ထိုင်းက ဖမ်းဝရမ်းထုတ်ဖို့ ပြင်တဲ့အပေါ် ဗိုလ်မှူးကြီးစောချစ်သူ ဘာပြောလဲ

ရွှေကုက္ကိုနဲ့ ဗိုလ်မှူးကြီးစောချစ်သူ သရုပ်ဖော်ပုံ
ဓာတ်ပုံ ပုံစာ, ရွှေကုက္ကိုနဲ့ ဗိုလ်မှူးကြီးစောချစ်သူ သရုပ်ဖော်ပုံ

ကရင်နယ်ခြားစောင့်တပ်(BGF) ရဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူအပါအဝင် ထိပ်တန်းခေါင်းဆောင်တွေကို လူကုန်ကူးမှုသံသယနဲ့ ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းအထူးစုံစမ်းစစ် ဆေးရေးဌာန(DSI) က ပြင်ဆင်နေတယ်လို့ ထုတ်ပြောလာပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မုတ်သုံ၊ ဗိုလ်မှူးတင်ဝင်းတို့ကို ဖမ်းဝရမ်းထုတ်နိုင်အောင်လည်း လိုအပ်တဲ့သက်သေအထောက်အထားတွေကို DSI က ရှေ့နေချုပ်ဆီကို တင်ပြသွားဖို့ရှိတယ်လို့လည်း ထိုင်းတရားရေးဝန်ကြီးက ဖေဖော်ဝါရီ ၁၁ ရက်မှာ ပြောပါတယ်။

ဒီလိုထိုင်းဘက်က အသံထုတ်ပြောဆိုလာမှုနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးစောချစ်သူကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဘီဘီစီ - ထိုင်းဘက်က ဗိုလ်မှူးကြီးစောချစ်သူကို လူကုန်ကူးမှုတွေနဲ့ဆက်စပ်ပြီး ဝရမ်းထုတ်ဖို့ ထိုင်းအထူးစုံစမ်းစစ် ဆေးရေးဌာန(DSI)က ပြင်ဆင်နေတယ်လို့ထုတ်ပြောလာပါတယ်။ ဗိုလ်မှူးကြီးအနေနဲ့ ဘယ်လိုသိထားပါသလဲ။

ဗိုလ်မှူးကြီးစောချစ်သူ - သတင်းတွေထဲမှာ ထွက်လာတာ ကျွန်တော့်ကို ဝရမ်းထုတ်ဖို့ဆိုတာမှာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးပြောချင်တာက ကျွန်တော် ထိုင်းနိုင်ငံမှာဘာများဝရမ်းထုတ်တဲ့အထိကို လုပ်မိတာရှိပါသလဲ။ ထိုင်းနိုင်ငံကို ကျွန်တော်ဘာများ ပုန်ကန်တာရှိပါသလဲ။ ကျွန်တော့်ကို ဝရမ်းကပ်မယ်ဆိုရင် ဘယ်ပုဒ်မကို အဓိကထားပြီး ထုတ်မှာလဲပေါ့။ ကျွန်တော်က လူကုန်ကူးကိုလိုက်ပြီးတိုက်ဖျက်တာပဲ။လူကုန်ကူးခံရသူတွေကို ကျွန်တော်က အများကြီးပြန်ပြီးပို့ပေးခဲ့တာပဲ။ ပို့ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ပို့ပေးခဲ့တာကို သတင်းကထွက်မလာဘူး။ ကျွန်တော်ကူညီနိုင်တာကိုကူညီတဲ့အပေါ် လုံးဝသတင်းကို မထွက်လာပါဘူး။ ထိုင်းနယ်စပ်ကနေ ထိုင်းစစ်တပ်ဆီကို ကျွန်တော်လက်လွှဲပြီးပို့ပေးတာအများကြီးပါပဲ။

