တရုတ်ပစ်မှတ်ထားလာတဲ့ BGF ဗိုလ်ချစ်သူရဲ့ ကျားဖြန့်အခက်

ထိုင်း - မြန်မာနယ်စပ် ကရင်ဘက်ခြမ်း မြဝတီဒေသထဲက ကျားဖြန့်ဂိုဏ်းတွေရဲ့ ခေါင်းထောင်မှုကို ထိန်းမရဖြစ်လာချိန်မှာ တရုတ်အစိုးရ က ''ဇင်ယော် '' လို့ နာမည်ပေးထားတဲ့ ကျားဖြန့်နှိမ်နင်းမယ့်စစ်ဆင်ရေး ကို တရားဝင် ထုတ်ပြောလာပါတယ်။
မြန်မာနဲ့ ထိုင်း အပါအဝင် အာဆီယံ ၅ နိုင်ငံနဲ့ ပူးပေါင်းမယ့် ''ဇင်ယော်'' စစ်ဆင်ရေး ဒုတိယလှိုင်းကို သင့်တော်တဲ့အချိန်မှာ ဖော်ဆောင်တော့မယ်လို့ တရုတ် က ကြေညာပါတယ်။
၂၀၂၅ နှစ်စ ဇန်နဝါရီမှာ မြန်မာတောင်ပိုင်းက ကျားဖြန့်ဂိုဏ်းတွေကို ပစ်မှတ်ထားတဲ့ တရုတ်ရဲ့ အစီ အစဥ်တွေက ဆက်တိုက်ဆိုသလို အချိန်ကိုက်ဖြစ်လာတာကိုလည်း ထင်ထင်ရှားရှားမြင်လာရပါတယ်။
တရုတ်အစိုးရ ဟာ ထိုင်းနယ်စပ် မြန်မာဘက်ခြမ်း က ကျားဖြန့်ဂိုဏ်းတွေမှာ တရုတ်နိုင်ငံသား သောင်းနဲ့ချီ လူကုန်ကူးခံထားရတယ်ဆိုတဲ့ အကြောင်းပြချက်ပေးပြီး အဲဒီလုပ်ငန်းတွေကို နှိမ်နင်းဖို့ ထိုင်းအစိုးရနဲ့ စစ်တပ်ကို ဖိအားပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, WSTV
အဲဒီလို ဖိအားပေးတောင်းဆိုမှုတွေလုပ်ခဲ့တဲ့နောက် ထိုင်းစစ်တပ်က မြန်မာစစ်တပ်ရဲ့ ဒုတိယစစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ တွေ့ပြီး ငွေလိမ်ဂိုဏ်းတွေကိုနှိမ်နင်းဖို့ သဘောတူခဲ့ပါတယ်။
တချိန်တည်းမှာပဲ နိုင်ငံတောင်ပိုင်းက အင်အားကြီးလက်နက်ကိုင်တပ်ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ ကလည်း ဒီကျားဖြန့်လုပ်ငန်းတွေကို နိုင်ငံတကာပူးပေါင်းနှိမ်နင်းလိုတယ်လို့ ထုတ်ပြောပါတယ်။
ဒီလိုဘက်ပေါင်းစုံက မြဝတီ၊ရွှေကုက္ကိုဒေသထဲက ကျားဖြန့်ပြဿနာအခက်ကို အချက်ကျကျနှိမ်နင်းဖို့ ပြင်နေကြချိန်မှာပဲ ကရင်နယ်ခြားစောင့်တပ် BGF က ဒီလုပ်ငန်းတွေကို နှိမ်နင်းသုတ်သင်မယ်လို့ ထုတ်ပြန်ပါတယ်။
သူ့ထိန်းချုပ်နယ်မြေထဲက ကျားဖြန့်ဂိုဏ်းတွေရှိတဲ့ လုပ်ငန်းတွေကို ဒေသတွင်းမိတ်ဖက်အဖွဲ့တွေ၊ ဒေသ အာဏာပိုင်တွေအပြင် နိုင်ငံတကာနဲ့ပါ လက်တွဲနှိမ်နင်းမယ်လို့ ပြောပါတယ်။
မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ထားတဲ့ မြဝတီခရိုင်အတွင်းက ကျားဖြန့်ဂိုဏ်းတွေရဲ့ အခက် က ဘယ်သူတွေရဲ့ အချက်ဖြစ်လာမလဲ။
မြဝတီဒေသထဲမှာ စစ်တပ်အုပ်ချုပ်မှုရှိနေလား

ဓာတ်ပုံ ရင်းမြစ်, MOI
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နှစ်နိုင်ငံနယ်စပ်က ကျားဖြန့်တွေနှိမ်နင်းဖို့သာမက လူကုန်ကူးမှုတွေအတွက်ပါ ထိုင်းဘုရင့်ကြည်းတပ်ရဲ့ ဗိုလ်ချုပ်ကြီး ဒီရတ်ဘွန်ခရမ်က မြန်မာစစ်တပ်ရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို နေပြည်တော်မှာ လူကိုယ်တိုင်သွားတွေ့ပါတယ်။
