'အကူအညီလိုတယ်ဗျာ' - ကျားဖြန့်ကနေ ကယ်ဆယ်ခံရပေမဲ့ သောင်တင်နေတဲ့လူထောင်ချီ

အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) စင်တာတွေမှာ သားကောင်ဖြစ်ခဲ့ရသူတွေဟာ အခုတော့ ယာယီ စခန်းတွေမှာ သောင်တင်နေပြီး နောက် ဘာဆက်ဖြစ်မယ်ဆိုတာ မသိနိုင်ဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) စင်တာတွေမှာ သားကောင်ဖြစ်ခဲ့ရသူတွေဟာ အခုတော့ ယာယီ စခန်းတွေမှာ သောင်တင်နေပြီး နောက် ဘာဆက်ဖြစ်မယ်ဆိုတာ မသိနိုင်ဖြစ်နေ
    • ရေးသားသူ, ဂျွန်နသန် ဟတ်၊ လုလု လူယို၊ သန်ညာရက်ဒေါ့ဆုန်း
    • ရေးသားပေးပို့သည့်နေရာ, မဲဆောက်မြို့၊ ထိုင်း - မြန်မာနယ်စပ်

''ဘုရားစူးရပါစေ့... ကျွန်တော် အကူအညီလိုနေတယ်ဗျာ'' လို့ ဖုန်းချခါနီးမှာ တစ်ဖက်အမျိုးသားက တိုးတိုးညှင်းညှင်းပြောသွားပါတယ်။

သူ့ကိုယ်သူ မိုက်ခ် လို့ ခေါ်တဲ့ အီသီယိုးပီးယားအမျိုးသားဟာ ထိုင်းနယ်စပ်တစ်ဖက်ခြမ်း မြန်မာနိုင်ငံထဲက အဆောက်အဦ တစ်ခုထဲမှာ နောက်ထပ် လူ ၄၅၀ နဲ့အတူ ထိန်းသိမ်းခံထားရသူပါ။

ဒီလူတွေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ထိုင်း - မြန်မာ နယ်စပ်တစ်လျှောက်မှာ ရှင်သန်ပေါက်ဖွားနေတဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)တွေကနေ လွတ်မြောက်လာတဲ့ ထောင်နဲ့ချီတဲ့လူတွေထဲမှာ ပါဝင်သူတွေပါ။

ဒါပေမဲ့ သူတို့အများစုဟာ အခုတော့ မြန်မာဘက်ခြမ်းက ယာယီစခန်းတွေထဲမှာ သောင်တင်နေပါတယ်။ ဒီလူတွေကို နောက်ကြောင်းစစ်တာ၊ သက်ဆိုင်ရာနိုင်ငံတွေဆီကို ပြန်ပို့ဖို့ လေယာဥ်ခရီးစဥ် စီစဥ်တာတွေ နှေးကွေးတာကြောင့်ဖြစ်ပါတယ်။

ဒီလူတွေကို ထိန်းထားတဲ့ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေဟာလည်း လူပေါင်း ၇,၀၀၀ ကျော်တဲ့ ဒီလူတွေကို စီမံရေးမှာ အကန့်အသတ် ရှိနေပါတယ်။ သူတို့ထဲက တစ်ဦးကတော့ သူတို့ဟာ စခန်းတွေမှာ ဆက်ရှိနေတာဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို မြန်မြန်ဆန်ဆန် လွှဲပြောင်းမခံရတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

စခန်းတွေထဲက အခြေအနေဟာ သန့်ရှင်းမှုနည်းပါးတာ၊ အစားအသောက် မလုံလောက်တဲ့ အခြေအနေတွေကြောင့် မိုက်ခ်လို ကျားဖြန့်လုပ်ငန်းတွေကနေ လွတ်လာသူအများစုဟာ ကျန်းမာရေး ချို့တဲ့နေပါတယ်။ သူဟာ ပုံမှန်လိုလို ရိုက်နှက်ခံရတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)မှာ တစ်နှစ်လောက်နေခဲ့ရတာကြောင့်လည်း ကြောက်စိတ်မွှန်တဲ့အခြေအနေ ဖြစ်နေပါတယ်။

သူတို့မှာ တစ်နေ့ကို ထမင်း နှစ်နပ်သာ စားရပြီး လူပေါင်း ၄၅၀ အတွက် သန့်စင်ခန်း နှစ်ခုပဲ ရှိတယ်လို့ သူက ပြောပါတယ်။ ဒါကြောင့် အပေါ့အလေးကို ကြုံသလိုပဲ စွန့်ပစ်နေကြတယ်လို့ မိုက်ခ်က ပြောပြပါတယ်။

