ဇေယျာထွန်း
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

မြန်မာနိုင်ငံ အရှေ့မြောက်အစွန်အဖျားက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ လောက်ကိုင်မြို့မှာ ကျားဖြန့်လို့ ပြောလိုက်ရင် အွန်လိုင်းကနေ ငွေလိမ်တဲ့လုပ်ငန်းလို့ ဒေသခံတွေကြားသိကြပါတယ်။

အဲဒီလုပ်ငန်းတွေမှာ မြန်မာလူငယ်တွေအပြင် အခုဆို ဒေသတွင်း အိမ်နီးချင်းနိုင်ငံသားတွေပါ လူကုန်ကူးခံရပြီး အလုပ် စေခိုင်းခံနေရပါတယ်။

ကွန်ပျူတာနဲ့ အင်္ဂလိပ်စာ အခြေခံကောင်းမယ်ဆိုရင် အလုပ်ကောင်း၊ လစာကောင်းမယ်ဆိုတဲ့ မက်လုံးကြောင့် ဒေသတွင်းက ပညာတတ်လူငယ်တွေဟာ ဖြားယောင်းသိမ်းသွင်းခံရပြီး အခုလို အွန်လိုင်း အလိမ်အညာလုပ်ငန်းတွေမှာ အတင်းအကြပ်စေခိုင်းခံရတာဖြစ်ပါတယ်။

အွန်လိုင်းမှာ အမျိုးသမီးအဖြစ် အကောင့်အတုဖန်တီးပြီး အနောက်နိုင်ငံက အွန်လိုင်းသုံးစွဲသူ အမျိုးသားတွေကို ခရစ်တို ကာရန်စီလို့ခေါ်တဲ့ ဒစ်ဂျစ်တယ် ငွေကြေးတွေ လွှဲပြောင်းလာအောင် ဖြားယောင်းကြရတာဖြစ်ပါတယ်။

ဒီထဲမှာ ပြီးခဲ့တဲ့လတွေအတွင်း လောက်ကိုင်မြို့ကို အပို့ခံရပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းခွင်မှာ အဓမ္မ လုပ်နေရတဲ့ ဗီယက်နမ်နိုင်ငံသား ဆယ်ချီရှိနေပါတယ်။

သူတို့ဟာ မြို့တွင်းအဆောက်အဦတစ်ခုမှာ ပိတ်လှောင်ခံရပြီး အတင်းအကြပ်အလုပ် စေခိုင်းခံနေရ တယ်လို့ သူတို့ရဲ့ဆွေမျိုးမိဘတွေက ဘီဘီစီ ဗီယက်နမ် ဘာသာစကားဌာနကို ဆက်သွယ် သတင်းပေးပို့လာတာဖြစ်ပါတယ်။

တည်နေရာပြ မြေပုံ

စင်ကာပူမှာ အလုပ်လုပ်ဖို့ ထွက်ခဲ့ပေမဲ့ လောက်ကိုင်ရောက်ခဲ့ရသူ ငုယင်

ဗီယက်နမ် နိုင်ငံသား အသက် ၃၂ နှစ်အရွယ် ငုယင်(နာမည်လွှဲ)ဟာ စင်ကာပူမှာ အလုပ်ရမယ်လို့ ဗီယက်နမ် ပွဲစားတစ်ယောက်ရဲ့ သိမ်သွင်းမှုကို ယုံကြည် ခရီးထွက်ခဲ့ရာကနေ နောက်ဆုံးမှာ မြန်မာနိုင်ငံ၊ လောက်ကိုင်မြို့မှာ ခရီးဆုံးပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ စေခိုင်းခံနေရသူပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့မေလ ၁၈ ရက်မှာ မိသားစုနဲ့အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး တစ်လနီးပါးအကြာမှာ သူဟာ လောက်ကိုင်က အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ ဝင်အလုပ်လုပ်နေရတဲ့အကြောင်း၊ နှိပ်စက်ခံနေရတဲ့အကြောင်း ဗီယက်နမ်မှာကျန်နေခဲ့တဲ့ဆွေမျိုးတွေကို ဆက်သွယ် သတင်းပို့နိုင်ခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံကနေ စထွက်ချိန် လေယာဥ်စီးကတည်းက ပွဲစားက သူ့ဆီက ဖုန်းကို သိမ်းခဲ့တာကြောင့် အဆက်အသွယ် ပြတ်ခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ ငုယင်က သူဟာ မြန်မာနိုင်ငံထဲက တရုတ်ငွေလိမ်အဖွဲ့တစ်ခုရဲ့ အဆောက်အအုံ တစ်ခုလို့ ယူဆရတဲ့နေရာမှာ သူ ပိတ်လှောင်ခံရပြီး အလုပ်လုပ်နေရတယ်လို့ သူ့ဝမ်းကွဲအစ်မ ကျီယာကို ဖေ့ဘွတ်ခ်ကနေ စာပို့ပြီး ဆက်သွယ်နိုင်ခဲ့ပါတယ်။

