‘‘မိုးမိတ်က မြို့ပျက်ကြီးလိုဖြစ်ပြီး ရပ်ကွက်ထဲ အလောင်းတွေရှိနေသေးတယ်’’

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
‘‘မြို့ထဲမှာ အပုပ်နံ့တွေ လှိုင်နေတယ်။ အိမ်တွေ၊ ဆိုင်တွေမှာရှိတဲ့ပစ္စည်းတွေ အကုန်အဖောက်ခံရတယ်။ ဘာမှမကျန်တော့ဘူး’’ လို့ ဘီဘီစီက သီးခြားစီဆက်သွယ်ခဲ့တဲ့မိုးမိတ်မြို့ခံ ၄ ဦးထက်မနည်းက တူညီတဲ့စကားတွေနဲ့ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်မှာ ကချင်အမျိုးသားလွတ်လပ်ရေးတပ် (KIA)အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့အပြီးအခြေအနေကို မြို့ခံတွေက ပြောပြတာဖြစ်ပါတယ်။
မိုးမိတ်မှာ စစ်ကောင်စီအခြေချဗျူဟာ၊ စစ်စခန်းတွေနဲ့ ကင်းစခန်းတွေကို ဇန်နဝါရီလ ၁၃ ရက်ဝန်းကျင်မှာ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့အပြီး နှစ်ပတ်နီးပါးအကြာမှာတော့ အပျက်အစီးတွေနဲ့ပြည့်နေတဲ့မြို့ကို ပြန်လည်ထိန်းချုပ်ထားပြီလို့ စစ်ကောင်စီက ထုတ်ပြန်ပြောဆိုပါတယ်။
တဖက်မှာလည်း ဘီဘီစီက သိရှိရသလောက် စစ်ကောင်စီဟာ မိုးမိတ်ကို အပြည့်အစုံ ထိန်းချုပ်ထားတာ မရှိသေးသလို လုံခြုံရေးပြည့်ပြည့်ဝဝလည်း မပေးနိုင်သေးတာကြောင့် မြို့ခံတွေရဲ့ အိမ်တွေနဲ့ စျေးဆိုင်တွေ ဖောက်ထွင်းခံရတာတွေ ကြုံနေရပါတယ်။ မြို့တွင်းမှာလည်း သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကနေ ထွက်တဲ့အပုပ်နံ့တွေ နံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးမိတ်တိုက်ပွဲ ဘယ်လို စဖြစ်ခဲ့လဲ
ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်မှာ လက်နက်ကြီးသံတွေ၊ ပစ်သံခတ်သံတွေ စတင်ကြားခဲ့ရတာနဲ့ စစ်ကောင်စီက လေယာဥ်နဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့တာဟာ ဇန်နဝါရီလ ၉ ရက်နေ့လယ်မှာဖြစ်ပါတယ်။
အဲဒီလို ပစ်ခတ်မှုကြောင့် မိုးမိတ်အထွက် မိုင်အနည်းငယ်အကွာက စင့်ကင်ရွာနဲ့ မန်ဖွယ်ကျေးရွာမှာ မိုင်းဖုန်းဆရာတော်တည်ထားတဲ့ စေတီ၊ ဘုန်းကြီးကျောင်းနဲ့ ဇရပ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဇန်နဝါရီလ ၁၃ ရက်မှာတော့ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးဟာ အုန်းကြောရွာသစ်ထဲကို ကျရောက်ခဲ့တာကြောင့် အဲဒီကျေးရွာက ဦးမောင်ကျောက်နဲ့ ဒေါ်မဇော်တို့ ဇနီးမောင်နှံဟာ နေအိမ်မှာပဲ သေဆုံးခဲ့ပြီး သူတို့နေအိမ်လည်း ပျက်စီးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မိုးမိတ်မှာ တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုဟာ သူတို့နှစ်ဦးက ပထမဆုံးဖြစ်တယ်လို့ ကူညီ ကယ်ဆယ်ရေးသွားခဲ့သူတွေက ဘီဘီစီကို ပြောပါတယ်။
