ကရင်လက်နက်ကိုင်အဖွဲ့စုံနေတဲ့ မြဝတီရဲ့ အုပ်ချုပ်ရေးယန္တရားဘယ်လိုလည်ပတ်မလဲ

ဓာတ်ပုံ ရင်းမြစ်, The Reporter
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနဲ့ ပြည်သူ့ကာကွယ်ရေး PDF တို့ ၂ ရက်ကြာထိုးစစ်ဆင်တိုက်ခဲ့တဲ့ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကို ဧပြီ ၁၁ ရက်မှာ သိမ်းပိုက်လိုက်ပါတယ်။
စစ်ကူမျှော်နေခဲ့တဲ့ ခလရ ၂၇၅ ထဲက စစ်ကောင်စီတပ်သားတွေဟာ ဧပြီ ၁၁ ရက် မနက်အစောပိုင်းမှာ စခန်းစွန့်ခွာပြေးကြခဲ့ကြတာဖြစ်ပါတယ်။
ဘီဘီစီရဲ့ မြေပြသတင်းရင်းမြစ်ကတော့ ခလရ ၂၇၅ ထဲက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၂၀၀ နီးပါးရှိပြီး ထိုင်းဘက်ခြမ်းကို ပြေးဝင်လို့ရမယ့် အနီးဆုံးနေရာဖြစ်တဲ့ ထိုင်း-မြန်မာနယ်စပ်ကိုဖြတ်ထားတဲ့ မြဝတီချစ်ကြည်ရေး တံတားအမှတ် ၂ အနီးမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။
သူတို့ စခန်းနဲ့ ၄မိုင်အကွာကို ခြေလျင်နဲ့ဆို တစ်နာရီကျော်ဝေးပြီး မော်တော်ယာဉ်တစ်ခုခုနဲ့ဆို မိနစ်ပိုင်းလောက်နဲ့ ရောက်နိုင်တဲ့ အဲဒီနေရာကို ပြေးခဲ့ကြပေမယ့် ထိုင်းဘက်တော့ဝင်ခွင့်မရကြသေးပါဘူး။
တပ်ထဲမှာ တစ်ယောက်မှမကျန်တော့ဘဲ လက်နက်တွေ အများအပြားသိမ်းယူပြီးတဲ့နောက်မှာတော့ မြဝတီမှာ KNUနဲ့ပူးပေါင်းတပ်ဖွဲ့တွေသိမ်းစရာစခန်း မရှိတော့ဘူးလို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
မြဝတီမြို့ထဲမှာ ဘာဆက်ဖြစ်နေလဲ
မြို့ပေါ်ရပ်ကွက်က ငွေကြေးတတ်နိုင်သူတချို့နဲ့ လုံခြုံရေးစိုးရိမ်တဲ့သူတချို့ကတော့ မြဝတီကနေ မဲဆောက် ဘက်ကို အမှတ်၁ ချစ်ကြည်ရေးတံတားကနေတဆင့် ပြောင်းရွှေ့နေထိုင်တာတွေရှိနေပါတယ်။
ခလရ ၂၇၅နဲ့ နီးတဲ့ မြို့ပြင်ပိုင်းနေသူအများစုကတော့ ဘားအံနဲ့ မဲဆောက်ကိုမနေ့ကတည်းက ပြောင်းနေ ကြတာပါ။
စခန်းတွေအားလုံးလက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်လာနိုင်တာ ကြောင့် ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံတဲ့နေရာမှာ နေကြဖို့ KNU က အသိပေးထားပါတယ်။
“မြဝတီကို တခြားနေရာတွေကနေ စစ်ရှောင်လာတဲ့သူတွေက ၃,၀၀၀လောက်ရှိတယ်လေ။ သူတို့ကို မြဝတီကသူတွေပဲ စားသောက်နေထိုင်ရေးလုပ်ပေးထားရတာဆိုတော့ ကိုယ်တွေပြောင်းရင်သူတို့ဘာနဲ့ သွားစားမလဲ။” လို့ မြဝတီမြို့ မှာနေထိုင်တဲ့သူတစ်ဦးက ပြောပါတယ်။
အမှတ် ၁ တံတားကနေ မဲဆောက်ကို ပုံမှန်တစ်ရက် လူ ၁၅၀၀လောက် ကူးသန်းနေရာကနေ တိုက်ပွဲပြင်းထန်လာတဲ့ ဧပြီ ၁၀ ရက်ကတော့ လူ ၄,၀၀၀ လောက် ထိုင်းဘက်ခြမ်းကူးလာတယ်လို့ ထိုင်းလဝက ရဲ့ အချက်အလက်တွေက ဖော်ပြနေပါတယ်။
ခလရ ၂၇၅ သိမ်းပိုက်လိုက်တဲ့ ဧပြီ ၁၁ ရက်မှာတော့ ချစ်ကြည်ရေးတံတား အမှတ် ၁ ကနေ ထိုင်းဘက်ကိုကူးတဲ့ သူတွေ ပိုများလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, The Reporters
