ကရင်နယ်ခြားစောင့်တပ် BGF က KNA အဖြစ်အသွင်ပြောင်းတာဘာကြောင့်လဲ

BGF ကနေ KNA ပြောင်းလဲထားတဲ့ ဂိတ်စခန်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, KIC

ဓာတ်ပုံ ပုံစာ, BGF ကနေ KNA ပြောင်းလဲထားတဲ့ ဂိတ်စခန်းတစ်ခု

စစ်တပ်နဲ့လက်တွဲတာ နှစ်ပေါင်း ၃၀ နီးနီးရှိလာချိန်မှာပဲ ဗိုလ်မှူးကြီး စောချစ်သူရဲ့ ကရင်နယ်ခြားစောင့်တပ် BGF ဟာ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် Karen National Army ဆိုပြီး သူ့ရဲ့ တပ်နာမည်ကို ပြောင်းလဲလိုက်ပါတယ်။

တပ်အမည်ပြောင်းပြီးတဲ့နောက် KNA အနေနဲ့ တပ်သားသစ်စုဆောင်းဖိတ်ခေါ်တာလည်း လုပ်နေပါတယ်။

'' တပ်နယ်အားလုံး စစ်ကောင်စီလက်အောက် က ခွဲထွက်ပြီး KNAအဖြစ် ပြောင်းလဲဖွဲ့စည်းရပ်တည်တာပါ''လို့ BGF တပ်နယ် (၂) ဗျူဟာမှုး စောတင်ဝင်းကပြောပါတယ်။

BGF အနေနဲ့ မြန်မာစစ်တပ်လက်အောက်ကနေခွဲထွက်မယ်လို့ပြောပြီး လပိုင်းအတွင်းမှာပဲဒီလိုအပြောင်းအလဲတွေကို ခပ်မြန်မြန်လှုပ်ရှားတာလည်းဖြစ်ပါတယ်။

ကရင်အချင်းချင်း ပြန်မတိုက်ချင်တော့တာအပြင် စစ်တပ်ကပေးတဲ့ ရိက္ခာကိုလည်းဆက်မယူချင်တော့ဘူးလို့ ဗိုလ်မှူးကြီး စောချစ်သူက ဘီဘီစီကိုပြောခဲ့ပါတယ်။

စစ်တပ်ကပေးတဲ့ လစာနဲ့ အကျိုးအမြတ်တွေကိုလည်း မယူတော့သလို လက်မောင်းတံဆိပ်ကို လည်း Karen National Army ဆိုပြီး ပြောင်းလဲလိုက်ပြီလို့ BGF တပ်နယ် (၂) ဗျူဟာမှုး စောတင်ဝင်းကပြောပါတယ်။

“ ရပ်တည်မှုကတော့ KNA အနေနဲ့ ပဲရပ်တည်သွားမှာပေါ့။ ကရင် ပြည်နယ်ကြီး ငြိမ်းချမ်းအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို လုပ်ကြမလဲပေါ့။ ကိုယ့်ဆုံး ဖြတ်ချက်နဲ့ ကိုယ်လုပ်လို့ရနိုင်အောင်ဆိုပြီးတော့ KNA ဆိုပြီးတော့ ကန့်သတ်လိုက်တာပေါ့နော်။ BGF မှာတုန်းက စစ်တပ်လက်‌အောက်မှာဆိုတော့ လွတ်လွတ်လပ်လပ်လုပ်လို့မရဘူးပေါ့။” လို့ BGF တပ်နယ် (၂) ဗျူဟာမှုး စောတင်ဝင်း ကပြောပါတယ်။

