နာမည်ကြီး တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်း ရုပ်ရှင်ကို စစ်ကောင်စီကန့်ကွက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်ရုပ်ရှင်ဖန်တီးသူတွေ ရိုက်ကူးထုတ်လုပ်ထားတဲ့ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေရဲ့သားကောင်ဖြစ်ရသူတွေအကြောင်းအခြေခံ No More Bets ရုပ်ရှင်ကားဟာ မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ညှိုးနွမ်းထိခိုက်စေခဲ့တယ်ဆိုပြီး စစ်ကောင်စီဘက်က တရုတ်ဘက်ကို ကန့်ကွက်ပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံ၊ နန်နင်းမြို့မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်း က ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နိုင်ငံခြားရေးရုံးက ညွှန်ကြားရေးမှူးနဲ့ တွေ့ဆုံပြီး အခုလို ကန့် ကွက်တာဖြစ်ပါတယ်။
ဒီလိုကန့်ကွက်တဲ့အကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း လူမှုကွန်ရက်ကနေ တစ်ဆင့် သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီဖြစ်ရပ်မတိုင်ခင်ကလည်း ကမ္ဘောဒီးယားနိုင်ငံက ပြည်တွင်းမှာ ဒီရုပ်ရှင်ကို မပြသဖို့အထိ တရုတ်ဘက်ကို ကန့်ကွက်ထားပါတယ်။
ဒီရုပ်ရှင်ဟာ လစာကောင်းမယ်ဆိုတဲ့ မက်လုံးကြောင့် အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံထဲကို ဖြားယောင်းသွေးဆောင်ခံရ၊ လူဆိုးဂိုဏ်းတစ်ခုလက်အောက်ကိုရောက်ပြီး အွန်လိုင်းလောင်းကစားငွေလိမ်လုပ်ငန်းမှာ အတင်းအဓမ္မ စေခိုင်းခံရတဲ့ တရုတ် ကွန်ပျူတာ ပရိုဂရမ်မာတစ်ဦးနဲ့ မော်ဒယ်တစ်ဦးတို့အကြောင်း ရုပ်ရှင်ဖြစ်ပါတယ်။
သူတို့တွေဟာ အလုပ်ရှင်တွေလို့ခေါ်ကြသူတွေရဲ့ အကျဥ်းချ နှိပ်စက်မှုကိုခံရ ပါတယ်။၊ သားကောင်တွေကို ရှာဖွေပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ လောင်းကစားလုပ်လာအောင်ဆွဲဆောင်တာလည်း လုပ်ရပါတယ်။ ၊ သူတို့ရဲ့ဒီလိုလုပ်ရပ်ကြောင့် ဂူတန်းရှီဆိုတဲ့ အမျိုးသားတစ်ဦး လောင်းကစားစွဲလမ်းပြီးတဲ့နောက် ငွေကုန်တဲ့အခါ အဆောက်အအုံပေါ်ကနေ ခုန်ချဖို့ ကြိုးပမ်းလို့ ရည်းစားဖြစ်သူက ရဲကိုအသိပေး၊ ရဲက နောက်က ငွေလိမ်ဂိုဏ်းကို ဖော်ထုတ်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
ဒီရုပ်ရှင်ထဲမှာ မြန်မာနိုင်ငံရယ်လို့ ပေါ်ပေါ်ထင်ထင် ပြသဖန်တီးထားတာ မရှိပါဘူး။
ဒါပေမဲ့ ဇာတ်လမ်းဇာတ်အိမ် အခင်းအကျင်းတွေဟာ ပြင်ပမှာ တကယ်ရှိတဲ့ ဒီအွန်လိုင်း ငွေလိမ် လုပ်ငန်းတွေကို အမြစ်ဖြတ်နှိမ်နင်းဖို့အထိ တရုတ်အစိုးရက မြန်မာစစ်ကောင်စီကို တိုက်တွန်းနေတဲ့ မြန်မာပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်က အခြေအနေတွေနဲ့ ဆင်တူနေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOFA
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြန်မာစစ်ကောင်စီ ကောင်စစ်ဝန်ချုပ်ကတော့ ‘’ No More Bets ရုပ်ရှင်ကားဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကြောင့် ထိခိုက်ရတဲ့ဇာတ်ကောင်တွေအကြောင်း ဖြစ်ပေမဲ့ ဇာတ်လမ်းကျောရိုးတွေဟာ မြန်မာနဲ့ ဆက်စပ်နေတာနဲ့ တရုတ်နိုင်ငံသားတွေလည်း မြန်မာပြည်ကို လာဖို့ စိုးရိမ်နေကြပြီဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတယ်’’ လို့ ပြောဆိုခဲ့တဲ့အကြောင်း သတင်းမှာ ဖော်ပြပါတယ်။