လူစားတစ်ယောက်ရှာနိုင်မှ ပြန်လွှတ်ပေးမယ်

ရိုက်နှက်ခံပြီး ပေါက်ပြဲဒဏ်ရာရလို့ အခန်းဖော်တွေက ဒဏ်ရာတွေကို ပြန်ချုပ်ပေးခဲ့ရတယ်လို့ဆို
ဓာတ်ပုံ ပုံစာ, ရိုက်နှက်ခံပြီး ပေါက်ပြဲဒဏ်ရာရလို့ အခန်းဖော်တွေက ဒဏ်ရာတွေကို ပြန်ချုပ်ပေးခဲ့ရတယ်လို့ဆို
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ငုယင်က သူ့မိသားစုဝင်တွေကို အင်တာနက်ကနေ ပို့လိုက်တဲ့တည်နေရာအရဆိုရင် ဗီယက်နမ်နိုင်ငံသားတွေ ပိတ်လှောင်ခံနေရတဲ့နေရာဟာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လောက်ကိုင်မြို့ထဲမှာရှိတဲ့ အထပ်မြင့် အဆောက်အုံတစ်ခုဆိုတာကို ဘီဘီစီ ဗီယက်နမ်၊ မြန်မာဌာနနဲ့ မြင်းကွင်းပုံဖော်သတင်းဌာနတို့က ပုံဖော်ထားနိုင်ပါတယ်။

ငုယင်ရဲ့ ဖုန်းဟာ သူ့ဇာတိ နိုင်ဘွိုင်းကနေ လေယာဥ် ခရီးစဥ် စတင် ကတည်းကအသိမ်းခံထားရတယ်လို့ ဝမ်းကွဲအစ်မဖြစ်တဲ့ ကျီယာက ဘီဘီစီကို ပြောပါတယ်။

''ဧပြီလ ၅ ရက်မှာ ဇာတိကနေ ဆိုင်ဂုံကို သူ လေယာဥ်နဲ့ စထွက်တယ်။ အဲဒီမှာ တစ်ညအိပ်ပြီး ဟနွိုင်းမြို့ဆီ ခရီးဆက်တယ်။ ဟနွိုင်းရောက်တော့ သူ့ဖုန်းအသိမ်းခံလိုက်ရတယ်။ ဘယ်ခရီးဆက်တယ်ဆိုတာ သူမသိတော့ဘူး။ ခရီးတစ်ထောက်နားဖို့ ဆိုပြီး မြန်မာကို သွားရတယ်တဲ့။ အဲဒီနောက်ပိုင်း ကား ၃ ရက် စီးခဲ့ရတဲ့အချိန်မှာ စင်ကာပူမဟုတ်ဘဲ မြန်မာနိုင်ငံထဲကို သူအပို့ခံရပြီ ဆိုပြီး မိသားစုဆီ ဆက်သွယ်လာတယ်'' လို့ ကျီယာကပြောပါတယ်။