BGF ကနေ ပြောင်းလဲလိုက်တဲ့ KNAရဲ့ ရပ်တည်ချက်

စစ်တပ်ဆီက ရိက္ခာ၊ လစာမယူတော့ဘူးဆိုတဲ့အခါ BGF အသွင်ပြောင်း KNA ဘယ်လိုဘယ်လိုဆက်ပြီးရပ်တည်မလဲဆိုတာကမေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နိုင်ငံရေးလေ့လာသုံးသပ်သူတချို့ကတော့ BGF နယ်မြေထဲ ခိုအောင်းနေတဲ့ ရွှေကုက္ကိုလ်နဲ့ ကေကေပါ့ခ်လို လောင်းကစားလုပ်ငန်းတွေကနေ ဝင်ငွေဆက်ရနိုင်သလို နယ်စပ်ဂိတ် ၂၀ ကျော်ကနေလည်း အခွန်အကောက်ဝင်ငွေတွေရနိုင်တယ်လို့ သုံးသပ်ပါတယ်။

အဲ့ဒီအလောင်းကစားလုပ်ငန်းတွေအပြင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေရှိနေတာကလည်း ဝင်‌ငွေရလမ်းတစ်ခုဖြစ်တယ်လို့ ပြောကြပါတယ်။

ဒါပေမဲ့ ဗိုလ်မှူးကြီး စောချစ်သူကတော့ ရွှေကုက္ကိုလ်ဟာ အိမ်ရာစီမံကိန်းအနေနဲ့ တရားဝင်လုပ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအနေနဲ့ လှုပ်ရှားခဲ့သူ ထောင်နဲ့ချီကိုသက်ဆိုင်ရာနိုင်ငံတွေဆီကို ပြန်ပို့ပေးခဲ့တယ်လို့တုံ့ပြန်ပါတယ်။

ဒါအပြင် မတ်လ ပထမပတ်အတွင်း ထိုင်း - မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက် မယ်ထော်သလေးဒေသ ကေကေပါ့ခ်- KK Park ထဲမှာရှိတဲ့ တရားမဝင် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေထဲရောက်နေတဲ့ တရုတ်နိုင်ငံသား ၉၀၀ ‌‌ကျော်ကို ထိုင်းကတဆင့် တရုတ်နိုင်ငံကိုလွှဲပြောင်းပေးလိုက်တယ်လို့ BGF ဗိုလ်မှူးကြီး စောချစ်သူက ဘီဘီစီကို ဖြေကြားထားပါတယ်။

“နောက်လည်း ဆက်လက်ပို့ဖို့လည်းရှိပါတယ်။ ကျွန်တော်တို့လည်း လက်မခံပါဘူး။ ဒါတွေဆိုရင် ပြန်ပို့ကိုပို့ရမယ်ဆိုတာ။ မောင်းကိုမောင်းထုတ်ရမယ်။ အဝင်ကတော့ လုံးဝအဝင်မပေးတော့ပါဘူး။” လို့ ဗိုလ်မှူးကြီး စောချစ်သူက အစောပိုင်းဘီဘီစီနဲ့ မေးမြန်းခန်းမှာတုံ့ပြန်ထားပါတယ်။

ဒါပေမဲ့ ရွှေကုက္ကိုလ် က ကျားဖြန့်လုပ်ငန်းတွေအတွက် အလုပ်ခေါ်စာတွေ နေ့စဥ်ထောင်နဲ့ချီရှိနေပြီး အများအားဖြင့် တယ်လီဂရမ်နဲ့ ဖေ့ဘွတ်ခ်ဆိုရှယ်မီဒီယာတွေကနေ အလုပ်ခေါ်နေတာဖြစ်ပါတယ်။

BGF က စစ်ကောင်စီကို အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အဖမ်းပြတာတွေရှိပေမဲ့ နောက်ကွယ်မှာ ပုံစံတမျိုးမျိုးနဲ့ ဆက်ရှိနေနိုင်တယ်လို့လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်အတွင်းလှည့်လည်တိမ်းရှောင်နေရတဲ့ သတင်းသမားတစ်ယောက်က သူသိထားတဲ့နယ်မြေအခြေအနေပေါ်အခြေခံပြီး သူ့ယူဆချက်ကို ပြောပါတယ်။

