ဇန်နဝါရီ ၅ ရက် ထိပ်တန်းသတင်းများ - မိုးမိတ် စင့်ကင်ရွာ ကျန်ကန်တပ်စခန်းကို TNLA သိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, TNLA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ စင့်ကင်ကျေးရွာအခြေစိုက် ကျန်ကန်တပ်စခန်းကို တအာင်းတပ် (TNLA) တွေက ဇန်နဝါရီ ၅ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်လက်နက်အသုံးအဆောင်ပစ္စည်းတွေလည်း ရရှိခဲ့တယ်လို့ TNLA ဘက်က ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်လာပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်ရဲ့ မိုးမိတ်တပ်စခန်းကနေ လက်နက်ကြီးနဲ့ ၁၅ ကြိမ်ထက်နည်းပစ်ခတ်ခဲ့ပြီး တိုက်လေယာဉ်နဲ့ ၂ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီစခန်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) နဲ့ ခြေလျင်တပ်ရင်း (ခလရ-၂၂၃) တို့ တပ်စွဲထားပြီး ဇန်နဝါရီ ၃ ရက်တည်းက စတင်တိုက်ခိုက်ခဲ့တာကြောင့် သုံးရက်အကြာမှာမှ TNLA ဘက်က သိမ်းနိုင်ခဲ့တာလို့ဆိုပါတယ်။
လက်ရှိမှာတော့ မိုးမိတ်မြို့ပေါ်မှာလည်း စစ်တပ်ဘက်က တပ်စွဲထားတာမရှိတော့ဘဲ မိုးမိတ်ကနေ မိုးကုတ်ဘက်အထွက် မြို့ပြင်တဝိုက်မှာပဲ စစ်တပ်က အထိုင်ချတပ်စွဲနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ စင့်ကင်ကျေးရွာဒေသခံတွေကတော့ မိုးမိတ်မြို့ပေါ် စစ်ရှောင်လာကြသလို မိုးမိတ်မြို့ခံအချို့ကတော့ စစ်တပ်ကနေ လေကြောင်းတိုက်ခိုက်လာမှာစိုးရိမ်ပြီး စစ်ရှောင်နေကြတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
“မြို့ပေါ်လူကတော့ ၃ ပုံ ၂ ပုံပဲကျန်တော့တယ်။ စင့်ကင်ဘက်မှာ တိုက်ပွဲစဖြစ်ကတည်းက တချို့က ရှောင်သွားကြတာ” လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မိုးမိတ်ကနေ စင့်ကင်ကြားက စစ်ကောင်စီတပ်ရဲ့ မန်တပ်စခန်းကိုလည်း TNLA တပ်တွေက သိမ်းပိုက်ထားတယ်လို့ မြေပြင်အခြေနေသိရှိတဲ့ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ မိုးမိတ် စင့်ကင်ကအခြေအနေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
တန့်ဆည်မှာ လေကြောင်းကနေ ဗုံးကြဲလို့ ကလေးအပါအဝင် အရပ်သား၅ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့အနောက်ခြမ်းက စိန်းနန်းရွာစာသင်ကျောင်းအနီးကို ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ စစ်တပ်က လေကြောင်းကနေ ဗုံး ၂လုံးကြဲပြီး တိုက်ခိုက်ခဲ့တာကြောင့် ၅ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၅ ဦးသေဆုံးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။
ဒေသခံတွေအပြောအရ စိန်းနန်းရွာစာသင်ကျောင်းအနီးက အရပ်သားနေအိမ်တွေပေါ်ကို စစ်တပ်လေယာဉ်ကနေ ဗုံးကြဲချခဲ့တာလို့ဆိုပြီး အဲဒီမှာ တိုက်ပွဲမရှိဘဲ လာရောက်ပစ်ခတ်တာလို့ဆိုပါတယ်။
"နေ့လယ် ၂ နာရီ ၄၅ မိနစ်လောက်မှာ ဗုံးကြဲသွားတာ အိမ်ထဲက မိသားစုတွေသေသွားတယ်။ အငယ်ဆုံးကလေးကတော့ ၅ နှစ်ပဲရှိသေးတယ်”လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် အရပ်သားတွေသေဆုံးသလို စာသင်ကျောင်းနဲ့ အရပ်သားနေအိမ်တွေလည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေရဲ့အပြောအရသိရပါတယ်။