''မိသားစုတွေပြောတာကတော့ ငုယင်ဟာ သူ့သူငယ်ချင်းက စင်ကာပူကိုခေါ်လို့ သွားတယ်၊ နာမည်လည်း မသိရဘူး၊ အဆက်အသွယ်လည်း သူတို့မသိဘူး၊ အဲဒီလူက ကမ္ဘောဒီးယားက ဆိုတာပဲ သူတို့သိလိုက်တယ်တဲ့'' လို့ သူက ဆိုပါတယ်။

မိသားစုက ဘီဘီစီကို ပေးပို့တဲ့ဓာတ်ပုံမှာတော့ ငုယင်ဟာ ဒဏ်ရာတွေ ရထားတာတွေ့ရပြီး ထွက်ပြေးဖို့ ကြိုးစားတဲ့သူ့ကို ရိုက်နှက်ကြ၊ လျှပ်စစ်နဲ့ရှော့တိုက်ကြလို့ ရတဲ့ဒဏ်ရာတွေလို့ ပြောတယ်ဆိုပြီး မိသားစုက ပြန်ပြောပြပါတယ်။

''မျက်နှာကို မရိုက်နှက်ပေမဲ့ တစ်ကိုယ်လုံးကို ရိုက်နှက်တယ်လို့ ပြောတယ်။ သူတို့ လွတ်လပ်ချင်တယ်ဆိုရင် ဗီယက်နမ်နိုင်ငံသား နောက်တစ်ယောက်ကို သူတို့နေရာမှာ အစားထိုး အရင် ဖြားယောင်းသိမ်းသွင်းခေါ်ပေးရမယ်လို့လည်း ပြောတယ်။''

''အဲဒီမှာ အခန်းတစ်ခန်းကို လူ ၅ ယောက်လောက်နဲ့ထည့်ထားခံရတဲ့ ဗီယက်နမ် နိုင်ငံသား အယောက် ၃၀ လောက်ရှိတယ်လို့လည်း ပြောတယ်။ မိန်းကလေးအသံလိုဟန်ဆောင် ချစ်တာတွေကြိုက်တာတွေပြောပြီး ငွေလိမ်၊ အွန်လိုင်းလောင်းကစား လုပ်ဖို့ ခေါ်၊ ညစ်ညမ်းအင်တာနက်စာမျက်နှာတွေ ပို့တာတွေလုပ်ရတယ် ...။ အွန်လိုင်းကနေ တစ်လကို ဒေါ်လာ ၂၀၀ အထိ မလိမ်နိုင်ဘူးဆိုရင် လျှပ်စစ်နဲ့အတို့ခံရတယ်လို့ ခြိမ်းခြောက်ခံရတယ်'' လို့ ပြောတယ်။

အခုတော့ သူ့မိသားစုက စိတ်ပူလို့ လက်မှတ်ထိုးပြီး လူပျောက်တိုင်ဖို့လုပ်နေတယ်။ အာဏာပိုင်တွေ တဆင့်ဆင့်အထိ စာပို့ ဖို့လည်းလုပ်နေတယ်လို့ သူကပြောပြပါတယ်။

ဒေသန္တရခေါင်းဆောင်တွေက လောင်းကစားမြို့တော် ဖြစ်လာဖို့ မျှော်မှန်းထားတဲ့ လောက်ကိုင်မြို့ နှစ်သစ်ကူးည

ဓာတ်ပုံ ရင်းမြစ်, ဟန်လေ အုပ်စု

ဓာတ်ပုံ ပုံစာ, ဒေသန္တရခေါင်းဆောင်တွေက လောင်းကစားမြို့တော် ဖြစ်လာဖို့ မျှော်မှန်းထားတဲ့ လောက်ကိုင်မြို့ နှစ်သစ်ကူးည

လောက်ကိုင်ကို ဘယ်သူတွေ ထိန်းချုပ်ထားလဲ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြီးအကဲတွေ ဒေသတွင်း အခြေအနေကို စစ်ဆေးချိန် လုံခြုံရေးယူနေသူတွေ