ကရင်နယ်ခြားစောင့်တပ်က ဗိုလ်မှူးနိုင်မောင်ဇော်ကတော့ ရွှေကုက္ကိုမြို့သစ်ကို နောက်ပိုင်းမှာ စက်မှုလက်မှု လုပ်ငန်းတွေတည်ထောင်ပြီး ဒေသခံတွေ အလုပ်အကိုင်အခွင့် ရရှိဖိုနဲ့ ဒေသဖွံဖြိုးရေးတွေဆောင်ရွက်ဖိုအတွက် အစီအစဥ်တွေရှိတယ်လို့တုံ့ပြန်ထားပါတယ်။

'' ကရင်ပြည်နယ်ဘက်ကလူတွေထိုင်းနိုင်ငံမှာ ၊ ‌မလေးရှားမှာသွားပြီးအလုပ်လုပ်ကိုင်နေတာရှိတယ်။ အဲဒီလိုမျိုးတွေကိုအဲဒီလိုလစာရဖို့ ဦးစားပေးလုပ်မယ်။ လောလောဆယ်လည်း ‌အင်တာနေရှင်နယ်အဆင့်ဆေးရုံဆောက်လုပ်နေတယ်။ တခြားစက်မှုလက်မှုလုပ်ငန်းတွေကိုလုပ်နိုင်ဖို့လည်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရဖို့ တစိုက်မတ်မတ်လုပ်နေတယ်''

အမေရိကန်ပြည်ထောင်စုငြိမ်းချမ်းရေးအင်စတီကျူ USIP ရဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်ကထုတ်ပြန်ချက်အရဆိုရင် ရွှေကုက္ကိုလ်နဲ့ ကေကေပါ့ခ် စတဲ့ နေရာ ၂ မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အလုပ်သမား ၂ သောင်းကျော် ရှိနေတယ်လို့ပြောထားပါတယ်။

စစ်ကောင်စီနဲ့ဆက်လက်မတွဲတာဘာကြောင့်လဲ

၂၀၂၃ ခုနှစ် နိုဝင်ဘာမှာ ဖြစ်ပွားတဲ့ ကျိုက်မရော ချောင်းနှစ်ခွရဲစခန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ BGF ပူးပေါင်းအဖွဲ့က သေဆုံးသူ ၁၁ ယောက်ရှိခဲ့

ဓာတ်ပုံ ရင်းမြစ်, နဂါးနီစစ်ကြောင်း

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ် နိုဝင်ဘာမှာ ဖြစ်ပွားတဲ့ ကျိုက်မရော ချောင်းနှစ်ခွရဲစခန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ BGF ပူးပေါင်းအဖွဲ့က သေဆုံးသူ ၁၁ ယောက်ရှိခဲ့

BGF တပ်နယ် ၂ ဗျူဟာမှူး စောတင်ဝင်းကတော့ ရိက္ခာနဲ့ ပံ့ပိုးမှုတချို့အတွက်နဲ့ စစ်ကောင်စီအတွက် အသက်ပေးနေရတာမတန်ဘူးလို့တပ်ဖွဲ့ဝင်တွေက ပြောဆိုလာတာကြောင့် စစ်တပ်လက်အောက်ကနေစွန့်ခွာဖို့ စဥ်းစားခဲ့တယ်လို့ ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ စစ်တပ်အင်အားလျော့နည်းပြီး စစ်ကောင်စီမှာတပ်ဖွဲ့ဝင်အင်အားတွေ အရေးတကြီးလိုအပ်နေချိန် မှာBGF ကလည်းစစ်တပ်လက်အောက်ကနေ ခွဲထွက်ရပ်တည်မယ်လို့ကြေညာခဲ့တာဖြစ်ပါတယ်။

“တပ်နဲ့ပေါင်းလာတဲ့ အနှစ် ၃၀ မှာ တပ်ဖွဲ့ဝင်တွေက ဖာပွန်လမ်းကြောင်းတစ်လျှောက် လုံခြုံရေးယူရတယ်၊ တပ်က ရိက္ခာပို့ဖို့ဆိုရင် ထောင်နဲ့ချီပြီး လုံခြုံရေး ယူပေးရတယ်၊ ဘာမှလည်း အကျိုးမရှိဘူး''

