ကျားဖြန့်မြို့ ရွှေကုက္ကိုသူဌေးကို တရုတ်ထံ ထိုင်း လွှဲပြောင်း
အရှေ့တောင်အာရှမှာ တရားမဝင်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ လောင်းကစားအင်ပါယာကို ထူထောင်မှုနဲ့ စွပ်စွဲခံထားရတဲ့ ရှီကျီကျန်းကို ထိုင်းက တရုတ်လက်ကို အပ်လိုက်ပါပြီ။ ဒါကြောင့် တရုတ်အစိုးရလက်ထဲမရောက်ရေး ဥပဒေကြောင်းတွေအရ သူ့ကြိုးပမ်းချက်တွေလည်း အဆုံးသတ်ပြီဖြစ်ပါတယ်။
သူ့ကို ဖမ်းဖို့ တရုတ်က နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်)ကနေတဆင့် တောင်းဆိုချက်ကြောင့် ထိုင်းရဲတပ်ဖွဲ့က သူ့ကို ထိုင်းနိုင်ငံထဲမှာပဲ ၂၀၂၂ ခုနှစ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ရှီကျီကျန်းကို ဘတ်သန်းပေါင်းထောင်ချီ ဆုံးရှုံးအောင် လိမ်လည်မှုနဲ့ ၂၀၂၁ ခု၊ မေ ၂၁ ရက်က အင်တာပိုလ်က ဖမ်းဝရမ်း ထုတ်ခဲ့တာဖြစ်ပါတယ်။
အသက် ၄၃ နှစ်အရွယ် ရှီကျီကျန်းဟာ အရှေ့တောင်အာရှမှာ အွန်လိုင်း လောင်းကစားဒိုင်ပေါင်း ၂၃၉ နေရာကို ကြိုးကိုင်နေသူဖြစ်တယ်လို့ ThaiPBS သတင်းဌာနက ဖော်ပြပါတယ်။
အဲဒီလုပ်ငန်းတွေကနေ ရတဲ့ဝင်ငွေဟာ တရုတ်ယွမ်ငွေ သန်းပေါင်း ၂,၇၇၅ သန်း (ထိုင်းဘတ်ငွေ သန်းပေါင်း ၁၂.၆၃ သန်း) ရှိတယ်လို့လည်း ဆိုပါတယ်။
ရှီကျီကျန်းဟာ တရားမဝင်အွန်လိုင်း လောင်းကစားလုပ်ငန်းတွေကို လုပ်ဆောင်နေသူလို့ တရုတ်က စွပ်စွဲပါတယ်။ သူ့ကို တရုတ်လက်ထဲ ပြန်လည်လွှဲပြောင်းမယ့် ဆုံးဖြတ်ချက်ကိုတော့ ထိုင်းရဲ့ အခြေခံဥပဒေတရားရုံးက အခုသီတင်းပတ်မှာပဲ ဆုံးဖြတ်ခဲ့ပါတယ်။
သူဟာ ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကလောင်ပရန်ဗဟိုအကျဉ်းထောင်ကနေ သုဝဏ္ဏဘူမိလေဆိပ်ကို လက်ပြန်လက်ထိပ်ခတ်လျက်အနေအထားနဲ့ လုံခြုံရေးအရာရှိ နှစ်ဦးက ဖမ်းချုပ်ခေါ်ဆောင်ခဲ့ပါတယ်။
ဒီတရားခံလွှဲပြောင်းရေးက ထိုင်းဘုရင်မင်းမြတ်နဲ့ သူ့ရဲ့ မိဖုရားတို့ ဘေဂျင်းကို တရားဝင်အလည်အပတ်ခရီးမသွားခင် သီတင်းပတ်မှာပဲ ဖြစ်ပေါ်လာတာပါ။ ဒီခရီးက ထိုင်းဘုရင်တစ်ပါးရဲ့ တရုတ်နိုင်ငံကို ပထမဆုံး နိုင်ငံတော် ခရီးစဉ်လည်းဖြစ်ပါတယ်။ ဒါက တရုတ်နဲ့ ဆက်ဆံရေးကောင်းလိုတဲ့လက္ခဏာလို့လည်း ရှုမြင်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Central Investigation Bureau, Royal Thai Police
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရှီကျီကျန်းဟာ အရှေ့တောင်အာရှက ငွေကြေးပမာဏအကြီးမားဆုံးလို့ပြောကြတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)လုပ်ငန်းတွေနဲ့ ဆက်စပ်နေသူတွေထဲက တစ်ဦးဖြစ်ပါတယ်။ အဲဒီမှာ တရုတ်နိုင်ငံသား ထောင်ပေါင်းများစွာ ပိတ်မိနေခဲ့လို့ ဘေကျင်းဘက်က ဖြိုခွင်းတဲ့အထိ ဦးတည်ခဲ့ပါတယ်။