တန့်ဆည်မှာ လေကြောင်းတိုက်ခံရတဲ့ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းတစ်စုံတစ်ရာထုတ်ပြန်လာတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာလကတော့ တန့်ဆည်မြို့မှာရှိတဲ့ စစ်ကောင်စီရဲစခန်းကို တန့်ဆည်အခြေစိုက်ပြည့်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာရှိပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်က တန့်ဆည်မြို့ အရှေ့ဘက်ခြမ်းမှာ အင်အား ၅၀ ကျော်နဲ့ တပ်စွဲထားတာကြောင့် နိုဝင်ဘာတုန်းက စစ်ရှောင်ကြတဲ့ မြိုခံတွေထဲ အရှေ့ဘက်ခြမ်းမှာနေထိုင်သူတွေကတော့ နေအိမ်တွေကို မပြန်ရဲကြသေးဘူးလို့သိရပါတယ်။
စစ်တွေ ရွှေပြားဆိပ်ကမ်းမှာ အရပ်သား ၆၀ နီးပါး ဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကပ်လျက်က ရွှေပြားဆိပ်ကမ်းမှာ ဈေးရောင်းဈေးဝယ်ပြုလုပ်နေကြတဲ့သူတွေ၊ စက်လှေမောင်းတဲ့သူတွေအပါအဝင် မနက်ခင်း လမ်းလျှောက်ကြတဲ့သူတွေ စုစုပေါင်း အယောက် ၆၀ နီးပါးကို မနေ့ ဒီဇင်ဘာ ၄ ရက်မနက်အစောပိုင်းမှာ စစ်တပ်ကဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောသလို အေအေဘက်ကလည်း ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။
“ဖမ်းတာ ၆၀ လောက်ရှိတယ် အဲဒီနားက ကုန်စိမ်း၊ ကုန်ခြောက် နဲ့ ရေလုပ်ငန်းလုပ်တဲ့သူတွေ တော်တော်များများပါတယ်၊ မနက်အစောပိုင်းဝင်ဖမ်းတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၅ ရက်နေ့အထိ ဖမ်းဆီးခံရတဲ့သူတွေထဲက ပြန်လည်လွတ်မြောက်လာတဲ့သူမရှိသေးဘူးလို့လည်း ဒေသခံတစ်ဦးကဆိုပါတယ်။
အရပ်သားတွေကိုဖမ်းဆီးတဲ့အပြင် ဖမ်းဆီးခံရတဲ့သူတွေရဲ့ ကုန်ပစ္စည်းတွေအားလုံးကိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တစ်ခါတည်းသိမ်းသွားတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်တွေမြို့က အရပ်အခေါ် ကိုရီးယားဆိပ်ကမ်းအပါအဝင် ရွှေပြားဆိပ်ကမ်းတကြောမှာ ရောင်းဝယ်ဖောက်ကားခွင့်ကို စစ်တပ်က ပိတ်ပင်ထားတယ်လို့လည်း မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ရွှေပြားဆိပ်ကမ်းနဲ့အတူ တစ်ဖက်တည်းမှာရှိတဲ့ ကိုရီးယားဆိပ်ကမ်းဘက်က ရွာတွေမှာလည်း စစ်တပ်က အင်အားဖြည့်ပြီး ရွာခံတွေကို ၂၄ နာရီပတ်လုံး စောင့်ကြည့်နေတာတွေရှိတယ်လို့ ဘီဘီစီရဲ့သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်မှာလည်း စစ်တွေမြို့မဈေးမှာ ဈေးရောင်းဈေးဝယ်လုပ်ဖို့ ရွာတွေကနေလာတဲ့ ဒေသခံ ၁၁ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပေမယ့် ၃ ယောက်သာပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
ရခိုင်မှာ စစ်တပ်က ကုန်းကြောင်း၊ ရေကြောင်း နှစ်ခုစလုံးကို ပိတ်ထားသလို စစ်တွေ၊ သံတွဲ၊ တောင်ကုတ်အပါအဝင် ရခိုင်မြို့ကြီးတော်တော်များများက ဒေသခံတွေ ဖမ်းဆီးခံနေရတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ရခိုင်က ဒေသခံတွေကိုဖမ်းဆီးတာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
လောက်ကိုင်(ဒကစ) လက်နက်ချ

ဓာတ်ပုံ ရင်းမြစ်, Screengrab
ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့ ဒေသကွပ်ကွဲမှုစစ်ဌာချုပ်(ဒကစ)ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချလိုက်ပြီလို့ ဒကစနဲ့ နီးစပ်သူတွေက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်ဆင်နွှဲတဲ့ အောက်တိုဘာ ၂၇ ရက်နေ့ နောက်ပိုင်းကတည်းက ကိုးကန့်တပ် - MNDAA က လောက်ကိုင်မြို့ကို သိမ်းပိုက်နိုင်ရေးကြိုးစားနေတာ ရက်ပေါင်း ၇၀ ကိုရောက်ရှိလာချိန်မှာ လောက်ကိုင်မြို့က စစ်ကောင်စီရဲ့ ဒကစတပ်ဖွဲ့ဝင်တွေ အခုလို လက်နက်ချလိုက်တာဖြစ်ပါတယ်။