ဓာတ်ပုံ ရင်းမြစ်, ကိုးကန့်သတင်း

ဓာတ်ပုံ ပုံစာ, ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြီးအကဲတွေ ဒေသတွင်း အခြေအနေကို စစ်ဆေးချိန် လုံခြုံရေးယူနေသူတွေ

ရှမ်းပြည်နယ်ထဲက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့လောက်ကိုင်မြို့ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့လည်း နယ်စပ်ချင်း ထိစပ်နေပါတယ်။

လက်နက်ကိုင်အဖွဲ့တွေအကုန်လုံး နယ်ခြားစောင့်တပ်(BGF) အဖြစ်အသွင်ပြောင်းပြီး တပ်မတော်အောက်ရောက်ရမယ်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတည်ပြုတဲ့အခါ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်ရဲ့ ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)လည်း BGF အဖြစ်အသွင်ပြောင်းဖို့ ဖိအားပေးခံရပါတယ်။

ဒါပေမဲ့ ဒါကို တင်းခံနေတဲ့ MNDAA အဖွဲ့ကို တိုက်ထုတ်ဖို့ဆိုပြီး အဲဒီတုန်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်မတော်ကို ၂၀၀၉ ခုနှစ်၊ သြဂုတ်လမှာ ကိုးကန့်ဒေသကို စေလွှတ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်၊ အာဏာသိမ်း စစ်ခေါင်းဆောင်လည်း ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး တာဝန်ယူပြီး ကိုးကန့်ထိုးစစ်ကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

ဒီလိုနှိမ်နင်းမှုရဲ့နောက်ဆက်တွဲအနေနဲ့ ဦးဖုန်ကြားရှင်ရဲ့ MNDAA ခွဲထွက်အဖွဲ့ဟာ နယ်ခြားစောင့်တပ်ဖြစ်လာသလို၊ ကိုးကန့်ပြည်သူ့စစ်လို အဖွဲ့တွေပေါ်လာပြီး လောက်ကိုင်မှာ လက်နက်ကိုင်အဖွဲ့တွေများလာပါတယ်။

ဒေသစီးပွားရေးရဲ့မောင်းနှင်အားဖြစ်တဲ့ ဘိန်းလို မူးယစ်ဆေးကင်းစင်ဖို့ MNDAA ဘက်က ၂၀၀၃ ခုနှစ်မှာ ခြေလှမ်းလာတဲ့အခါ မြန်မာစစ်တပ်က ကိုးကန့်မှာ လောင်းကစားရုံတွေ ဖွင့်ခွင့်ပေးခဲ့ပါတယ်။

တရုတ် နယ်စပ်မှာတည်ရှိတဲ့ ကိုးကန့်ဒေသဟာ ကာစီနိုရုံတွေ၊ ခေတ်မီ အဆောက်အအုံ အများအပြားနဲ့ စီးပွားရေးကောင်းတဲ့ ဒေသဖြစ်လာပြီး အမြင့်ဆုံး အုပ်ချုပ်ရေး အဖွဲ့အစည်းဟာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ပဲဖြစ်ပါတယ်။

လောက်ကိုင်မှာ မြန်မာစစ်တပ်က အာဏာအရှိဆုံးဖြစ်ပေမဲ့ တခြားဒေသတွေနဲ့မတူဘဲ ဟိုတယ်ဖွင့်ခွင့်၊ လောင်းကစားရုံဖွင့်ခွင့်ကို ဟိုတယ်ခရီးဝန်ကြီးဌာနက ခွင့်ပြုတာမဟုတ်ဘဲ အဲဒီဒေသဦးစီးအဖွဲ့ဆီကနေ ခွင့်ပြုချက်ယူရတာဖြစ်ပါတယ်။

တဖက်မှာလည်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်နဲ့ကပ်လျက်ရှိတဲ့ ကိုးကန့်ဒေသဟာ တရုတ်နိုင်ငံထဲက တရုတ်လူမျိုးတွေအတွက် လောင်းကစားလောင်းခွင့်၊ လောင်းကစားရုံဖွင့်ခွင့်တွေ ဖန်တီးပေးလာတဲ့ အခြေအနေဖြစ်လာပါတယ်။

