တိုက်ရိုက်ထုတ်လွှင့်မှု, ထိုင်းမှာ ရထားပေါ်ကို ဆောက်လုပ်ရေးသုံး ကရိန်းကြီး ပြိုကျမှု သေဆုံးသူ ၂၈ ဦးရှိ

ထိုင်းနိုင်ငံမှာ ဘန်ကောက်ကနေ ထွက်လာတဲ့ရထားတစ်စင်းပေါ်ကို အမြန်ရထားလမ်း ဆောက်လုပ်ရေးလုပ်ငန်းသုံး ကရိန်း ပြိုကျလို့ သေဆုံးသူ ၂၈ ဦးအထိရှိလာပြီလို့ ရဲတပ်ဖွဲ့ ပြောတဲ့သတင်းအပါအဝင် ဇန်နဝါရီ ၁၄ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဖန်ထောင်မြို့မှာ မြန်မာနိုင်ငံသားတွေ အုပ်စုဖွဲ့ ရန်ဖြစ်ကြပြီး ဓားဒဏ်ရာရလို့ ၁ ဦးကို ဆေးရုံတင်ထားရ
  • ထိုင်းနိုင်ငံထဲမှာ အခုရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံသားတွေပါဝင်တဲ့ ခိုက်ရန်ဖြစ်မှု ၃ ခုထက်မနည်း ဆက်တိုက်ဖြစ်နေချိန်မှာပဲ ထိုင်းရောက် မြန်မာတွေအနေနဲ့ သဟဇာတရှိအောင် နေထိုင်ဖို့ NUG က တိုက်တွန်း
  • မြန်မာ့အရေးဖြေရှင်းတဲ့ ကြိုးပမ်းမှုတစ်ခုအနေနဲ့ သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေနဲ့ ထိတွေ့ဆက်ဆံတွေ့ဆုံရေးအစည်းအဝေး(SEM)ကို ၂၀၂၆ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၊ တာဂါတေးမြို့မှာ ဇန်နဝါရီလ ၁၉ နဲ့ ၂၀ ရက်မှာ ပြုလုပ်မယ်
  • ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြောက်ပိုင်းက နခွန် ရက်ချာစီမာခရိုင်မှာ ဒီနေ့ မနက်ပိုင်းက ခုတ်မောင်းနေတဲ့ရထားတွဲပေါ်ကို ကရိန်းပြိုကျမှုဖြစ်လို့ အနည်းဆုံး လူ ၁၂ ဦး သေဆုံး၊ ထိုင်းရဲတပ်ဖွဲ့ကတော့ သေဆုံးသူအရေအတွက်ဟာ ၂၀ ကျော်အထိရှိနိုင်တယ်လို့ပြော
  • ပြည်တွင်းရွှေစျေးဟာ ဒီကနေ့ ဇန်နဝါရီ ၁၄ ရ‌က် မနက်ပိုင်းမှာ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို ပြင်ပပေါက်စျေး ၉၈ သိန်း ၇ သောင်းကျပ်နဲ့ စျေးဖွင့်ခဲ့ပြီး ကျပ်သိန်း ၁၀၀ နားကပ်
  • နခွန် ရက်ချာစီမာ ခရိုင်မှာ ဘန်ကောက်ကနေ ထွက်လာတဲ့ရထားတစ်စင်းပေါ် ကရိန်းပြိုကျမှုကြောင့် သေဆုံးသူ ၂၂ ဦး ထက်မနည်းရှိ
  • တောင်ကိုရီးယားသမ္မတရဲ့ ဂျပန်ခရီးစဉ်မှာ နှစ်နိုင်ငံခေါင်းဆောင်တွေ ထိပ်သီးတွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်အပြီး၊ တောင်ကိုရီးယားသမ္မတ အီဂျေမြောင်နဲ့ ဂျပန်ဝန်ကြီး ဆာနာအဲ တာကာအိချိ တို့ရဲ့အလုပ်သဘောတွေ့ဆုံမှုကို ဒရမ်လက်စွမ်းပြကွက်နဲ့ အဆုံးသတ်
  • ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ မကွေးတိုင်းပါတီဥက္ကဋ္ဌ ဒေါ်ထက်ထက်ခိုင်တို့ဟာ မနေ့ ဇန်နဝါရီ ၁၃ ရက်က စစ်တပ်အာဏာပိုင်တွေရဲ့ခေါ်ဆောင် စစ်ဆေးခံနေရပြီး ညနေပိုင်းလောက် ပြန်ရောက်မယ်လို့ ပါတီဝင်တွေမျှော်လင့်
  • မြင်းမူမြို့နယ်မှာ စစ်တပ်က တပ်စွဲနေတဲ့ ဂွေးပင်တောရွာကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ လက်ထုတ္တောရွာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၇ ယောက် ထိခိုက်ဒဏ်ရာရပြီး အအေးဒဏ်ကြောင့် နှစ်ပတ်အတွင်းမှာ သေဆုံးသူ သက်ကြီးပိုင်း ၄ ယောက်ရှိ
  • ရန်ကုန်မြို့၊ လှိုင်မြို့နယ်က ထမင်းဟင်းတွေကို လပေးနဲ့ ချိုင့်ဆွဲရောင်းချသူ ဦးကြည်မျိုးဇော် (ခေါ်) ဦးကြည်ဟာ တော်လှန်ရေးကို ထောက်ပံ့တယ်လို့ စွပ်စွဲချက်ကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မ ၅၀(ည)၊ ရာဇတ်သတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခံရ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ထိုင်းမှာ ရထားပေါ် ကရိန်းပြိုကျမှု သေဆုံးသူ ၂၈ ဦးအထိ မြင့်တက်လာ