စစ်ကောင်စီဘက်ကတော့ တပ်ဖွဲ့ဝင်အင်အားထောင်နဲ့ချီရှိတဲ့ BGF ကိုလက်မလွှတ်ရရေး ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် ကရင်ပြည်နယ်ဘားအံမြို့ကိုသွားပြီး BGF ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့တာပါ။

အရင်လို စစ်ကောင်စီနဲ့ပူးပေါင်းတိုင်ပင်ပြီး လိုအပ်ရင် စစ်တပ်အင်အားကိုလည်းသုံးသလို BGF အင်အားကိုလည်း ပြန်သုံးဖို့ စစ်တပ်ဘက်ကပြောခဲ့တယ်လို့ဆိုပါတယ်။

BGF ဘက်ကတော့ ခိုင်မာနေတဲ့ ဆုံးဖြတ်ချက်ကို ချထားပြီးနေပြီလို တုံ့ပြန်ပါတယ်။

'' BGF က KNU(ကရင်အမျိုးသား အစည်းအရုံး ) နဲ့ ပူးပေါင်းလိုက်ရင် ဖြစ်လာနိုင်တဲ့ စစ်ဖြစ်လာနိုင်တဲ့အလားအလာတွေကြောင့် BGF က ဒီလိုခွဲထွက်တာကို စစ်ကောင်စီက လက်ခံလိုက်ရတာဖြစ်နိုင်တယ်'' လို့ နိုင်ငံ‌ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

BGF က စစ်ကောင်စီကနေ ခွဲထွက်မယ်ဆိုရင် ထိုင်း-မြန်မာနယ်စပ်က နယ်ခြားစောင့်ဂိတ်ပေါင်း ၂၀ ဝန်းကျင်ရှိတဲ့ နေရာတွေကို စစ်ကောင်စီတပ်တွေပြန်နေရာယူနိုင်တယ်ဆိုတဲ့ယူဆချက်တွေလည်းရှိနေပါတယ်။

ဒါပေမဲ့ BGF အမည်ပြောင်း KNA ကိုဘယ်လိုဆက်ပြီးလည်ပတ်မလဲဆိုတာနဲ့ စစ်တပ်လက်အောက်မှာ BGF ရထားတဲ့ နယ်မြေနဲ့ ဂိတ်တွေရဲ့ လည်ပတ်နိုင်မှုဘယ်လိုဖြစ်မလဲဆိုတာကို BGF ကရှင်းရှင်းလင်းလင်းမပြောထားပါဘူး။

ထိုင်းနိုင်ငံမှာနေထိုင်ပြီး မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ မဟာဗျူဟာနဲ့မူဝါဒရေးရာလေ့လာရေးအင်စတီကျု ISP Myanmar က ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းကတော့ '' နာမည်ပြောင်းတယ်ဆိုတာက တပ်တွေကို Repositioning ပြန်အထိုင်ချ၊နေရာချကြတာမျိုးပါပဲ'' လို့ သုံးသပ်ပါတယ်။

နိုင်ငံရေးအကဲခတ်တချို့ကတော့ ကရင်ပြည်နယ် မြဝတီ၊ BGF ထိန်းချုပ်နယ်မြေတွေထဲရောက်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို စစ်ကောင်စီကတဆင့် တရုတ်နဲ့ ထိုင်းအစိုးရပေါင်းပြီး နှိမ်နင်းတာမျိုးလုပ်တဲ့အခါ BGF ရပ်တည်ရေးစိုးရိမ်စရာဖြစ်လာလို့ ဒီလို ခွဲထွက်ပြီးတပ်နာမည်ပြောင်းတာဆိုတဲ့ယူဆချက်တွေရှိနေပါတယ်။

'' အခုချိန်မှာ စစ်ကောင်စီက စစ်မျက်နှာပေါင်းစုံဖွင့်နေရတော့ BGF တဖြစ်လဲတပ်သစ်ကို စစ်မျက်နှာဖွင့်ဖို့ ခက်မယ်။ တဖက်ကလည်း တရုတ်က မြောက်ပိုင်းကျားဖြန့်တွေပြီးရင် တောင်ပိုင်းကိုလာမယ်လေ၊ မြောက်ပိုင်း ကိုးကန့်ခေါင်းဆောင်တွေလို တရုတ်လက်အပ်လိုက်တာမျိုးကို စောချစ်သူက စိုးရိမ်မယ်ထင်တယ်'' လို့ ဦးအောင်သူငြိမ်းကလည်းသုံးသပ်ပါတယ်။

