“မြန်မာ ဆိုက်ဘာကျွန်စခန်းထဲက ကျွန်တော့်ဘဝ ငရဲခန်း”

ဂိုဏ်းသားတွေအတွက် အလုပ်လုပ်ပေးဖို့ ငြင်းတဲ့အခါ ရာဗီတစ်ယောက် အချုပ်ခန်းထဲမှာ ပိတ်လှောင်ခံရပါတယ်
ဓာတ်ပုံ ပုံစာ, ဂိုဏ်းသားတွေအတွက် အလုပ်လုပ်ပေးဖို့ ငြင်းတဲ့အခါ ရာဗီတစ်ယောက် အချုပ်ခန်းထဲမှာ ပိတ်လှောင်ခံရပါတယ်
    • ရေးသားသူ, ဆူးနပ် ပရဲယာ ၊ အစ္စရိယ ပရေသွန်ရမ်
    • ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား

သတိပေးချက် - စာဖတ်သူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှု အကြောင်းအပါအဝင် အကြမ်းဖက်မှုအခြေအနေအသေးစိတ်ရေးသားဖော်ပြချက်တွေ ပါဝင်ပါတယ်။ ကိုယ်တွေ့ကြုံခဲ့ရသူရဲ့ လုံခြုံရေးအရ ရာဗီ လို့ သူ့နာမည်ကို ပြောင်းလဲဖော်ပြထားပါတယ်။

“သူတို့ ကျွန်တော်ရဲ့ အဝတ်အစားတွေကိုချွတ်လိုက်တယ်။ ထိုင်ခုံတစ်လုံးပေါ်မှာထိုင်ခိုင်းပြီးတော့ ခြေထောက်တွေကို လျှပ်စစ်နဲ့ရှော့ခ်တိုက်တယ်။ ကျွန်တော် သေပြီလို့ပဲ တွေးခဲ့မိတယ်”

ရာဗီဟာ အိုင်တီအလုပ်မှာ ဝင်လုပ်ဖို့ ထိုင်းနိုင်ငံကို လာခဲ့သူပါ။ ဒါပေမဲ့ အသက် ၂၄ နှစ်အရွယ် သီရိလင်္ကာနိုင်ငံသား ရာဗီဟာ ဘန်ကောက်မြို့က အထပ်မြင့်ရုံးခန်းထဲမှာထိုင် အလုပ်လုပ်ရမယ့်အစား မြန်မာနိုင်ငံထဲက ရိုးရိုးသာမန်အဆောက်အအုံဝန်းတစ်ခုထဲမှာ ပိတ်လှောင်ခံခဲ့ရတဲ့ဘဝကို ရောက်ခဲ့ရပါတယ်။

သူဟာ ပြန်ပေးဆွဲခံရပြီး ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့အနီးက သောင်းရင်းမြစ်ကို ဖြတ်ကာ လူကုန်ကူးခံခဲ့ရပါတယ်။

အဲဒီမှာ သူ့အပြောအရဆိုရင် သူဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ဦးဆောင်တဲ့ တရုတ်စကားပြောတဲ့ဂိုဏ်းတွေ ဦးဆောင်တဲ့စခန်းတွေထဲက တစ်ခုကိုရောင်းချခံခဲ့ရပါတယ်။

သူတို့ဟာ ရာဗီလိုမျိုး လူကုန်ကူးခံရသူတွေကို အမျိုးသမီးတွေလို အွန်လိုင်းအထောက်အထားအတုတွေနဲ့ ဟန်ဆောင်ခိုင်းပြီး အမေရိကန်နဲ့ ဥရောပဘက်က အထီးကျန်အမျိုးသားတွေကို လှည့်စားလိမ်လည်ဖို့ နာရီပေါင်းများစွာ ဖိအားပေး အလုပ်စေခိုင်းခံခဲ့ရပါတယ်။

အဲဒီနောက် လွယ်လွယ်ကူကူလိမ်လို့ရနိုင်ခြေရှိတဲ့သူတွေကို ရင်းနှီးငွေတွေ ခပ်မြန်မြန်ပြန်ရနိုင်ကြောင်း မက်လုံးပေးထားတဲ့ အွန်လိုင်းကုန်သွယ် ပလက်ဖောင်းအတုတွေမှာ ငွေအလုံးအရင်းနဲ့ ရင်းနှီးထည့်ဝင် လာအောင် အယုံသွင်းစည်းရုံးရပါတယ်။

ရာဗီရဲ့ “ဆိုက်ဘာကျွန်စခန်း” ဟာ မြန်မာစစ်ကောင်စီရဲ့ တိုက်ရိုက်ကွပ်ကဲမှု မသက်ရောက်တဲ့ မြဝတီက တောတွင်းတနေရာမှာ ပုန်းရှိုးကွယ်ရှိုးတည်ရှိပါတယ်။