အိမ်နီးချင်းတရုတ်တိုင်ငံထဲက တရုတ်လောင်းကစားသမားတွေ ငွေရှာကြတဲ့ လောက်ကိုင်မှာ ကျွမ်းကျင်ဝန်ထမ်းမလုံလောက်တာကြောင့် လောင်ကစားရုံတွေနဲ့ ဟိုတယ်တွေမှာ ဖဲရှိုတဲ့ဝန်ထမ်းခေါ်ယူတာ၊ သင်တန်းပေးတဲ့စျေးကွက်လည်း ကျယ်ကျယ်ပြန့်ပြန်ပေါ်နေပါတယ်။

ဒီအခြေအနေကြောင့် လောက်ကိုင်နဲ့ အလှမ်းမကွာတဲ့ လားရှိုးလို မြို့က လူငယ်တွေအပါအဝင် ဒေသတွင်း ထိုင်း၊ လာအို၊ ဗီယက်နမ်နိုင်ငံတွေက လူငယ်တွေလည်း တိုးတက်လာနေတဲ့လောက်ကိုင် လောင်းကစားလောကနဲ့အတူပေါ်လာတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ သွေးဆောင် ခေါ်ယူခံရတာတွေရှိလာပါတယ်။

အွန်လိုင်းလိမ်လည်မှု လုပ်ငန်းခွင်မှာ နိုင်ငံခြားသားတွေကို ဘယ်လိုရှာဖွေနေလဲ

ညဘက်မှာမြင်ရတဲ့လောက်ကိုင်မြို့

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

လောက်ကိုင်မြို့ထဲက အွန်လိုင်းလိမ်လည် လုပ်ငန်းခွင်တွေမှာ စေခိုင်းခံရတဲ့ နိုင်ငံခြားသားတွေကို ကယ်ဆယ်ဖို့ ရှာဖွေတာတွေ လုပ်နေပေမဲ့ လောက်ကိုင်မြို့ပေါ်မှာ မြန်မာစစ်တပ်နဲ့ ရဲအပြင် ပြည်သူ့စစ်၊ ကိုးကန့်ရဲ စတဲ့ လက်နက်ကိုင်တပ်ဖွဲ့မျိုးစုံ ရှိပြီး ကျင်လည် လှုပ်ရှားနေတာက ရှာဖွေရေး ခရီး မရောက်ရတဲ့ အချက်ဖြစ်တယ်လို့ နယ်ထိန်းအဆင့်ရှိတဲ့ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

‘’သူတို့နိုင်ငံသားတွေကို ရှာဖွေပေးဖို့ သံရုံးတွေက စာတွေ လတိုင်းဝင်တယ်။ အခုရှာဖွေနေတာကတော့ ဗီယက်နမ် နိုင်ငံသားတွေ ၅ ယောက်လောက်ရှိတယ်။ ထိုင်းတွေလည်းပါတယ်။ သံရုံးတွေကနေ ရဲဌာန အဆင့်ဆင့်ကို စာဝင်လာတဲ့အခါ သက်ဆိုင်ရာမြို့နယ်မှူးတို့၊ အုပ်ချုပ်ရေးတို့၊ လူကုန်ကူးတားမြစ်ရေးရဲ တွေနဲ့ ကျွန်တော်တို့ပူးပေါင်းပြီး ရှာဖွေတာတွေ လုပ်ရပါတယ်’’ လို့ သူကပြောပါတယ်။

‘’တချို့ ဟိုတယ်တွေ၊ လောင်းကစားရုံတွေကတော့ ပူးပေါင်းတယ်။ သူတို့ခေါ်ထားမိတယ်ဆိုရင် ထုတ်ပေးတယ်။ တချို့ကလည်း မပူးပေါင်းဘူး။ သူတို့ဟိုတယ် ဒါမှမဟုတ် လုပ်ငန်း ဝင်ရှာခံရတယ်ဆိုတဲ့သတင်းကြောင့် နာမည်ကျမှာကို စိုးရိမ်တယ်။ ရှာဖွေတာတွေလုပ်တဲ့အခါ စာအရင်ပို့ရတယ်။ မဟုတ်ရင် ကျွန်တော်တို့ ရဲတပ်ဖွဲ့တစ်ဖွဲ့တည်းနဲ့ ဝင်ရောက်လို့မရဘူး။ ဒီမှာက အဖွဲ့ အစည်းတွေ အကုန်ရှုပ်နေတာကိုး’’လို့ သူကဆက်ပြောပြပါတယ်။