မြဝတီမြို့ပေါ်မှာ KNUနဲ့အတူစခန်းသိမ်းခဲ့တဲ့ PDF ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ကားတွေနဲ့ သွားလာနေတာရှိသလို မြို့ပေါ်မှာလည်း လူသွားလူလာက ပုံမှန်အတိုင်းရှိနေပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ ရက်တွေကစလို့ မြို့ပေါ်မှာ ကရင်အမျိုးသားတပ် KNAက ကင်းလှည့်နေတာရှိပါတယ်။
“မြို့ပေါ် တိုက်ပွဲဖြစ်တာမရှိဘူး။ အစ်ကိုတို့ လုံခြုံရေးစောင့်ပေးတယ်ဆိုတာက စစ်ဘေးရှောင်နေတဲ့အချိန်မှာ အိုးအိမ်တွေခေတ္တခဏပိတ်ပြီးတော့မှ သွားလာနေကြတော့ ဒီထဲမှာမှ မကောင်းမှု ဒုစရိုက်လုပ်တဲ့သူတွေ အိုးအိမ်ဖျက်ဆီးပြီး ခိုးဆိုးတာမဖြစ်အောင်ရယ် ရှိနေတဲ့လူထုကို အေးအေးချမ်းချမ်းဖြစ်အောင် လုံခြုံရေးလုပ်ပေးတာ ဒါပါပဲ။”လို့ KNA က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က ဘီဘီစီကိုပြောပါတယ်။
မဲဆောက်ဘက်ခြမ်းမှာမြန်မာတွေပိုတိုးလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မဲဆောက်မှာတော့ အိမ်ငှားခတွေ ဘတ်ထောင်ဂဏန်းတက်သွားသလို ဟိုတယ်ခန်းတွေလည်း ပြည့်နေတယ်လို့ မဲဆောက်နေထိုင်သူတချို့ကပြောပါတယ်။
“မြန်မာအချင်းချင်းပဲ ပွဲစားလုပ်ကြ ပွဲခတွေပါတောင်းကြနဲ့။ အရင်က ဘတ် ၂၀,၀၀ တန်ကို ၃,၀၀၀၊ ၄,၀၀၀ ဖြစ် သွားတယ်”လို့ မဲဆောက်နေသူတစ်ဦး ဘီဘီစီကိုပြောပါတယ်။
မဲဆောက်မှာ ဆွေမျိုးရှိသူတချို့ကတော့ နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ အဆင်ပြေသလိုနေကြတာလည်းရှိတယ် လို့ သူကပြောပါတယ်။
အခန်းခ ဈေးတက်သွားပေမယ့် ထင်သလောက်ရှာရလည်းမလွယ်ပါဘူး။
တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးကလည်း လူဝင်များတဲ့ ဧပြီ ၁၀ ရက်ကစလို့ မဲဆောက်မြို့ထဲမှာ စစ်ဆေးရေးဂိတ်တွေ ချပြီး အထောက်ထားတွေ စစ်ဆေးတာတွေ လုပ်နေပါတယ်။
ထိုင်းနိုင်ငံဘက်ကို မြန်မာနိုင်ငံကတိုက်ပွဲတွေကြောင့် လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေရှိခဲ့တဲ့ အတွက် ထိုင်းဘက်က လုံခြုံရေးကို တင်းကျပ်နေတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေ ပုန်းရှောင်နေတဲ့ ချစ်ကြည်ရေးတံတားအမှတ်၂ ထိုင်းဘက်အခြမ်းမှာလည်း ထိုင်းဘုရင့် တပ်အပါအဝင်အဖွဲ့စုံကနေ ကင်းလှည့်စောင့်ကြည့်နေတာပါ။
ထိုင်းလေပိုင်နက်ထဲ စစ်ကောင်စီတိုက်လေယာဉ်တွေ ပျံသန်းခွင့်မပြုဘူးလို့ ဧပြီ ၁၁ ရက်မှာ ထိုင်းဝန်ကြီးချုပ် ဆေထာထဝီဆင်က ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီးကတော့ မြန်မာစစ်ရှောင်တစ်သိန်းအထိ လက်ခံနိုင်အောင် ပြင်ဆင်ထားတယ်လို့ ဧပြီ ၁၀ ရက်တုန်းမှာပြောထားပါတယ်။
ဧပြီ ၁၂ရက် မှာလည်း နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးက နယ်စပ်မဲဆောက်အထိသွားပြီး မြေပြင် အခြေနေကို သွားရောက်ကြည့်ရှုဖို့ရှိနေပါတယ်။