ချုပ်နှောင်ခံထားရတဲ့ သီရိလင်္ကာနိုင်ငံသား‌ခန္ဓာကိုယ်ပေါ်က ဒဏ်ရာဒဏ်ချက်တွေ
ဓာတ်ပုံ ပုံစာ, ရာဗီဟာ ၁၆ ရက်ကြာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရပါတယ်

အာရှ၊ အရှေ့အာဖရိက၊ တောင်အမေရိကနဲ့ ဥရောပအနောက်ပိုင်းက ထောင်နဲ့ချီတဲ့ လူငယ်အမျိုးသား အမျိုးသမီးတွေဟာ ကွန်ပျူတာအသုံးပြုအလုပ်တွေမှာ လုပ်ကိုင်ရမယ်ဆိုတဲ့ကတိစကားတွေနဲ့ လှည့်ဖျားခံရပြီး ဆိုက်ဘာရာဇဝတ်မှုကျူးလွန်တဲ့စခန်းတွေမှာ လိမ်လည်အလုပ်ခိုင်းစေခံနေရတယ်လို့ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (Interpol)ရဲ့ အချက်အလက်အရ သိရပါတယ်။

ခိုင်းစေတဲ့အတိုင်းမလိုက်နာတဲ့သူတွေဟာ ရိုက်နှက် နှိပ်စက်ခံရတာတင်မကဘဲ အဓမ္မပြုကျင့်တာတွေပါ ကြုံတွေ့ရပါတယ်။

“သူတို့ပြောတာ မနာခံလို့ အချုပ်ခန်းထဲ ၁၆ ရက်နေခဲ့ရတယ်။ ရေပဲတိုက်ပြီး သောက်ဖို့ပေးတဲ့ရေထဲမှာလည်း ဆေးလိပ်တို ဖင်ဆီခံတွေနဲ့ ပြာမှုန့်တွေ ပါနေတယ်”လို့ ရာဗီက ဘီဘီစီကို ပြောပါတယ်။

“ကျွန်တော်အချုပ်ခန်းထဲရောက်တာ ၅ ရက်နဲ့ ၆ ရက်လောက်ကြာတော့ ဘေးနားက အချုပ်ခန်းထဲကို မိန်းကလေး နှစ်ယောက်ရောက်တယ်။ သူတို့ကို ယောကျ်ားလေး ၁၇ ယောက်က မုဒိမ်းကျင့်တာကို ကျွန်တော့် မျက်လုံးနဲ့မြင်တွေ့ခဲ့ရတယ်”လို့ သူက ထပ်ပြောပြပါတယ်။

“မိန်းကလေးတစ်ယောက်ကတော့ ဖိလစ်ပိုင်နိုင်ငံသူပါ။ နောက်တစ်ယောက်ကတော့ ဘယ်နိုင်ငံသူလဲဆိုတာတော့ ကျွန်တော်သေချာမသိဘူး”

အရှေ့တောင်အာရှမှာ အွန်လိုင်းလိမ်လည်မှုပြုလုပ်တဲ့ အခရာကျတဲ့နိုင်ငံတွေထဲ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ပါဝင်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, BBC

ဘယ်သူတွေ လူကုန်ကူးခံနေရတာလဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၂၀၂၃ ခုနှစ်၊ သြဂုတ်လတုန်းက ကုလသမဂ္ဂရဲ့ ခန့်မှန်းတွက်ချက်မှုအရ မြန်မာနိုင်ငံသား တစ်သိန်းနှစ်သောင်းကျော်နဲ့ ကမ္ဘောဒီးယားနိုင်ငံသား တစ်သိန်းနီးပါးဟာ တရားမဝင်အွန်လိုင်းလောင်းကစားတွေကစလို့ ဒီဂျစ်တယ်ငွေကြေးလိမ်လည်မှုတွေအဆုံး များပြားလှတဲ့အွန်လိုင်းလိမ်လည်မှုတွေဟာ ဖိအားပေးအလုပ်ခိုင်းစေခံနေရတာပါ။

လာအို၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ထိုင်းစတဲ့နိုင်ငံတွေရဲ့ မြို့လယ်ကောင်တွေမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း တွေ ထပ်တိုးလုပ်ကိုင်နေကြသလို ဗီယက်နမ်နိုင်ငံမှာပါ တိုးချဲ့မှုအချို့တွေ့ရတယ်လို့ အင်တာပိုလ်ရဲ့ မနှစ်က စာတမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။

