ငွေလိမ်စင်တာတိုက်ဖျက်ရေးအထူးအဖွဲ့ - အမေရိကန် FBI မြန်မာက ကျားဖြန့်ဂိုဏ်းကို နှိမ်နင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
အရှေ့တောင်အာရှအခြေစိုက်ငွေလိမ်ဂိုဏ်းတွေက အမေရိကန်နိုင်ငံသား ထောင်နဲ့ချီဆီကနေ နှစ်စဥ် ဒေါ်လာသန်းပေါင်းထောင်နဲ့ချီ လိမ်လည်နေတာကို ကာကွယ်ဖို့ဆိုပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တိုက်ဖျက်ရေးအထူးအဖွဲ့(Scam Center Strike Force) ကို အမေရိကန်က ဖွဲ့စည်းလိုက်ပါပြီ။
နိုဝင်ဘာ ၁၂ ရက်က ဖွဲ့လိုက်တဲ့ ဒီအထူးအဖွဲ့က အရှေ့တောင်အာရှမှာရှိတဲ့ အဆိုးရွားဆုံးငွေလိမ်ဂိုဏ်းနယ်မြေတွေကို စုံစမ်းထောက်လှမ်းသွားမယ်လို့ ပြောလာပါတယ်။
မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားက တရုတ်ရာဇဝတ်အဖွဲ့တွေရဲ့ နောက်ကွယ်က ခေါင်းဆောင်တွေကို အဓိက ဦးတည်ဖော်ထုတ်သွားမယ်လို့ အမေရိကန်ရှေ့နေချုပ်ရုံးရဲ့ အထူးအဖွဲ့နဲ့ပတ်သက်တဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
ဒီအဖွဲ့ကို အမေရိကန် ရှေ့နေချုပ်ရုံး၊ တရားရေးဌာနရဲ့ ရာဇဝတ်ဌာနခွဲ၊ FBIနဲ့ US Secret Service(USSS)တို့ ပါဝင်ဖွဲ့စည်းထားပြီး အစိုးရရဲ့ယန္တရားအားလုံးနဲ့ ချိတ်ဆက်လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
နိုဝင်ဘာ ၁၂ ရက်မှ အထူးအဖွဲ့အကြောင်းထုတ်ပြန်လာပေမဲ့ ဒီအဖွဲ့ဟာ မြန်မာက အွန်လိုင်း ငွေလိမ်ဂိုဏ်း ၂ ခုကို စုံစမ်းထောက်လှမ်းတာတွေ လုပ်နေခဲ့ပြီးဖြစ်ပါတယ်။
ငွေလိမ်စင်တာတိုက်ဖျက်ရေး အထူးအဖွဲ့က ဘယ်လိုစစ်ဆင်ရေးတွေ စခဲ့ပြီလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်ရဲ့ ငွေလိမ်စင်တာတိုက်ဖျက်ရေးအထူးအဖွဲ့ဟာ KK park နဲ့ နယ်မြေဆက်နေတဲ့ Tai Chang ဝင်းနဲ့ နောက်ထပ် ငွေလိမ်စင်တာ တစ်ခုတို့ကို အွန်လိုင်းကနေ စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပြီး ဖြစ်တယ်လို့ ရှေ့နေချုပ်ရုံးရဲ့ နိုဝင်ဘာ ၁၂ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Tai Chang ဝင်းဟာ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ပိုင်း DKBA ထိန်းချုပ်စီးပွားရေးနယ်မြေထဲမှာရှိပါတယ်။ အမေရိကန်နိုင်ငံသားတွေကို လိမ်လည်ခဲ့တဲ့ အဲဒီဝင်းထဲက အင်တာနက်စာမျက်နှာ ဝက်ဘ်ဆိုက် စာမျက်နှာတွေကို အထူးအဖွဲ့က ပိတ်ချခဲ့ပါတယ်။