အင်္ဂလိပ်လို ကောင်းကောင်းရပြီး စာရိုက်တာ ကျွမ်းကျင်ရင် ထိုင်းမှာ အလုပ်ကောင်းကောင်း တစ်ခုရမယ်လို့ဆိုတဲ့ ကတိကြောင့် ပြီးခဲ့တဲ့ တစ်နှစ်တုန်းက သူ ကမ်းလှမ်းမှုတစ်ခု ရခဲ့တာကိုလည်း မိုက်ခ် က ပြန်ပြောပြပါတယ်။

အဲဒီအစား သူကိုယ်တိုင် နှိပ်စက်ခံရမှုရဲ့ သားကောင်ဘဝကို ရောက်ခဲ့သလို သူ့အလုပ်ရှင် တရုတ်သူဌေးတွေက ချထားတဲ့ လူအရေအတွက်အတိုင်း အွန်လိုင်းကနေ လူတွေကို ပစ်မှတ်ထား ငွေကြေးလိမ်လည်ဖို့ နေ့တိုင်း နာရီပေါင်းများစု အတင်းအကျပ် အလုပ်စေခိုင်းခံရတာကို ကြုံခဲ့ရပါတယ်

''ကျွန်တော့် ဘဝမှာ အဆိုးဆုံး အတွေ့အကြုံပဲ။ ကျွန်တော် အရိုက်ခံရတာပေါ့ဗျာ။ ဒါပေမဲ့ တခြားသူတွေဆိုရင် ကျွန်တော့်ထက် အများကြီး ပိုဆိုးဆိုးဝါးဝါး ခံရတာကို ကျွန်တော် မြင်ခဲ့ရပါတယ်။''

အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)မှာ လုပ်ကိုင်ခဲ့သူတွေလို့ စွပ်စွဲခံရသူတွေနဲ့ သားကောင်တွေကို တန်းစီပြီး နေထိုင်နေကြတဲ့ပုံနဲ့ မြင်ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စခန်းတွေမှာ ထိန်းသိမ်းခံရသူတွေဟာ ပြွတ်သိပ်ညပ်ကျပ်ပြီး ရေနဲ့အိမ်သာ မသန့်မှုတွေ ကြုံနေရ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မိုက်ခ်ဟာ မြန်မာ- ထိုင်း နယ်စပ်တစ်လျှောက်မှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဆီ ဖြားယောင်းခံရခံရတယ်လို့ ယူဆရတဲ့ လူပေါင်း ၁၀၀,၀၀၀ နီးပါးထဲက တစ်ဦး ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းတွေအများစုကိုတော့ အဲဒီတကြော ဥပဒေစိုးမိုးမှုလျော့လျဲမှုကို အားယူပြီး တရုတ်တွေ ဦးဆောင်လည်ပတ်ပါတယ်။

အရင်က လွတ်မြောက်ခဲ့ဖူးသူတွေ သူတို့ နဖူးတွေ့ ဒူးတွေ့ကြုံခဲ့ရတဲ့ ထိတ်လန့်စရာ အဖြစ်အပျက်တွေ ရှိနေပေမဲ့ ကမ္ဘာ့နေရာအနှံ့က ထောင်နဲ့ချီတဲ့လူတွေဟာ အလုပ်ကောင်းကောင်း ရှားပါးတဲ့အခါမှာ လစာကောင်းမယ်ဆိုတဲ့မက်လုံးကြောင့် ဒီနေရာကို ဆက်လာနေကြတာပါ။

ကျားဖြန့်သားကောင်အများစုရှိတဲ့ တရုတ်ဟာ သူ့နယ်စပ်နဲ့ထိစပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ပပျောက်အောင် နှိမ်နင်းခဲ့ပြီးဖြစ်ပေမဲ့ ထိုင်း- မြန်မာနယ်စပ်မှာတော့ တရုတ်ရော၊ ထိုင်းပါ ဒီနှစ်မတိုင်ခင်အထိ နှိမ်နင်းတာမျိုး မရှိခဲ့ပါဘူး။