ဒါပေမဲ့ သံရုံးတွေကနေ လူရှာဖို့ စာတွေဝင်လာတဲ့အခါ နာမည်နဲ့အသက်လို အချက်အလက်ပဲ ပါဝင်ပြီး ဓာတ်ပုံလို တခြားအသေးစိတ်အချက်အလက်တွေ မပါလာတာကြောင့် ရှာဖွေရေး အခက်ကြုံရတယ်လို့လည်း သူကဆိုပါတယ်။

လောက်ကိုင်မြို့မှာ အထပ်မြင့်လောင်းကစားရုံတွေနဲ့ ဟိုတယ်တွေဟာ ဧကနဲ့ချီကျယ်ဝန်းတဲ့ခြံဝန်း တွေထဲမှာရှိပြီး အဲဒီဝင်းတွေထဲမှာတင် အလှပြင်ဆိုင်၊ ဆံပြင်ညှပ်ဆိုင်၊ အနှိပ်ခန်းက အစ စူပါမားကတ်လို ကုန်တိုက်အဆုံးရှိတာ၊ လုံခြုံရေးအစောင့်တင်းကြပ်တာတွေရှိနေတာကလည်း အွန်လိုင်းလိမ်လည်မှုဂိုဏ်းတွေဆီရောက်သွားသူတွေ လွတ်အောင်ရုန်းထွက်ဖို့ ခက်ခဲတဲ့အခြေအနေလို့ လောက်ကိုင်ရောက်ခဲ့တဲ့ ဘီဘီစီမြန်မာပိုင်းသတင်းထောက်တစ်ဦးက ပြောပါတယ်။

နယ်စပ်က လောင်းကစားကို ထိန်းချုပ်ဖို့ တရုတ်ဘက်က ဘာပြောထားလဲ

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်းဂန်နဲ့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ နေပြည်တော်မှာ မေလ ၂ ရက်တုန်းက တွေ့ဆုံချိန်

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်းဂန်နဲ့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ နေပြည်တော်မှာ မေလ ၂ ရက်တုန်းက တွေ့ဆုံချိန်

မြန်မာပြည်တွင်း စစ်အာဏာသိမ်းပြီးတဲ့နောက် ၂ နှစ်အတွင်းမှာ ပထမဆုံး တရုတ်ရဲ့အဆင့်မြင့်အရာရှိကြီးတစ်ဦးအနေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်းဂန်းဟာ နေပြည်တော်ကို ပြီးခဲ့တဲ့ မေလဆန်းတုန်းက သွားရောက်ခဲ့ပါတယ်။

သူ့ရဲ့နေပြည်တော် ခရီးစဥ်အတွင်းမှာ အင်တာနက် အွန်လိုင်းလိမ်လည်မှုဆိုင်ရာရာဇဝတ်မှုတွေကို နှိမ်နင်းဖို့ နေပြည်တော်က စစ်ကောင်စီကို တိုက်တွန်းခဲ့တဲ့အကြောင်း တရုတ်ဘက်က သတင်းထုတ်ပြန်ပါတယ်။