နောက်ထပ် ငွေလိမ်စင်တာတစ်ခုရဲ့လိမ်လည်မှုနဲ့ ငွေကြေးခဝါချမှုအတွက် အင်တာနက်ချိတ်ဆက်ပေးနေတဲ့ ဂြိုဟ်တုအင်တာနက်လိုင်းတွေကိုလည်း ပိတ်ချနိုင်ဖို့ ဝရမ်းစောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နောက်တစ်ခုကတော့ အမေရိကန်ဟာ KK park အပါအဝင် မြန်မာက ငွေလိမ်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့အတွက် အမေရိကန်ထောက်လှမ်းရေးဗျူရို(FBI)က ထောက်လှမ်းရေး အေးဂျင့်တွေကိုထိုင်းနိုင်ငံအထိ စေလွှတ်ခဲ့ပြီး ဖြစ်ပါတယ်။
ဒီအေးဂျင့်တွေက ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ စစ်ဘက်ဆိုင်ရာအထူးအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်မယ်လို့ လည်း အမေရိကန်ရှေ့နေချုပ်ရုံးက ဆိုပါတယ်။
ဒါအပြင် ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုနဲ့ ဒီမိုကရက်စီအကျိုးပြုကရင်တပ်မတော် (DKBA)နဲ့ ခေါင်းဆောင်ပိုင်းတွေကို အမေရိကန်က နိုဝင်ဘာ ၁၂ ရက်မှာ ပိတ်ဆို့အရေးယူလိုက်ပါတယ်။
အထူးအဖွဲ့ရဲ့ စုံစမ်းထောက်လှမ်းချက်တွေကို အခြေခံပြီး အစိုးရဌာနချင်း ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးက ထုတ်ပြန်လာတာပါ။
အဲဒီရုံးထုတ်ပြန်ချက်အရ ငွေလိမ်လုပ်ငန်းတွေမှာ DKBA အပြင်တခြား လက်နက်ကိုင်အဖွဲ့တွေနဲ့ပါ အလုပ်တွဲလုပ်နေတဲ့ ထိုင်း Trans Asia International Holding Group Thailand Company Limited (Trans Asia)၊ Troth Star Company Limited (Troth Star)နဲ့ ထိုင်းနိုင်ငံသား ချာမူ စဝန်ကိုပါ ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့တာပါ။
မြန်မာမှာ လည်ပတ်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ အွန်လိုင်းငွေလိမ်လည်မှုကတဆင့် အမေရိကန်တွေရဲ့ ချွေးနဲစာတွေကို ခိုးယူနေတယ်လို့ အကြမ်းဖက်မှုနဲ့ ငွေကြေးဆိုင်ရာ ထောက်လှမ်းရေး ဘဏ္ဍာရေးဝန်ကြီးဌာန လက်ထောက်အတွင်းရေးမှူး ဂျွန် ကေ ဟာလီက ဆိုပါတယ်။
