စောချစ်သူအပါအဝင် ရွှေကုက္ကိုနဲ့ ပတ်သက်သူ ၃ ယောက်ကို ယူကေ အရေးယူပိတ်ဆို့

ရွှေကုက္ကို မြို့သစ် စီမံကိန်းနယ်မြေထဲက လုပ်ငန်းတွေ အတွက် တာဝန်ရှိသူ ၃ ဦးကို ယူကေ အရေးယူ

ဓာတ်ပုံ ရင်းမြစ်, Myanmar Yatai International Holding Group Company ပုံဟောင်း

ဓာတ်ပုံ ပုံစာ, ရွှေကုက္ကို မြို့သစ် စီမံကိန်းနယ်မြေထဲက လုပ်ငန်းတွေ အတွက် တာဝန်ရှိသူ ၃ ဦးကို ယူကေ အရေးယူ

ဗြိတိန်နိုင်ငံက ဒီဇင်ဘာ၈ ရက်နေ့ ချမှတ်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေပေါ် ပိတ်ဆို့ ကန့်သတ် အရေးယူမှုတွေထဲ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတွေမှာ ပေါ်ပေါက်ခဲ့တဲ့ လူကုန်ကူးမှုတွေထဲ ပါဝင်ပတ်သက် နေသူတွေကို ထည့်သွင်းထားတယ်လို့ ဗြိတိသျှ နိုင်ငံခြားရေး ဌာနက ထုတ်ပြန်ပါတယ်။

အထူးသဖြင့် အွန်လိုင်းပေါ် ငွေလိမ်ကြတဲ့ ဂိုဏ်းတွေအတွက် အလုပ်လုပ် ပေးဖို့ရာ သွေးဆောင် ဖြားယောင်းလို့ ဖြစ်စေ၊ အတင်းအကျပ် အဓမ္မပုံစံ ခိုင်းစေတာမျိုး ဖြစ်စေ ပြုလုပ်ကြတဲ့ လူကုန်ကူးမှုတွေထဲ ပါဝင်ပတ်သက်သူတွေကို ပစ်မှတ်ထားတာလို့ ဆိုပါတယ်။

အခု ပထမအသုတ်မှာတော့ လူပုဂ္ဂိုလ် ၉ ယောက်နဲ့ လုပ်ငန်းကုမ္ပဏီ ၅ ခုကို ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်တယ်လို့ ဗြိတိန်ဘက်က ထုတ်ပြန်ပါတယ်။ အဲဒီထဲမှာ မြဝတီမြို့ အနီး ရွှေကုက္ကို မြို့သစ် စီမံကိန်းနယ်မြေထဲက လုပ်ငန်းတွေ အတွက် တာဝန်ရှိသူ ၃ ဦးကို ထည့်သွင်းထားပါတယ်။

အဲဒီနယ်မြေကို ထိန်းချုပ်ထားတဲ့ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် အဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ပါဝင်ပါတယ်။ ကျန်သူနှစ်ယောက်ကတော့ တရုတ်အမည် ရှီကျီကျန်း She Zhijang နဲ့ စောမင်းမင်းဦးတို့ ဖြစ်ပါတယ်။

အဲဒီ နှစ်ယောက်ဟာ ရွှေကုက္ကို မြို့သစ် စီမံကိန်းကို လုပ်ကိုင်ခွင့်ရထားတဲ့ မြန်မာရတိုက် ကုမ္ပဏီ (Myanamr Yatai International Holding) ရဲ့ အဓိက ရှယ်ရာရှင်တွေ အဖြစ် နားလည်ရပါတယ်။ ရှီရှီကျန်းကတော့ တရုတ်ပြည်ဖွား ကမ္ဘောဒီးယား နိုင်ငံသား ခံယူထားသူ ဖြစ်ကြောင်း ပြီးခဲ့တဲ့ နှစ်တွေ ကတည်းက သိထားရတာမျိုး ရှိပါတယ်။