ဒါဟာမြန်မာစစ်တပ်သမိုင်းမှာ ပထမဆုံးလက်နက်ချတဲ့ ဒေသကွပ်ကွဲမှုစစ်ဌာချုပ်ဖြစ်လာပြီး စစ်ကောင်စီဘက်ကတော့ ဒီအခြေအနေကို အတည်ပြုထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
လောက်ကိုင် ဒကစ အခြေအနေနဲ့ ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကို မေးမြန်းထားပါတယ်။
စစ်ကောင်စီသတင်းတွေကိုဖော်ပြတဲ့ တယ်လီဂရမ်တွေမှာတော့ လောက်ကိုင်ဒကစ ကျသွားပြီဆိုတာမဟုတ်ကြောင်းရေးသားနေကြပါတယ်။
လောက်ကိုင်မြို့မှာ တစ်ခုတည်းကျန်နေတဲ့ စစ်ကောင်စီစစ်ဌာချုပ်ဖြစ်လို့ ဒီအခြေအနေက ကိုးကန့်တပ်က လောက်ကိုင်ကိုသိမ်းနိုင်ပြီလို့ပြောနေကြပေမဲ့ ကိုးကန့်တပ် - MNDAA ကတော့ လောက်ကိုင် (ဒကစ) ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဇန်နဝါရီ ၄ ရက် ညပိုင်းကထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ဒကစနဲ့ လောက်ကိုင်မြို့ကို သိမ်းထားနိုင်တယ်လို့တော့ ထုတ်ပြောတာမရှိသေးပါဘူး။
'' တပ်ထဲမှာ အဖေကကျန်ခဲ့တာကြာပြီ။ ကျွန်မတို့ကလည်းလားရှိုးပြောင်းနေတာကြာပြီ။ မနေ့က အဖေနဲ့ အဆက်အသွယ်မရလို့ တပ်ထဲက တခြားအမျိုးတွေကိုမေးကြည့်လိုက်တော့ သူတို့တွေ အကုန်ထွက်လာပြီတဲ့။ တပ်ဆုတ်လိုက်ပြီလို့ပြောပါတယ်။ချင်းရွှေဟော်ရောက်ပြီပြောပါတယ် '' လို့ လောက်ကိုင် ဒကစနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ကပြောပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့လောက်ကိုင်မြို့ အခြေစိုက် ဒကစ ဟာ ရှမ်းမြောက်တခွင်က ဝေးလံတဲ့ဒေသတွေရဲ့ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်တွေကို တိုင်းစစ်ဌာနချုပ်ကိုယ်စား တာဝန်ယူဆောင်ရွက်တာဖြစ်ပါတယ်။
တရုတ်နယ်စပ်မှာရှိတာကြောင့် မဟာဗျူဟာအရ အရေးပါတဲ့ ကွပ်ကွဲမှုဌာနချုပ်ဖြစ်ပြီး လက်ရှိ ဒကစ(လောက်ကိုင်)ရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် မိုးကျော်သူဖြစ်ပါတယ်။
လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်တွေမှာတော့ စစ်ကောင်စီဖွဲ့ဝင်တွေကို စစ်ကားတွေနဲ့ ပြောင်းရွှေ့နေတာကိုတွေ့ရပါတယ်။
'' တပ်မိသားစုတွေကို အရင်ပို့တယ်။ ပြီးတော့ စစ်သားတွေထပ်ပို့တယ်။ ချင်းရွှေဟော်လမ်းကြောင်းကနေ လားရှိုးသွားတာ'' လို့ ဒေသအခြေအနေသိရှိသူတစ်ဦးကလည်းထပ်ပြီးအတည်ပြုပါတယ်။
လောက်ကိုင် ဒကစဟာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကွပ်ကဲအောက်ရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်တစ်ခုဖြစ်ပြီး လောက်ကိုင်မြို့မှာ အခြေစိုက်ထားကာ မူလတပ်ရင်း ၃ ရင်းအပါအဝင် အခြားစစ်လက်ရုံးတပ်တွေနဲ့ တပ်မ ၅၅၊ စကခ ၁၂၊ စကခ ၁၆၊ စကခ ၁၄ တပ်တွေကိုပါ အင်အား တိုးထားတဲ့အပြင် ပြည်သူ့စစ်တပ်တွေလည်း လာရောက်ပူးပေါင်းထားလို့ အင်အား ထောင်နဲ့ချီရှိကြောင်း သိရပါတယ်။
ကွတ်ခိုင်၊ နမ့်ဖတ်ကာတကြောမှာ တိုက်ပွဲပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay News Agency
