လောက်ကိုင်တိုက်ပွဲကြောင့် တရုတ်ဘက်ခြမ်းကိုလက်နက်ကြီးကျ

ဓာတ်ပုံ ရင်းမြစ်, Wikipedia
မြန်မာစစ်တပ် နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့တို့ရဲ့ တတိယအကြိမ် ကူမင်းဆွေးနွေးပွဲ မတိုင်ခင်မှာပဲ ငြိမ်းချမ်းရေးစားပွဲဝိုင်း စီစဉ်ပေးတဲ့ တရုတ်နိုင်ငံထဲကို လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ပါတယ်။
စစ်ကောင်စီ နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲတွေဖြစ်နေတဲ့ လောက်ကိုင်မြို့နဲ့ ကပ်နေတဲ့ တရုတ်နိုင်ငံ၊ နန်ဆန်မြို့ထဲကို လက်နက်ကြီးကျရောက်ခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့ကမှ သူတို့ လက်ချက်လို့ ထုတ်ဖော်ဝန်ခံတာ မရှိပါဘူး။
လက်နက်ကြီးကျလို့ တရုတ်နိုင်ငံသား တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ နန်ဆန်မှာ ရှိနေတဲ့ ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။
မြန်မာစစ်တပ် နဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ တတိယအကြိမ် ကူမင်းဆွေးနွေးပွဲကို လာမယ့် ဇန်နဝါရီ ၇ ရက်ကနေ ၉ ရက်နေ့အထိ ပြုလုပ်ဖို့ ရှိနေတဲ့ အချိန်မှာ ဒီဖြစ်စဉ်ဖြစ်ခဲ့လို့ ဆွေးနွေးပွဲမှာ တရုတ်ရဲ့ဖိအားပေးမှု ပိုပြင်းထန်လာမလား လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဘယ်သူ့လက်ချက်လဲ
နန်ဆန်မြို့ရဲ့ ကားအသွားအလာရှိနေတဲ့ လမ်းမဘေးက စျေးဆိုင်တန်း တစ်ခုပေါ်ကို လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့တာကို ဘီဘီစီကလက်ခံရရှိတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။
ဒဏ်ရာရသူတွေကို လူနာတင်ယာဉ်တွေနဲ့ လာရောက်သယ်ဆောင်သွားတာကိုလည်း ရုပ်သံမှာ တွေ့ရပါတယ်။
ဒီပစ်ခတ်မှုဟာ လောက်ကိုင်မြို့ကို စိုးမိုးထားတဲ့ အရေးကြီးတဲ့ ဗျူဟာမြောက် တောင်ကုန်းဖြစ်တဲ့ ပွိုင့် ၂၂၀၂ တောင်ကုန်းက လာတဲ့ လက်နက်ကြီးကျည် လို့ တရုတ်ထောက်လှမ်းရေးနဲ့ နီးစပ်တဲ့ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။
အဲဒီနေရာမှာ မြန်မာစစ်တပ် နဲ့ ကိုးကန့်တပ် MNDAA တို့ စစ်ဆိုင်ထားတယ် လို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နဲ့ နီးစပ်တဲ့ ဘီဘီစီ သတင်းအရင်းအမြစ်ကလည်းပြောပါတယ်။
ပွိုင့် ၂၂၀၂ တောင်ကုန်းဟာ ၂၀၁၅ လောက်ကိုင် တိုက်ပွဲတုန်းက မြန်မာစစ်တပ် နဲ့ ကိုးကန့်တပ် MNDAA တို့ အပြင်းအထန်တိုက်ပွဲ ဖြစ်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။
‘’ပစ်လိုက်တဲ့အဖွဲ့က သူ့ရဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းကို တရုတ်နိုင်ငံနဲ့ ရန်တိုက်ပေးတာ’’ လို့ စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်တာဖြစ်ပေမဲ့ တရုတ်နိုင်ငံကိုတော့ လိမ်လို့ရမှာ မဟုတ်ဘူး လို့ တရုတ်ထောက်လှမ်းရေးနဲ့ နီးစပ်တဲ့ ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AA Info
ဆွေးနွေးပွဲကြိုကာလ ရဲ့ ကျည်ဆံ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လာမယ့်ရက်ပိုင်းအတွင်း နေပြည်တော်မှာ ရော တရုတ်နိုင်ငံ ကူမင်းမှာပါ မြန်မာနဲ့ တရုတ်ကြားမှာ ဆွေးနွေးပွဲတွေ ရှိနေပါတယ်။ နေပြည်တော်ကို တရုတ်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ဇန်နဝါရီ ၅ ရက်မှာ လာဖို့ရှိနေတယ်လို့ နေပြည်တော်က ဘီဘီစီသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဒီကိုယ်စားလှယ်အဖွဲ့ကို တရုတ်အထူးကိုယ်စားလှယ် တိန်ရွှီကျင်း ဦးဆောင်လာမယ်လို့ သတင်းတွေထွက်နေပေမဲ့ ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။
တရုတ်နိုင်ငံ၊ယူနန် ပြည်နယ်၊ ကူမင်းမြို့မှာလည်း တရုတ် ကမကထ ပြုတဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ကြားက တတိယအကြိမ် ဆွေးနွေးပွဲရှိနေပါတယ်။