လက်ရှိမှာ ကရင်ပြည်နယ်ထဲက ကျားဖြန့်လုပ်ငန်း‌တွေထဲ ရောက်နေတဲ့ တရုတ်နိုင်ငံသားတွေကိုပြန်ခေါ်ရေး ထိုင်းနိုင်ငံ၊ မဲဆောက်မှာ တရုတ်က အဆင့်မြင့်အရာရှိကြီး အပါအဝင် တရုတ်ထောက်လှမ်းရေးတွေ ဝင်ရောက်နေတာရှိတယ်လို့ သိရပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူကတော့ ကျားဖြန့်နှိမ်နင်းရေးအတွက်BGF ဘက်က သက်ဆိုင်ရာနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိနေတယ်လို့ ပြောကြားထားပါတယ်။

၂၀၂၃ ခုနှစ် ဧပြီမှာဖြစ်ပွားတဲ့ ရွှေကုက္ကိုလ်တိုက်ပွဲကြောင့် ရှောင်တိမ်းလာရတဲ့ စစ်ဘေးရှောင်တွေ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ် ဧပြီမှာဖြစ်ပွားတဲ့ ရွှေကုက္ကိုလ်တိုက်ပွဲကြောင့် ရှောင်တိမ်းလာရတဲ့ စစ်ဘေးရှောင်တွေ

စစ်ကောင်စီနဲ့ ဆက်ပြီးလက်တွဲနေလား

BGF ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုလ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, BGF ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုလ်

လက်ရှိ မှာ ကရင်ပြည်နယ်ရဲ့ မြို့တော် ဘားအံအပါအဝင် နေရာအချို့မှာ BGF တပ်ဖွဲ့ဝင် တချို့က စစ်ကောင်စီတပ်နဲ့အတူ ပူးတွဲလုပ်ဆောင်မှုတွေရှိနေသေးတယ်ဆိုတဲ့ပြောဆိုချက်တွေလည်းရှိနေပါတယ်။

ဒါပေမဲ့ BGFဘက်ကတော့ KNU ထိန်းချုပ် နယ်မြေအတွင်းက စခန်းတော်တော်များများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ တုံ့ပြန်ထားပါတယ်။

နယ်ခြားစောင့်တပ် BGF ကနေ အသွင်ပြောင်းသွားတဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော် Karen National Army အနေနဲ့ ကရင်ပြည်နယ် ငြိမ်းချမ်းရေးကို ဦးတည်တယ်လို့ပြောနေပေမဲ့ ကရင့်နယ်မြေထဲမှာ တခြားသောကရင်လက်နက်ကိုင်တွေနဲ့ ပူးပေါင်းမလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းက ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံပြီး ဆွေးနွေးတာတွေရှိခဲ့ပါတယ်။

ကရင်အချင်းချင်း စစ်မဖြစ်ဖို့ ၊ ကရင်အချင်းချင်း ညီညွတ်ဖို့၊ ကရင်ဒေသ တည်ငြိမ်အေးချမ်းရေးကို ဦးတည်ဖို့ ကရင်လက်နက်ကိုင်အဖွဲ့ လေးဖွဲ့က နှစ်လ တစ်ကြိမ်၊ သုံးလ တစ်ကြိမ် တွေ့ဆုံတာတွေ ရှိတယ်လို့ သိရပါတယ်။

တဖက်မှာလည်း မြဝတီမြို့နယ်အတွင်း စီးပွားရေးလုပ်ငန်းတွေမှာ BGF ခေါင်း​ဆောင်တွေသာမက KNU ခေါင်းဆောင်တချို့ရဲ့ စီးပွားရေးအကျိုးအမြတ်နဲ့လုပ်ငန်းတွေရှိနေတယ်လို့ပြောဆိုထားကြတာပါ။