    ကရိန်းပြိုကျမှုဖြစ်အပြီး မီးလောင်ခဲ့တဲ့ ရထားတွဲ တစ်တွဲကို ကရိန်းနဲ့ ရွှေ့ပြောင်းမှု

    ဓာတ်ပုံ ရင်းမြစ်, EPA

    ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ခုတ်မောင်းနေတဲ့ရထားတစ်စင်းပေါ်ကို အဲဒီရထားပြေးတဲ့ သံလမ်းနဲ့အပြိုင်မှာ ဆောက်လုပ်နေတဲ့ မိုးပျံအမြန်ရထားဆောက်လုပ်ရေးလုပ်ငန်းခွင်က ကရိန်းပြိုကျမှုမှာ သေဆုံးသူ ၂၈ ဦးအထိရှိလာပါတယ်။

    ဒီဖြစ်ရပ်မှာ နောက်ထပ် လူပေါင်း ၆၀ ကျော်လည်း ဒဏ်ရာရရှိထားပါတယ်။

    ကရိန်းကြောင့် ရထားလမ်းချော်ခဲ့ပြီး ရထားတွဲအချို့ပျက်စီးသလို အဲဒီထဲက ရထားတွဲ တစ်တွဲလည်း မီးလောင်ခဲ့ပါတယ်။

    ဘန်ကောက်ကနေ ထွက်ခွာလာတဲ့အဲဒီရထား ဒီနေ့မနက်ပိုင်းမှာ အခုလိုဖြစ်ချိန် မှတ်တမ်းအရဆိုရင် ရထားပေါ်မှာ ခရီးသည်နဲ့ ဝန်ထမ်း ၁၉၅ ဦးအထိ လိုက်ပါလာခဲ့တယ်လို့ နားလည်နိုင်ပါတယ်။

    ကယ်ဆယ်ရေးအဖွဲ့တွေက ခရီးသည်အားလုံးကို ကယ်ထုတ်နိုင်ပြီဖြစ်ပြီး ဒဏ်ရာရသူအများစုကိုတော့ နီးစပ်ရာ ဆေးရုံကို ပို့ဆောင်ထားပါတယ်။

    လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးကြောင့်ဖြစ်တဲ့ အခုလို မတော်တဆမှုတွေ ထိုင်းမှာ မကြာခဏ ဖြစ်လေ့ရှိပြီး အခုဖြစ်ရပ်ဟာ နောက်ဆုံးဖြစ်ထားတဲ့ ဖြစ်ရပ်ဖြစ်လာပါတယ်။

    အခုဖြစ်ရပ်ကြုံရတဲ့ရထားဟာ ဘန်ကောက်ကနေ နိုင်ငံအရှေ့မြောက်ပိုင်းက ဥဘွန် ရက်ချာသာနီခရိုင်ကို ခုတ်မောင်းနေချိန်ဖြစ်ပါတယ်။

    ပြိုကျခဲ့တဲ့ကရိန်းဟာ ဘန်ကောက်ကနေ လာအိုနိုင်ငံ၊ အဲဒီနောက် လာအိုကနေ တရုတ်နိုင်ငံအနောက်တောင်ပိုင်းအထိ ချိတ်ဆက်မယ့် တရုတ်ဆောက်လုပ်နေတဲ့ မြန်နှုန်းမြှင့်ရထားလမ်းစီမံကိန်းမှာ အသုံးပြုနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်က ဖြစ်ပါတယ်။

    ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကာကတော့ အခုဖြစ်ရပ်ကို အဖြစ်မှန်ပေါ် ပေါက်အောင်စုံစမ်းမှာဖြစ်ပြီး ''ဒီလိုဖြစ်ရပ်တွေဟာ ပေါ့ဆမှု၊ အဆင့်အတိုင်းမလုပ်ဆောင်မှု၊ ဆောက်လုပ်မယ်လို့ပြောထားတဲ့ပုံစံကနေ ကွာဟဆောက်လုပ်မှု၊ သုံးစွဲတဲ့ပစ္စည်း မမှန်ကန်မှုတွေကြောင့် ဖြစ်လေ့ရှိတယ်'' လို့ မီးမောင်းထိုး ပြောထားပါတယ်။

    ဒဏ်ရာရသူ ၆၄ ဦးထဲမှာ အသက် ၈၅ နှစ်အရွယ် လူကြီးနဲ့ အသက် ၁ နှစ်အရွယ်ကလေးတစ်ဦးတို့ ပါဝင်ပါတယ်။ အဲဒီလူ ၆၀ ကျော်ထဲက ၈ ဦးဟာ စိုးရိမ်ဒဏ်ရာရရှိထားပါတယ်။

  2. ဒေါ်သက်သက်ခိုင်ကို ရွေး/ကော်က အမှုဖွင့်လို့ ဖမ်းဆီးစစ်မေးခံရ

    ဒေါ်သက်သက်ခိုင်ကို ထန်းတပင်မြို့နယ် လူထုတွေ့ဆုံပွဲမှာ ဇန်နဝါရီလ ဆန်းပိုင်းတုန်းက မြင်တွေ့ရတာဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, PPP

    ဓာတ်ပုံ ပုံစာ, ဒေါ်သက်သက်ခိုင်ကို ထန်းတပင်မြို့နယ် လူထုတွေ့ဆုံပွဲမှာ ဇန်နဝါရီလ ဆန်းပိုင်းတုန်းက မြင်တွေ့ရတာဖြစ်ပါတယ်

    ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ် သက်သက်ခိုင်ကို စစ်ကော်မရှင်ခန့် ရွေးကောက်ပွဲကော်မရှင်က အမှုဖွင့်ထားတာကြောင့် ဖမ်းဆီးစစ်ဆေးခံရတာလို့ ရွေးကောက်ပွဲကော်မရှင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ဆီက သိရှိရပါတယ်။

    ရွေးကောက်ပွဲကော်မရှင်ဘက်က အမှုဖွင့်တာကြောင့် ဖမ်းဆီးစစ်မေးတာမျိုးလို့ နားလည်ရကြောင်း သူကဆက်ပြောပါတယ်။

    ပီသုံးလုံးပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို ဇန်နဝါရီ ၁၃ ရက်နေ ညနေပိုင်းမှာ ရန်ကုန်မြို့ ဓမ္မစေတီလမ်းမှာရှိတဲ့ သူ့နေအိမ်မှာ စစ်တပ်က လာရောက် ခေါ်ဆောင်သွားတာ ဟုတ်မှန်တယ်လို့ ပါတီဝင်တစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

    ဘီဘီစီရဲ့နောက်ထပ်သတင်းရင်းမြစ်တစ်ခုကတော့ ဒေါ်သက်သက်ခိုင်ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပြောဆိုမှုတွေအပေါ် ရွေးကောက်ပွဲကော်မရှင်ဘက်က အရေးယူဖို့ တိုင်တန်းတာကြောင့် စစ်ဖက်ဆိုင်ရာအရာရှိချုပ်ရုံးရဲ့ ညွှန်ကြားချက်နဲ့ ခေါ်ယူစစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။

    ဒေါ်သက်သက်ခိုင်ဟာ ပြည်တွင်းက မီဒီယာတစ်ခုနဲ့ မေးမြန်းခန်းမှာ စစ်တပ်က ရွေးကောက်ပွဲမှာ ဒိုင်လူကြီးလုပ်နေသလို စစ်ဗိုလ်ချုပ်တွေကိုယ်တိုင် ရွေးကောက်ပွဲ ဝင်လာတာကြောင့် တန်းတူညီမျှ (Level Playing Field) အခြေအနေ မရှိတော့ကြောင်း ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ပြောဆိုထားပါတယ်။

    ပြည်သူ့ရှေ့ဆောင်ပါတီရဲ့မကွေးတိုင်းဥက္ကဋ္ဌလည်း မကွေးမြို့မှာ ခေါ်ဆောင်စစ်ဆေး ခံထားရတယ်လို့ သိရှိရပါတယ်။

    ဒေါ်သက်သက်ခိုင် ခေါ်ယူစစ်ဆေးခံရတယ်ဆိုတဲ့ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး PPP ပါတီရဲ့ ပြောခွင့်ရသူကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

  3. လပေးထမင်းဟင်းချိုင့်ဆွဲရောင်းချသူ တစ်ဦး အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်ခံရ

    အကြမ်းဖက်မှု ပုဒ်မနဲ့ တရားစွဲခံရတဲ့ ဦးကြည်

    ဓာတ်ပုံ ရင်းမြစ်, ဦးကြည်

    ဓာတ်ပုံ ပုံစာ, အကြမ်းဖက်မှု ပုဒ်မနဲ့ တရားစွဲခံရတဲ့ ဦးကြည်

    ရန်ကုန်မြို့၊ လှိုင်မြို့နယ်က ထမင်းဟင်းတွေကို လပေးနဲ့ ချိုင့်ဆွဲရောင်းချသူ ဦးကြည်မျိုးဇော် (ခေါ်) ဦးကြည်ဟာ စစ်ကော်မရှင် အရပ်ဝတ်တွေရဲ့ဖမ်းဆီး စစ်ဆေးမှုခံရပြီးတဲ့နောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မတရားအသင်း ဆက်သွယ်မှု ဥပဒေပါ ပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရတယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

    ဦးကြည်မျိုးဇော်ကို အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အရပ်ဝတ်တွေအပါအဝင် လူ ၁၀ ယောက်ခန့်က လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်က နေအိမ်မှာ ဇန်နဝါရီ ၅ ရက်တုန်းက လာရောက်ဖမ်းဆီးသွားတာလို့ သိရပါတယ်။

    အဲဒီနောက် ဦးကြည်မျိုးဇော်ရဲ့ K-pay မှာ ငွေအဝင်အထွက်တွေများတယ်ဆိုတဲ့အချက်နဲ့ ‌ရေကြည်အိုင် စစ်ကြောရေးစခန်းကို ခေါ်ဆောင်ခံရပြီး ရက်နဲ့ချီ စစ်မေးခံခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