"ဒီကွန်ရက်တွေကပဲ လူတွေ ကုန်ကူးနေကြသလို မြန်မာက ရက်စက်ကြမ်းကြုတ်တဲ့ ပြည်တွင်းစစ်ကိုလည်း မီးတိုက်ပေးနေတယ်။ ဒီ ရာဇဝတ်သားတွေကို တတ်နိုင်နဲ့ နည်းလမ်းမှန်သမျှနဲ့ နှိမ်နင်းသွားမယ်" လို့ သူက နိုဝင်ဘာ ၂ ရက် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့တဲ့ စာရင်းထဲမှာ DKBA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ စောစတီး၊ စောစိန်ဝင်း၊ စောဆန်းအောင် နဲ့ စိုင်းကျော်လှတို့ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, DKBA
ဒီလိုအရေးယူခံရတဲ့စာရင်းထဲပါလာတာနဲ့ပတ်သက်လို့ DKBA ခေါင်းဆောင် ဗိုလ်မှူးချုပ် စောစိန်ဝင်းက "ထုတ်ဖော်တဲ့အခါမှာ တိတိကျကျ တကယ်လုပ်ဆောင်တဲ့သူတွေပဲ အရေးယူနိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒါနဲ့ဆက်စပ်ပြီး ဝါးလုံးရှည်ယမ်းတဲ့ အခင်းအကျင်းမျိုး၊ မဆိုင်တဲ့သူပါ ထိခိုက်နစ်နာတဲ့အခင်းအကျင်းမျိုး မဖြစ်စေချင်ဘူး" လို့ ပြောပါတယ်။
အမေရိကန် ပိတ်ဆို့အရေးယူခံရသူတွေထဲမှာ တချို့က ဆိုက်ဘာလိမ်လည်မှုနဲ့ဆက်စပ်တယ်ဆိုပေမဲ့ တချို့က ဆက်စပ်ခြင်း မရှိဘူးလို့ DKBA ဒုတိယဗိုလ်မှူးကြီး စောတာဘလဲ့ကလည်း ဘီဘီစီကို ပြောပါတယ်။
ဘယ်သူက ဆက်စပ်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းပြောဆိုတာမရှိပါဘူး။
အမေရိကန်နိုင်ငံသားတွေကို ဦးတည်လိမ်လည်လို့ အထူးအဖွဲ့က ဝက်ဘ်ဆိုက်တွေပိတ်ချခဲ့တဲ့ Tai Chang ဝင်းကတော့ DKBA ဗိုလ်မှူးချုပ်တစ်ဦးဖြစ်တဲ့ စိုင်းကျော်လှနဲ့ မဲဆောက်အခြေစိုက် Trans Asia ကုမ္ပဏီ တို့က ပူးတွဲတည်ထောင်ထားတာဖြစ်တယ်လို့ အမေရိကန်ကပြောပါတယ်။
Trans Asia ဟာ တရုတ်အခြေစိုက် နိုင်ငံဖြတ်ကျော်ငွေလိမ်လုပ်ငန်းတွေရဲ့ အယောင်ပြထိုင်းကုမ္ပဏီ ဖြစ်တယ်လို့ အမေရိကန်ကဆိုပါတယ်။ အထူးအဖွဲ့ မြန်မာအပြင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းက ငွေလိမ်ဂိုဏ်းတွေကိုလည်း စုံစမ်း ထောက်လှမ်းခဲ့ပါသေးတယ်။
ဒီလုပ်ငန်းတွေမှာ အမေရိကန် နိုင်ငံသား ၁၅၀ လောက်ကို ပစ်မှတ်ထားလိမ်လည်ဖို့ ကမ္ဘောဒီးယားကနေ ညွှန်ကြားလုပ်ကိုင်ခိုင်းတဲ့သူတွေရဲ့အချက်အလက်တွေ အမေရိကန်ရရှိခဲ့တာပါ။
အထူးအဖွဲ့က ပေးအပ်လိုက်တဲ့ အချက်အလက်တွေနဲ့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ငွေလိမ်ဂိုဏ်းမှာ လုပ်ကိုင်နေတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၃၈ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ အမေရိကန်ရှေ့နေချုပ်ရုံးက ဆိုပါတယ်။