တရုတ်နဲ့ထိစပ်နေတဲ့ မြန်မာနယ်စပ်ဒေသတွေဟာ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေ ကျင်လည်ရာဒေသဖြစ်နေပြီး ဒီ အခြေအနေဟာ တရုတ်နိုင်ငံသားတွေနဲ့ တရုတ်ပြည်သူ့အကျိုးစီးပွားအပေါ် ပြင်းပြင်းထန်ထန် သက်ရောက်မှုရှိ တဲ့အကြောင်း ထောက်ပြခဲ့သလို ဒီဂိုဏ်းတွေကို တိတိကျကျနှိမ်နင်းဖို့ မြန်မာ-တရုတ်နဲ့ ထိုင်းနိုင်ငံခြား ထိထိရောက်ရောက်ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ပိတ်မိနေတဲ့တရုတ်နိုင်ငံသားတွေကို အချိန်နဲ့တပြေးညီ ကယ်ဆယ်ဖို့ လည်း မြန်မာစစ်ကောင်စီဘက်ကို တိုက်တွန်းသွားပါတယ်။

မစ္စတာ ချင်းဂန်းရဲ့ နေပြည်တော် ခရီးစဥ်အပြီး မကြာခင်မှာပဲ မြန်မာစစ်ကောင်စီက လောက်ကိုင်နဲ့ကပ်လျက် မိုင်းလားမြို့ကို နိုင်ငံခြားသားခရီးသွားတွေ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ပါတယ်။

ဒါဟာ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေကို ဖြေရှင်းဖို့ တစ်စိတ်တစ်ပိုင်းဖြစ်သလို တဖက်ကလည်း( တရုတ်နိုင်ငံ ဘက်ကလည်း) အလားတူ တင်းကြပ်တာတွေ ပြုလုပ်နေတယ်လို့ မြန်မာစစ်ကောင်စီပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။

နောက် ထိုင်း-မြန်မာနယ်စပ်၊ တာချီလိတ်မြို့က လောင်းကစားမှုတွေကို တိုက်ဖျက်ဖို့ကို တာချီလိတ်မြို့ကို နိုင်ငံခြားသားတွေကို ဝင်ရောက်တာကို စစ်ကောင်စီတပ်ဘက်က တင်းကြပ်ထားတယ်လို့ ဘီဘီစီ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စင်ကာပူမှာ အလုပ်ရမယ်လို့ ဗီယက်နမ် ပွဲစားတစ်ယောက်ရဲ့ သိမ်သွင်းမှုကို ယုံကြည် ခရီးထွက်ခဲ့ရာကနေ နောက်ဆုံးမှာ မြန်မာနိုင်ငံ၊ လောက်ကိုင်မြို့မှာ ခရီးဆုံးပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ စေခိုင်းခံနေရသူ ငုယင်ကို ကယ်ထုတ်ဖို့ အခြေအနေကတော့ ဇွန်လ ၂၂ ရက်နေ့အထိ ထူးခြားတာ မရှိသေးပါဘူး။

'ငုယင်တို့ အခုအထိ အဲဒီအဆောက်အအုံထဲမှာပဲ ဒီနေ့အထိ အပိတ်ခံထားရတုန်းပဲ။ အသက်အန္တရာယ် ရန်ရှာခံရမှာစိုးလို့ ထွက်မပြေးရဲဘူးပြောတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာ ဖြားယောင်းလိမ်လည်ခံရလို့ ထပ်ရောက်လာသူတွေလည်းရှိတယ်လို့ သူက မက်ဆေ့ ပို့တယ်'' လို့ အစ်မဖြစ်သူ ကျီယာက ဘီဘီစီကို ပြောပါတယ်။

ငုယင်ရဲ့ မိသားစုကတော့ သူ့ဇာတိ ငန်အဲခရိုင်ထဲက ပြည်သူ့လုံခြုံရေးဌာနဆီကို ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက စာတင်ထားလိုက်ပြီ ဖြစ်ပြီး ဌာနဘက်ကလည်း ဒီစာရရှိကြောင်း ပြောထားတာကြောင့် ဒီအရေးကို ဖြေရှင်းပေးကောင်းပေးနိုင်မယ်လို့ မိသားစုက ယုံကြည်နေပါတယ်။

မိသားစုဘက်ကတော့ ငုယင်တစ်ယောက် ဘေးကင်းကင်းနဲ့အိမ်အမြန်ပြန်လာဖို့ မျှော်လင့်နေပါတယ်။