ဗိုလ်ချုပ်ကြီး ဒီရတ် ဘွန်ခရမ်ဟာ ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ်ရုံး အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌဖြစ်သလို အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေးစင်တာ (NCCC) ရဲ့ တာဝန်ခံတစ်ဦးပါ။
ဒီတွေ့ဆုံမှုမှာ နှစ်ဖက်စစ်တပ်ကြား သတင်းအချက်အလက်တွေ အပြန်အလှန်ဖလှယ်ပြီး လူကုန်ကူးမှုနဲ့ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ နေပြည်တော်က သတင်းထုတ်ပါတယ်။
စစ်ကောင်စီကတော့ မြဝတီမြို့၊ ရွှေကုက္ကိုမြို့သစ်နဲ့ KK Park အပြင် အနီးတဝိုက်ကနေရာတွေမှာ တရားမဝင် စီးပွားရေးလုပ်ငန်းတွေနဲ့ လည်ပတ်နေတယ်လို့ ဘီဘီစီ ကို ဇန်နဝါရီလထဲမှာဖြေထားပါတယ်။
လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံရှိပြီး ရှုပ်ထွေးနေတယ်လို့ဆိုသလို "တရုတ်နိုင်ငံအတွင်းထဲက တရုတ်နိုင်ငံသားနဲ့ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာတဲ့ တချို့နိုင်ငံသားတွေက ဦးဆောင်ပြီး ကျားဖြန့်လုပ်ငန်းတွေကို လည်ပတ်နေတာ" လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
မြဝတီမြို့ထဲက ရွှေကုက္ကိုမြို့သစ်နဲ့ မယ်ထော်သလေး ကျေးရွာအနီး က KK Park (ကေကေပါ့ခ်)၊ အင်းကြင်းမြိုင်နဲ့ ဒေါင်မေဥယျာဉ်တို့ဟာ စစ်ကောင်စီနဲ့ နှစ် ၃၀ နီးပါးလက်တွဲခဲ့တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ကို ဦးဆောင်တဲ့ ဗိုလ်မှူးကြီး စောချစ်သူရဲ့ ဩဇာခံနယ်မြေတွေဖြစ်ပါတယ်။
စစ်တပ်အနေနဲ့ အဲဒီနေရာတွေမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ လုံလောက်အားကောင်းတဲ့ အုပ်ချုပ်မှုယန္တရားမရှိသေးဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်း က စစ်တပ်စခန်းတွေ အခြေစိုက်တာမရှိတဲ့အကြောင်း ဖြေပါတယ်။
ဒါ့အပြင် မြဝတီမြို့ထဲက ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုတပ်မတော် (DKBA) ထိန်းချုပ်ထားတဲ့ နေရာတွေမှာလည်း ကျားဖြန့်နဲ့ လောင်းကစားလုပ်ငန်းတွေ ရှိနေတယ်လို့ ဘီဘီစီရဲ့မြေပြင်ရင်းမြစ်ကပြောပါတယ်။
အာဆီယံနဲ့ တရုတ်ဖိအား ဘယ်လိုရှိလဲ

ဓာတ်ပုံ ရင်းမြစ်, တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန
ထိုင်း-မြန်မာနယ်စပ်တလျှောက်က ကျားဖြန့်အရေးနဲ့ပတ်သက်လို့ အာဆီယံဝန်ကြီးအဆင့်တွေ တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ တတိယအပတ်ထဲမှာပဲ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့ပါတယ်။