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ထဲက နမ့်ဖတ်ကာ တကြောမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) တို့ကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက သူတို့ရရှိထားတဲ့ အချက်အလက်တွေကိုကိုးကားပြီး ဘီဘီစီကိုပြောပါတယ်။
လက်ရှိမှာ ဒီဇင်ဘာ ၂၉ ရက်ကစလို့ နမ့်ဖတ်ကာမှာတယ်လီဖုန်းလိုင်းတွေဖြတ်တောက်ခံရပြီး စစ်တပ်ထုတ် MEC ဖုန်းလိုင်းတစ်ခုတည်းပဲဆက်သွယ်လို့ရတဲ့ အခြေအနေလို့ MEC ဖုန်းကိုင်ထားသူတစ်ဦးက ဘီဘီစီကိုဖြေကြားပါတယ်။
ဒေသတွင်းမီဒီယာမှာတော့ နမ့်ဖတ်ကာမှာ စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ဖတ်ကာ ရပ်ကွက် ၄ က မိသားစုဝင် ၃ ဦးနဲ့ နောက်ထပ်ဒေသခံ ၁ ဦး စုစုပေါင်း ၄ ဦးသေဆုံးပြီး မန်မော်ဝ်ရွာက ဒေသခံ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။
လက်ရှိမှာ နမ့်ဖတ်ကာမှာ အိမ်စောင့်တစ်ဦးလောက်ထားခဲ့ရုံကလွဲပြီး တစ်မြို့လုံးနီးပါးစစ်ရှောင်နေကြတယ်လို့ လားရှိုးကိုရောက်နေတဲ့ နမ့်ဖတ်ကာစစ်ရှောင်ဒေသခံကပြောပါတယ်။
ဒီဇင်ဘာ ၃၀ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ အဲဒီနမ့်ဖတ်တိုက်ပွဲဟာ တစ်ပတ်နီးပါးကြာမြင့်နေပြီဖြစ်သလို တိုက်ပွဲအတွင်းမှာလည်း စစ်တပ်က နမ့်ဖတ်ကာတဝိုက်ကို နေ့တိုင်း လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေရှိတယ်လို့ စစ်ရှောင်လာသူတွေကပြောပါတယ်။
မြန်မာနယ်စပ်တိုက်ပွဲကြောင့် တရုတ်နိုင်ငံသားတွေထိခိုက်ခဲ့မှု တရုတ် ပြင်းပြင်းထန်ထန်ရှုတ်ချ

ဓာတ်ပုံ ရင်းမြစ်, CMFA
မြန်မာမြောက်ပိုင်းက ပဋိပက္ခတွေကြောင့် တရုတ်နိုင်ငံသားတွေ ထိခိုက်ခဲ့တဲ့အပေါ်မှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဝမ်ဘင်းဘင်းကပြောပါတယ်။
တရုတ်-မြန်မာနယ်စပ်ဒေသ လုံခြုံတည်ငြိမ်ရေးနဲ့ တရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ခြိမ်းခြောက်အန္တရာယ်ဖြစ်စေတဲ့ ကိစ္စတွေ ထပ်မံမဖြစ်ပွားဖို့ တိကျသေချာတဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်မယ်လို့လည်းဆိုပါတယ်။ ဒါအပြင် မြန်မာမြောက်ပိုင်းမှာ ချက်ချင်းအပစ်ရပ်ဖို့လိုတယ်လို့လည်း ထည့်ပြောပါတယ်။
မြန်မာမြောက်ပိုင်းက အခြေအနေကို တရုတ်အနေနဲ့ အနီးကပ်စောင့်ကြည့်နေပြီး တရုတ်နိုင်ငံသားတွေထိခိုက်ခဲ့တဲ့အပေါ်မှာ များစွာစိတ်မကောင်းဖြစ်ရတယ်လို့ဆိုကာ ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အထူးအလေးအနက်ထား အကြောင်းကြားထားတယ်လို့လည်းပြောပါတယ်။
စစ်ကောင်စီ နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲတွေဖြစ်နေတဲ့ လောက်ကိုင်မြို့နဲ့ ကပ်နေတဲ့ တရုတ်နိုင်ငံ၊ နန်ဆန်မြို့ထဲကို ဇန်နဝါရီ ၃ ရက်နေ့က မြန်မာဘက်က လက်နက်ကြီးကျရောက်ခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့ကမှ သူတို့ လက်ချက်လို့ ထုတ်ဖော်ဝန်ခံတာ မရှိပါဘူး။
လက်နက်ကြီးကျလို့ တရုတ်နိုင်ငံသား ၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တရုတ်သတင်းဌာနတွေကဖော်ပြထားပါတယ်။
မြန်မာစစ်တပ် နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ရဲ့ တတိယအကြိမ် ကူမင်းဆွေးနွေးပွဲ မတိုင်ခင်မှာပဲ ငြိမ်းချမ်းရေးစားပွဲဝိုင်း စီစဉ်ပေးတဲ့ တရုတ်နိုင်ငံထဲကို လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာလည်းဖြစ်ပါတယ်။