အတည်မပြုနိုင်တဲ့သတင်းတွေအရ စစ်တပ်လက်အောက်ကနေ BGF ခွဲထွက်ချိန်မှာ ဗိုလ်မှူးကြီးစောချစ်သူက KNU ဘက်ကို ကားအစင်း ၄၀ လက်ဆောင်ပေးတယ်ဆိုတဲ့ပြောဆိုချက်တွေလည်း ထွက်ပေါ်နေတာပါ။

ကရင်လက်နက်ကိုင်အဖွဲ့ထဲမှာအင်အားအကြီးဆုံး ကရင်အမျိုးသားအစည်းအရုံး KNU ဘက်ကတော့ BGF ရဲ့ အခုလို တပ်နာမည်နဲ့ ဘက်တံဆိပ်ပြောင်းမှုကို တစ်စုံတစ်ရာမှတ်ချက်မပြုလိုကြောင်း တုံ့ပြန်ထားပါတယ်။

'' စောချစ်သူက သူ့ဘာသာခွဲရပ်တည်၊ KNU နဲ့ ပြေလည်အောင် ပြန်လုပ်တာမျိုးပေါ့'' လို့ ဦးအောင်သူငြိမ်း ကသုံးသပ်ပါတယ်။

တဖက်မှာလည်း နယ်ခြားစောင့်တပ် BGF က စစ်တပ်နဲ့ ပူးပေါင်းတာကနေ ခွဲထွက်လာတဲ့အပေါ် ကရင်တိုင်းရင်းသားတွေ အများစုက ကြိုဆိုတယ်ဆိုတဲ့ပြောဆိုချက်တွေလည်း ရှိနေပါတယ်။

ကရင်ပြည်နယ်တစ်ခုလုံးမှာ မြဝတီ၊ဘားအံ၊ ကော့ကရိတ်၊ကျုံဒိုး၊လှိုင်းဘွဲ့၊ကြားအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ အပါအဝင် BGF တပ်နယ် (၄) ရှိနေတာဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ကရင်တိုင်းရင်းသားလက်နက်ကိုင် စစ်ပွဲဖြစ်တဲ့အခါ စစ်ကောင်စီဘက်ကနေကူညီပြီး ကရင်အချင်းချင်းတိုက်ခိုက်တာကိုလည်း မလိုလားဘူးလို့ ကော့ကရိတ်ဒေသခံတစ်ယောက်က ပြောပါတယ်။

“အခု သူတို့ခွဲထွက်လာတယ်ဆိုပေမဲ့ ရပ်တည်ချက်က ဘယ်လိုလဲဆိုတာ စောင့်ကြည့်ရမယ်၊ အချင်းချင်း မတိုက်ခိုက်တော့တာကိုပဲ ကျေးဇူးတင်ရတာ၊ စစ်ကောင်စီဘက်ကနေ ဝင်တိုက်ပေးနေရင် စိတ်နာတယ်။ အခုလို ကရင်တွေအတွက် စဉ်းစားပေးတဲ့အတွက် ဘယ်လိုဖြစ်ဖြစ် ဝမ်းသာပါတယ်”လို့ ပြောပါတယ်။

ကရင်နယ်ခြားစောင့်တပ် BGF ကနေ KNA အဖြစ်အသွင်ပြောင်းပြီးတဲ့နောက် ဒေသတွင်းအုပ်ချုပ်ရေးနဲ့ တပ်နေရာချထားရေး ဘယ်လိုဆက်ရှိမလဲဆိုတဲ့တိကျတဲ့အဖြေကိုအမည်ပြောင်းကြေညာပြီးတစ်ပတ်ကြာတဲ့အထိ BGF ဘက်ကမပြောသေးပဘူး။

စစ်ကောင်စီကလည်း BGF ရဲ့ တပ်အမည်နဲ့ လက်မောင်းတံဆိပ်ပြောင်းလဲရပ်တည် လိုက်တဲ့အပေါ် တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုတာမရှိပါဘူး။