ဗိုလ်မှူးကြီးစောချစ်သူနဲ့ ကျားဖြန့်စီးပွားရေးတွေဆက်စပ်တယ်ဆိုပြီး ထပ်မံဖော်ထုတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, BBC
ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေးနဲ့ ကျားဖြန့် - အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို တရုတ်ဦးဆောင်ဖြိုခွဲခဲ့တဲ့နောက်မှာ မြန်မာနိုင်ငံတောင်ပိုင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့က ရွှေကုက္ကိုမြို့သစ်မှာလည်း ကျားဖြန့် လုပ်ငန်းတွေကြီးထွားနေတဲ့အကြောင်း နိုင်ငံတကာသုတေသနအဖွဲ့တွေက အာရုံစိုက်ဖော်ထုတ်မှုတွေ ဆက်တိုက်ရှိလာပါတယ်။
ရွှေကုက္ကိုမြို့သစ်ကို မြန်မာစစ်တပ်ရဲ့လက်အောက် ကရင်နယ်ခြားစောင့်တပ်(BGF)က ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ဒီနယ်မြေကို ဗိုလ်မှူးကြီးစောချစ်သူက ဦးဆောင်နေတာကြောင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ရာဇဝတ်မှုစုံစမ်းတဲ့အဖွဲ့တွေက သူ့ကိုပါအာရုံစိုက် ဖော်ထုတ်တာတွေ လုပ်လာကြပါတယ်။
ဒီလိုဖော်ထုတ်ခံရလာတဲ့ နောက်မှာတော့ နှစ်ပေါင်း ၃၀ ကျော် မြန်မာစစ်တပ်လက်အောက် ရပ်တည်နေတဲ့ BGF တပ်ကနေ ခွဲထွက်မယ်လို့ ဗိုလ်မှူးကြီးစောချစ်သူက တရားဝင်ထွက်ပြောခဲ့ပါတယ်။
ဗိုလ်မှူးကြီးစောချစ်သူ ဘယ်သူလဲ၊ ဘယ်အဖွဲ့တွေက သူ့ကိုဖော်ထုတ်နေတာလဲ
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ ကရင် BGFတပ်ရဲ့ မြန်မာစစ်တပ်အောက်ဆက်ပြီး ရပ်တည်မှုနဲ့ ပတ်သက်လို့ တော်လှန်ရေးအင်အားစုတွေဘက်က မေးခွန်းထုတ် ဝေဖန်တာတွေရှိခဲ့ပါတယ်။
ဒါပေမဲ့ ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ ကရင် BGFတပ်ဟာ စစ်တပ်လက်အောက်မှာ ၃ နှစ်နီးပါးဆက်ရှိပြီး မြန်မာစစ်တပ်နဲ့အတူ KNU ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေကို ပူးတွဲတိုက်ခိုက်ခဲ့ပါတယ်။
ရှမ်းမြောက်ဒေသမှာ ၂၀၂၃ အောက်တိုဘာကစတဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်မှာတော့ BGF ရဲ့ ရပ်တည်မှုကပြောင်းလာပါတယ်။
၂၀၂၄ ဇန်နဝါရီမှာ မြန်မာစစ်တပ်လက်အောက်ကနေခွဲထွက်ပြီး သီးခြားရပ်တည်မယ်လို့ BGF ဦးဆောင်သူ ဗိုလ်မှူးကြီးစောချစ်သူကထုတ်ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီအချိန်ဟာ ရှမ်းမြောက်ဒေသနဲ့ ကိုးကန့်တခွင်မှာ ၁၀၂၇ စစ်ဆင်ရေးပြီးချိန်၊ နောက်ပြီး တရုတ်အထူးရဲတပ်ဖွဲ့တွေက ကျားဖြန့်- အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဝင်ရောက်နှိမ်နင်းပြီးချိန်နဲ့လည်း တိုက်ဆိုင်ခဲ့ပါတယ်။
ဒါကြောင့် ကိုးကန့်ခေါင်းဆောင်ဟောင်းတွေကို တရုတ်လက်အပ်ခဲ့တဲ့ မြန်မာစစ်ကောင်စီ လုပ်ရပ်ကြောင့် ထိုင်း-မြန်မာနယ်စပ်က ရွှေကုက္ကိုလည်း အလားတူဖြစ်လားမလားလို့ ဗိုလ်မှူးကြီးစောချစ်သူက စိုးရိမ်စိတ်ရှိဟန်တူတယ်လို့ အကဲခတ်တွေက သုံးသပ်ခဲ့ကြပါတယ်။
ဒီနောက်မှာ ဗိုလ်မှူးကြီးစောချစ်သူရဲ့ မိသားစုပိုင် စီးပွားရေးလုပ်ငန်းတွေလည်း တစစထုတ်ဖော်ခံလာရပါတယ်။
မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး(UNODC) ရဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီကထုတ်တဲ့အစီရင်ခံစာမှာလည်း ဗိုလ်မှူးကြီးစောချစ်သူရဲ့ နယ်မြေထဲမှာ ငွေကြေးခဝါချတဲ့ တရားမဝင်လုပ်ငန်းတွေရှိတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ဆက်စပ်ပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ အဖွဲ့အစည်းတွေကို စုံစမ်းသုတေသနပြုတဲ့ Justice For Myanmar ကတော့ ဗိုလ်မှူးကြီးစောချစ်သူရဲ့ မိသားစုဝင်တွေဟာ အခြားနိုင်ငံတွေက စီးပွားရေးမိတ်ဖက်တွေနဲ့ပူးပေါင်းလက်တွဲပြီး နိုင်ငံဖြတ်ကျော် စီးပွားရေးကွန်ရက်တစ်ခု တည်ဆောက်ထားတယ်လို့ မေလနှောင်းပိုင်းမှာ သုတေသနပြုချက်တချို့နဲ့ ထုတ်ဖော်ပြောဆိုထားပါတယ်။
အဲဒီကွန်ရက်ထဲမှာ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ တရုတ်နိုင်ငံတွေနဲ့ ဟောင်ကောင် က ကုမ္ပဏီတွေပါဝင်နေသလို ပတ်သက်ဆက်နွှယ်နေတဲ့လူတချို့ကိုလည်း ဖော်ပြထားပါတယ်။
အထူးသဖြင့် မလေးရှားနိုင်ငံသားတွေက ရွှေကုက္ကိုမြို့ထဲက တရုတ်ဆိုက်လို့ခေါ်တဲ့ ရထိုက်မြို့သစ်စီမံကိန်းနဲ့ ဒေါင်မေဥယျာဉ် စီမံကိန်းတွေထဲမှာ အဓိကပါဝင်လှုပ်ရှားနေတယ်လို့ ပြောပါတယ်။
ဗိုလ်မှူးကြီးစောချစ်သူရဲ့ BGF တပ်နဲ့ ရထိုက်(Yatai) အင်တာနေရှင်နယ်ကုမ္ပဏီတို့ဟာ ရထိုက်မြို့သစ်စီမံကိန်းကို ဖက်စပ်လုပ်ကိုင်နေပြီး တရားမဝင်ကာစီနိုရုံတွေ၊ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအပြင် တရားမဝင် အွန်လိုင်းလောင်းကစားတွေ အကြီးအကျယ်လုပ်ကိုင်နေတယ်လို့ JFM ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
ရထိုက်ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်သူ ရှီကျီကျန်း(တရုတ်အမည်)က နိုင်ငံတကာဖမ်းဝရမ်းနဲ့ ထိုင်းနိုင်ငံမှာ ၂၀၂၂ ခုနှစ်ကတည်းက ဖမ်းဆီးခံထားရတာဖြစ်ပြီး နောက်ထပ်ကျန်ရှိနေတဲ့ အဖွဲ့ဝင် ၂ ဦးကတော့ မလေးရှား နိုင်ငံသားတွေဖြစ်တယ်လို့ ကြေညာထားပါတယ်။
ဒေါင်မေဥယျာဉ် (Dongmei Park) စီမံကိန်းဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ခြံဝင်းကြီးတစ်ခုဖြစ်ပြီး အဲဒီနေရာကို အမေရိကန်ကနေ အမည်ပျက်စာရင်းသွင်းခံထားရတာလို့ ဖော်ပြပါတယ်။
ဒီစီမံကိန်းကို စတင်ဖွင့်လှစ်ချိန်က Saixigang Industrial Park လို့ သုံးနှုန်းတာကိုလည်း UNODC ရဲ့ ဇန်နဝါရီအစီရင်ခံစာမှာ တွေ့ရပါတယ်။
ဒီလုပ်ငန်းကို 14Kဂိုဏ်းခေါင်းဆောင် လို့လူသိများတဲ့ တရုတ်နိုင်ငံသား ဝန်ကော့ကွိုင်(သွားကျိုး)နဲ့အတူ တခြားမလေးရှားနိုင်ငံမိတ်ဖက်တွေနဲ့အတူ တည်ထောင်လုပ်ကိုင်နေတယ်လို့ JFM က ဖော်ပြပါတယ်။
အဲဒီမလေးရှားမိတ်ဖက်တွေထဲမှာ မလေးရှားဝန်ကြီးချုပ်ရုံးရဲ့ ဒုတိယဝန်ကြီးဖြစ်ခဲ့တဲ့သူ ဒေါက်တာ မာရှီတာ အစ်ဘရာဟင်နဲ့ ခင်ပွန်းဖြစ်သူ သံတမန်ဟောင်းတို့လည်းပါဝင်တယ်လို့ဆိုပါတယ်။ ဒေါင်မေစီမံကိန်းစတင်ဖို့ ၂၀၂၂ ခုနှစ်မှာ ဝန်ကော့ကွိုင်နဲ့အတူ ကရင်ပြည်နယ်ကို သွားခဲ့တယ်လို့သိရပါတယ်။
ဒေါက်တာမာရှီတာရဲ့ ခင်ပွန်းကတော့ ဒေါင်မေအုပ်စုရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ ဟောင်ကောင်ကုမ္ပဏီတစ်ခုမှာ ဒါရိုက်တာနဲ့ ရှယ်ယာရှင်အဖြစ် ဆက်လက်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။
JFM ရဲ့ သုတေသနအရ ဗိုလ်မှူးကြီးစောချစ်သူရဲ့ လုပ်ငန်းတွေထဲ ပါဝင်ပတ်သက်နေတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ ထိုင်းကုမ္ပဏီတွေကြား ဆက်သွယ်မှုကွန်ရက်အသစ်တွေကို ဖော်ထုတ်ထားတာလည်း တွေ့ရပါတယ်။
အဲဒီထဲမှာ ထိုင်းနိုင်ငံက နာမည်ရဘဏ်တွေရဲ့ ကိုယ်စားလှယ်တွေက ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုတွေဆွေးနွေးဖို့ နယ်စပ်လမ်းကြောင်းက တစ်ဆင့် BGF ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုမြို့ကို သွားရောက်တဲ့ခရီးစဉ်လည်း ပါဝင်နေတယ်လို့ ရေးသားဖော်ပြထားပါတယ်။
ဒါအပြင် ဗိုလ်မှူးကြီးစောချစ်သူက သူ့ရဲ့ လုပ်ငန်းတွေမှာ အမည်လွှဲ “စံမြင့်”ဆိုတဲ့ အမည်ကိုသုံးထားပြီး စံမြင့်ရဲ့ သားသမီးတွေကလည်း BGF/KNA တပ်ရဲ့ စီးပွားရေးလုပ်ငန်း ၆ ခုကို ရှယ်ယာတွေ ခွဲဝေပိုင်ဆိုင်ထိန်းချုပ်ထားတယ်လို့ JFM က ထည့်သွင်းဖော်ပြထားပါတယ်။
တစ်ဖက်မှာလည်း အွန်လိုင်းငွေလိမ်လုပ်ငန်းဖြစ်တဲ့ Apollo Park နဲ့ Yulong Bay Park တို့မှာလည်း အနည်းစုရှယ်ယာရှင်တွေဖြစ်ကြပြီး အဲဒီလုပ်ငန်း ၂ ခုစလုံးမှာ စံမြင့်(ဗိုလ်မှူးကြီးစောချစ်သူ)ရဲ့ သားဖြစ်သူ BGF/KNA တပ်ရဲ့ ဗိုလ်မှူးစောထူးအယ်မူးက ဒါရိုက်တာနဲ့ ရှယ်ယာရှင်ဖြစ်တယ်လို့ ဆိုပါတယ်။
ဗိုလ်မှူးကြီးစောချစ်သူနဲ့ သူ့တပ်ဖွဲ့တွေ၊ သူ့မိသားစုတွေပါဝင်ပတ်သက်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း စီးပွားရေးလုပ်ငန်းစုတွေရှိတယ်ဆိုပြီး JFM အပြင် အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူ(USIP)ကလည်း အစောပိုင်းကတည်းက ဖော်ထုတ်ထားပါတယ်။
USIP ရဲ့ ဖော်ထုတ်ချက်တွေ
မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတချို့မှာ ခြေကုတ်ယူလည်ပတ်နေတဲ့ အွန်လိုင်းငွေလိမ်(ကျားဖြန့်)ဂိုဏ်းတွေက အမေရိကန်နိုင်ငံသားတွေကို သားကောင်အဖြစ် ပစ်မှတ်ထားလိမ်လည်လာတာကြောင့် ငွေကြေးဆုံးရှုံးမှုတွေ နှစ်စဉ်ကြီးထွားနေတယ်လို့ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူ (USIP) က အခုနှစ်ထဲမှာ ၃ ကြိမ်ထက်မနည်း ထုတ်ပြန်ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ မေလလယ်က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် USIP ရုံးချုပ်မှာ လုပ်ခဲ့တဲ့ ကမ္ဘာကိုခြိမ်းခြောက်လာတဲ့ အွန်လိုင်းရာဇဝတ်မှုတွေအကြောင်း ဆွေးနွေးပွဲမှာလည်း USIP ရဲ့ မြန်မာ့ရေးရာညွှန်ကြားရေးမှူး ဂျေဆင်တာဝါက ကရင်ဒေသထဲဆက်ကြီးထွားနေတဲ့ ကျားဖြန့်တွေအကြောင်းထည့်ပြောပါတယ်။
မြန်မာကဒေသထဲမှာ ရှမ်းမြောက်ဒေသအပြင် ဗိုလ်မှူးကြီးစောချစ်သူထိန်းချုပ်တဲ့ ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ်၊မြဝတီမြို့ ရွှေကုက္ကိုလ်မြို့သစ်ကို အဓိကထားထောက်ပြဖော်ထုတ်ထားပါတယ်။
ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ BGF တပ်ဟာ မြန်မာစစ်တပ်နဲ့ လက်တွဲလာတာ နှစ်ပေါင်း ၃၀ နီးပါးရှိလာချိန်မှာပဲ ၂၀၂၄ ခုနှစ် မတ်လမှာတော့ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (Karen National Army) ဆိုပြီး တပ်နာမည်ကို ပြောင်းလဲခဲ့တာဖြစ်ပါတယ်။
ဗိုလ်မှူးကြီးစောချစ်သူဟာ ကရင်ပြည်နယ် မြဝတီမြို့မြောက်ဘက် ဆယ်မိုင်ဝန်းကျင်အကွာက တရုတ်နိုင်ငံသားတွေ ဦးဆောင်လည်ပတ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေရှိတဲ့ ရွှေကုက္ကိုမြို့သစ် ကို ဦးဆောင်ထိန်းချုပ်နေတယ်လို့ USIP က နာမည်နဲ့ဖော်ထုတ်ရေးပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေအပေါ် ထိုင်းရဲ့ ခြေလှမ်း

ဓာတ်ပုံ ရင်းမြစ်, @tak99999
ပြီးခဲ့တဲ့ မေလဆန်းပိုင်းက ထိုင်းဘက်ခြမ်းကနေ ရွှေကုက္ကို ဘက်ကို သွယ်တန်းထားတဲ့ အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေကို ထိုင်းဆက်သွယ်ရေးဌာနက ဖြတ်တောက်ခဲ့ပါတယ်။
ရွှေကုက္ကိုက အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကို ပေးထားတဲ့ အင်တာနက်နဲ့ ဖုန်းလိုင်း တွေကလည်း တရားမဝင်ဘူး လို့ ထိုင်းနိုင်ငံ အမျိုးသားအသံလွှင့်ဌာနနဲ့ ဆက်သွယ်ရေး ကော်မရှင် (NBTC) က တာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။
ဒီလိုအင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတယ်ဆိုပေမယ့် ရွှေကုက္ကိုမြို့ထဲက အွန်လိုင်းလုပ်ငန်းတချို့မှာ ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ အသုံးပြုလို့ရနေဆဲ ဖြစ်တာကို ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
“ထိုင်းဘက်က ဝိုင်ဖိုင်နဲ့ပဲ အလုပ်လုပ်နေတာ၊ ထိုင်းဆင်းမ်ကတ်နဲ့လည်း ဖုန်းဆက်လို့ရတယ်” လို့ ရွှေကုက္ကိုမြို့ထဲမှာ အလုပ်လုပ်ကိုင်နေသူတစ်ဦးက ဆိုပါတယ်။
တစ်ဖက်မှာလည်း ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ပတ်သက်လို့ ထိုင်းအစိုးရဘက်က နယ်စပ်လုံခြုံရေးဆောင်ရွက်မှုအားနည်းတဲ့အပေါ် ထိုင်းအောက်လွှတ်တော်အမျိုးသားလုံခြုံရေးနဲ့ နယ်စပ်ရေးရာကော်မတီ ဥက္ကဋ္ဌ ရန်စီမန်ရုမ်းက ထိုင်းအစိုးရကို ဧပြီလက လွှတ်တော်အစည်းအဝေးပွဲမှာ မေးခွန်းထုတ်ခဲ့ပါတယ်။
ဒါအပြင် ရန်စီမန် ရုမ်းက မြဝတီမြို့က ကာစီနိုလောင်းကစားရုံ ၁၇ ရုံရဲ့ ရှယ်ယာပိုင်ဆိုင်မှုတွေမှာ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဟောင်းနဲ့ ရဲမှူးချုပ်တစ်ဦးအပြင် ဒုရဲအုပ်ဟောင်းတစ်ဦးတို့ရဲ့ ပိုင်ဆိုင်မှုတွေ ပါဝင်ပတ်သက်နေပြီး လောင်းကစားရုံပိုင်ရှင်တွေတောင်ဖြစ်နိုင်တယ်လို့ အစည်းအဝေးပွဲမှာစွပ်စွဲပြောဆိုခဲ့ပါတယ်။