မြဝတီ နယ်စပ်ကုန်သွယ်ရေး ဘယ်လိုအခြေအနေရှိလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြဝတီ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျတော့ ကုန်သွယ်ရေးကားတွေ ဖြတ်သန်းသွားလာရာ ချစ်ကြည် ရေးတံတားအမှတ်၂ ကိုတော့ ဧပြီ ၁၁ ရက် မနက်မှာပိတ်လိုက်ပါတယ်။
ကုန်သွယ်ရေးဂိတ်က စစ်ကောင်စီဝန်ထမ်းတွေ ဂိတ်ပိတ်ပြေးပြီးနောက်မှာတော့ ထိုင်းဘက် ကလည်း ကားဝင်တာမရှိတော့ဘဲ ကုန်သွယ်ရေးရပ်တန့်နေတယ်လို့ ကုန်သွယ်ရေးဂိတ်နဲ့စီးပွားရေးဇုန်က လုပ် ငန်းရှင်တချို့ကပြောပါတယ်။
“ကုန်သွယ်ရေးဂိတ် ဘယ်တော့ပြန်ဖွင့်မယ်ဆိုတာကတော့ KNUကဘယ်လိုစီစဉ်မယ်ဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်”လို့ ကုန်သည်တစ်ဦးကပြောပါတယ်။
အာရှလမ်းမကြီးမှာလည်း ကုန်းလမ်းက စစ်ကူလာမရအောင် ကျုံဒိုင်းလောက်ကနေ KNUကပိတ်ထားဆဲဖြစ်ပြီး ခလရ ၂၇၅ ပတ်ဝန်းကျင်က မြဝတီမြို့အဝင်နေရာတချို့ကိုလည်းပိတ်ထားပါတယ်။
“တိုက်ပွဲဖြစ်နေတယ်ကြားတော့ အခြေနေလည်း ဘာမှန်းမသိတာနဲ့ အတက်အဆင်းမလုပ်ဖြစ်ဘူး” လို့ မွန်ပြည်နယ်က ကားသမားတစ်ဦးကပြောပါတယ်။
မြဝတီကုန်သွယ်ရေးဂိတ်ကနေ ထိုင်းဘက်က ဆေးဝါး၊လူသုံးကုန်၊စားသောက်ကုန်၊ ဆောက်လုပ်ရေးပစ္စည်း၊ အဝတ်အထည်တွေ တင်သွင်းနေပြီး မြန်မာဘက်က ကြက်သွန်၊ငရုတ်လို စိုက်ပျိုးရေးထွက်ကုန်တွေကို တင်ပို့နေတာပါ။
ဒီကုန်သွယ်ရေးဂိတ်ရဲ့ ကုန်သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာသန်းချီရှိနေတာဖြစ်ပါတယ်။
ကုန်သွယ်ရေးရပ်သွားတာကြောင့် ထိုင်းကုန်စည်တွေ စျေးတက်ပြီး ရှားပါးပြတ်လပ်မှာကိုလည်း ပြည်မဘက်က စိုးရိမ်နေကြပါတယ်။
မြို့အုပ်ချုပ်ရေးနဲ့ ပတ်သက်လို့ KNU တုံ့ပြန်ချက်

ဓာတ်ပုံ ရင်းမြစ်, KNU
KNU က ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ မြဝတီမြို့က စစ်ကောင်စီစခန်းတွေကို သိမ်းလိုက်နိုင်တာဖြစ်တဲ့အတွက် မြို့ကို ထိန်းချုပ်လိုက်တာလို့ ပြောနိုင်ကြောင်း KNU ရဲ့ပြောရေးဆိုခွင့်ရှိသူက ပဒိုကလယ်စေးက ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့ထက်မနည်း ပတ်သက်ဆက်နွှယ်နေတဲ့ မြဝတီလို နယ်စပ်မြို့ကို ဘယ်အဖွဲ့က ထိန်းချုပ်မလဲဆိုတာကို မေးခွန်းထုတ်နေကြပါတယ်။
“မြဝတီမြို့ကို သိမ်းလိုက်တဲ့အခြေနေတော့ ဖြစ်တာပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့အားလုံး အဆင်ချောအောင် ဆက်လုပ်ရမယ့် အနေထားတော့ ရှိပါသေးတယ်။ ကရင်အမျိုးသားအချင်းချင်း အဖိနှိပ်ခံဘဝက အတူတူပဲမို့ အခက်ခဲမရှိပါဘူးလို့ ပြောချင်ပါတယ်'' လို့ ကရင်အဖွဲ့စုံကြားမှာ ညှိနှိုင်းဆောင်ရွက်မယ့်သဘော ပဒိုကလယ်စေး ဘီဘီစီကို တုံ့ပြန်ပါတယ်။
လက်ရှိအချိန်မှာတော့ ထိုင်း-မြန်မာ၊ မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော်သွားလာမယ့် ချစ်ကြည်ရေးတံတား အမှတ် ၁ မှာတော့ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဧပြီ ၁၁ ရက်ညနေအထိ တာဝန်ယူထားပါတယ်။