ဒါဟာ ဒေသတွင်းပြဿနာကနေ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးခြိမ်းခြောက်မှုအဖြစ် ကျယ်ပြန့်လာနေတယ်လို့ အင်တာပိုလ်ပြောခွင့်ရသူတစ်ဦးက ဘီဘီစီကိုပြောပြီး နိုင်ငံအများစုဟာ လိမ်လည်လုပ်ငန်းတွေရဲ့ ဗဟိုချက်ဖြစ်နေတာ၊ ခရီးတစ်ထောက် လမ်းကြောင်းတွေဖြစ်နေတာ ဒါမှမဟုတ် နိုင်ငံသားတွေဟာ လူကုန်ကူးခံရတဲ့အခြေအနေတွေနဲ့ပါဝင် ပတ်သက်နေကြပါတယ်။

လက်ရှိအချိန်အထိ ကမ္ဘောဒီးယားနိုင်ငံကို လူကုန်ကူးခံရတဲ့ အိန္ဒိယနိုင်ငံသား ၂၅၀ ကို ကယ်ထုတ်ခဲ့ရ တယ်လို့ အိန္ဒိယအစိုးရက အခုလအစောပိုင်းမှာ ထုတ်ပြန်ခဲ့သလို မတ်လတုန်းကတော့ တရုတ်ဟာ ရာနဲ့ချီတဲ့သူ့နိုင်ငံသားတွေကို မြန်မာမှာရှိတဲ့ ဆိုက်ဘာလိမ်လည်စင်တာတွေကနေ ပြန်လည်ခေါ်ယူခဲ့ရပါတယ်။

အဲဒီလို အွန်လိုင်းလိမ်လည်လုပ်ငန်းတွေရှိရာနေရာတွေကို ပိတ်သိမ်းဖို့ မြန်မာစစ်ကောင်စီကိုရော လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပါ ဘေကျင်းအစိုးရက ဖိအားပေးမှုတွေ ပိုတိုးလုပ်နေပါတယ်။

မြန်မာနိုင်ငံထဲက မတူညီတဲ့နေရာလေးခုမှာ သီရိလင်္ကာနိုင်ငံသား ၅၆ ဦးချုပ်နှောင်ခံနေရတယ်လို့ အာဏာပိုင်တွေ သိထားရပေမဲ့ အဲဒီထဲက ၈ ဦးကိုပဲ မြန်မာတာဝန်ရှိသူတွေရဲ့ အကူအညီနဲ့ ကယ်ထုတ်ထားနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာသီရိလင်္ကာသံအမတ်ကြီး ဂျနက ဘန်ဓရာက ဘီဘီစီကို ပြောပါတယ်။

အလုပ်ရဖို့ စိတ်ပြင်းပြနေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေပုံမှန်ရှိနေတာက အွန်လိုင်းငွေလိမ်လည်စခန်းတွေကို လည်ပတ်နေတဲ့သူတွေအတွက် ပစ်မှတ်ဖြစ်နေပါတယ်။

အရှေ့တောင်အာရှမှာ အွန်လိုင်းလိမ်လည်မှုပြုလုပ်တဲ့ အခရာကျတဲ့နိုင်ငံတွေထဲ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ပါဝင်ပါတယ်

နှစ်တိုင်းမှာ တောင်အာရှက သိန်းနဲ့ချီတဲ့အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ နည်းပညာကျွမ်းကျင်သူတွေဟာ အလုပ်ရှာဖို့ ပြည်ပထွက်ကြပါတယ်။

ကွန်ပျူတာကျွမ်းကျင်သူ ရာဗီတစ်ယောက် ဒေသခံအလုပ်ရှာပေးသူရဲ့ ဘန်ကောက်မြို့မှာ အချက် အလက်စာရင်းသွင်းသူ (Data Entry) အလုပ်ခေါ်နေတယ်ဆိုပြီး သိတဲ့အချိန်ဟာ စီးပွားရေးအကျပ် အတည်းဖြစ်နေတဲ့ သီရိလင်္ကာနိုင်ငံထဲကနေ သူထွက်ခွာဖို့ စိတ်စောနေခဲ့တဲ့အချိန်ပါ။

အလုပ်ခန့်မယ့်ကုမ္ပဏီဟာ ရာဗီကို အခြေခံလစာ သီရိလင်္ကာ ရူပီးငွေ သုံးသိန်းခုနှစ်သောင်း(အမေရိကန်ဒေါ်လာ ၁,၂၀၀) ပေးမယ်လို့ဆိုပြီး ဒူဘိုင်းနိုင်ငံက အလုပ်ရှာပေးသူနဲ့တွဲလုပ်တယ်ဆိုပြီး အလုပ်ခေါ်ယူသူက အာမခံပြောခဲ့ပါတယ်။

ကြင်စဦးဇနီးမောင်နှံဖြစ်တဲ့ ရာဗီနဲ့ သူ့အမျိုးသမီးတို့အတွက်တော့ ဒီအလုပ်သစ်ဟာ သူတို့အတွက် အိမ်တစ်လုံးဆောက်လို့ ရမယ်ဆိုပြီး အိပ်မက်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ဒီအလုပ်ရဖို့ အလုပ်ရှာပေးသူကို ပိုက်ဆံပေးနိုင်ဖို့ သူတို့ ငွေတွေ အလီလီချေးငှားခဲ့ရပါတယ်။

