ဇွန်လ ၆ ရက်ထိပ်တန်းသတင်းများ- နတ်သံကွင်းတိုက်ပွဲမှာ ရဲနဲ့စစ်သား ၁၀ ဦးထက်မနည်း သေဆုံးတယ်လို့ PDF ပြော

ဓာတ်ပုံ ရင်းမြစ်, Yoma PDF
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့က ရဲစခန်းကို ဦးတည်တိုက်ခိုက်တဲ့ တိုက်ပွဲမှာ ရဲနဲ့ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးတယ်လို့ ရိုးမ ပီဒီအက်ဖ်က ထုတ်ပြန်ပြောဆိုလာပါတယ်။
ကရင်အမျိုးသားအစည်းအရုံး- ကေအဲန်ယူရဲ့ KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက နတ်သံကွင်းရဲစခန်း၊ နတ်သံကွင်းမြို့နဲ့ ကျောက်ကြီးမြို့ကို ဆက်ထားတဲ့ စစ်တောင်းမြစ်ပေါ်က တံတားတွေကို ဒီနေ့ မနက် အစောပိုင်းမှာ တိုက်ခိုက်ချိန် အခုလို သေဆုံးတာလို့လည်း ဆိုပါတယ်။
အဲဒီတိုက်ပွဲဟာ ဒီနေ့မနက် ၅ နာရီဝန်းကျင်မှာ စတင်ခဲ့တာဖြစ်ပြီး မနက် ၇ နာရီဝန်းကျင်မှာတော့ စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရှိထား ရပါတယ်။
“နံနက်စောစော ဒီနေ့မနက် ၄ နာရီခွဲ ၀န်းကျင်လောက်ပေါ့။ ရဲစခန်းပေါ့။ ရဲစခန်းမှာ စစ်တပ်အင်အား ရှိ တယ်လေ။ အဲဒီစစ်တပ်အင်အားနဲ့ ဒီက အဖွဲ့နဲ့ပေါ့။ တိုက်ပွဲ ဖြစ်တာပေါ့။ နောက် လေယာဥ်နဲ့ သုံး၊ လေး ကြိမ်လောက် လာပစ်တယ်။ နတ်သံကွင်း ရဲစခန်းမှာ စစ်တပ်က နေတာကိုး။ တိုက်ပွဲက ၁ နာရီ ၀န်းကျင် လောက်တော့ ကြာတယ်။ နတ်သံကွင်းနဲ့ ကပ်လျက် ရေတွင်းကုန်းမှာလည်း တိုက်ပွဲ ဖြစ်တယ်။ လေယာဥ်နဲ့ လေးကြိမ်တိတိ လာပစ်တယ်’’ လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
တချိန်တည်းမှာပဲ တိုက်ပွဲကြောင့် ရဲစခန်းက ရဲ ၂ ဦး၊ စစ်တောင်းတံတားပေါ်က စစ်ကောင်စီတပ်သား ၅ ဦး၊ တံခွန်တိုင်ကျေးရွာထိပ် တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ရသေ့ကုန်းတိုက်ပွဲတို့မှာ စစ်တပ် ဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့လည်း ရိုးမ ပီဒီအက်ဖ် အဖွဲ့က ပြီးခဲ့တဲ့မိနစ်ပိုင်းမှာပဲ သတင်း ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း အရပ်သားထိခိုက်မှု ၂ ဦးထက်မနည်းရှိတယ်လို့ ဘီဘီစီက ဆက်သွယ်ရရှိတဲ့ ကူညီရေးအဖွဲ့တချို့က ပြောပေမဲ့ ဖုန်းလိုင်း ဆက်သွယ်ရေးပြတ်တောက်နေတာကြောင့် ထိခိုက်မှု တိတိကျကျမသိရှိနိုင်တဲ့အခြေအနေဖြစ်နေပါတယ်။
တိုက်ပွဲအတွင်းမှာပဲ ပူးပေါင်းတပ်ဖွဲ့တွေဘက်က စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်းဖြစ်တဲ့ ကျောက်ကြီးမြို့နဲ့ နတ်သံကွင်းမြို့အထွက်ကို ဆက်ထားတဲ့ စစ်တောင်းမြစ်ပေါ်က တံတား တစ်စင်းကိုလည်း ဖြိုချဖျက်ဆီးထားတယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ တံတားဖျက်ဆီးခံရတာ၊ နတ်သံကွင်းရဲစခန်းတိုက်ခိုက်ခံရတာကို အတည်ပြုပြောဆိုပေမဲ့ ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ ပြောထားတာ မရှိသေးပါဘူး။
လီလီနိုင်ကျော်ကို ပစ်ခတ်ခဲ့တဲ့ STF အဖွဲ့ဝင်တွေကို ဖမ်းမိပြီလို့ စစ်ကောင်စီပြော

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်တပ်ထောက်ခံသူ၊ အမျိုးသားရေးလှုပ်ရှားသူလို့ လူသိများတဲ့ လီလီနိုင်ကျော်ကို ပစ်ခတ်ခဲ့သူ Special Task Force- STF အဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးမိပြီလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုပါတယ်။
ဖမ်းဆီးခံရသူ အမျိုးသား ၂ ဦးဟာ STF တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ရန်ကုန်မြို့၊ လှည်းတန်းက အဆောင်တစ်ခုမှာ လနဲ့ချီ နေထိုင်နေကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးထားသူတွေဟာ ကောင်းဇာနည်ဟိန်း(ခ)လပြည့်နဲ့ ကျော်သူရ(ခ)အီးတီ ဆိုသူတို့ဖြစ်ပြီး KNU တပ်မဟာ ၁ နယ်မြေ၊ ကော့ကရိတ်မြို့နယ်ထဲမှာ ဖောက်ခွဲရေးသင်တန်း တက်ခဲ့ကြသူတွေဖြစ်တယ်လို့ လည်း ဆိုပါတယ်။
လီလီနိုင်ကျော်ကို လုပ်ကြံပစ်ခတ်ဖို့ ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ကိုဒီငြိမ်းလင်းနဲ့ မဟေဇယ်ဆိုသူတို့က ညွှန်ကြားတာ၊ အချက်အလက်ပေးပို့တာတွေလုပ်ခဲ့တယ်လို့ ဖမ်းဆီးခံရသူတွေက ထွက်ဆိုထားတယ်ဆိုပြီးတော့လည်း စစ်ကောင်စီဘက်က ဆိုပါတယ်။
လီလီနိုင်ကျော်ကို ပစ်ခတ်ခဲ့သူဟာ ကောင်းဇာနည်ဟိန်း(ခ)လပြည့်ဆိုသူဖြစ်ပြီး အဲဒီအမျိုးသားရဲ့ပုံကို လုံခြုံရေးကင်မရာကနေ တဆင့်ရရှိပြီးနောက်မှာ သတင်းရရှိ ဖမ်းဆီးခဲ့တာလို့လည်း ပြောပါတယ်။
အသက် ၅၀ အရွယ် သရုပ်ဆောင်၊ အဆိုတော် လီလီနိုင်ကျော်ကတော့ မေလ ၃၀ ရက်မှာ ရန်ကင်းမြို့ နယ်ထဲက နေအိမ်ရှေ့မှာ ပစ်ခတ်ခံရခဲ့ရပြီးတဲ့နောက် စိုးရိမ်ဒဏ်ရာကို စစ်ဆေးရုံမှာ သီတင်း တစ်ပတ်နီးပါးကြာ ကုသခံမှုခံယူခဲ့ပေမဲ့ ဒီနေ့ ဇွန်လ ၆ ရက် မနက်ပိုင်းမှာ သေဆုံးခဲ့ပါတယ်။