ဘင်္ဂလားဒေ့ရှ်က လူငယ်အမျိုးသား အာရီယန်ကတော့ မြန်မာဘက်ခြမ်းက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာရှိနေတဲ့သူ့ သူငယ်ချင်း ၁၇ ဦးကို ပြန်ကယ်နိုင်ရေး ကူညီပေးရအောင် ထိုင်းနိုင်ငံကို ပြန်ရောက်လာပါတယ်။ သူဟာ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း စင်တာတွေထဲက တစ်ခုကနေ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာ လွတ်လာခဲ့သူပါ။ သူ လွတ်ရင် သူငယ်ချင်းတွေကို ကယ်ထုတ်မယ်လို့ဆိုတဲ့ သူ့ကတိအတိုင်း ပြန်လာတာဖြစ်ပါတယ်။

သူက သူ ထိန်းသိမ်းခဲခဲ့ရတဲ့ တောင်ကြားထဲက လူသူမနီးတဲ့နေရာတစ်ခုမှာ ဆောက်လက်စ အဆောက်အဦရှိရာ ခြံဝင်းရဲ့ပုံ ခပ်လှုပ်လှုပ် ဗီဒီယိုအတိုလေးတစ်ခုကို ပြပါတယ်။ အလုပ်ရှင် တရုတ်သူဌေးလက်ထဲမှာ သူနဲ့ သူ့ သူငယ်ချင်းတွေ ဆိုးဆိုးရွားရွားဆက်ဆံခံခဲ့ရတာကိုလည်း သူ ပြန်ပြောင်း ပြောပြပါတယ်။

''အပတ်တိုင်းမှာ ပြည့်မီအောင်လုပ်ရမယ့် ပမာဏတစ်ခုကို ကျွန်တော်တို့ကို ပေးတယ်။ ဒေါ်လာ ၅,၀၀၀ ပေါ့။ အဲဒီသတ်မှတ်ချက်အတိုင်း မရှာနိုင်ဘူးဆိုရင် လျှပ်စစ်နဲ့ ၂ ခါ ရှော့ ရိုက်တယ်။ မဟုတ်ရင် ပြတင်းပေါက်မရှိတဲ့ အမှောင်ခန်းထဲကို ထည့်တယ်။ ကျွန်တော်တို့ ငွေများများ ရှာနိုင်တယ်ဆိုရင် သူတို့ ကျေနပ်တယ်။''

အာရီယန်ဟာ အရှေ့အလယ်ပိုင်းက အမျိုးသားတွေကို ချဥ်းကပ်ရပါတယ်။ ပြီးတော့ လုပ်ကြံဖန်တီးထားတဲ့ရင်းနှီးမြှုပ်နှံမှုတွေမှာ ငွေတွေ လွှဲပြောင်းထည့်ဝင်လာအောင် ဖျားယောင်းပါတယ်။ ဉာဏ်ရည်တု နည်းပညာ (AI) ကို သုံးပြီး လိမ်လည်သူတွေဟာ သူ့ကို ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးလေးတစ်ဦးပုံစံနဲ့ ဖန်သားပြင်မှာပေါ်အောင် လုပ်ပါတယ်။ ပြီးတော့ အသံကိုလည်း ပြောင်းပါတယ်။

သူကတော့ ဒီလိုလုပ်ရတာ မသတီလှဘူးလို့ ပြောပါတယ်။ အမျိုးသားတစ်ဦးဆိုရင် အတုအယောင် ရင်းနှီးမြှုပ်နှံမှုကို ထည့်ဝင်ဖို့ သူ့ဇနီးသည်ရဲ့ လက်ဝတ်လက်စားကိုတောင် ရောင်းဖို့ အသင့်အခြေအနေအထိရှိခဲ့တယ်လို့ သူက ပြောပါတယ်။ ဒီအခြေအနေကြောင့် သူ့အနေနဲ့ အဲဒီအမျိုးသားကို သတိပေးဖို့အထိ လုပ်ခဲ့တယ်လို့တောင် သူက ပြောပါတယ်။ ဒါပေမဲ့ သူတို့ ဖုန်းခေါ်တာကို သူတို့ သူဌေးတွေက တစ်ချိန်လုံးစောင့်ကြည့်နေတာလို့ ဆိုပါတယ်။

အနက်ရောင် ဦးထုပ်နဲ့ အဖြူရောင် ကော်လံပါတဲ့တီရှပ်ကို ဝတ်ထားတဲ့ အာရီယံ

ဓာတ်ပုံ ရင်းမြစ်, BBC/ Lulu Luo

ဓာတ်ပုံ ပုံစာ, အာရီယန်ဟာ မြန်မာနိုင်ငံထဲမှာ ရှိနေသေးတဲ့ သူငယ်ချင်း ၁၇ ဦးကို ကူညီဖို့ ပြန်လာသူဖြစ်ပါတယ်