သူ့ရဲ့ နာမည်ဆိုးနဲ့အကျော်ကြားဆုံး စီမံကိန်းတစ်ခုကတော့ ထိုင်းနယ်စပ်နားက ရွှေက္ကိုမြို့သစ်ဖြစ်ပါတယ်။
တရုတ်ခရီးသွားတွေအတွက် အပန်းဖြေမြို့အဖြစ် ဒီစီမံကိန်းကို သူတို့ရဲ့ ကြော်ငြာဗီဒီယိုတွေမှာ ပုံဖော်ထားပါတယ်။ ဒါပေမဲ့ လိမ်လည်မှု၊ ငွေကြေးခဝါချမှုနဲ့ လူကုန်ကူးမှုတွေရဲ့ဘူမိနက်သန်နေရာအဖြစ်စွပ်စွဲခံထားရပါတယ်။
အခုနှစ် အစောပိုင်းက ဘီဘီစီ သတင်းအဖွဲ့က အဲဒီကို ဝင်ရောက်ခဲ့ပါတယ်။ အဲဒီအထိ လိမ်လည်တဲ့လုပ်ငန်းတွေက ရှိနေတုန်းပဲလို့ ဒေသခံတွေက ပြောပြပါတယ်။
ရှီကျီကျန်းရဲ့ ရထိုက်ကုမ္ပဏီနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေကို အမေရိကန်နဲ့ ယူကေအပါအဝင် အနောက်အုပ်စုနိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားပါတယ်။
စက်တင်ဘာ ၈ ရက်ထုတ်တဲ့ အမေရိကန်၊ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အဲဒီကြေညာချက်မှာ အရှေ့တောင်အာရှက ငွေလိမ်လုပ်ငန်းတွေကြောင့် အမေရိကန်နိုင်ငံသားတွေ အနည်းဆုံး ဒေါ်လာ ၁၀ ဘီလျံဆုံးရှုံးနေရတာကြောင့် အခုလိုပိတ်ဆို့အရေးယူရတာဖြစ်တယ်လို့ ပြောထားပါတယ်။
အမေရိကန်ရဲ့ပိတ်ဆို့မှုစာရင်းထဲမှာ ထိုင်းက အကျဥ်းထောင်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ ကျားဖြန့်ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရတဲ့ ရှီကျီကျန်း၊ BGF (ကရင်နယ်ခြားစောင့်တပ်) အသွင်ပြောင်း KNA က BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးကြီး စောမင်းမင်းဦးနဲ့ ဗိုလ်မှူးစောတင်ဝင်းတို့လည်း လူပုဂ္ဂိုလ်တစ်ဦးချင်းစီအလိုက် အရေးယူခံရတဲ့စာရင်းထဲ ပါခဲ့ပါတယ်။
ရှီကျီကျန်းရဲ့ လုပ်ငန်းတွေထဲ အကြီးဆုံးစီမံကိန်းတွေက ရွှေကုက္ကိုလ်မှာလို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက အထောက်အထားတွေနဲ့ ထုတ်ဖော်ထားပါတယ်။
ရွှေကုက္ကိုဒေသမှာရှိတဲ့ ရှီကျီကျန်းရဲ့ Yatai International Holding Group (Yatai IHG) က တည်ထောင်ခဲ့တဲ့မြို့သစ်ဖြစ်ပါတယ်။
ဒါကြောင့် သူ့ကို ဗိုလ်မှူးကြီးစောချစ်သူနဲ့ စီးပွားဖက်တွေဖြစ်တယ်လို့ U.S. Institute of Peace နဲ့ Justic For Myanmar တို့က ထုတ်ဖော်ထားပါတယ်။
အခုနှစ်အစောပိုင်းကတော့ ရှီကျီကျန်းက ထိုင်းထောင်ထဲကနေ BBC ကို အခုလိုပြောခဲ့ပါတယ်။