အဲဒီပွဲကို ထိုင်းဝန်ကြီးချုပ် ပေထုန်တန်နဲ့ စစ်ကောင်စီပို့ဆောင်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးလည်း တက်ရောက်ခဲ့ပါတယ်။
ဒီတွေ့ဆုံမှုကနေ ကျားဖြန့်နှိမ်နင်းရေးမှာ ဒေသတွင်း တရားရေးစနစ်အပိုင်း ပူးပေါင်းဆောင်ရွက်တာတွေလုပ်မယ်ဆိုတဲ့ ကြေညာစာတမ်း ရလဒ်ထွက်လာပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ပါဝင်တဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး (Anti Online Scam၊ WG-AS) အဖွဲ့ကို ဖွဲ့စည်းပြီး မူဝါဒပိုင်းဆိုင်ရာချမှတ်ရေးဆောင်ရွက်မယ့်အပြင် ရာဇဝတ်မှုနှိမ်နင်းပြီး တရားစီရင်ရေးပါ ပူးပေါင်းဆောင်ရွက်မယ်လို့ စာတမ်းက ဖော်ပြပါတယ်။
တချိန်တည်းမှာပဲ "ဇင်ယော်" အထူးစစ်ဆင်ရေး ဒုတိယလှိုင်းကို တရုတ်ဘက်က ထုတ်ပြောလိုက်တာပါ။
ဒီစစ်ဆင်ရေးကနေ ဆက်သွယ်ရေးလိမ်လည်မှုတွေနဲ့ ကွင်းဆက်ရာဇဝတ်မှုတွေကို အာရုံစိုက်တိုက်ဖျက်မှာဖြစ်ပြီး နိုင်ငံအသီးသီးက ပျောက်ဆုံး၊ ပိတ်လှောင်ခံနေရတဲ့ ပြည်သူတွေကို ကယ်ဆယ်သွားမယ်လို့ တရုတ်က ပြောထားပါတယ်။
ဇင်ယော် စစ်ဆင်ရေးမှာ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စတဲ့ အာဆီယံ ၅ နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ပါဝင်ပါတယ်။
၂၀၂၃ ခုနှစ် စက်တင်ဘာလ က စတင်တယ်လို့ နားလည်ရတဲ့ အဲဒီ ၆ နိုင်ငံ ပူးပေါင်းလှုပ်ရှားခဲ့တဲ့ ပထမ စစ်ဆင်ရေးမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ဒေသက လောက်ကိုင်မြို့အပါအဝင် "ဝ" နဲ့ မိုင်းလားဒေသ နောက်ပြီး ထိုင်း-မြန်မာနယ်စပ်က တာချီလိတ်မြို့က ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းခဲ့ပါတယ်။
ပထမစစ်ဆင်ရေးအတွင်း လူပေါင်း ၇ သောင်းကျော်ကို ဖမ်းမိခဲ့ပြီး ရာဇဝတ်မှုလုပ်ငန်းတွေထဲက လူ ၁၆၀ ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ တရုတ်က ဆိုပါတယ်။
တရုတ်နိုင်ငံသားတွေ ထိုင်းဘက်ကနေ မြန်မာဘက်ခြမ်း လူကုန်ကူးခံရတဲ့အမှုတွေ ပေါ်ထွက်လာတဲ့နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း မြန်မာတောင်ပိုင်းက အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ လူကုန်ကူးမှုတွေကို တရုတ်နဲ့ ပူးပေါင်းနှိမ်နင်းဖို့ အာဆီယံနိုင်ငံတွေကို အသိပေးလိုက်ပါတယ်။
တရုတ်ပြည်သူ့လုံခြုံရေးဌာနကလည်း နိုင်ငံခြားမှာ ပိတ်မိနေတဲ့ တရုတ်နိုင်ငံသားတွေကို ကယ်တင်ဖို့ အားကောင်းခိုင်မာတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းမယ့်အကြောင်း တရုတ်နိုင်ငံပိုင် ရုပ်သံစီစီတီဗီကနေ ကြေညာပြန်ပါတယ်။