တရုတ်ရဲ့ ဖိအားနဲ့ ထိုင်းနိုင်ငံရေးသမားတချို့ရဲ့ ဖိအားတွေကြောင့်ပဲ ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့သီတင်းပတ် ၂ ပတ်ကျော်တုန်းက နယ်စပ်မှာရှိတဲ့ နေရာတွေကို အင်တာနက်၊ လျှပ်စစ်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ပါတယ်။

ကျားဖြန့်သူဌေးတွေကို ဘဏ်သုံးစွဲနိုင်ခွင့် အကန့်အသတ်လုပ်သလို အဲဒီလုပ်ငန်းကို ကာကွယ်နေတဲ့ နယ်စပ်က မြန်မာလက်နက်ကိုင်တပ်ဖွဲ့ရဲ့ ခေါင်းဆောင်အချို့ကိုလည်း ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

ဒါက လုပ်ငန်းကို အရှိုက်ထိ စေပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း သာမာန် ကရင်လူထုရဲ့ ဘဝကိုလည်း ပိုရိုက်ခတ်မှုဖြစ်စေပါတယ်။ ဒါကပဲ နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်တွေအနေနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)စင်တာတွေမှာဖြစ်နေတဲ့ ချိုးဖောက်မှုတွေ အဆုံးသတ်လိုကြောင်း ပြသဖို့ ဖိအားဖြစ်လာစေပါတယ်။ ဒီလူတွေ လွတ်မြောက်အောင် သူတို့ စပြီး ကူညီပါတယ်။ တချို့ ဝင်းခြံတွေကိုဆိုရင် တစ်ဝင်းလုံးကို ပြောင်းခိုင်းတာမျိုးအထိ ဖြစ်လာပါတယ်။

မိုက်ခ် ရှိနေတဲ့ စခန်းကိုတော့ ဒီမိုကရက်တစ်ကရင့်အကျိုးပြုတပ်မတော် (DKBA) က လုံခြုံရေးယူပါတယ်။

ဒါပေမဲ့ သူတို့က နယ်မြေထဲမှာ မှိုလိုပေါက်လာတဲ့ ကျားဖြန့်ဝင်းခြံတွေကို မကြာသေးခင် အထိ အကာအကွယ်ပေးခဲ့တာပါ။ ထိုင်း - မြန်မာ နှစ်နိုင်ငံကို ပိုင်းခြားထားတဲ့ သောင်ရင်းမြစ်ကမ်း အတိုင်း တောက်လျှောက် ကားမောင်းသွားမယ်ဆိုရင် ဒါကို တွေ့နိုင်ပါတယ်။ ထိုင်းဘက်ခြမ်းမှာ ကျေးလက်အသွင်ဖြစ်နေပေမဲ့ မြန်မာဘက်ခြမ်းက စစ်မက်ဖြစ်ပွားနေရာ ကရင်ပြည်နယ်ဘက်ခြမ်းမှာတော့ အဆောက်အဦသစ်တွေ တပြန့်ကြီး ရှိနေတာပါ။

ထိုင်းဘက်ကတော့ အရင်က ကျားဖြန့်လုပ်ခဲ့ပြီး အခုတော့ ပြန်လွှဲပို့ခံရဖို့ စောင့်နေကြသူတွေကို အိမ် အမြန်ပြန်နိုင်အောင် အားစိုက်မယ်လို့ ပြောပါတယ်။

အခုလ အစောပိုင်းတုန်းကတော့ အဲဒီလိုလုပ်သား ၂၆၀ ကို ဖောင်နဲ့ သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းဘက်ကို လွှဲပြောင်းပေးခဲ့တာရှိခဲ့ပါတယ်။ နောက်ပြီး တရုတ်နိုင်ငံသား ၆၂၁ ယောက် ဟာလည်း သီးသန့်လေယာဥ် ခရီးစဥ်တွေမှာ ရဲတွေ စောင့်ကြပ်လို့ တရုတ်နိုင်ငံကို ပြန်ခဲ့ရပြီဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ လွတ်လာတဲ့လုပ်သားတွေကို ထိုင်းဘက်ကို ရွှေ့ပြောင်းရေးဟာ ဆိုင်းထားရမှာပါ။