ထိုင်းကနေ မြန်မာဆီသို့

၂၀၂၃ ခုနှစ်အစောပိုင်းမှာ ရာဗီပါဝင်တဲ့သီရိလင်္ကာနိုင်ငံသားတစ်စုဟာ ဘန်ကောက်မြို့ကို အရင်အပို့ခံခဲ့ရပြီး အဲဒီကနေမှ ထိုင်းနိုင်ငံအနောက်ပိုင်းက မဲဆောက်မြို့ကို ပို့ဆောင်ခံရပါတယ်။

“ကျွန်တော်တို့ကို ဟိုတယ်တစ်လုံးဆီ ခေါ်သွားခဲ့ပေမဲ့ သိပ်မကြာခင်မှာပဲ သေနတ်သမားနှစ်ယောက်ဆီ လက်လွှဲပေးခဲ့တယ်။ သူတို့က မြစ်ကိုဖြတ်ပြီး ကျွန်တော်တို့ကို မြန်မာနိုင်ငံဘက်ခြမ်းကို ခေါ်သွားခဲ့တယ်” လို့ ရာဗီက ပြောပါတယ်။

အဲဒီနောက် သူတို့ကို တရုတ်စကားပြော ဂိုဏ်းခေါင်းဆောင်တွေစီမံလည်ပတ်တဲ့စခန်းကို ထပ်လွှဲ ပြောင်းပါတယ်။ ပြီးတော့ ဓာတ်ပုံရိုက်ကူးခွင့်မရှိဘူးဆိုတာကိုလည်း တိတိလင်းလင်းပြောပါတယ်။

“ကျွန်တော်တို့ အရမ်းကြောက်နေခဲ့တယ်။ သီရိလင်္ကာနိုင်ငံသားတွေအပြင် ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အာဖရိကနိုင်ငံတွေက လူငယ်ယောကျ်ားလေး၊ မိန်းကလေးအယောက် ၄၀ လောက်ကို ဒီစခန်းထဲမှာ ဖိအားပေးထိန်းသိမ်းခဲ့တာပါ”လို့ သူက ပြောပါတယ်။

၂၀၀၉ ခုနှစ်၊ စက်တင်ဘာ ၈ ရက်နေ့တုန်းက တရုတ် - မြန်မာနယ်စပ်မြို့ဖြစ်တဲ့ လောက်ကိုင်မြို့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အွန်လိုင်းလောင်းကစား၊ မူးယစ်‌ဆေးဝါးနဲ့ ‌ငွေလိမ်လုပ်ငန်းတွေအခရာကျတဲ့ နေရာတစ်ခုဖြစ်တဲ့ မြန်မာနယ်စပ်မြို့ လောက်ကိုင်မြင်ကွင်း

အဲဒီအဆောက်အအုံတွေထဲကနေ ထွက်ပြေးလွတ်မြောက်သွားတာမျိုးမရှိအောင် နံရံမြင့်မြင့်တွေနဲ့ သံစည်းကြိုးတွေက ကာကွယ်ပေးထားပြီး လက်နက်ကိုင်ထားသူတွေက နာရီနဲ့အမျှ စောင့်ကြည့်နေကြတဲ့အကြောင်း ရာဗီက ဆက်ပြောပြပါတယ်။

ရာဗီရဲ့ ပြောကြားချက်အရတော့ သူရော၊ အခြားသူတွေပါ တစ်နေ့ကို အလုပ်ချိန် ၂၂ နာရီ ဖိအားပေးခိုင်းစေခံခဲ့ရပြီး တစ်လလုံးမှတစ်ရက်ပဲ နားခွင့်ရပါတယ်။ တစ်နေ့မှာ အနည်းဆုံး အမျိုးသားသုံးဦးကို ပစ်မှတ်ထားဖို့ မျှော်မှန်းထားကြတာပါ။

မနာခံတဲ့သူတွေဟာ ရိုက်နှက်နှိပ်စက်တာတွေကြုံတွေ့ရပြီး ငွေပေးတော့မှသာ ဒီဘေးကနေ လွတ်မြောက်နိုင်ပါတယ်။

အဲဒီလိုတသွေမတိမ်းလုပ်ခဲ့ရသူက အိန္ဒိယနိုင်ငံသား အသက် ၂၁ နှစ်အရွယ် နီးလ် ဗီဂျေးဖြစ်ပါတယ်။ သူဟာ အိန္ဒိယအနောက်ပိုင်း၊ မဟာရာရှာထရာမြို့ကလာပြီး ၂၀၂၂ ခုနှစ်၊ သြဂုတ်လတုန်းက အိန္ဒိယအမျိုးသား ၅ ဦး၊ ဖိလစ်ပိုင်အမျိုးသမီးနှစ်ဦးနဲ့အတူ မြန်မာနိုင်ငံကို လူကုန်ကူးခံခဲ့ရသူဖြစ်ပါတယ်။