မြန်မာပြည်တောင်ပိုင်းက ကျားဖြန့်လုပ်ငန်းတွေကို တရုတ်ဖိအားပေးအာရုံစိုက်နေချိန်မှာပဲ စစ်ကောင်စီက ကျားဖြန့်လုပ်တဲ့သူတွေ သက်ဆိုင်ရာနိုင်ငံတွေဆီ လွှဲပြောင်းပေးခဲ့တဲ့ စာရင်းကို နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်ပါတယ်။
၂၀၂၃ အောက်တိုဘာကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ဒုတိယပတ်အထိ မြန်မာမှာ တရားမဝင်နေထိုင်ပြီး ကျားဖြန့်နဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၅၃,၃၈၈ ဦး (၅ သောင်း ၃ ထောင်ကျော်)၊ ထိုင်းနိုင်ငံသား ၆၀၀ ကျော်အပြင် တခြားနိုင်ငံသားရာနဲ့ချီကို သက်ဆိုင်ရာနိုင်ငံတွေဆီ လွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်ကဆိုပါတယ်။
တရုတ်ရဲ့ ဆက်တိုက်ဖြစ်လာတဲ့ ဒီလှုပ်ရှားမှုတွေကြောင့် တရုတ်ဟာ ကရင်ထဲက ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းခွင့်ရသွားမယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိပါတယ်။
BGF ဘာပြောလဲ

တရုတ်၊အာဆီယံနဲ့ အိမ်နီးချင်းထိုင်းတို့ရဲ့ ခပ်သွက်သွက်လှုပ်ရှားလာတဲ့ ကျားဖြန့် နှိမ်နင်းရေးအစီအစဥ်တွေနောက်မှာ ကရင်နယ်ခြားစောင့်တပ် BGF က ဒီအရေးကို အာရုံစိုက် တုံ့ပြန်လာပါတယ်။
မြန်မာဘက်ခြမ်း မြဝတီထဲမှာ လူကုန်ကူးခံလိုက်ရတဲ့ တရုတ်နိုင်ငံသား သရုပ်ဆောင် ဝမ်ရှင်းကို ပြန်တွေ့ခဲ့တဲ့နေရာကို BGF ထိပ်ပိုင်းအရာရှိတွေက ဦးဆောင်စစ်ဆေးပြီး ဇန်နဝါရီလထဲမှာပဲ ချိပ်ပိတ်လိုက်တယ်လို့ BGF ရဲ့ ဒုတိယ ဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဘီဘီစီ ကို ပြောပါတယ်။
အဲဒီနေရာက မင်းလက်ပံနဲ့ အင်ကြင်းမြိုင်ရွာကြားထဲမှာရှိတဲ့ တရုတ်လုပ်ငန်းခွင် တစ်ခုဖြစ်ပြီး အရပ်အခေါ် ဒေါင်မေဥယျာဉ်လို့ လူသိများပါတယ်။
ဒါ့အပြင် နယ်စပ်တလျှောက်က ဒုစရိုက်မှုတွေနဲ့ ပတ်သက်လို့ မြဝတီဒေသထဲကို တရုတ်လုပ်ငန်းရှင်တွေကို သတိပေးတားမြစ်တာတွေလုပ်ခဲ့သလို ကျူးလွန်တဲ့သူတွေကို ဖော်ထုတ်အရေးယူနေတယ်လို့ ဇန်နဝါရီ နောက်ဆုံးအပတ်မှာ ဗိုလ်မှူးကြီးစောချစ်သူရဲ့ ကရင်နယ်ခြားစောင့်တပ် BGF က သတင်းထုတ်ပြန်လာပါတယ်။
နောက်ပြီး သတင်းရရှိတဲ့ လူကုန်ကူးမှုတွေကိုလည်း သက်ဆိုင်ရာဒေသအာဏာပိုင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေအပါအဝင် သံတမန်တွေနဲ့ အစဉ်တစိုက် ဆက်သွယ်ပူးပေါင်းဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
တရုတ်ဘက်က သင့်တော်တဲ့အချိန်မှာ စတင်မယ်လို့ ကြွေးကြော်ထားတဲ့ "ဇင်ယော် "ကျားဖြန့်စစ်ဆင်ရေး ဒုတိယလှိုင်းကိုလည်း BGF အနေနဲ့ ကြိုဆိုပြီး လက်တွဲပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဗိုလ်မှူးကြီးနိုင်မောင်ဇော်က ဘီဘီစီ ကို တုံ့ပြန်ပါတယ်။