မြန်မာဘက်ခြမ်းက ကျားဖြန့်လုပ်တဲ့နေရာတွေကို ထိုင်းဘက်ခြမ်းက လှမ်းတွေ့နိုင်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, BBC/ Lulu Luo and Jonathan Head

ဓာတ်ပုံ ပုံစာ, မြန်မာဘက်ခြမ်းက ကျားဖြန့်လုပ်တဲ့နေရာတွေကို ထိုင်းဘက်ခြမ်းက လှမ်းတွေ့နိုင်ပါတယ်။

ပြဿနာက ဒီလူတွေဟာ နိုင်ငံစုံကဖြစ်ပြီး အဲဒီထဲမှာ တချို့နိုင်ငံတွေဟာ သူတို့နေရပ်ပြန်ရေးကို အားစိုက်ထုတ်မှု မရှိတာလည်း တစ်ချက်ဖြစ်ပါတယ်။ ပထမလွှဲပြောင်းတဲ့ လူ ၂၆၀ မှာ ၁၃၀ နီးပါးက အီသီယိုးပီးယားကဖြစ်ပါတယ်။ အီသီယိုးပီးယားဟာ ထိုင်းနိုင်ငံမှာ သံရုံးမရှိပါဘူး။

တချို့အာဖရိကနိုင်ငံတွေဟာ နေရပ်ပြန်လိုသူတွေအနေနဲ့ လေယာဥ်ခရီးစရိတ် ကိုယ့်ဘာသာကျခံမှ ပြန်ကြရမယ့်အခြေအနေလို့ ဘီဘီစီကို ပြောပြကြတာတွေလည်းရှိပါတယ်။ လွတ်လာတဲ့လုပ်သားအများစုဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပါ။ နိုင်ငံကူးလက်မှတ်ကိုတောင် သူတို့ အလုပ်ရှင်တွေက သိမ်းထားခဲ့တာပါ။

ထိုင်းနိုင်ငံဟာ လူထောင်ချီကို လက်ခံဖို့နဲ့ ဒီလူတွေကို ဘယ်လောက်အထိ စောင့်ရှောက်ထားရမလဲဆိုတာကို စိုးရိမ်ချက်ရှိပါတယ်။ ဒီ လူတွေဟာ အမှန်တကယ်ပဲ လူကုန်ကူးခံရသူတွေဖြစ်သလားဆိုတာနဲ့ ရာဇဝတ်ကြောင်း ရှင်း မရှင်းဆိုတာကိုလည်း ထိုင်းဘက်က စိစစ်ချင်ပါတယ်။ ဒါပေမဲ့ ဒီလောက်များတဲ့ လူပမာဏကို ကိုင်တွယ်ဖို့ ထိုင်းအနေနဲ့ မစွမ်းသာပါဘူး။

ထိုင်းစစ်တပ်အပါအဝင် ဝန်ကြီးဌာနတွေနဲ့ အစိုးရအဖွဲ့အစည်းတွေဟာ ဒီပြဿနာဖြေရှင်းရေးမှာ ပါဝင်နေပါတယ်။ ဘယ်လိုဘယ်ပုံ လုပ်ကြမလဲဆိုတာကိုလည်း ကနဦး သဘောတူကြရပါတယ်။ ဒါပေမဲ့လည်း တစ်ဖက်မှာ ဒီကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်တယ်ဆိုတဲ့သံသယနဲ့ ထိုင်းရဲတပ်ဖွဲ့ အကြီးတန်း အရာရှိတွေနဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေလည်း တာဝန်ရွှေ့ပြောင်းခံထားရပါတယ်။

''ဒါကို မဖြေရှင်းနိုင်ဘူးဆိုရင်တောင် ... ဖြေရှင်းနိုင်ဖို့ လုပ်တာကို ရပ်သွားမှာမဟုတ်ပါဘူး။ ကျွန်မတို့ အလေးထားလုပ်ဖို့ လိုအပ်ပါတယ်'' လို့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်က ဘန်ကောက်မြို့မှာ ပြောပါတယ်။

ဒါပေမဲ့ သူ ဆိုလိုတာက ကျယ်ပြန့်လာတဲ့ကျားဖြန့်လုပ်ငန်းကို ဖြစ်ပြီး လွတ်လာတဲ့ကျားဖြန့်လုပ်သားဟောင်း ထောင်ချီအရေးမဟုတ်ပါဘူး။