ဘီဘီစီ- ထိုင်းကဘာကြောင့် ဒီလိုဝရမ်းထုတ်ဖို့ပြောလာတာဘာကြောင့်လို့ ယူဆပါသလဲ။

ဗိုလ်မှူးကြီးစောချစ်သူ - ကျွန်တော်ပြောချင်တာက ထိုင်းနယ်စပ်မှာကျွန်တော်နေလာတာ နှစ်ပေါင်း ၃၀ ကျော်ပြီ။ ထိုင်းနဲ့ ကျွန်တော် ညီအစ်ကိုလိုနေတာပေါ့နော်။ထိုင်းနိုင်ငံကိုလိုအပ်တဲ့အကူအညီတွေ ကျွန်တော်ကူညီခဲ့ဖူးတာလည်း အများကြီးရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအရင်က ထိုင်းမှာအလုပ်ရင်း ထိုင်းသူဌေးကိုသတ်တာတို့လို အမှုတွေဆို ကျွန်တော်တို့ ပြန်လည်ဖမ်းဆီးပေးပြီး အပ်နှံပေးတယ်။ နောက်ပတ္တရားမှာ တရုတ်အချင်းချင်းသတ်ပြီး မြဝတီကိုထွက်ပြေးလာတုန်းကလည်း ကျွန်တော်တို့ ဖမ်းဆီးပေးခဲ့ပါတယ်။ အခုကျွန်တော်စဥ်းစားလို့မရတာ ကျွန်တော့်ကို ဝရမ်းထုတ်မယ်ဆိုတာကိုပဲ။ အဓိကအဲဒီ လူမှောင်ခိုတွေကဘယ်ကလာလဲ။ အခုလုပ်နေတဲ့ အွန်လိုင်းကျားဖြန့်လုပ်ငန်းတွေက ကျွန်တော်တို့ သွားခေါ်လာတာလည်းတစ်ယောက်မှမရှိပါဘူး။ ပြောရမယ်ဆိုရင် ရှင်းရှင်းလေးပဲ ထိုင်းနိုင်ငံကိုဖြတ်လာပြီးတော့ တရားမဝင်တဲ့ အပေါက်ကနေ ကူးလာတဲ့သူတွေချည်းပဲ။ ကျွန်တော်လည်းလက်မခံပါဘူး။ လာရာလမ်းကနေပြန်ပို့ပါတယ်။ အခုလည်းငြိမ်မနေပါဘူး။ အဲဒီကိစ္စကိုရှင်းရှင်းလင်းလင်းဖြစ်အောင်လည်းလုပ်မှာပါ။

ဘီဘီစီ- အခုလက်ရှိအခြေအနေအရ ထိုင်း - တရုတ်ဘက်က ဖိအားပေးမှုတွေရှိလာတော့ မြဝတီထဲက ကျားဖြန့်တွေကို ဘယ်လိုနှိမ်နင်းမလဲ။ ထိုင်းအပြင် နိုင်ငံတချို့က ဒီလို စွပ်စွဲမှုတွေလုပ်လာနိုင်တာအတွက် ဘယ်လိုများ ပြင်ဆင်ထားပါသလဲ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဗိုလ်မှူးကြီးစောချစ်သူ - အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းလုပ်မှာပါ။ ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်မှုကို မကြာခင်မှာစတင်တော့မှာပါ။ကျားဖြန့်/လူမှောင်ခို နှိမ်နင်းရေးအထူးအဖွဲ့ကိုကျွန်တော်တို့ ဖွဲ့စည်းပြီး အကောင်အထည်ဖော်ပါမယ်။ ဖေဖော်ဝါရီလကုန်အထိ ဒီကိစ္စကိုပဲကျွန်တော်ကိုယ်တိုင်ထိုင်ပြီးကွပ်ကဲပြီးလုပ်ဆောင်မယ်။ ကျွန်တော်တောင်းဆိုချင်တာကတော့ အခုလာတဲ့သူတွေဟာ များသောအားဖြင့်ထိုင်းဗီဇာနဲ့လာတဲ့သူတွေချည်းပဲ။ အခုကျွန်တော် တစ်ရက်ကို ၆၀/၇၀ ပြန်လွှဲပို့တာတွေကလည်း အချိန်တော်တော်လေးကို ကြန့်ကြာတယ်။ ကြန့်ကြာတာဘယ်လိုကြောင့်လဲဆိုတော့ စာရွက်စာတမ်းတွေ သံရုံးတွေကိုပို့ရတယ်။ သံရုံးအကြောင်းကြားပြီး အစိုးရအချင်းချင်းပြန်ပို့တဲ့စနစ်က ကြန့်ကြာတဲ့အတွက် ဒီထက်ပိုမြန်မယ့်စနစ်နဲ့ပြန်ပို့ဖို့ကို ကျွန်တော် တောင်းဆိုချင်တယ်။ ချစ်ကြည်ရေးတံတားပေါ်ကနေ တရားဝင်ပြန်ပို့စေချင်တယ်။ ကျွန်တော် ကယ်ထုတ်ခဲ့တာလည်းရာနဲ့မက ထောင်နဲ့မက အများကြီးပဲ။ သံရုံးတွေကတဆင့် လူ ၃,၀၀၀ လောက်ပြန်ပို့ပေးခဲ့တယ်။ ကျွန်တော်ကူညီခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ကူညီတဲ့အရာမရောက်ပါဘူး။ ဒါကြောင့်အခုတော့ အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ တသုတ်တသုတ် ၄၀၀/၅၀၀ ကို ဖမ်းဆီးပြီး ကိုယ်တိုင်အရေးယူစနစ်ကို စတင်လုပ်ပါတော့မယ်။

ဘီဘီစီ - ထိုင်းအထူးစုံစမ်းစစ်ရေးဘက်က အခုလိုပြောဆိုလာမှုက ဗိုလ်မှူးကြီးအတွက် BGF အတွက်အန္တရာယ်ရှိပါသလား။