ငွေလိမ်စင်တာ တိုက်ဖျက်ရေးအထူးအဖွဲ့က ခရစ်တို ငွေကြေး အမေရိကန်ဒေါ်လာသန်း ၄၀၀ ကျော်ကို ငွေလိမ်ဂိုဏ်းတွေကနေ ဖမ်းဆီးရမိပြီး အစိုးရပိုင်အဖြစ်သိမ်းထားကာ နောက်ထပ် သန်း ၈၀ ကိုလည်း အစိုးရပိုင်အဖြစ် ကြေညာနိုင်အောင်လုပ်ဆောင်နေတယ်လို့ ရှေ့နေချုပ်ရုံးကထုတ်ပြန်ပါတယ်။
အထူးအဖွဲ့ရဲ့ ခရစ်တိုငွေကြေး ဖမ်းဆီးရေးအဖွဲ့က လိမ်လည်ခံရတဲ့ငွေတွေ ပြန်လည်ရရှိဖို့နဲ့ ဒီငွေတွေကို လိမ်လည်ခံခဲ့ရသူ အမေရိကန်နိုင်ငံသားတွေဆီ ပြန်လည်ပေးအပ်ဖို့ အဓိကဦးစားပေး လုပ်ဆောင်နေတာဖြစ်ပါတယ်။
အမေရိကန်မှာ ၂၀၂၅ ခုနှစ်အတွင်း လူ ၃၀၀၀ လောက် ခရစ်တိုငွေကြေး ရင်းနှီးမြှုပ်နှံမှု လိမ်လည်တဲ့ လုပ်ငန်းတွေရဲ့ ငွေလိမ်တာခံခဲ့ရပြီး နှစ်စဥ် ဒေါ်လာ ၁၀ ဘီလျံနီးပါး ဆုံးရှုံးနေတယ်လို့ အမေရိကန်အစိုးရက ခန့်မှန်းထားပါတယ်။
ကျားဖြန့်ကိစ္စ အမေရိကန်ပါဝင်လာမှု တရုတ်နဲ့ မြန်မာစစ်တပ် ဘယ်လိုတုံ့ပြန်နိုင်လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
"အမေရိကန်က နိုင်ငံရေးအသုံးချဖို့ လုပ်လာနိုင်တယ်။ ဥပမာ- ကျားဖြန့်နောက်ကွယ်မှာ တရုတ်ခေါင်းဆောင်တွေ၊ တရုတ်ကွန်မြူနစ်ပါတီက ပါဝင်ပတ်သက်နေတယ်ဆိုတာမျိုး အချို့ ပြောနေကြတယ်" လို့ အမေရိကန်ရဲ့ ကျားဖြန့်ကိစ္စမှာ ပါဝင်လာတဲ့ ခြေလှမ်းအပေါ် ISP Myanmar ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ နိုင်ငံတကာဆက်ဆံရေးအခြေအနေတွေကို သုတေသနပြုတဲ့ အဖွဲ့ဖြစ်ပါတယ်။
အခု အသစ်ဖွဲ့လိုက်တဲ့ အထူးအဖွဲ့ကလည်း မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားက တရုတ်ရာဇဝတ်အဖွဲ့ တွေရဲ့ နောက်ကွယ်က ခေါင်းဆောင်တွေကို အဓိက ဦးတည်ဖော်ထုတ်သွားမယ်လို့ ဆိုထားတာပါ။
၂၀၂၄ ခုနှစ်မှာ အမေရိကန် နိုင်ငံသားတွေ ဆိုက်ဘာလိမ်လည်ခံရမှုဟာ ရှေ့နှစ်ကထက် ၆၆ ရာခိုင်နှုန်းတိုးလာတာကြောင့် ဒီနှစ်ထဲမှာ ကျားဖြန့်ကိစ္စကို အာရုံစိုက်လာခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာနက ၂၀၂၅ ခုနှစ်အတွင်းမှာ ကျားဖြန့်နဲ့ ဆက်စပ်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ နာမည်ပြောင်းထားတဲ့ KNA နဲ့ ခေါင်းဆောင်ပိုင်းတွေကိုလည်း အရေးယူခဲ့ပါတယ်။
KNA ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးစောတင်ဝင်း၊ ဗိုလ်မှူးကြီးစောမင်းမင်းဦး၊ ဗိုလ်မှူးကြီး စောချစ်သူရဲ့သား ၂ ဦးတို့ကို ဒဏ်ခတ်ပိတ်ဆို့တဲ့စာရင်းထဲထည့်ခဲ့တာပါ။