လက်ရှိမှာ မြန်မာဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့အတူ ပူးပေါင်းပြီး အွန်လိုင်းရာဇဝတ်မှုတွေကို တိုက်ဖျက်နေပေမဲ့ တရုတ်ရုပ်ရှင် No More Bets ကို တရုတ်ပြည်မှာရော ကမ္ဘာတစ်ဝန်းမှာပါ ပြသနေတာကြောင့် မြန်မာ့ပုံရိပ် ညှိုးနွမ်းစေတယ်ဆိုပြီး သူက ထည့်ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။
တရုတ်-မြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ တရုတ်နိုင်ငံသားတွေ ပစ်မှတ်ထားခံနေရတာကြောင့် လုပ်ငန်းတွေကို နှိမ်နင်းဖို့ တရုတ်ဘက်က မြန်မာကို မပြတ်တောင်းဆိုနေတာဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းရဲ့ မေလတုန်းက မြန်မာခရီးစဥ်အတွင်း၊ နောက် ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးသံအမတ်ကြီးနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတို့ သြဂုတ်လတုန်းက ဆုံချိန်တွေမှာ ဒီလုပ်ငန်းတွေ နှိမ်နင်းရေး တောင်းဆိုခဲ့ဖူးပါတယ်။
ဒါ့အပြင် တရုတ်ဟာ အွန်လိုင်းလောင်းကစားလုပ်ငန်းနဲ့ လူကုန်ကူးမှုးအပါအဝင် နယ်စပ်ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့ ဆိုပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယားက ရဲတပ်ဖွဲ့တွေ သြဂုတ်လအတွင်းမှာပဲ အထူးစစ်ဆင်ရေးတစ်ရပ် စခဲ့ကြပါတယ်။
အခု မြန်မာစစ်ကောင်စီက ကန့်ကွက်တဲ့ No More Bets ရုပ်ရှင်ဟာ တရုတ်ပြည်တွင်းမှာ သြဂုတ်လအတွင်း စတင်ရုံတင်တာဖြစ်ပြီး တရုတ်ယွမ်ငွေ သန်း လေးထောင်နီးပါး အထိ ဝင်ငွေရတဲ့ အောင်မြင်တဲ့ရုပ်ရှင်ကား တစ်ကားဖြစ်ပါတယ်။
တရုတ်နိုင်ငံအတွင်းမှာ အောင်မြင်နေတဲ့ ဒီကားကို ဆက်လက်ပြသတာ မလုပ်ဖို့ ကမ္ဘောဒီးယားနိုင်ငံဘက်ကလည်း ပြီးခဲ့တဲ့ရက်တွေအတွင်း တရုတ်ဘက်ကို တောင်းဆိုထားပါတယ်။
ကမ္ဘောဒီးယား ယဥ်ကျေးမှုဝန်ကြီးဌာန ပြောခွင့်ရသူကတော့ ဒီရုပ်ရှင်ဟာ အွန်လိုင်းငွေလိမ်မှုတိုက်ဖျက်ရေး အတွက် တရုတ်နိုင်ငံသားတွေကို ပညာပေးဖို့ တရုတ်ဘက်က ရိုက်ကူးတဲ့ရုပ်ရှင်ဖြစ်ပေမဲ့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ပုံရိပ်ကို ရိုက်ခတ်မှုရှိတယ်လို့ ဒေသတွင်းသတင်းတွေကို ပြောထားပါတယ်။
ရုပ်ရှင်ကားထဲ ကမ္ဘောဒီးယားစာသားတွေ သုံးတာကိုလည်း တွေ့ရပေမဲ့ ပြည်ပမှာ ရိုက်ကူးတဲ့ ရုပ်ရှင်ဖြစ်သလို ထုတ်လုပ်ပြီးသား ရုပ်ရှင်ဖြစ်တာကြောင့် ကြိုကန့်ကွက်လို့ မရခဲ့ပေမဲ့ အခုတော့ ဒီရုပ်ရှင်ကို ပြသမှုရပ်ဖို့ တရုတ်ကို တောင်းဆိုထားတယ်လို့ သူကပြောပါတယ်။
တဖက်မှာလည်း မြန်မာစစ်ကောင်စီဟာ တရုတ်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းနေပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းကို ဦးဆောင်သူလို့ ယူဆရတဲ့တရုတ်နိုင်ငံသားအပါ အဝင် လူပေါင်း ၂၀ ကျော်ကို မြန်မာစစ်ကောင်စီရဲတပ်ဖွဲ့က တရုတ်အာဏာပိုင်တွေကို လွှဲပြောင်းပေးထားပါတယ်။
တရုတ်-မြန်မာနယ်စပ်မှာလည်း အလားတူနှိမ်နင်းမှုတွေဆက်ရှိနေပြီး စက်တင်ဘာ လဆန်းက ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) က ဝ ဒေသထဲက အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၂၀၇ ဦးကို တရုတ်နိုင်ငံကို လွှဲပေးခဲ့ပြီး မြန်မာဘက်ကနေ အများဆုံးလွှဲပေးမှု ဖြစ်ပါတယ်။
နောက် မြန်မာ-တရုတ်နယ်စပ်မြို့ လောက်ကိုင်မှာ အွန်လိုင်း ငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၃၇၇ ဦးကို ဖမ်းဆီးထားပြီး တရုတ်ဘက်ကို လွှဲပြောင်းဖို့ရှိတယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ဘီဘီစီကို ပြောထားပါတယ်။