ဗိုလ်မှူးကြီးစောချစ်သူ - အခုလို ထိုင်းဘက်က ဝရမ်းထုတ်မယ်လို့ လုပ်တယ်ဆိုတော့ ဒါက ကျွန်တော်တို့အတွက် အန္တရာယ်အများကြီးရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီဝရမ်းထုတ်မယ်ဆိုတဲ့ အရှေ့ပိုင်းမှာ ကျွန်တော် ဘာများလုပ်မိလို့လဲ။ သက်သေအထောက်အထားကျွန်တော့်ကိုပြပါ။ ကျွန်တော်ကူညီတာကလည်း ကူညီရာမရောက်ဘူး။ တရုတ်နိုင်ငံသားတွေအချင်းချင်းရောင်းစားတာ၊ အနိုင်ကျင့်တာတွေနဲ့ ရောင်းစားခံရတာတွေက ကျွန်တော်တို့ ကူညီတာမပြောနဲ့ တချို့သောနေရာတွေမှာဆိုရင် ကျွန်တော်တို့ ငွေနဲ့ပဲရွေးပြီးတော့ ပြန်ပို့ခဲ့တာတွေလည်း အများကြီးပဲ။ စာရင်းဇယားတွေအားလုံးရှိတယ်။ အိန္ဒိယနိုင်ငံသားတို့ တရုတ်နိုင်ငံသားတို့ ဗီယက်နမ်တို့ မလေးရှားတို့ ကမ္ဘောဒီးယားတို့ လာအိုတို့ နောက်ပြီးတော့ ဂျပန်နိုင်ငံသားတွေလည်းပါတယ်။ ကျွန်တော်တို့ပြန်ပို့ပေးတာအများကြီးပဲ။ ကျွန်တော်တို့မှာလည်း သတင်းအချက်အလက်မှတ်တမ်းမှတ်ရာတွေအကုန်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တရားဝင်တံတားပေါ်မှာ ပြန်ပို့တာမဟုတ်ဘဲ သူတို့လားရာလမ်းကိုပြန်ခိုင်းတော့ ထိုင်းစစ်တပ်နယ်စပ်ဂိတ်မှာ နယ်စပ်ဂိတ်ဖြတ်သန်းဖြတ်လာလုပ်တဲ့နေရာမှာ ပြန်ပို့ခဲ့တာလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ဒီလိုဝရမ်းထုတ်ဖို့လုပ်တယ်ဆိုတော့ ကျွန်တော်စိတ်မကောင်းဖြစ်မိတာ အမှန်ပဲ။ အမှန်ပဲ။

ဘီဘီစီ - မြဝတီမှာ ကျားဖြန့်လုပ်ငန်းတွေရှိတယ်လို့ စွပ်စွဲခံနေရတာကို ဒီခရိုင်ထဲမှာထိန်းချုပ်ထားတဲ့ လက်နက်ကိုင်တပ်တွေက ဝင်ရောက်စစ်‌ဆေးတာအရေးယူတာဘာကြောင့်မလုပ်နိုင်တာလဲလို့ ဝေဖန်ကြပါတယ်။ ဘာကြောင့်မလုပ်နိုင်တာပါလဲ။

ဗိုလ်မှူးကြီးစောချစ်သူ - ရွှေကုက္ကိုမှာ လွန်ခဲ့တဲ့ ၈ နှစ်၊ ၉ နှစ်တုန်းက MIC ( မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်) မှာ NLD အစိုးရလက်ထက်ကတည်းက တရားဝင်အိမ်ရာစီမံကိန်းဆိုပြီးခွင့်ပြုချက်နဲ့ ဆောင်ရွက်ထားတာရှိတယ်။ အဲဒီစီမံကိန်းတွေကိုတည်ဆောက်ရင်း တည်ဆောက်ရင်းနဲ့ အဲဒီအွန်လိုင်းကျားဖြန့်လုပ်ငန်းနဲ့ ပါဝင်ပတ်သက်လာကြတော့ ကျွန်တော်လည်းနာမည်ပျက်ခဲ့တာပေါ့။ အခုလည်း ဒီလူမှောင်ခို/ကျားဖြန့်တွေကို ထိုင်းနဲ့ တရုတ်က နှိမ်နင်းရေးမှာ ကျွန်တော်တို့ကလည်းပူးပေါင်းဖို့လုပ်ဆောင်ဖို့အဆင်သင့်ပါပဲ။ လုပ်ခဲ့တာတွေလည်းသတင်းမထွက်ပါဘူး။ အခု ထိုင်း - မြန်မာအမှတ် ၂ တံတားကနေ ပြန်လည်လွှဲပြောင်းရေးတွေကိုလည်း မကြန့်ကြာအောင်ပူးပေါင်းကူညီကြဖို့ကိုတောင်းဆိုချင်ပါတယ်။