ရွှေကုက္ကိုလ်နဲ့ မယ်ထော်သလေး ကာစီနိုလုပ်ငန်းနေရာနှစ်ခုကို ထိုင်းဘက်က လျှပ်စစ်မီးဖြတ်လိုက်ပြီ

ဓာတ်ပုံ ရင်းမြစ်, CJ
ထိုင်းနိုင်ငံဘက်က လျှပ်စစ်ဓာတ်အားကို အသုံးပြုနေတဲ့ ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီဘက်မြို့က ရွှေကုက္ကိုလ် ကာစီနိုမြို့သစ်နဲ့ မယ်ထော်သလေး ကာစီနိုမြို့သစ် နှစ်နေရာကို ထိုင်း လျှပ်စစ် ကုမ္ပဏီဘက်က ဇွန်လ ၅ ရက်ည ၁၂ နာရီ အချိန်ကစပြီး လျှပ်စစ်ဓာတ်အားပို့ လွတ် မှုရပ်ဆိုင်းလိုက်ကြောင်း ရွှေကုက္ကိုလ် မြို့ခံတွေထံက သိရပါတယ်။
ထိုင်းနိုင်ငံ SMYT ကုမ္ပဏီနဲ့ မြန်မာဘက်က မြစ်ရွှေသောင်ရင်း ကုမ္ပဏီတို့အကြား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရောင်းချမှု ဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၈ ခုနှစ်မှာ စတင်စာချုပ်ချုပ်ဆိုခဲ့တာပါ။
၂၀၂၃ ခုနှစ် အတွက် စာချုပ်သက်တမ်း ကို ထိုင်းလျှပ်စစ်ကုမ္ပဏီဘက်က မတိုးတော့တာဖြစ်ကြောင်း ထိုင်းသတင်းဌာန Thai PBS news က ထုတ်လွှင့်ထားပြီး ဘာကြောင့်သက်တမ်းဆက်မတိုးတာလဲဆိုတာတော့ အတိအကျမသိရသေးပါဘူး။
"ညက ၁၂ နာရီ တိတိမှာပဲ ထိုင်းမီး(ထိုင်းကုမ္ပဏီက ပေးတဲ့မီးကိုဆိုလို) ပြတ်တယ်၊ ကာစီနို နေရာတွေကတော့ မီးစက်ကြီးတွေနဲ့ ဆက်ပြီး လင်းနေတာတွေ့ ရတယ်။ ရွှေကုက္ကိုလ်ရပ်ကွက်တွေတော့ မီးပျက်နေတယ်။ အခုမနက်အထိပေါ့။ မြဝတီ မယ်ထော်သလေး က ကာစီနိုလည်း ပျက်တယ်။ အင်ကြင်းမြိုင် ၊ မင်းလက်ပံ၊ ဖလူးရွာတွေလည်း ထိုင်းမီးပြတ်နေတယ်။ BGF နေရာတွေ မီးပြတ်တာဆိုတော့ ဘာဆက် ဖြစ်လာမလဲတော့မသိဘူး၊ မီးမလာရင် လုပ်ငန်း တွေ ရပ်ကုန်ရင်တော့ အခက်အခဲ တော့ ဖြစ်မယ် ထင်တယ်" လို့ ရွှေကုက္ကိုလ် ဒေသခံ လျှပ်စစ် လုပ်ငန်းလုပ်သူတစ်ဦးက ပြောပါတယ်။
လက်ရှိ မှာ တော့ မြဝတီ မြို့ ပေါ် ရပ်ကွက်တွေ၊ စစ်ကောင်စီရဲ့ဌာနဆိုင်ရာရုံးတွေ၊မြဝတီ BGF တပ်စခန်းတွေရှိရာနေရာနဲ့ မြဝတီ ကုန်သွယ်ရေးဇုန်၊ မြဝတီ မဲဆောက် တံတားအမှတ် ၁ နဲ့အမှတ် ၂ ၊ မြဝတီ သောင်ရင်းမြစ်ဘေး BGF ကာစီနိုရုံတွေမှာတော့ ထိုင်းလျှပ်စစ်မီး မပြတ်သေးဘူးလို့ မြဝတီဒေသခံတွေကပြောပါတယ်။
"ကာစီနိုတွေကိုထိုင်းမီးဖြတ်မယ်ဆိုတဲ့ သတင်းဖြစ်နေကတည်းက မီးစက်တွေနဲ့ လုပ်နေကြတာ။ အရပ်သားရွာတွေကတော့ မီးဖြတ်တော့ ဒုက္ခရောက်တာပေါ့။ မြဝတီကတော့ ထိုင်းမီးလာနေတုန်းပဲ။ တံတားလည်း မပိတ်ဘူး။ ကုန်သွယ်ရေးဇုန်လည်း ကုန်ကားတွေ ထွက်နေတယ်။ မြဝတီBGF ဂိတ်ထဲက ကာစီနိုတွေလည်း မီးလာနေတုန်းပဲ။ ထိုင်းက မီးဖြတ်တာက နှစ်နေရာပဲ လို့ ပြောပေမဲ့ မြဝတီ ကာစီနိုတွေကိုတော့ မီး ဆက်ဖြတ်မဖြတ်တော့ မသိသေးဘူး" လို့ မြဝတီ မြို့ခံ က ပြောပါတယ်။