BGF ဟာ ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ဆက်နွှယ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ် သူက ငြင်းဆို ပါတယ်။
"ကျွန်တော်တို့က ဝင်ပြီး ပတ်သက်နေတာမဟုတ်ပါဘူး၊ မြေငှားခအနေနဲ့ ပဲသွားတာ၊ လုပ်ငန်းရှင်တွေက အဆောက်အဦတွေ ဆောက်ပြီး လုပ်ငန်းကြီးတွေလုပ်ပြီး အခုလို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတော့မှ သိရတာ" လို့ ဗိုလ်မှူးကြီးနိုင်မောင်ဇော် က ပြောပါတယ်။
ဒါ့အပြင် မြဝတီဒေသထဲက လုပ်ငန်းဆိုက်အလိုက် ၅ နှစ်ကနေ ၁၀ နှစ်သက်တမ်းအထိရှိတဲ့ မြေငှားရမ်းစာချုပ်တွေ တရုတ်လုပ်ငန်းရှင်တွေနဲ့ ချုပ်ဆိုထားတယ်လို့ သူက ပြောထားပါတယ်။
ထိုင်းအာဏာပိုင်တွေအနေနဲ့လည်း မြဝတီဒေသထဲက ဒုစရိုက်လုပ်ငန်းတွေမှာ နစ်နေတဲ့သူတွေကို မကြာခဏတောင်းခံလာတာတွေကြောင့် BGF လက်အောက်မှာရှိတဲ့ လုပ်ငန်းဆိုက်တွေကနေ ရအောင်ရှာဖွေဖော်ထုတ်ပြီး ပြန်ပို့ဆောင်ပေးနေတာတွေရှိတယ်လို့ BGF ကပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့လည်း BGF က "လူမှောင်ခိုကိစ္စတွေ ထပ်မဖြစ်ဖို့ နှစ်နိုင်ငံနယ်စပ်မျဉ်းတွေမှာ တင်းကျပ်သောလုံခြုံရေးချထားဖို့ ထိုင်းနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်" လို့ ဗိုလ်မှူးကြီးနိုင်မောင်ဇော် က ဘီဘီစီကိုပြောပါတယ်။
KNU နဲ့ NUG ဘာပြောလဲ

ဓာတ်ပုံ ရင်းမြစ်, WSTV
မြန်မာက ဆိုက်ဘာရာဇဝတ်မှုလုပ်ငန်းတွေကို ပူးပေါင်းနှိမ်နင်းဖို့ တရုတ်အပါအဝင် အာဆီယံ ၅ နိုင်ငံကို ကရင်အမျိုးသားအစည်းအရုံး (KNU)က တောင်းဆိုစာလည်းထွက်ပေါ်ခဲ့ပါတယ်။
KNU ကတော့ အဲဒီထုတ်ပြန်စာကို တော်လှန်ရေးမိတ်ဖက်အဖွဲ့တွေနဲ့ ညှိနှိုင်းပြီးမှထုတ်ပြန်တာလို့ ဘီဘီစီ ကို ပြောပါတယ်။
စစ်အာဏာသိမ်း ၄ နှစ်အတွင်း မြန်မာပြည်တွင်းက နယ်စပ်ဖြတ်ကျော် ဆိုက်ဘာရာဇဝတ်မှုလုပ်ငန်းတွေမှာ မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်တွေ၊ ပြည်သူ့စစ်နဲ့ သူတို့ရဲ့မဟာမိတ်အဖွဲ့တွေက လုံခြုံရေးယူပေးနေတာလို့ KNU က ပြောပါတယ်။
ဒီရာဇဝတ်မှုတွေကို နှိမ်နင်းဖို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကူအညီက မရှိမဖြစ်လိုအပ်တယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောပြီး ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ လာအိုနိုင်ငံတို့နဲ့ သတင်းအချက်အလက်တွေမျှဝေဖို့ကို KNU က တောင်းဆိုထားပါတယ်။