သူ့အမေရဲ့ ငယ်သူငယ်ချင်းဖြစ်သူက ဘန်ကောက်မြို့မှာရှိတဲ့ ဖုန်းခေါ်ဆိုကိုပြန်လည်လက်ခံဖြေကြားတဲ့ဝန်ဆောင်မှု(Call Centre)တစ်ခုမှာ အလုပ်ရမယ်လို့ ကတိပေးခဲ့ပြီး ပွဲစားခအဖြစ် အိန္ဒိယရူပီးငွေ တစ်သိန်းခွဲ(အမေရိကန်ဒေါ်လာ ၁,၈၀၀) ပေးခဲ့ရတယ်လို့ နီးလ်က ဘီဘီစီကို ပြောပါတယ်။

“အဲဒီမှာတရုတ်စကားပြောတဲ့သူတွေ လည်ပတ်နေတဲ့ ကုမ္ပဏီတွေအများကြီးရှိတယ်။ အကုန်လုံးက လူလိမ်တွေချည်းပဲ။ ကျွန်တော်တို့ကို အဲဒီကုမ္ပဏီတွေဆီ ရောင်းလိုက်တာလေ” လို့ နီးလ်က ဆိုပါတယ်။

“အဲဒီနေရာကိုရောက်သွားချိန် ကျွန်တော်ဆိုမျှော်လင့်ချက်ကိုမဲ့သွားတာပဲ။ မေမေသာ သူတို့တောင်းဆိုတဲ့ငွေပမာဏကို ပြန်မပေးခဲ့ရင် အခြားသူတွေလိုပဲ ကျွန်တော်လည်းနှိပ်စက်ခံနေရမှာလေ”

အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ မလုပ်နိုင်ဘူးလို့ သူငြင်းဆန်ပြီးတဲ့နောက် နီးလ်မိသားစုတွေဟာ သူလွတ်မြောက်လာအောင် လက်နက်ကိုင်တွေဆီ အိန္ဒိယရူပီးငွေ ၆ သိန်း (အမေရိကန်ဒေါ်လာ ၇၁၉၀) ပေးခဲ့ရပါတယ်။ အဲဒီလိုမပေးခင်မှာ သူဟာ သတ်မှတ်ချက်ပြည့်မီအောင် မရှာဖွေပေးနိုင်သူတွေ ဒါမှမဟုတ် တောင်းတဲ့ငွေကိုမပေးနိုင်သူတွေကို ရက်ရက်စက်စက် အပြစ်ပေးခဲ့တာတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

သူလွတ်မြောက်လာပြီးတဲ့နောက် အိန္ဒိယနိုင်ငံကို ထိုင်းအာဏာပိုင်တွေရဲ့ အကူအညီနဲ့ ပြန်ရောက်ခဲ့ပါတယ်။ အဲဒီမှာ သူ့မိသားစုက ဒေသခံအလုပ်ပွဲစားတွေကို တရားစွဲထားပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုလူကုန်ကူးခံရတဲ့ အိန္ဒိယအမျိုးသားတစ်ဦးကို သူ့ရဲ့ နိုင်ငံကူးလက်မှတ်နဲ့တကွ တွေ့မြင်ရစဉ်

ဓာတ်ပုံ ရင်းမြစ်, NOPPORN WICHACHAT

ဓာတ်ပုံ ပုံစာ, နှစ်ပတ်နီးပါးအကြာမှာတော့ ထိုင်းအာဏာပိုင်တွေအကူအညီနဲ့ နီးလ် အိန္ဒိယပြန်ရောက်ခဲ့ပါတယ်

အလားတူ လိမ်လည်စေခိုင်းခံရသူတွေ နေရပ်ပြန်နိုင်အောင် ကူညီဖို့ ထိုင်းအာဏာပိုင်တွေက အခြားနိုင်ငံတွေနဲ့ လက်တွဲ လုပ်ကိုင်နေပါတယ်။ ဒါပေမဲ့ ထိုင်းတရားရေးဌာနရဲ့ အကြီးတန်းအရာရှိတစ်ဦးက တော့ အိမ်နီးချင်းနိုင်ငံတွေမှာ လည်ပတ်နေတဲ့ငွေလိမ်စခန်းတွေထဲ မတရားထိန်းသိမ်းခံထားရတဲ့အရေအတွက်နဲ့ နှိုင်းယှဉ်ရင် ပြန်လည်ကယ်ထုတ်နိုင်တဲ့ပမာဏဟာ အနည်းငယ်ပဲရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။