တရုတ်ပြည်ဖွား ကမ္ဘောဒီးယား နိုင်ငံသား ခံယူထားသူ She Zhijiang

ဓာတ်ပုံ ရင်းမြစ်, Myanmar Yatai International Holding Group Company ပုံဟောင်း

ဓာတ်ပုံ ပုံစာ, တရုတ်ပြည်ဖွား ကမ္ဘောဒီးယား နိုင်ငံသား ခံယူထားသူ She Zhijiang

အခု ဗြိတိန်ရဲ့ အရေးယူတဲ့ စာရင်း ထွက်လာပြီးနောက်မှာ ဘီဘီစီက မြန်မာရတိုက် ကုမ္ပဏီကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။ ရန်ကုန်မြို့ ဗြိတိသျှ သံရုံးကတော့ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး မြန်မာပြည်က ၃ ဦးဖြစ်တဲ့ ရှီရှီကျန်း၊ ဗိုလ်မှူးကြီး စောချစ်သူနဲ့ စောမင်းမင်းဦးတို့ကို ဒီဇင်ဘာ ၈ ရက်နေ့ ချမှတ်တဲ့ ပိတ်ဆို့အရေးယူမှု စာရင်းထဲ ထည့်သွင်းထားကြောင်း ဘီဘီစီကို အသိပေးထားပါတယ်။

လူတွေဟာ လစာ ကောင်းကောင်းပေးမယ် ဆိုပြီး လိမ်လည်ခံရပြီး ရွှေကုက္ကိုထဲ အခြေစိုက်ထားတဲ့ အွန်လိုင်း အလိမ်အညာအဖွဲ့တွေ အတွက် အလုပ်လုပ်ပေးဖို့ အဓမ္မ စေခိုင်းခံရပြီး၊ ကိုယ်ထိလက်ရောက် နှိပ်စက်တာကစလို့ လူမဆန်စွာ ပြုမူ ဆက်ဆံတာမျိုးတွေ ခံကြရတယ်လို့ ဗြိတိသျှ နိုင်ငံခြားရေး ဌာနက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံထဲမှာကို အဲဒီလို အကျူးလွန်ခံရသူပေါင်း တစ်သိန်းနှစ်သောင်း အနည်းဆုံးရှိနိုင်တယ်လို့ ဆိုပါတယ်။

အခု ပိတ်ဆို့ အရေးယူမှုတွေကို ယူကေ၊ ယူအက်စ်နဲ့ ကနေဒါ နိုင်ငံတို့ ပူးပေါင်းပြီး ချိန်ကိုက် ဆောင်ရွက် လုပ်ဆောင်ကြတာလို့ ဆိုပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်း ၇၅ နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ ကမ္ဘာတလွှားက အာဏာရှင် အစိုးရတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်သူတွေ၊ အားပေးကူညီသူတွေကို ပစ်မှတ်ထားတာလို့ ဗြိတိန်အစိုးရက ပြောပါတယ်။

“ကမ္ဘာတလွှားက သာမန်ပြည်သူတွေရဲ့ အခြေခံ အခွင့်အရေးတွေနဲ့ လွတ်လပ်မှုတွေ အပေါ် ချိုးဖောက်ကြတဲ့ ရာဇဝတ်ကောင်တွေ၊ အာဏာရှင် အစိုးရတွေကိုမှ သည်းညည်းခံမှာ မဟုတ်ဘူး” ဆိုပြီး ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဒေးဗစ်ကင်မရွန်းက ပြောပါတယ်။

အခု ပထမအသုတ် အရေးယူပိတ်ဆို့လိုက်တဲ့ စာရင်းထဲ မြန်မာထဲက ကိစ္စတွေနဲ့ ပတ်သက်တဲ့ ၃ ယောက် အပါအဝင် ကမ္ဘာဒီးယားနဲ့ လာအိုတို့ထဲက ဖြစ်ရပ်တွေ အတွက်ပါ ဆိုရင် စုစုပေါင်း လူ ၉ ဦးနဲ့ လုပ်ငန်းကုမ္ပဏီ ၅ ခု ပါဝင်တာ တွေ့ရပါတယ်။