ဒါ့အပြင် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ တရားဥပဒေစိုးမိုးမှု ပျက်ယွင်းပြီး မြန်မာစစ်တပ် မအုပ်စီးနိုင်တဲ့နေရာတွေမှာ ဒီလိုရာဇဝတ်မှုတွေ တဟုန်ထိုးကြီးထွားလာခဲ့တာလို့ သူက ထောက်ပြပြောဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ရာဇဝတ်မှုလုပ်ငန်းတွေကို ကိုင်တွယ်ဖို့ စစ်ကောင်စီပြုတ်ကျမှရမယ်လို့ မှတ်ချက်ပြုပါတယ်။
"အုပ်ချုပ်မှုနဲ့ တရားဥပဒေစိုးမိုးနိုင်မှု အားနည်းတဲ့ စစ်ကောင်စီကို ဖြုတ်ချပြီးမှ အဖွဲ့အစည်းပေါင်းစုံအပြင် ပြည်နယ်ဒေသအာဏာပိုင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး အုပ်ချုပ်ရေးပြန်စတင်နိုင်ပြီဆိုရင် ဒီရာဇဝတ်မှုတွေ ပျောက်သွားနိုင်ပါတယ်" လို့ ပဒိုစောတောနီး က ဘီဘီစီကို ဖြေပါတယ်။
မြန်မာမှာ အခြေစိုက်လိမ်လည်နေတဲ့ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေမှာ နိုင်ငံပေါင်း ၂၁ နိုင်ငံက လူပေါင်း ၆,၀၀၀ ကျော် ထိန်းသိမ်းခံနေရပြီး ထက်ဝက်ကျော်အရေအတွက်က တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ လူကုန်ကူးမှုတွေကို စုံစမ်းဖော်ထုတ်တဲ့ အရပ်ဖက်အဖွဲ့အစည်း Civil Society Network for Victim Assistance in Human Trafficking ရဲ့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။
စစ်ကောင်စီအနေနဲ့ လုပ်ဆောင်နေပေမယ့် စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်းကြောင့် ကျားဖြန့်လုပ်ငန်းတွေနှိမ်နင်းတာကို အပေါ်ယံသာ လုပ်ဆောင်နေတာဖြစ်ပြီး ဒီရာဇဝတ်ဂိုဏ်းတွေက အကျိုးစီးပွားဖက်ဖြစ်နေတာကြောင့် တကယ်နှိမ်နင်းမယ့် အလားအလာမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က လည်း ဝေဖန်ပါတယ်။
NUG အနေနဲ့ ငွေလိမ်ဂိုဏ်း(ကျားဖြန့်) ကျူးလွန်သူတွေကို ထိရောက်စွာအရေးယူပြီး နစ်နာတဲ့သူတွေကို အကာအကွယ်ပေးနိုင်ဖို့ အိမ်နီးချင်းအပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ လက်တွဲဖို့အသင့်ရှိတယ်လို့ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်က ငွေလိမ်ဂိုဏ်းတွေကြောင့် ခရီးသွားလုပ်ငန်း၊ နယ်စပ်လုံခြုံရေးနဲ့ ဒေသတည်ငြိမ်ရေးတွေကိုပါ ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ NUG က ပြောပါတယ်။
နယ်စပ်မှာ မြန်မာဒုက္ခသည် လူငယ်၊ လူရွယ်တွေလည်း အများအပြားရှိနေတာကြောင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုဂိုဏ်းတွေရဲ့ ပစ်မှတ်ဖြစ်လာနိုင်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သတိပေး ပြောဆိုပါတယ်။
ဒီလိုအခြေအနေတွေကြောင့် လူထုကို အသိပညာပေးဖြန့်ဝေတားဆီးဖို့လိုသလို ကျားဖြန့်နွံထဲရောက်နေတဲ့ သူတွေကိုလည်း အိမ်နီးချင်းနိုင်ငံတွေနဲ့ သံခင်းတမန်ခင်းအရ ဆက်သွယ်ဆောင်ရွက်သွားဖို့ရှိတယ်လို့ ဒေါ်ဇင်မာအောင် က ဘီဘီစီကို ဖြေပါတယ်။