“ကမ္ဘာကြီးနဲ့ ပိုပြီးချိတ်ဆက်ဆောင်ရွက်ဖို့လိုတယ် .. ဒီရာဇဝတ်ဂိုဏ်းတွေနဲ့ပတ်သက်လို့ လူတွေကိုအသိပညာ ပေးဖို့လိုတယ်။ ဒါမှသာ သားကောင်မဖြစ်အောင် သူတို့ကိုယ်တိုင်ကာကွယ်နိုင်လိမ့်မယ်” လို့ ထိုင်းနိုင်ငံ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က ဒုတိယညွှန်ကြားရေးမှူးချုပ် ပီယ ရက်ဆကူက ပြောပါတယ်။

အိန္ဒိယနဲ့ သီရိလင်္ကာအပါအဝင် နိုင်ငံအများစုက ပြည်သူတွေဟာ ဆိုက်ရောက်ဗီဇာနဲ့ ထိုင်းနိုင်ငံကိုဝင်ရောက်နိုင်တာကြောင့် လူကုန်ကူးသမားတွေဟာ ဒေသတွင်းမှာ ဘန်ကောက်မြို့ကို သူတို့လုပ်ငန်းခရီးစဥ်မှာ အခရာကျတဲ့နေရာအဖြစ် အများစုအသုံးပြုကြတယ်လို့ သူကဆက်ပြောပါတယ်။

“ဒီတော့ ရာဇဝတ်သားတွေက ဒါကို အခွင့်ကောင်းယူပြီးတော့ သူတို့အတွက် အလုပ်လုပ်ပေးမယ့် သူတွေကို မှောင်ခိုကူးလာကြတယ်” လို့ သူက ဖြည့်စွက်ပြောပါတယ်။

လိမ်လည်မှုတွေ ဘယ်လိုလုပ်လဲ

လူချမ်းသာတွေ အထူးသဖြင့် အနောက်နိုင်ငံတွေက လူချမ်းသာတွေကို ပစ်မှတ်ထားဖို့ စေခိုင်းခံရပြီး ခိုးယူထားတဲ့ဖုန်းနံပါတ်၊ ဆိုရှယ်မီဒီယာအကောင့်တွေနဲ့ စကားပြောပလက်ဖောင်းတွေကို အသုံးပြုကာ ချစ်သူနှစ်ဦးဆက်ဆံရေးတစ်ခုဖြစ်လာအောင် တည်ဆောက်ခိုင်းတယ်လို့ ရာဗီက ပြောပါတယ်။

သားကောင်တွေနဲ့ တိုက်ရိုက်ဆက်သွယ်စကားပြောရသလို “ဟိုင်း”လိုမျိုး နှုတ်ဆက်စကားရိုးရိုးကို မှားယွင်းပို့မိပါတယ်ဆိုတဲ့ပုံစံကို မကြာခဏအသုံးပြုပြီး ပထမဆုံးပို့တဲ့စာကြောင်းမှာတင် သူတို့တွေရဲ့ ယုံကြည်မှုရအောင် လုပ်ကြပါတယ်။

အချို့လူတွေကတော့ စာတွေကို ဝင်မဖတ်ကြဘူးလို့ ရာဗီကပြောပေမဲ့ အထီးကျန်နေတဲ့သူ ဒါမှမဟုတ် လိင်မှုကိစ္စရှာဖွေနေသူတွေကတော့ ချိတ်ထားတဲ့ငါးစာကို လာဟပ်တတ်ပါတယ်။

သူတို့ကအဲဒီလိုစာပို့ပြောဆိုနေချိန်မှာပဲ ပစ်မှတ်ကို ပိုပြီး စွဲဆောင်နိုင်ဖို့ စခန်းထဲမှာရှိတဲ့ အမျိုးသမီးငယ်အုပ်စုကတော့ ဖိအားပေးခံရပြီး အဖော်အချွတ်ဓာတ်ပုံတွေ အရိုက်ခံကြရတာပါ။

ထိုင်းအာဏာပိုင်တွေကယ်ဆယ်ခံရတဲ့ နစ်နာသူတစ်ဦး မြစ်ကိုဖြတ်သန်းနေတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, NOPPORN WICHACHAT

ဓာတ်ပုံ ပုံစာ, အိန္ဒိယနိုင်ငံသား နစ်နာသူ နီးလ်ကို ထိုင်းအာဏာပိုင်တွေ ပြန်လည်ကယ်ထုတ်ပြီး လုံခြုံရေးနဲ့အတူ မြစ်ကိုဖြတ်ကူးနေစဉ်

ရက်အနည်းငယ်အတွင်း ရာနဲ့ချီတဲ့ စာတွေအပြန်အလှန်ပို့ကြပြီးတဲ့နောက် လိမ်လည်သူတွေဟာ ဒီအမျိုးသားတွေရဲ့ ယုံကြည်မှု ပိုတိုးရလာပြီး အွန်လိုင်းကုန်သွယ်မှုပလက်ဖောင်းအတုတွေမှာ ငွေပမာဏ ခပ်များများ ရင်းနှီးမြှုပ်နှံလာအောင် သွေးဆောင်းဖြားယောင်းပါတော့တယ်။