ရှီကျီကျန်းပြောတာက "တယ်လီကွန်း လိမ်လည်မှုနဲ့ လိမ်လည်မှုတွေကို ဘယ်သောအခါမှ လက်ခံမှာ မဟုတ်ကြောင်း" ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ရွှေကုက္ကိုမြို့ထဲကို အားလုံး အတားအဆီးမရှိ ဝင်ခွင့်ရှိတာကြောင့် လိမ်လည်တဲ့သူတွေလည်း ပါလာတာဖြစ်နိုင်တယ်လို့ သူက ဝန်ခံပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Courtesy Yatai
ရှီကျီကျန်းက ဘယ်သူလဲ
ရှီကျီကျန်းကို ၁၉၈၂ ခုနှစ်မှာ တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်က ဆင်းရဲတဲ့ ကျေးရွာမှာ မွေးဖွားခဲ့ပြီးအသက် ၁၄ နှစ်မှာ ကျောင်းထွက်ခဲ့ပြီး ကွန်ပျူတာ ကုဒ်ရေးနည်းကို သင်ယူခဲ့ပါတယ်။
သူ့ အသက် ၂၀ မှာ ဖိလစ်ပိုင်ကို ပြောင်းရွှေ့ပါတယ်။ တရုတ်မှာ တရားမဝင်မဟုတ်တဲ့ အွန်လိုင်းလောင်းကစား လုပ်ငန်းထဲကို သူ ဝင်ရောက်ပါတယ်။
၂၀၁၄ ခုနှစ်မှာတော့ တရားမ၀င်ထီရောင်းတယ်လို့ဆိုပြီး တရုတ်တရားရုံး တစ်ရုံးက ဆုံးဖြတ်တာခံရပါတယ်။
ဒါပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ သူရဲ့လောင်းကစားလုပ်ငန်းဟာ ကမ္ဘောဒီးယားနဲ့ ဒေသတွင်းမှာရှိတဲ့ တခြားနိုင်ငံတွေအထိ တိုးချဲ့ခဲ့လုပ်ကိုင်ခဲ့ပါတယ်။
သူဟာ ကမ္ဘောဒီးယားနဲ့ မြန်မာ နှစ်နိုင်ငံသား နိုင်ငံကူးလက်မှတ်တွေကို ကိုင်ဆောင်ထားတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
ရှီကျီကျန်းကတော့ သူ့ကိုယ်သူ တရုတ်နိုင်ငံရဲ့သူလျှိုဖြစ်ခဲ့တယ်လို့ ပြောထားပြီး နိုင်ငံတော်လျှို့ဝှက်ချက်တချို့ ပေါက်ကြားမှုတချို့မှာ ပါဝင်သူအဖြစ် တရုတ်အစိုးရက သူ့ကို စွပ်စွဲထားသူလို့ သူက ပြောထားပါတယ်။
ဒါကြောင့် တရုတ်ပြည်ရောက်သွားရင် သူ သေဒဏ် ပေးခံရနိုင်တာကြောင့် ကမ္ဘောဒီးယားနိုင်ငံသား ခံယူထားတဲ့ သူ့ကို တရုတ်နိုင်ငံမပို့ဘဲ ကမ္ဘောဒီးယားအစိုးရကို လွှဲပြောင်းပေးဖို့တောင်းဆိုခဲ့ဖူးပါတယ်။
အရှေ့ တောင်အာရှက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ ထောင်နဲ့ချီတဲ့ လူထောင်ပေါင်းများစွာ ပိတ်မိနေကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
အလုပ်ကမ်းလှမ်းမှုအတုတွေနဲ့ ဖြားယောင်းပြီး ကာယကံရှင်တွေရဲ့သဘောဆန္ဒမပါဘဲ အွန်လိုင်းမှာ အခြားသူတွေကို လိမ်လည်လှည့်ဖြားခိုင်းတာ ဒါမှမဟုတ် ရက်စက်ကြမ်းကြုတ်စွာ ပြစ်ဒဏ်ပေးတာတွေကို ခံကြရပါတယ်။
အများစုဟာ ဘေဂျင်းအတွက်အဓိက စိုးရိမ်စရာ တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အွန်လိုင်းငွေလိမ်လည်ဂိုဏ်းတွေ နှိမ်နင်းမှုကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ ကရင်ဘက်တင်မက တရုတ်- မြန်မာနယ်စပ်က ကိုးကန့်ခေါင်းဆောင်ဟောင်း မိသားစုဝင်တွေကိုလည်း ကျားဖြန့်မှုတွေ လူကုန်ကူးမှုတွေနဲ့ သေဒဏ်တွေ ချမှတ်ထားပါတယ်။