ဒါအပြင် ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်ဂိုဏ်းတွေသုံးနေတဲ့ စတားလင့်ခ်အင်တာနက်တွေ ဖျက်ချဖို့ ရည်ရွယ်ပြီး Space X ကုမ္ပဏီကနေ စတားလင့်ခ်အလုံးပေါင်း ၂၅၀၀ ကို ပိတ်ချခဲ့ပါတယ်။
ဒဏ်ခတ်ပိတ်ဆို့တာကနေ အထူးအဖွဲ့ဖွဲ့စည်းတဲ့ အထိ ရွှေ့လာတဲ့ အမေရိကန်ရဲ့ခြေလှမ်းကို တရုတ်က ဘယ်လိုတုံ့ပြန်နိုင်မယ်ဆိုတာတော့ ဦးအောင်သူငြိမ်းက "ပြောဖို့ စောပါသေးတယ်။ သတင်းဖလှယ်ဖို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့လား၊ ဒေသတွင်း ကိုယ်တိုင်ကိုယ်ကျ လာထိုင်ဖို့လား၊ ငွေကြေး စောင့်ကြည့် ပိတ်ဆို့ဖို့လား မပြောနိုင်သေးဘူး" သုံးသပ်ပါတယ်။
တရုတ်အနေနဲ့ ကျားဖြန့်နှိမ်နင်းရေးမှာ အမေရိကန်နဲ့ ပူးပေါင်းလုပ်ဆောင်လိမ့်မှာ မဟုတ်ဘူးလို့ မြန်မာ့အရေးလေ့လာတဲ့ သုတေသီတစ်ဦးက သူ့အမြင်က ပြောပါတယ်။
မြန်မာစစ်တပ်ဘက်ကတော့ အမေရိကန် အာရုံစိုက်နေတဲ့ KK Park ကို ဝင်ရောက်စီးနင်းတာ၊ အဆောက်အဦတွေကို မိုင်းခွဲဖျက်ဆီးတာတွေ ဒီလပိုင်းထဲမှာ လုပ်ဆောင်နေတာပါ။
ဒါနဲ့ပတ်သက်လို့ "မြန်မာစစ်တပ်ကတော့ အခု KK Park ဖြိုဖျက်နေတာကို Online scam တိုက်ဖျက်ရေးလို့တော့ ပြနေတာပဲ။ သူ အလေးထားတယ်ပေါ့" လို့ ISP ညွှန်ကြားရေးမှူး ဦး အောင်သူငြိမ်းက ဆိုပါတယ်။
နိုင်ငံမှာ တရုတ်နဲ့ စင်္ကာပူတို့လို ခိုင်မာတဲ့ ဆိုက်ဘာလိမ်လည်မှု ဥပဒေရှိဖို့လိုအပ်တယ်လို့လည်း သူက သုံးသပ်ပါတယ်။
အမေရိကန်ဘက်က ထုတ်ပြန်ချက်အရ လက်ရှိဖွဲ့စည်းလိုက်တဲ့ အထူးအဖွဲ့ဟာ အမေရိကန်ကို ဦးတည် လိမ်လည်တဲ့ အရှေ့တောင်အာရှအခြေစိုက် တရုတ်နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းတွေကို တိုက်ဖျက်သွားဖို့ ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။
"နိုင်ငံရဲ့တရားစွဲဆိုရေးအဖွဲ့တစ်ခုအနေနဲ့ ကျွန်မရုံးဟာ နိုင်ငံခြားသားတရားခံတွေ တရားစွဲဆိုဖို့နဲ့ နိုင်ငံခြားသားပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့ အခွင့်အာဏာရှိတယ်"လို့ အထူးတပ်ဖွဲ့ထဲ ပါဝင်ဆောင်ရွက်မယ့် အိမ်ဖြူတော်ရုံးစိုက်ရာ ဝါရှင်တန်ဒီစီရဲ့ အစိုးရရှေ့နေ ဂျင်းနင်းဖာရစ်ပီယာရိုကပြောပါတယ်။