အက်ပလီကေးရှင်းအတုတွေမှာတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ အကျိုးအမြတ်ဆိုင်ရာ အချက်အလက်အမှားတွေကို ဖော်ပြထားပါတယ်။

“လူတစ်ယောက်က အမေရိကန်ဒေါ်လာ တစ်သိန်းလွှဲပေးတယ်ဆိုရင် သူတို့ရတဲ့ အမြတ်ငွေလို့ပြောပြီး ဒေါ်လာ ငါးသောင်းကို ကျွန်တော်တို့ပြန်လွှဲပေးလိုက်တယ်။ သူတို့ဟာ အမေရိကန်ဒေါ်လာ တစ်သိန်းခွဲရှိနေပြီဆိုပြီး အထင်ကြီးအောင်လုပ်လိုက်တယ် .. လက်တွေ့မှာက သူတို့အစက ပေးထားတဲ့ အမေရိကန်ဒေါ်လာ တစ်သိန်းထဲက တစ်ဝက်ကိုပဲ သူတို့ပြန်ရတာ၊ တစ်ဝက်က ကျွန်တော်တို့ဆီ ကျန်ခဲ့တာပါ” လို့ ရာဗီက ရှင်းပြပါတယ်။

လိမ်လည်သူတွေဟာ သားကောင်တွေဆီကနေ ရနိုင်သမျှယူပြီးပြီဆိုရင် သူတို့ရဲ့စာပို့တဲ့အကောင့်တွေနဲ့ ဆိုရှယ်မီဒီယာပရိုဖိုင်းတွေကို ကိုယ်ယောင်ဖျောက်လိုက်ကြပါတော့တယ်။

အခုလိုလိမ်လည်မှုတွေရဲ့ အတိုင်းအဆကို ခန့်မှန်းတွက်ချက်ဖို့ခက်ခဲပေမဲ့ FBI ရဲ့ ၂၀၂၃ ခုနှစ်၊ အင်တာနက် ရာဇဝတ်မှုအစီရင်ခံစာအရဆိုရင် အမေရိကန်ပြည်ထောင်စုမှာ ယုံကြည်မှု ဒါမှမဟုတ် အချစ်ရေးအသုံးချလိမ်လည်မှုတွေနဲ့ပတ်သက်လို့ တိုင်ကြားချက် တစ်သောင်းခုနစ်ထောင်ကျော်ရှိပြီး အမေရိကန်ဒေါ်လာ ၆၅၂ သန်း ဆုံးရှုံးခဲ့ပါတယ်။

စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ အမာရွတ်တွေအကြောင်း

ချုပ်နှောင်ခံရပြီးတဲ့နောက်မှာတော့ ရာဗီပြောတာက သူ ပထမဆုံးလုပ်ခဲ့တဲ့ ''ကုမ္ပဏီ'' ဒေဝါလီခံခဲ့တယ်လို့ဆိုပြီး နောက်ထပ်ဂိုဏ်းတစ်ဂိုဏ်းဆီ ထပ်မံရောင်းချခံရတယ်လို့ပြောပြပါတယ်။ ဒါဟာ မြန်မာမှာ ပိတ်မိခဲ့တဲ့ ခြောက်လတာအတွင်း မတူတဲ့ရာဇဝတ်ဂိုဏ်းသုံးဂိုဏ်းကို လက်လွှဲရောင်းချခံခဲ့ရတာလည်းဖြစ်ပါတယ်။

ရာဗီကတော့ သူလူတွေကို ဆက်ပြီး လိမ်လည်လှည့်ဖျားတာမလုပ်နိုင်တော့လို့ သီရိလင်္ကာကို ပြန်ခွင့်ပေးပါတော့လို့ ဂိုဏ်းခေါင်းဆောင်အသစ်တွေကို တောင်းပန်ပြောဆိုခဲ့ရပါတယ်။

တစ်ရက်မှာတော့ အဖွဲ့ခေါင်းဆောင်နဲ့ ထိပ်တိုက်တွေ့ရာကနေ ခိုက်ရန်ဖြစ်ပွားတဲ့အထိ ဖြစ်ခဲ့တာကြောင့် ရာဗီတစ်ယောက် အချုပ်ခန်းထဲအပို့ခံရပြီး ၁၆ ရက်ကြာ နှိပ်စက်ခံခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ ရာဗီကို တရုတ်သူဋ္ဌေးဆိုသူ လာရောက်တွေ့ခဲ့ပြီး သူ့ရဲ့ ကွန်ပျူတာဆော့ဝဲလ်ဆိုင်ရာကျွမ်းကျင်မှုကြောင့် အခွင့်အရေးအသစ်အဖြစ် နောက်တကြိမ်အလုပ်ဆက်လုပ်ဖို့ “နောက်ဆုံးအခွင့်အရေး” ဆိုပြီးကမ်းလှမ်းခဲ့ပါတယ်။