ဒုတိယအကြိမ် ဆွေးနွေးပွဲမှာ အဖြေမထွက်ခဲ့ချိန် အခုလို တရုတ်နိုင်ငံဘက်ကို လက်နက်ကြီးကျတဲ့အပေါ် တရုတ်ဘက်က စိတ်ဆိုးမှာ အသေအချာပဲ လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းက ဖြစ်စဉ်တွေမှာ တရုတ်နိုင်ငံသားတွေ သေဆုံးမှုအများအပြားရှိနေခဲ့တာ ဖြစ်ပါတယ်။ လောက်ကိုင်မြို့ထဲက ကျားခြံ လို့ ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) မှာ အသွင်ယူခဲ့တဲ့ တရုတ်ထောက်လှမ်းရေး တချို့ အသတ်ခံခဲ့ရတာကစလို့ ပြီးခဲ့တဲ့ ခရစ္စမတ်က လောက်ကိုင်မှာ လက်နက်ကြီးကျလို့ သေဆုံးတဲ့အထိ တရုတ်နိုင်ငံသားတချို့ ပါဝင်ခဲ့တာဖြစ်ပါတယ်။
‘’လက်နက်ကိုင်ပဋိပက္ခကြောင့် တရုတ်လူမျိုးတွေ သေဆုံးရတာနဲ့ပတ်သက်လို့ စိတ်မကောင်းဖြစ်ရပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အလေးအနက်ကန့်ကွက်ကြောင်း အကြောင်းကြားခဲ့ပြီးပြီ။’’ လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရ မစ္စ မော်နင်းက ဒီဇင်ဘာ နောက်ဆုံးပတ်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လက်ရှိလုံခြုံရေး အခြေအနေက အတော်လေးကိုပြင်းထန်ရှုပ်ထွေးနေတယ်လို့မော်နင်းကပြောပြီး မြန်မာနိုင်ငံမြောက်ပိုင်းကို တရုတ်နိုင်ငံသားတွေ မသွားဖို့ နဲ့ အဲဒီနေရာမှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေကို ထွက်ခွာဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။ အဲဒီအခြေအနေမှာပဲ တရုတ်ပိုင်နက်ထဲအထိ လက်နက်ကြီး ကျလာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
MNDAA လက်ထဲ တစတစ ရောက်လာတဲ့ လောက်ကိုင်
လောက်ကိုင် ရဲ့ ကိုးဆယ်ရာခိုင်နှုန်းအထိ ကိုးကန့်တပ် MNDAA က ထိန်းချုပ်နိုင်နေပြီလို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း ပယ်ဆောက်ချိန်ရဲ့ အိမ်ကို ဇန်နဝါရီ ၃ ရက်မှာ MNDAA က ဝင်ရောက်စီးနင်းခဲ့တယ် လို့ လောက်ကိုင်က စစ်ရေးအရင်းအမြစ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
MNDAA တပ်သားတွေဘက်ကလည်း ရုပ်သံတွေ မှာလည်း ပယ်ဆောက်ချိန်ရဲ့ အိမ်ကို စီးနင်းတဲ့ ရုပ်သံကို တင်ထားပြီး များပြားလှတဲ့ ပရိဘောဂတွေသာ တွေ့ရပြီး အိမ်ရှင်တွေက အိမ်ကိုစွန့်ခွာသွားခဲ့တဲ့ အခြေအနေကိုတွေ့မြင်ရပါတယ်။
တချိန်က ဂုဏ်ယူစွာချိတ်ဆွဲထားတဲ့ ပယ်ဆောက်ချိန် နဲ့ စစ်တပ်ခေါင်းဆောင်တွေ ရဲ့ အမှတ်တရဓာတ်ပုံတွေသာ ဧည့်ခန်းမှာ ကျန်ရစ်ခဲ့ပါတယ်။
ပယ်ဆောက်ချိန် ရဲ့ သား ပယ်ရင်ချန်ဟာ ကိုးကန့်ဒေသ ရဲ့ ပြည်သူ့စစ် ခေါင်းဆောင်ဖြစ်လို့ ပယ် အိမ်တော်ကို ဝင်ရောက်စီးနင်းလိုက်တာဟာ MNDAA က လောက်ကိုင်မြို့ကို ထိန်းချုပ်လိုက်ပြီ ဆိုတဲ့ သင်္ကေတ ကို ပြတာ လို့ ကိုးကန့်သတင်းအရင်းအမြစ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ပယ်ဆောက်ချိန် နဲ့ ပယ်ရင်ချန်ဟာ တရုတ်နိုင်ငံက ဝရမ်းထုတ်ထားတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေကြသူတွေ ဖြစ်ပါတယ်။
ကိုးကန့်ဒေသရဲ့ အစိတ်အပိုင်းတော်တော်များများကို MNDAA က ထိန်းချုပ်ထားနိုင်ပေမဲ့ ၁၀၂၇ စစ်ဆင်ရေးက မပြီးသေးဘူး လို့ MNDAA စစ်ဦးစီးချုပ် ဖုန်တဲရင် က နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့် ပြောပါတယ်။
အထူးဒေသ (၁) ကို ပြန်လည်ထူထောင်ဖို့ ပါတီ ၊ အုပ်ချုပ်ရေး ကော်မတီ နဲ့ တပ်မတော် တည်ဆောက်ရေးစနစ်၊ နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ် နဲ့ ကေဒါ သင်တန်းတွေကို MNDAA က ပြင်ဆင်ထားပါတယ်။
ကိုးကန့်ဒေသကို ပြန်လည်ထူထောင်နိုင်ဖို့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေသာမက ကမ္ဘာတဝန်းရှိ တရုတ်လူမျိုးတွေကိုပါ ဆက်လက်အားပေးထောက်ခံကြဖို့ မျှော်လင့်ထားတယ် လို့ MNDAA စစ်ဦးစီးချုပ် က သူ့မိန့်ခွန်းမှာ ထည့် ပြောပါတယ်။