    လက်ရှိမှာ ဦးကြည်မျိုးဇော်ဟာ တော်လှန်ရေးကို ထောက်ပံ့တယ်လို့ စွပ်စွဲချက်ကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မ ၅၀(ည)၊ ရာဇတ်သတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခံရပြီး လှိုင်ရဲစခန်းမှာ ထိန်းသိမ်းခံထားရတယ် လို့လည်း အခြေအနေသိသူက ပြောပါတယ်။

    “လှိုင်မှာကလည်း ငှားနေတာပါ။ အခန်းရက်ပြည့်ခါနီး ဖမ်းသွားတာ။ အခုတော့ လှိုင်ရဲစခန်းကိုရောက်ပါပြီ။ မိသားစုလည်း ဒုက္ခရောက်၊ နွမ်းပါးတဲ့အပြင် စောင့်ကြည့်ခံနေရတဲ့ အခြေအနေပါ”လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

    မိသားစုကလည်း စီးပွားရေးကျပ်တည်းတာကြောင့် ဦးကြည်မျိုးဇော်အမှုအတွက် လိုက်ပါဆောင်ရွက်ပေးမယ့် စေတနာ့ဝန်ထမ်းရှေ့နေလိုအပ်နေတယ်လို့လည်း ပြောပါတယ်။

    ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဦးကြည်မျိုးဇော် ‌(ခ) ဦးကြည်ဟာ ပုဒ်မ ၅၀၅(က)နဲ့ ၂၀၂၁ ခုနှစ်မှာ အဖမ်းခံခဲ့ရပြီး ၂၀၂၃ ခုနှစ်မှာ ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။

    အမေရိကန်အထူးတပ်က ဗင်နီဇွဲလားသမ္မတကို မြို့တော်ကာရာကတ်စ်မှာ ဖမ်းဆီးခံရမှုအကြောင်းကို ဦးကြည်က လူမှုကွန်ရက် ဖေ့ဘွတ်ခ်မှာ ရေးတင်ခဲ့ပြီးတဲ့နောက်မှာ သူ့ကို ဖမ်းဆီးဖို့ စစ်တပ်ထောက်ခံတဲ့သူတွေက တယ်လီဂရမ်ကနေ လှုံ့ဆော်ခဲ့ကြပါတယ်။

    စစ်အာဏာသိမ်းမှုအောက်က မြန်မာမှာ လူထုဟာ ပြည်တွင်းက နိုင်ငံရေးအခင်းအကျင်းကို ဝေဖန်တဲ့ ရေးသားမှုတွေ လူမှုကွန်ရက်ပေါ်မှာ တင်တဲ့အခါ အဲဒီလူတွေကို ဖမ်းဆီးဖို့ စစ်တပ်ထောက်ခံသူတွေက လှုံ့ဆော်လေ့ရှိပြီး ဖမ်းဆီးခံရတာတွေ ရှိခဲ့ပါတယ်။

    ဦးကြည်ဖြစ်စဉ်ဟာ ပြည်တွင်းက အခုလိုဖြစ်ရပ်တွေမှာ နောက်ဆုံးဖြစ်ထားတဲ့ အလားတူ ဖြစ်ရပ်မျိုးဖြစ်ပါတယ်။

  4. မြင်းမူမှာ စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ၇ ယောက်ဒဏ်ရာရ, အအေးဒဏ်ကြောင့် နှစ်ပတ်အတွင်း စစ်ဘေး‌ရှောင် ၄ ယောက်သေဆုံး