“ကျွန်တော့်မှာ ရွေးချယ်စရာမရှိခဲ့ဘူး။ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်တခြမ်းမလှုပ်နိုင်တော့ဘူးလေ” လို့ သူက ဆက်ပြောပြပါတယ်။

ပြောင်းစိုက်ခင်းကို ဖြတ်သန်းမောင်း‌နှင်နေတဲ့ ညစ်ပတ်နေတဲ့ ကုန်တင်ကား‌ရှေ့ မှန်ကနေ တွေ့မြင်ရတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, NOPPORN WICHACHAT

ဓာတ်ပုံ ပုံစာ, မြန်မာ ဆိုက်ဘာရာဇဝတ်စခန်းကနေ ပြန်လည်လွတ်မြောက်လာသူတစ်ဦးက နယ်စပ်ဖြတ်ကျော်နေချိန် ရိုက်ကူးထားတဲ့ဓာတ်ပုံဖြစ်ပါတယ်

နောက်ထပ်လေးလကြာတဲ့အထိ ဖုန်းကွန်ရက်နဲ့ အင်တာနက်လိပ်စာ ခြေရာခံတာကို ဖျောက်နိုင်တဲ့ ကွန်ရက်အတု(VPN)၊ ဉာဏ်ရည်တု(Artificial Intelligence)အက်ပလီကေးရှင်းတွေနဲ့ သုံးဖက်မြင် 3D ဗီဒီယိုကင်မရာတွေကို အသုံးပြုပြီး ဖေ့စ်ဘုတ်အကောင့်တွေကို ရာဗီ ဖွင့်ခဲ့ရပါတယ်။

တချိန်တည်းမှာပဲ နာမကျန်းဖြစ်နေတဲ့ သီရိလင်္ကာက မိခင်ဆီ အလည်ပြန်ခွင့်ပေးဖို့ ရာဗီ တောင်းဆိုနေခဲ့ပါတယ်။

ကယ်လို့ ရာဗီက ပြန်ရွေးငွေ သီရိလင်္ကာရူပီးငွေခြောက်သိန်း(အမေရိကန်ဒေါ်လာ ၂,၀၀၀)နဲ့ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခ၊ မြစ်ကူးခတွေအဖြစ် ထပ်တိုးငွေ ရူပီး နှစ်သိန်း (အမေရိကန်ဒေါ်လာ ၆၅၀) ပေးနိုင်ရင် နေရပ်ပြန်ခွင့်ပေးမယ်လို့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်က သဘောတူခဲ့ပါတယ်။

သူ့မိဘတွေဟာ အိမ်ကိုအပေါင်ခံကာ ငွေချေးပေးပြီး ရာဗီဆီ လွှဲပြောင်းပေးပြီးနောက်တော့ မဲဆောက်မြို့ကို ပြန်ပို့ခံရပါတယ်။

ထိုင်းလေဆိပ်ရောက်ချိန်မှာ ဗီဇာမရှိဘဲနေထိုင်တာကြောင့် ထိုင်းဘတ်ငွေ နှစ်သောင်း (အမေရိကန်ဒေါ်လာ ၅၅၀) ဒဏ်ကြေးပေးဆောင်ရချိန်မှာတော့ ရာဗီ မိဘတွေလည်း နောက်ထပ်ငွေကြေးချေးယူခဲ့ရပြန်ပါတယ်။

“သီရိလင်္ကာကို ပြန်ရောက်ချိန်မှာတော့ ကျွန်တော့်မှာ ရူပီး ၁၈ သိန်းခွဲ (အမေရိကန်ဒေါ်လာ ၆၁၀၀) အကြွေးရှိနေပြီ” လို့ ရာဗီက ပြောပြပါတယ်။

အခုတော့ ရာဗီ အိမ်ပြန်နိုင်ပြီဆိုပေမဲ့ သူ့ရဲ့ ကြင်ယာ အသစ်စက်စက်လေးကိုတွေ့ဖို့တော့ ခဲယဉ်းနေပါသေးတယ်။

“ဒီအကြွေးတွေကို ပြန်ဆပ်ဖို့ နေ့ရော ညရော ဂိုဒေါင်မှာ အလုပ်လုပ်နေရတယ်။ အတိုးပေးဖို့လည်း ကျွန်တော်တို့နှစ်ယောက်လုံးရဲ့ လက်ထပ်လက်စွပ်တွေ ပေါင်ထားရတယ်” လို့ ရာဗီတစ်ယောက် နာနာကျင်ကျင်နဲ့ပြောပြပါတယ်။