မိုးမိတ်က တိုက်ပွဲတွေဟာ ဇန်နဝါရီလ ၁၇ ရက်နဲ့ ၁၈ ရက်မှာ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲအရှိန်အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။
ဇန်နဝါရီလ ၁၈ ရက်နေ့ တစ်နေ့တည်းမှာပဲ မိုးမိတ်မြို့ထဲက စစ်ကောင်စီရဲစခန်း၊ ရွှေဇာလီရပ်ကွက်မှာရှိတဲ့ စစ်တပ် တပ်စွဲထားတဲ့နေရာတစ်ခုနဲ့ စခန်းငယ်တစ်ကို KIA ဦးဆောင်တဲ့ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနေ့ တစ်နေ့တည်းမှာပဲ မြို့တွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တပ်ရင်း ၂ ရင်းနဲ့ အခြေချဗျူဟာ ရှိတဲ့ မြို့တောင်ဘက်ခြမ်းကို ထွက်ပြေးခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးကျည် ကျရောက်ပြီး ဇန်နဝါရီ ၁၉ ရက်ညပိုင်းက မိုးမိတ်ဈေးကြီးလည်း မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောခဲ့ပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ မိုးမိတ်စျေး မီးလောင်မှုဟာ သူတို့ လက်ချက်မဟုတ်ဘူးလို့ ဆိုပြီး မိုးမိတ်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တပ်စခန်းတွေကိုလာရောက်တိုက်ခိုက်နေတဲ့ KIA/PDF အဖွဲ့တွေရဲ့ လက်နက်ကြီးငယ်တွေရဲ့ ပစ်ခတ်မှုကြောင့်သာ လက်နက်ကျည်ကျ မီးလောင်ခဲ့တာလို့ ဇန်နဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
မိုးမိတ်မြို့ဝင်မြို့ထွက်တွေကို စစ်တပ်က ပိတ်ဆို့ခဲ့ပြီး မြို့ရှောင်လမ်းကနေ စစ်ရှောင်လို့ရပေမယ့် လက်နက်ကြီးပစ်ခတ်တာ၊ လေယာဉ်နဲ့ဗုံးကြဲတာတွေကြောင့် ဒေသခံအချို့က မထွက်ရဲကြဘဲ မြို့ထဲ ပိတ်မိခဲ့သူတွေရှိခဲ့ပါတယ်။
‘‘ဘယ်လိုပြေးခဲ့ရလဲဆိုရင် သူတို့ (စစ်တပ်) ဗျူဟာကုန်းရှိတဲ့ မြို့တောင်ဘက်ကို ဆုတ်သွားတော့ စစ်တပ်လေယာဥ်ကလည်း မြို့ထဲကို ကြဲပြီ။ သူတို့တောင်ဘက်ကြဲရင် ကျွန်မတို့က မြောက်ဘက်ပြေးရတယ်။ ဘေးလွတ်ရာပေါ့’’ လို့ တိုက်ပွဲပြီးတာတောင် နေရပ်မပြန်နိုင်သေးတဲ့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြန်ပြောပြပါတယ်။
အဲဒီနောက် မိုးမိတ်မှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်ခဲ့ပြီး မိုးမိတ်က သတင်းတွေ သတင်း စာမျက်နှာတွေပေါ်မှာ ပျောက်ခဲ့ပါတယ်။
မိုးမိတ်ကို ပူးပေါင်းတပ်တွေ ဘာကြောင့် မထိန်းချုပ်နိုင်ခဲ့တာလဲ

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
မိုးမိတ်ဟာ မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိပြီး အဲဒီလမ်းမကြီးဖြတ်သန်းတဲ့ မဘိမ်းမြို့နဲ့ မိုင် ၄၀ ကျော် အဝေးမှာရှိပါတယ်။
မိုးမိတ်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေတဲ့ ဇန်နဝါရီလ ၂၀ ရက်မှာပဲ မဘိမ်းမြို့ကို ကချင် အမျိုးသားလွတ်လပ်ရေးတပ်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ ကျောင်းသားတပ်(ABSDF) တို့ ပူးပေါင်းသိမ်းယူခဲ့ပါတယ်။