ကျားဖြန့်လုပ်တဲ့သူတွေ မြဝတီထဲ ဘယ်လိုရောက်လာလဲ

ဓာတ်ပုံ ရင်းမြစ်, Natty loves Myanmar
အွန်လိုင်းငွေလိမ်လုပ်ငန်းတွေရှိတဲ့ မြဝတီ၊ ရွှေကုက္ကိုမြို့သစ်ထဲကို လမ်းကြောင်း ၂ ကြောင်းနဲ့ ခိုးဝင်နေတယ်လို့ ဘီဘီစီဆက်သွယ်မေးမြန်းခဲ့တဲ့ ရွှေကုက္ကိုသတင်းရင်းမြစ် ၅ ဦးထက်မနည်းက ဖွင့်ပြောပါတယ်။
ပထမလမ်းကြောင်းကတော့ ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ကနေ စက်လှေနဲ့ သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ခိုးဝင်ကြတာဖြစ်ပါတယ်။
နောက်လမ်းကြောင်းတစ်ခုကတော့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ "ဝ"အုပ်ချုပ်ခွင့်ရဒေသကတဆင့် ကျိုင်းတုံ ကို ဖြတ်ပြီး တောင်ကြီး-မန္တလေးလမ်းကြောင်းကနေ မြဝတီမြို့အထိ အကျိုးဆောင်တွေနဲ့ ဆက်သွယ်ပြီး ခိုးဝင်ကြတာဖြစ်ပါတယ်။
မြဝတီဒေသထဲက ကျားဖြန့်လုပ်ငန်းတွေမှာ နိုင်ငံခြားသားအစုံဝင်ရောက်လုပ်ကိုင်နေကြပြီး တရုတ်နိုင်ငံသားအများဆုံးနဲ့ အောက်ခြေဝန်ထမ်းတွေကတော့ မြန်မာလူမျိုးတွေဖြစ်တယ်လို့ မေးမြန်းခွင့်ရသူတွေကပြောပြပါတယ်။
"အုပ်ချုပ်ရတဲ့ ရာထူးကြီးပိုင်းတွေက တရုတ်လူမျိုးတွေချည်းပဲ၊ အောက်ခြေဝန်ထမ်းတွေထဲမှာတော့ မြန်မာအပြင် ထိုင်း၊ အင်ဒိုနီးရှား၊ လာအို၊ ဗီယက်နမ်နဲ့ မလေးရှားနိုင်ငံသားတွေလည်းရှိတယ်" လို့ လက်ရှိရွှေကုက္ကိုလ်ထဲရှိနေတဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
မြဝတီမြို့ထဲက နိုင်ငံခြားသား လုပ်ငန်းရှင်နဲ့ အလုပ်သမားတွေရဲ့ နေထိုင်ခွင့်အထောက်အထားနဲ့ ပတ်သက်လို့ ဘီဘီစီက မြန်မာစစ်တပ်နဲ့ BGF တို့ကို မေးခွန်းထုတ်ခဲ့ပါတယ်။
စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြဝတီဒေသထဲကို ဝင်ရောက်လာတဲ့သူအများစုဟာ ထိုင်းနိုင်ငံကတဆင့် တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်ခဲ့ကြတာလို့ ဘီဘီစီကို အစောပိုင်းကတည်းက ပြောထားပါတယ်။
အလားတူ BGF ရဲ့ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်ကလည်း မြဝတီဒေသထဲရောက်လာတဲ့ နိုင်ငံခြားသားတွေက ထိုင်းကတဆင့် မြဝတီမြို့ထဲက ရွှေကုက္ကိုနဲ့ KK Park ထဲကို ဝင်လာခဲ့တယ်လို့ ဘီဘီစီကိုပြောပါတယ်။
နောက်ပြီး မြဝတီမြို့ထဲက နိုင်ငံခြားသားလုပ်ငန်းရှင်တွေက ဒေသအလိုက် ခွင့်ပြုထားတဲ့ မှတ်တမ်းနဲ့ နေထိုင်ရတယ်လို့ သူက ဆက်ပြောပါတယ်။
"ဒေသန္တရ မှတ်ပုံတင်ရတယ်၊ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့မရဘူး၊ ဒါမှလည်း လူပျောက်တာတို့၊ တစ်ခုခုဖြစ်တာတို့ဆိုသိရမှာ" လို့ သူကထပ်ဖြည့်ပြောပါတယ်။