ဧပြီ ၅ ရက် တစ်ရက်တည်းမှာပဲ ထိုင်းရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူမှုရေးဝန်ကြီး ပရာဆတ် ချန်တာရာရန်သွန် ကတော့ ရန်စီမန် ရုမ်းကို အထောက်အထားအချက်အလက်တွေပေးဖို့ တောင်းဆိုစာထုတ်ပြန်ခဲ့ပြီး ပြစ်မှုကျူးလွန်တဲ့သူတွေကိုလည်း တရားစွဲသွားမယ်လို့ အာမခံတယ်ဆိုတဲ့အကြောင်းကို သူ့ရဲ့ X လူမှုကွန်ရက် (ယခင်တွစ်တာ)အကောင့်ကနေ တုံ့ပြန်ခဲ့ပါတယ်။
ထိုင်းအာဏာပိုင်တွေဘက်ကလည်း ထိုင်း - မြန်မာနယ်စပ်က ရွှေကုက္ကိုမြို့ထဲမှာ ပိုပြီးကြီးထွားလာတဲ့ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ နေပြည်တော်အထိသွားရောက်ပြီး စစ်ကောင်စီနဲ့ ၂၀၂၄ နှစ်အစောပိုင်းကတည်းက ပြောဆိုဆွေးနွေးခဲ့ပါတယ်။
စစ်ကောင်စီကတော့ ရွှေကုက္ကိုအပါအဝင် မြဝတီ KK Park က ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားရာနဲ့ချီနဲ့ ထိုင်းနိုင်ငံသားအချို့ကို ထိုင်းနိုင်ငံ၊ မဲဆောက်ကနေတဆင့် တရုတ်အာဏာပိုင်တွေလက်ထဲကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၉ ရက်မှာ လွှဲပြောင်းပေးခဲ့ပါတယ်။
အဲဒီနောက်မှာပဲ ဗိုလ်မှူးကြီစောချစ်သူက သူ့နယ်မြေထဲမှာ ကျားဖြန့်နဲ့ တရားမဝင်အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေကို ဖယ်ရှားခိုင်းမှာဖြစ်သလို ဖယ်ရှားနေပြီလို့ ဘီဘီစီကို အဲဒီကာလက ဖြေကြားခဲ့ပါတယ်။
ဒါပေမဲ့ ကျားဖြန့်လုပ်ငန်းတွေက ရွှေကုက္ကိုထဲမှာ မေလနှောင်းပိုင်းအထိဆက်ပြီးလည်ပတ်နေတာကို လက်ရှိအလုပ်လုပ်ကိုင်နေဆဲ သူတချို့က ဘီဘီစီကိုအတည်ပြုဖြေကြားထားပါတယ်။
ကမ္ဘာကိုခြိမ်းခြောက်နေတဲ့ မြန်မာက အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေ

ဓာတ်ပုံ ရင်းမြစ်, USIP
USIP ကတော့ ၂၀၂၃ နှစ်အထိ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ အွန်လိုင်းလောင်းအစားအပါအဝင် အွန်လိုင်းလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၆၄ ဘီလီယံအထိ ငွေကြေးဆုံးရှုံးမှုတွေရှိနေပြီလို့ ထုတ်ပြောထားပါတယ်။
တစ်ဖက်မှာလည်း အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားလာတာကြောင့် ငွေကြေးသန်းနဲ့ချီ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရတဲ့ အမေရိကန်နိုင်ငံသားတွေအပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ အရေးယူဆောင်ရွက်မှုတွေ လိုနေပြီလို့ ထောက်ပြပြောဆိုထားပါတယ်။
အွန်လိုင်းရာဇဝတ်မှုတွေကြောင့် ၂၀၂၃ တစ်နှစ်တည်းမှာပဲ အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံဆုံးရှုံးတဲ့ တိုင်ကြားမှုတွေရှိနေတယ်လို့ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူ (USIP) ရဲ့ မြန်မာက အွန်လိုင်းရာဇဝတ်မှုတွေအကြောင်း စုံစမ်းဖော်ထုတ်နေတဲ့ ညွှန်ကြားရေးမှူး ဂျေဆင်တာဝါက ဗီအိုအေသတင်း၊ မြန်မာဌာနကို ဖြေဆိုထားပါတယ်။
လိမ်လည်ခံရတဲ့ သားကောင်အများစုကလည်း သတင်းပို့တိုင်ကြားတာမျိုး မရှိတာကြောင့်လည်း ဒီဆုံးရှုံးမှုတွေထက်ပိုနိုင်တယ်ဆိုတာမျိုးလည်းထည့်ပြောထားပါတယ်။