ဂျုတာနာဟာ ကျားဖြန့်လုပ်ငန်းတွေထဲ မှောင်ခိုကူးထည့်သွင်းခံရသူတွေကို ကူညီ ကယ်ထုတ်နေသူတစ်ဦး ဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, BBC/Lulu Luo

ဓာတ်ပုံ ပုံစာ, ဂျုတာနာဟာ ကျားဖြန့်လုပ်ငန်းတွေထဲ မှောင်ခိုကူးထည့်သွင်းခံရသူတွေကို ကူညီ ကယ်ထုတ်နေသူတစ်ဦး ဖြစ်ပါတယ်

''စိတ်မကောင်းစရာက ရှေ့မဆက်နိုင်တဲ့အခြေအနေမျိုးကို ကျွန်တော်တို့ ကြုံနေရတယ်'' လို့ ဂျုဒ် တာနာက ပြောပါတယ်။ သူက ကျားဖြန့်လုပ်ငန်းတွေမှာ လူမှောင်ခိုကူးခံရတဲ့သူတွေကို အကူအညီပေးနေတာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်တဲ့ အစိုးရမဟုတ်တဲ့အဖွဲ့ (NGO) တစ်ခုကို စီမံနေတဲ့ သြစတြေးလျ နိုင်ငံသားဖြစ်ပါတယ်။

''သောက်ရေ သုံးရေနဲ့ အိမ်သာမသန့်တဲ့အကြောင်းတွေ ကျွန်တော်တို့ ကြားနေရတယ်။ လူ ၂၆၀ လောက်ဆိုရင် တီဘီပိုး ရှိမရှိ စစ်ဆေးဖို့လာကြတာ ရှိတယ်။ အကုန်လုံးမှာ ပိုးပေါ်တယ်။ သွေးအန်နေတဲ့သူတွေ ရှိတယ်ဆိုပြီး ပြောပြလာကြတာတွေလည်း ရှိတယ်။ ကျားဖြန့်ဝင်းတွေကနေ လွတ်လာကြလို့ သူတို့တွေ ဝမ်းသာနေကြတာပါ။ ဒါပေမဲ့ တစ်ဖက်မှာ ကျွန်တော်တို့ စိုးရိမ်ချက်က ဒီလူတွေ အရေးဖြစ်ပါတယ်။''

ထိုင်းဟာ အခုဆိုရင် နောက်ထပ် အင်ဒိုနီးရှားနိုင်ငံသား ၉၄ ဦးကို လက်ခံဖို့ အသင့်ဖြစ်နေပါတယ်။ သက်ဆိုင်ရာသံရုံးက ဒီလူတွေ ပြန်လွတ်လာဖို့နဲ့ အိမ်အပြန်အတွက်လေယာဥ် လက်မှတ် ဖြတ်ပေးခဲ့ပြီးဖြစ်တာကြောင့်ပါ။

ဒါပေမဲ့ မြန်မာပြည်တွင်းမှာတော့ လူပေါင်း ၇,၀၀၀ ကျော် ကျန်နေပါသေးတယ်။ ဒီလူတွေ ဘယ်တော့ အိမ်ပြန်ကြရမလဲဆိုတာ သဲသဲကွဲကွဲမရှိသေးပါဘူး။

မိုက်ခ်ကတော့ သူနဲ့ နောက်ထပ် လူတွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို မြန်မြန်ကူးခွင့်မရမှာ စိုးရိမ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။ DKBA က သူတို့ကို ကျားဖြန့် သူဌေးတွေဆီ ပြန်လွှဲပေးတာမျိုး လုပ်မှာ၊ နောက်ပြီး အဲဒီကို ပြန်ရောက်ရင် ထွက်ပြေးရကောင်းလားဆိုပြီး နှိပ်စက်ခံရမှာကိုလည်း ကြိုတင် ပူပန်ကြတာပါ။

ဗုဒ္ဓဟူးနေ့ညတုန်းကတော့ သူ့ရဲ့ ကြောက်စိတ်မွှန်မှု ရုတ်ချည်း တိုးထက်လာလို့ အသက်တောင် ရှုမရ ဖြစ်ခဲ့ပြီး ဆေးရုံရောက်ခဲ့ရတယ်လို့ သူက ပြောပါတယ်။

''ကျွန်တော် အိမ်ပြန်ချင်တာပဲ သိတယ်ဗျာ'' လို့ သူက ဖုန်းကနေတဆင့် ပြောပြပါတယ်။

''ကိုယ့်အိမ် ကိုယ့်ရာကို ပြန်ချင်နေပါပြီ။''