အခုလို ထိုင်းလျှပ်စစ်မီး ဖြတ်တောက် တာနဲ့ ပတ်သက်လို့ ကရင်နယ်ခြားစောင့်တပ် BGF တာဝန်ရှိသူတွေ ကို ဖုန်းဆက် မေးမြန်းပေမဲ့ လူကြီးတွေ ခရီးသွား နေလို့ ပြန်မဖြေနိုင်သေး ကြောင်း ရွေကုက္ကိုလ် BGF လုံခြုံရေး တာဝန်ရှိသူတစ်ဦးက ဖြေပါတယ်။
လတ်တလောမှာတော့ မီးဖြတ် သတင်းထွက်ပေါ်လာပြီး နောက်ပိုင်း မြဝတီ ချစ်ကြည်ရေးတံတားနှစ်စင်းကို BGF တပ်က ပိတ်မယ် ဆိုတဲ့ သတင်းတွေ ဒေသတွင်းမှာ ပျံနှံနေပြီး မြဝတီ မဲဆောက် တံတား ၂ ခုလုံး ဇွန်လ ၆ ရက်မွန်းလွဲပိုင်းအထိ ပုံမှန် သွားလာလို့ ရနေဆဲ ဖြ
စ်ကြောင်း တံတား အနီး နေထိုင်သူတွေ က ပြောပါတယ်။
ရွှေကုက္ကိုလ်နဲ့မယ်ထော်သလေးမှာရှိတဲ့ကာစီနိုနဲ့အွန်လောင်းလောင်းကစားရုံတွေဟာ တရုတ်နိုင်ငံသားတွေအများစု ပါဝင်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေလည်းဖြစ်ပါတယ်။ ဒီနေရာနှစ်ခုကို ထိုင်းက မီးဖြတ်လိုက်ပေမဲ့ ထိုင်းက မီးပေးထားတဲ့ မြဝတီက တခြားကာစီနိုရုံတွေနဲ့ အွန်လိုင်းလောင်းကစားရုံတွေမှာတော့လျှပ်စစ်မီး ဆက်လက်ရရှိနေပါသေးတယ်။
KNDF ဖွဲ့စည်းတည်ထောင်မှု ၂ နှစ်ပြည့်ပြီ

ဓာတ်ပုံ ရင်းမြစ်, KNDF
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက် စပြီး ၂ နှစ်တာအတွင်း စစ်ဗျူဟာ ၆ ဗျူဟာ၊ တပ်ရင်း ၂၂ ခု အခိုင်အမာဖွဲ့စည်းနိုင်ခဲ့တယ်လို့ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်လာပါတယ်။
ကရင်နီပြည်နယ်တဝန်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်တွေအထိ တပ်ဖြန့်လှုပ်ရှားနေတယ်လို့ ပြောထားပြီး ၂ နှစ်အတွင်းဖြစ်တဲ့ တိုက်ပွဲပေါင်း ၁ ထောင်ကျော်မှာ စစ်ကောင်စီတပ်သား ၂၀၀၀ ကျော်သေဆုံးခဲ့ကာ ၄၀ ကျော်ကို ဖမ်းဆီးရမိခဲ့သလို KNDF ဘက်က တော်လှန်ရေး ရဲဘော် ၁၅၃ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်ကဖော်ပြပါတယ်။
၂ နှစ်တာကာလအတွင်း ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြိမ်ရေ စုစုပေါင်း ၃၄၀ ရှိခဲ့ပါတယ်။