ဒါက အမေရိကန်ပြည်ထောင်စုအတွက် အတော်လေးဆိုးရွားတဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ဂျေဆင်က ထပ်ပြောထားပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အဘက်ဘက်ကနေ သတင်းအချက်အလက်တွေ လုံလောက်အောင်မရယူနိုင်တဲ့အခြေအနေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့လိုသလို ကျားဖြန့်လုပ်ငန်းတွေကြား ငွေကြေးထောက်ပံ့စီးဆင်းမှုတွေ၊ ငွေကြေးခဝါချမှုလုပ်ငန်းစဉ်တွေကို သိနိုင်မယ့် နည်းပညာအသစ်တွေ ချဲ့ထွင်သင့်တယ်လို့ USIP နဲ့ ပညာရှင်တွေရဲ့ ဆွေးနွေးချက်တွေမှာ ထည့်ပြောကြပါတယ်။
ရွှေကုက္ကိုမှာ ဘာဆက်ဖြစ်နေလဲ

ရွှေကုက္ကိုမြို့သစ်နဲ့ မြဝတီမြို့ ကို ထိန်းချုပ်နေတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ကသူ့နယ်မြေထဲရှိနေတဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေအားလုံး ၅ လအတွင်းထွက်ခွာဖို့ မေလ ပထမအပတ်မှာပဲ သတိပေးစာထုတ်ပြန်ထားပါတယ်။
အဲဒီသတိပေးစာထဲမှာ အွန်လိုင်းလုပ်ငန်းတွေအပြင် တရားမဝင်နယ်စပ်ဖြတ်ကျော်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေအားလုံး ၂၀၂၄ မေလ ၁ ရက်ကနေ အောက်တိုဘာ ၃၁ ရက်အတွင်း လာရာလမ်းအတိုင်း ထွက်ခွာကြရမယ်လို့ BGF ဘက်က ဆိုထားပါတယ်။
မြဝတီမြို့နယ်ထဲက အွန်လိုင်းလုပ်ကိုင်နေသူတစ်ဦးကတော့ “ထွက်သွားရတာမျိုးမရှိသေးဘူး၊ အခုလုပ်မယ်ဆိုရင် လုပ်လို့ရနေသေးတယ်။ ၅ လကျန်သေးတာဆိုတော့ ပိုက်ဆံရှာလို့ရနေသေးတယ်” လို့ ဘီဘီစီကိုပြောပါတယ်။
ဒါပေမယ့် ရွှေကုက္ကိုမြို့ထဲက အွန်လိုင်းလုပ်ငန်းတချိုကတော့ မြဝတီမြို့နဲ့ ရွှေကုက္ကိုကြားထဲက ဝမ်ခဘက်ကို ပြောင်းရွှေ့နေတယ်လို့ ဝမ်ခဘက်ပြောင်းသွားတဲ့ လုပ်ငန်းတချို့တဲ့ နီးစပ်တဲ့သူတွေဆီက သိရသလို တယ်လီဂရမ်က အလုပ်ခေါ်ကြော်ငြာတွေမှာလည်း ဝမ်ခလိပ်စာတွေနဲ့ ခေါ်ဆိုထားတာ တွေ့ရပါတယ်။
“ဒီမှာ အရင်ကတည်းက ကုမ္ပဏီတွေရှိတယ် အခုပြောင်းလာတာတွေနဲ့ဆို အများကြီးပဲ” လို့ ဝမ်ခထဲမှာ အွန်လိုင်းလုပ်ငန်း လုပ်ကိုင်ခဲ့သူတချို့ကဆိုပါတယ်။
အလားတူပဲ USIP ရဲ့ အစောပိုင်းအစီရင်ခံစာထွက်လာပြီးနောက်ပိုင်း ဧပြီ ၂၅ ရက်မှာတော့ BGF က ရွှေကုက္ကိုမြို့သစ်ဝင်းထဲက အဝင်ဂိတ်တွေကို ရက်အကန့်အသတ်မရှိ ပိတ်ထားသလို ဝင်းထဲမှာ အလုပ်လုပ်ကိုင်နေတဲ့သူတွေကိုလည်း ဝန်ထမ်းကတ်ကိုင်ဆောင်ပြီး ဝင်ထွက်ရတဲ့အထိ တင်းကျပ်ထားတယ်လို့ ရွှေကုက္ကိုထဲနေသူတချို့က ဘီဘီစီကိုပြောပါတယ်။
ဗိုလ်မှူးကြီးစောချစ်သူကတော့ သူတို့အုပ်ချုပ်တဲ့နယ်မြေတွေထဲ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို လုံးဝလက်မခံတော့ဘူးလို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီနဲ့ မတ်လတုန်းက ဘီဘီစီကိုဖြေကြားထားပါတယ်။
ဒါပေမဲ့ ရွှေကုက္ကိုမြို့သစ်ရဲ့ တရုတ်ဆိုက်ဘက်အခြမ်းမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ဆက်ပြီး လည်ပတ်နေသလို အွန်လိုင်းလောင်းကစားရုံတွေနဲ့ စည်ကားနေတယ်လို့ ရွှေကုက္ကိုထဲနေထိုင်လုပ်ကိုင်နေသူအချို့ကလည်း ဘီဘီစီကိုဖြေကြားထားပါတယ်။
အဲဒီမှာ အလုပ်လုပ်ကိုင်နေထိုင်သူ ၄ သောင်းကျော်ဝန်းကျင်အထိ ရှိတယ်လို့ ဆိုကြပါတယ်။