မိုးမိတ်မှာ စစ်ကောင်စီတပ်ရဲ့ အမှတ် ၃၄၈ ခြေမြန်တပ်ရင်း၊ အမှတ် ၂၇၆ ခြေမြန်တပ်ရင်း၊ အမှတ် ၂၂၃ ခြေလျင်တပ်ရင်းတို့ရှိသလို အခြေချဗျူဟာလည်းရှိနေပါတယ်။
မိုးမိတ်မြို့ထဲက စစ်ကောင်စီ ရဲစခန်း၊ ကင်းစခန်းတွေကို KIA/PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပေမဲ့ မြို့မှာ အခြေစိုက်တဲ့ ဗျူဟာကိုတော့ မသိမ်းနိုင်ခဲ့ပါဘူး။
ပူးပေါင်းတပ်တွေဟာ ဇန်နဝါရီလ ၂၅ ရက်ဝန်းကျင်မှာ ပြန်ဆုတ်သွားခဲ့အပြီးမှာတော့ ဇန်နဝါရီလ ၂၉ ရက်မှာ မိုးမိတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီက ဓာတ်ပုံတွေနဲ့တကွ ပြန်လည် သတင်းထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ မြို့ကို ထိန်းချုပ်ထားပြီလို့ ဆိုပေမဲ့ မိုးမိတ်မှာရှိတဲ့ ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အောက်က ဗျူဟာမှာပဲ ခြေကုပ်ယူထားတယ်လို့သိရပါတယ်။
‘‘စစ်တပ်က အဲဒီဗျူဟာ မကျတောင် လက်နက် အင်အား အတော်လေးဖြည့်တင်းခဲ့တယ်။ အဲဒီ ဗျူဟာ မကျသွားတာကြောင့် မိုးမိတ်မှာ ဆက်ပြီး အခြေစိုက်နိုင်တဲ့သဘော’’ လို့ စစ်ရေးအခြေအနေသိရှိတဲ့ မိုးမိတ်မြို့ခံက ဘီဘီစီကို ပြောပါတယ်။
‘‘မိုးမိတ်က မြို့ပျက်ကြီးလိုဖြစ်သွားပြီး အပုပ်နံ့တွေ နံနေတယ်’’

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
မိုးမိတ်ကို ပြန်လည်ထိန်းချုပ်ထားပြီဆိုတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲတွေဖြစ်ပွားပြီး တစ်လနီးပါးအကြာမှာ မြို့ခံလူထုကို ပြန်လည်ဝင်ရောက်နေထိုင်နိုင်ခွင့်ပေးထားပါတယ်။
ဒါပေမဲ့ တိုက်ပွဲတွေကြောင့် မိုးမိတ် တစ်မြို့လုံးနီးပါးဟာ အပျက်အစီးတွေ ဖြစ်နေပြီး မြို့တွင်းမှာလည်း သေဆုံးထားသူတွေရဲ့အပုပ်နံ့တွေနဲ့ နံစော်နေတယ်လို့ ဖေဖော်ဝါရီ ၁၉ ရက်တုန်းက မြို့တွင်းကို ပစ္စည်းသွားယူခဲ့တဲ့ မိုးမိတ်စစ်ရှောင်ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
‘‘မြို့ထဲ ဝင်တော့ ဗျူဟာရှေ့က စစ်ဆေးရေးဂိတ်မှာ စစ်တာလောက်ပဲ။ မြို့ထဲမှာတော့ သူတို့ လုံခြုံရေးယူထားတာ မတွေ့ခဲ့ရဘူး။ မြို့ထဲဝင်တာ ၃ ယောက်ဆိုရင် တစ်ယောက်လောက်ကိုပဲ မှတ်ပုံတင်တောင်းကြည့်တယ်။ ဘယ်သွားမှာလဲ။ မြို့ထဲမှာ ညအိပ်မှာလားလောက်ပဲ မေးတယ်’’ လို့ သူက ပြောပါတယ်။
‘‘မြို့ထဲဖြတ်သွားတယ်၊ ရွှေဇာလီ မြောက်ပိုင်းနဲ့ ပြည်ထောင်စုရပ်ကွက်တွေဘက်ကို ဖြတ်ရင် အပုပ်နံ့ တွေ နံနေတာပဲ။ နမိတ်ချောင်းထဲမှာ ပုပ်ပွနေတဲ့အလောင်းတစ်လောင်းကို တွေ့ခဲ့ရတယ်’’ လို့လည်း သူက ဆက်ပြောပါတယ်။