စစ်ကောင်စီကတော့ မြဝတီဒေသထဲ ရောက်လာတဲ့နိုင်ငံခြားသားတွေဟာ ဘာအထောက်အထားမှမရှိဘဲ နေထိုင်နေတာလို့ ဘီဘီစီကို ပြောပါတယ်။
ဇန်နဝါရီလတစ်လတည်းမှာပဲ တရုတ်မင်းသားဝမ်ရှင်းအပါအဝင် တရုတ်မော်ဒယ် ရန်ဇီချီနဲ့ တခြားတရုတ်နိုင်ငံသား ၇ ဦးထက်မနည်းဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အထိရောက်လာခဲ့ပြီးမှ လူကုန်ကူးခံရပြီး ပျောက်ဆုံးခဲ့ပါတယ်။ အဲဒီ တရုတ်နိုင်ငံသားတွေဟာ မဲဆောက်ကနေ သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး မြဝတီမြို့ထဲကို တရားမဝင်ရေလမ်းကနေ ခေါ်ဆောင်ခံခဲ့ရတာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီက မြဝတီဒေသထဲက တရားမဝင် ကျားဖြန့်လုပ်ငန်း၊ လောင်းကစားလုပ်ငန်းတွေနဲ့ နာမည်ကျော်တဲ့ ရွှေကုက္ကိုမြို့သစ်အပြင် မယ်ထော်သလေးမြို့ထဲက မြဝတီ KK Park (ကေကေပါ့ခ်) တို့အတွက် လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းတွေကို ထိုင်းဘက်ခြမ်းက ရယူနေတယ်လို့ စစ်တပ်က ပြောထားပါတယ်။
၂၀၂၄ ဇွန်လတုန်းကတော့ ရွှေကုက္ကို၊ လေးကေ့ကော်နဲ့ အင်ကြင်းမြိုင်ဒေသတို့ကို ထိုင်းဘက်က ဖြန့်ဝေပေးနေတဲ့ လျှပ်စစ်မီးတွေ ဖြတ်တောက်မယ်လို့ ထိုင်းအစိုးရက ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီအထိ လျှပ်စစ်မီးပြတ်တောက်တာ မရှိသေးဘူးလို့ ရွှေကုက္ကိုထဲမှာ အလုပ်လုပ်ကိုင်နေသူတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။
တစ်ဖက်မှာလည်း ရွှေကုက္ကိုထဲမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) တွေ ဆက်ပြီးလည်ပတ်နေတုန်းပဲလို့ ဘီဘီစီသတင်းရင်းမြစ်တချို့က အတည်ပြုပြောပြပါတယ်။
ဒါပေမဲ့ ဒီနယ်မြေကို ဦးဆောင်သူဗိုလ်မှူးကြီးစောချစ်သူက သူတို့အုပ်ချုပ်တဲ့နယ်မြေထဲ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို လုံးဝလက်မခံတော့ဘူးလို့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီနဲ့ မတ်လတုန်းက ဘီဘီစီကို ဖြေကြားထားပါတယ်။
အလားတူ ရွှေကုက္ကိုမြို့သစ်ထဲက အွန်လိုင်းငွေလိမ်လုပ်ငန်းတချို့ရဲ့ အလုပ်ခေါ်တဲ့ကြော်ငြာတွေကိုလည်း တယ်လီဂရန်ချန်နယ်လ်မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ တွေ့နေရဆဲဖြစ်ပါတယ်။
ဒါပေမဲ့ ဒီတကြိမ် တရုတ်ရဲ့ မြန်မာတောင်ပိုင်း က ကျားဖြန့်ဂိုဏ်းတွေကို အာရုံစိုက်လာမှုကို BGF က လစ်လျူရှုမျက်ကွယ်ပြုလို့မရတော့ဘူးလို့ ထိုင်း - မြန်မာ ဆက်ဆံရေး ကို ကာလရှည်လေ့လာဆန်းစစ်သူ ဖြစ်သလို မြန်မာ့မဟာဗျူဟာနဲ့မူဝါဒရေးရာလေ့လာရေးအင်စတီကျု ISP Myanmar ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်း က ဘီဘီစီကို မှတ်ချက်ပြုထားပါတယ်။