ထိုနည်းတူ လူမှုကွန်ရက်ဖြစ်တဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ရွှေကုက္ကိုမြို့မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေအတွက် အလုပ်ခေါ်တဲ့ကြော်ငြာတွေကို မေလ နှောင်းပိုင်းအထိတွေ့နေရဆဲဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တရုတ်အစိုးရရဲ့ မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းတွေကို ပိတ်သိမ်းတဲ့အထိ အာရုံစိုက်ဖြိုခွင်းခဲ့တဲ့နောက် ကရင်ပြည်နယ် မြဝတီမြို့က ရွှေကုက္ကိုမြို့သစ်ထဲကို ကျားဖြန့်လုပ်ငန်းတွေ ပြောင်းရွှေ့အခြေချလာတာလို့ USIP က ဧပြီလအစီရင်ခံစာမှာဖော်ပြခဲ့ပါတယ်။
ကျားဖြန့်တွေရဲ့ ဗဟိုချက်

ဓာတ်ပုံ ရင်းမြစ်, Naphat Kongchan / Natty loves Myanmar
မြန်မာအပါအဝင် ကမ္ဘောဒီယားနဲ့ လာအိုနိုင်ငံတို့ထဲက ကျားဖြန့်လုပ်ငန်းတွေဟာ ချိတ်ဆက်ထားကြ ပြီး ပူးပေါင်းဗဟိုချက်တစ်ခုအဖြစ် အခြေချလှုပ်ရှားနေတယ်လို့ အစီရင်ခံတွေရဲ့ဖော်ပြချက်အရမြင်သာပါတယ်။
ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတချို့ကလည်း ဒီလို ရာဇဝတ်မြောက်တဲ့လုပ်ငန်းတွေ ချောချောမွေ့မွေ့ ဆက်လည်ပတ်နိုင်အောင် ကျားဖြန့်လုပ်ငန်းတွေထဲ တရားမဝင်လုပ်သားတွေစေလွှတ်ပေးတာအပါအဝင် ငွေကြေးခဝါချတဲ့ လုပ်ငန်းစဉ်တွေမှာ ပံ့ပိုးပေးနေတယ်လို့ USIP က ဖော်ထုတ်ထားပါတယ်။
ကျားဖြန့်အဖွဲ့ဟာ နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းတွေအထိ အကျင့်ပျက်ခြစားမှုတွေဖြစ်စေပြီး ရရှိလာတဲ့ ငွေမည်းတွေကို တရားဝင်ရန်ပုံငွေဖြစ်အောင် ရွှေ့ပြောင်းဖို့ ခြေရာမခံနိုင်အောင် ရှုပ်ထွေးနက်နဲ တဲ့ငွေကြေးခဝါချတဲ့ လုပ်ငန်းတွေကိုလည်း တည်ထောင်ထားကြတယ်လို့ သိရပါတယ်။
ငွေကြေးခဝါချတဲ့လုပ်ငန်းတွေကနေ အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါ နိုင်ငံတွေအပါအဝင် ကမ္ဘာအနှံ့က အိမ်ခြံမြေလုပ်ငန်းတွေဆီကို ပုံမှန်စီးဆင်းနေကျ ငွေလွှဲမှု(ငွေဖြူ)တွေဖြစ်အောင် ပြောင်းရွှေ့ထားတာတွေကိုလည်း USIP ရဲ့ စုံစမ်းစစ်ဆေးထားတဲ့အစီရင်ခံစာက ဆိုပါတယ်။
မြန်မာအပါအဝင် ကမ္ဘောဒီးယားနဲ့ အရှေ့တောင်အာရှနိုင်ငံတချို့မှာ နိုင်ငံရဲ့ အာဏာပိုင်တွေဘက်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို အကာအကွယ်ပေးနေတယ်ဆိုတဲ့ သက်သေသာဓကတွေအရ ဒီငွေလိမ်လုပ်ငန်းတွေကနေ နိုင်ငံက ဘယ်လိုအကျိုးအမြတ်တွေ ဘယ်လောက်ထိရရှိနေလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုအနေနဲ့ ရှိနေပါတယ်။
တစ်ဖက်မှာလည်း ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF/KNA) ဟာ ရွှေကုက္ကို - ရထိုက် မြို့သစ်စီမံကိန်းကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ရနေတယ်လို့ USIP ရဲ့ မြန်မာ့ရေးရာညွှန်ကြားရေးမှူး ဂျေဆင်တာဝါက ဘီဘီစီကို ဧပြီလမှာ ပြောထားပါတယ်။