မိုးမိတ်က တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုတွေ ဆယ်နဲ့ချီရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်သူတချို့ဆီက သိရပါတယ်။ ။
‘‘ဇန်နဝါရီလ ၁၃ ရက်မှာ အလောင်း ၂ လောင်းကောက်ခဲ့ရတာ ပထမဆုံးနဲ့ နောက်ဆုံးပဲ။ အဲဒီကြားထဲ မကောက်လိုက်ရတဲ့ လက်နက်ကြီးထိ အလောင်း ၃၊ ၄ လောင်းရှိတယ်။ ၁၈ ရက်နေ့မှာဆိုရင် မြို့ထဲကရုပ်ရှင်ရုံဘေးရယ်၊ ဗလီဘေးနားမှာရယ် ၃ လောင်း။ လာကောက်ပြီး သင်္ဂြိုဟ်ပေးပါလို့ ဆက်သွယ်လာတယ်။ ၁၉ ရက်မှာတင် အာသံဘုန်းကြီးကျောင်းထဲ ၂ လောင်း၊ ဘိုးဘိုးကြီးနတ်စင်နားမှာ ၉ လောင်း။ တောင်ပိုင်းက ဘယ်နားမှာ ဘယ်နှလောင်းရှိလို့ လာသယ်ပါ ဆိုတာမျိုးတွေ ဆက်သွယ်ကြတယ်။ ဒါပေမဲ့ အလောင်းသွားကောက်တဲ့အချိန် တော်လှန်ရေးက ကလေးတွေနဲ့တွေ့တော့ လုံခြုံရေးကြောင့် မြန်မြန်ပြန်တော့လို့ဆိုလို့ ကျွန်မတို့ ပြန်လာခဲ့ရတယ်’’ မြို့ခံ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။
မြို့တွင်းက ညီနောင် လူမှုကူညီရေးအဖွဲ့တွေက ပြောပြလာတဲ့အချက်အလက်တွေနဲ့ အဆက်အသွယ်ရတဲ့ စစ်ရှောင်မြို့ခံတွေကြား ပြောဆိုချက်တွေအရဆိုရင် သေဆုံးသူအရပ်သားအရေအတွက်ဟာ အယောက် ၅၀ ထက်မနည်းမှာရှိတယ်လို့ သူက ဆက်ပြောပြပါတယ်။
ဒါပေမဲ့ ဆက်သွယ်ရေးလိုင်းတွေ အခက်အခဲရှိနေလို့ သေဆုံးသူအရေအတွက် အချက်အလက် အသေးစိတ်ကို ရရှိဖို့ ဆက်လက်အတည်ပြုနေတယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
တိုက်ပွဲကြောင့် နေအိမ်တွေ ပျက်စီးမီးလောင်တာ၊ လက်နက်ကြီးထိလို့ ပြိုပျက်တာတွေအပြင် မြို့ခံ စစ်ရှောင်တွေအတွက် နောက်ထပ် စိုးရိမ်ချက်တစ်ခုက စျေးဆိုင်တွေနဲ့ အိမ်တွေ ဖောက်ထွင်းခိုးယူခံရမှုဖြစ်ပါတယ်။
‘‘အိမ်စောင့် တစ်ယောက်တစ်လေ ကျန်ခဲ့တဲ့သူတွေရှိတယ်လေ။ သူတို့အပြောအရဆိုရင် အိမ်တွေ ဆိုင်တွေကိုဖောက်ပြီး ကားတွေနဲ့ လာသယ်နေကြတာ။ ကိုယ့် အနီးနားက ရွာက လူတွေ၊ မြို့ထဲ ပြန်ဝင်နေကြတဲ့မြို့ခံတွေအချင်းချင်းကပဲ ပြန်လုပ်နေတာ။ ကား ၂ စီး စာပဲ ပစ္စည်းပြန်ရတယ်။ ဘာမှမရှိတော့ဘူး’’ လို့ မိုးမိတ်က တည်းခိုခန်းနဲ့စားသောက်ဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ လက်ရှိမှာ ဒေသခံ စစ်ရှောင်တွေအနေနဲ့ မိုးမိတ်မြို့တွင်းကို မနက် ၈ နာရီနဲ့ ညနေ ၄ နာရီအတွင်းသာ ဝင်ရောက်ဖို့ ကန့်သတ်ထားပါတယ်။
‘‘မြို့ထဲ ပြန်နေနိုင်ပြီလို့တော့ သူတို့ (စစ်တပ်) က ပြောတာပဲ။ ကိုယ့်အိမ်က ပစ္စည်းတွေတောင် ဖောက်ထွင်းယူခံနေရတာ၊ လုံခြုံမှုအာမခံချက်လည်း သူတို့ပေးနိုင်မယ်လို့ ကျွန်မမယုံကြည်ဘူး။ ပြန်နေဖို့ မစဥ်းစားသေးဘူး’’လို့ မိုးမိတ်စျေးမီးလောင်မှုမှာ သိန်းရာချီဖိုး အဝတ်အထည်တွေ ဆုံးရှုံးခဲ့တဲ့မြို့ခံက ပြောပါတယ်။