လွိုင်ကော်မှာ အကြိမ် ၁၆၀ ကျော်၊ ဖရူဆိုမှာ အကြိမ် ၁၀၀ ကျော်၊ ဖယ်ခုံမှာ အကြိမ် ၁၇၀ ရှိသလို ရှမ်းတောင်ပိုင်း ပင်လောင်းမှာ ၄၉ ကြိမ်၊ ဘောလခဲ ၊ ရှားတော၊ ဖားဆောင်း၊ မယ်စဲ့မြို့တွေမှာလည်းတို က်ပွဲတွေရှိခဲ့တာကိုစာရင်းတွေအရသိရပါတယ်။
ကရင်နီပြည်အတွင်း စစ်ကောင်စီလက်နက်ကြီး နဲ့ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် အရပ်သားပြည်သူ ၁၅၂ သေဆုံးခဲ့ရပြီး၊ ၁၆၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဖော်ပြပါတယ်။
မီးရှို့ဖျက်စီးမှု၊ လက်နက်ကြီးတိုက်ခိုက်ခံရမှုနဲ့ လေကြောင်းတိုက်ခံတာတွေကြောင့် လူနေအိမ် ၄၂၀ ကျော်ပျက်စီးခဲ့ပြီး၊ ဘာသာရေးအဆောက်အဦ ၁၂ လုံး စာသင်ကျောင်း ၆ ကျောင်း နဲ့ ဆေးခန်း ၁၆ ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
အဆိုတော် လီလီနိုင်ကျော် သေဆုံး

ဓာတ်ပုံ ရင်းမြစ်, လီလီနိုင်ကျော်ဖေ့ဘွတ်ခ်
စစ်တပ်ထောက်ခံသူလည်းဖြစ်၊ အမျိုးသားရေးလှုပ်ရှားသူလို့လည်း လူသိများတဲ့ အဆိုတော် လီလီနိုင်ကျော်ဟာ သေနတ်ပစ်ခတ်ခံရတဲ့ ဒဏ်ရာကို သီတင်းတစ်ပတ်နီးပါးကြာ ကုသမှုခံယူခဲ့ရပြီးနောက် ဒီနေ့ မနက်ပိုင်းမှာ သေဆုံးသွားပြီလို့ သိရပါတယ်။
လီလီနိုင်ကျော် သေဆုံးတဲ့အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်ကလည်း ကြေညာထားတာတွေ့ရပါတယ်။
သူဟာ ပြီးခဲ့တဲ့မေလ ၃၀ ရက်ညပိုင်းမှာ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ထဲက နေအိမ်အနီး ကားပေါ်မှာ အမည်မသိ သေနတ်သမားရဲ့ ပစ်ခတ်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီနောက် စိုးရိမ်ရဒဏ်ရာကြောင့် မင်္ဂလာဒုံမြို့နယ်ထဲက တပ်မတော်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့အကြောင် စစ်ကောင်စီဘက်က အစောပိုင်းမှာသတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့သတင်းတွေကို ထုတ်ပြန်လေ့ရှိတဲ့ တယ်လီဂရမ်တွေမှာတော့ လီလီနိုင်ကျော်ကို ပစ်ခတ်တဲ့သေနတ်သမား အမျိုးသားတစ်ဦးကို ရန်ကုန်မြို့မှာပဲ ဖမ်းမိပြီလို့ ရေးသားနေကြပေမဲ့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
လီလီနိုင်ကျော် သေနတ်ပစ်ခတ်ခံရမှုကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို) အပါအဝင် ဘာသာရေးအဖွဲ့အစည်း ၆ ဖွဲ့၊ မြန်မာနိုင်ငံစာရေးဆရာအသင်းအပါအဝင် အနုပညာအဖွဲ့အစည်း ၅ ဖွဲ့ စုစုပေါင်း အဖွဲ့အစည်း ၁၄ ခုကနေ ရှုတ်ချစာတွေ ထုတ်ပြန်ထားပါတယ်။