ဒါ့အပြင် ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် သူ့လက်အောက်က ဗိုလ်မိုလ်သိုလ်နဲ့ ဗိုလ်မှူးတင်ဝင်းတို့ဟာ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းတွေကို အဓိကပံ့ပိုးကူညီနေတဲ့သူတွေလို့ USIP က ဧပြီလမှာ အစီရင်ခံစာထုတ်ပြန်ထားပါတယ်။
မဲခေါင်ဒေသတကြောက အွန်လိုင်းရာဇဝတ်မှုလုပ်ငန်းတွေကနေ ရတဲ့ အမြတ်ငွေတွေဟာ မြန်မာအပါအဝင် လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ နှစ်စဉ် အသားတင်ကုန်ထုတ်တန်ဖိုး (GDP) ၄၀ ရာခိုင်နှုန်းနီးပါးအထိရှိနေတယ်လို့ USIP ကပြောပါတယ်။
အဲဒီအမြတ်ငွေတွေထဲက ရှယ်ယာတစ်စုဟာ မြန်မာစစ်တပ်အသိုင်းအဝိုင်းအပါအဝင် ကျန်တဲ့ ၂ နိုင်ငံရဲ့ ထိပ်တန်းလူတချို့ဆီကို သိသိသာသာရောက်ရှိသွားတယ်ဖို့ အစီရင်ခံစာထဲ ရေးသားဖော်ထုတ်ထားပါတယ်။
အလားတူပဲ ဗိုလ်မှူးကြီးစောချစ်သူရဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်ကွန်ရက်တွေကို ဖော်ထုတ်တဲ့အချိန်မှာပဲ သူဦးဆောင်တဲ့ BGF တပ်အပြင် သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ဖို့ Justice For Myanmar က မေ ၂၂ ရက်မှာ တောင်းဆိုပါတယ်။
အဓိကအနေနဲ့ အိမ်နီးချင်း မလေးရှားနဲ့ ထိုင်းအပါအဝင် ဒေသတွင်းမှာရှိတဲ့ အာဏာပိုင်တွေအနေနဲ့ မြန်မာကနေ အရင်းတည်ဖြစ်ပေါ်လာတဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေကြတဲ့သူတွေကို သက်ဆိုင်ရာနိုင်ငံအလိုက် စုံစမ်းစစ်ဆေးတာဝန်ခံဖို့ကိုလည်း JFM က ထည့်ပြောထားပါတယ်။
ဘီဘီစီအနေနဲ့ JFMနဲ့ USIP ရဲ့ ဖော်ထုတ်ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးစောချစ်သူကို မေးမြန်းဖို့ မေ ၂၃ ရက်ညနေမှာ တယ်လီဖုန်းအကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းဝင်ခဲ့ပေမဲ့ ဖုန်းကိုင်တာမရှိလို့ ဒီဆောင်းပါးတင်ဆက်ချိန်အထိ မေးမြန်းခွင့်မရခဲ့ပါဘူး။
ဒါပေမဲ့ BGF/KNA ပြောခွင့်ရ ဗိုလ်မှူးနိုင်မောင်ဇော်ကိုတော့ ဘီဘီစီကဆက်သွယ်မေးမြန်းခွင့်ရခဲ့ပါတယ်။ ဗိုလ်မှူးနိုင်မောင်ဇော် ကတော့ ရွှေကုက္ကိုလ်ဒေသထဲမှာ ကျားဖြန့်စီးပွားရေးလုပ်ငန်းတွေကို လုံးဝပပျောက်အောင်လုပ်နေပြီး အဲဒီလိုအချိန်မှာ တဖက်သတ်စွပ်စွဲချက်တွေနဲ့ ဖိအားပေးနေကြတာလို့ တုံ့ပြန်ပါတယ်။
'' ရွှေကုက္ကိုလ်က ပိတ်ထားတာမဟုတ်ပါဘူး။ လူတွေဝင်/ထွက်သွားလာနေတာပဲ။ လာပြီးလေ့လာကြည့်ကြပါ။ အပြန်အလှန်ပြောနေတာတွေကို ကျွန်တော်တို့ ထပ်ပြီးမတုံ့ပြန်ချင်တော့ဘူး။ ကျွန်တော်တို့က အကောင်းဘက်ကို ပြောင်းလဲချင်တယ်။ ကျွန်တော်တို့မှာ စစ်ရေးကိစ္စတွေလည်းရှိနေတယ်။ ဒီကြားထဲမှာ ဒီကျားဖြန့်ကိုပဲ တောက်လျှောက်ဖိအားပေးနေကြတယ်။ ကျွန်တော်တို့ လူကြီးကတော့ ဒေသဖွံ့ဖြိုးရေးနဲ့ ကျားဖြန့်တွေကို အဆုံးသတ်ဖို့ လုပ်နေပါတယ်'' လို့ တုံ့ပြန်ပြီး အသေးစိတ်ကိုဖြေကြားဖို့ကတော့ သက်ဆိုင်ရာဌာနတွေရှိနေလို့ အလုံးစုံဖြေကြားဖို့မဖြစ်နိုင်ကြောင်း တုံ့ပြန်ပါတယ်။
( ဗိုလ်မှူးကြီးစောချစ်သူနဲ့ မေးမြန်းလို့ရလာမယ့် တုံ့ပြန်ပြောဆိုချက်တွေရှိလာရင်လည်း ထပ်မံဖြည့်စွက်တင်ပြသွားမှာဖြစ်ပါတယ်။)