    စစ်ကြောင်းထိုးလာတာကြောင့် တိမ်းရှောင်လာရတဲ့ ဒေသခံတွေ

    ဓာတ်ပုံ ရင်းမြစ်, အညာဒေသ လူမှူအထောက်ကူပြုအဖွဲ့

    ဓာတ်ပုံ ပုံစာ, စစ်ကြောင်းထိုးလာတာကြောင့် တိမ်းရှောင်လာရတဲ့ ဒေသခံတွေ

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်မှာ စစ်တပ်က တပ်စွဲနေတဲ့ ဂွေးပင်တောရွာကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ လက်ထုတ္တောရွာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၇ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။

    ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ကိုယ်လက်အင်္ဂါ ပျက်စီးသွားတဲ့အထိ ဒဏ်ရာပြင်းထန်သူအချို့လည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လက်ထုတ္တောကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မေလမှာ စစ်တပ် စစ်ကြောင်းထိုးခံရချိန် အရပ်သား ၃၀ ကျော် အသတ်ခံခဲ့ရတဲ့ကျေးရွာဖြစ်ပါတယ်။

    မြင်းမူမြို့နယ်ထဲကို စစ်တပ်က ဇန်နဝါရီ ၂ ရက်ကစပြီး စစ်ကြောင်းထိုးလာတာကြောင့် ဂရု၊ မဲနော၊ ပဥ္စာကုန်း၊ ရွှေယင်းမာ၊ ကုန်းရွာ၊ စည်ပင်၊ ကံသာ၊ တွင်းကြီး၊ ချောင်းကွေ့ အပါအဝင် ကျေးရွာ ၁၄ ရွာက ဒေသခံ နှစ်သောင်းကျော် စစ်ဘေးရှောင်နေကြရတယ်လို့ အညာဒေသ လူမှုအထောက်အကူပြုအဖွဲ့က ထုတ်ပြန်ထားပါတယ်။

    ဒေသခံတွေဟာ ရုတ်တရက် တိမ်းရှောင်ကြရလို့ စောင်တွေ၊ အနွေးထည်တွေ မယူနိုင်ကြသလို ဆောင်းတွင်းကာလ ဖြစ်လို့ ရာသီဥတုဒဏ်ကြောင့် ဖျားနာဝေဒနာတွေ ခံစားနေကြရတယ်လို့ သိရပါတယ်။

    အအေးဒဏ်ကြောင့် နှစ်ပတ်အတွင်းမှာ သေဆုံးသူ ၄ ယောက်ရှိတယ်လို့လည်း အညာဒေသ လူမှုအထောက်အကူပြုအဖွဲ့ကနေ သိရပါတယ်။

    “နေမကောင်းတဲ့သူတွေဆို အယောက် ၂၀ ကနေ ၃၀ ကြားရှိတယ်။ အဓိကကတော့ သက်ကြီးပိုင်းတွေပေါ့။ ဆေးထိုးဖို့ကလည်း ရွာတွေမှာ ကျွဲတွေ၊ နွားတွေ၊ ဝက်တွေကို ဆေးထိုးပေးတဲ့သူပဲ ရှိတယ်။ ဆေးဝါးတွေလည်း တော်တော်လိုနေတယ်”လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ မြင်းမူဒေသခံက ပြောပါတယ်။

    မြင်းမူမြို့နယ်ဟာ စစ်တပ်က ဇန်နဝါရီလ ၁၁ ရက်မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်တဲ့ မြို့နယ်ဖြစ်ပါတယ်။

    ရွေးကောက်ပွဲ ကျင်းပတဲ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက လျှပ်စစ်တာဝါတိုင်ကို ဖောက်ခွဲမှုဖြစ်ပြီးတဲ့နောက် စစ်တပ်က စစ်ကြောင်းထိုးလာတယ်လို့ မြင်းမူကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူက ပြောပါတယ်။

    အခုသီတင်းပတ်တွေအတွင်း စစ်ကိုင်းတိုင်းထဲမှာ အအေးဒဏ်ကြုံရချိန် စစ်ဘေးရှောင်သက်ကြီးရွယ်အိုတွေ သေဆုံးမှု ၉ ယောက်ထက်မနည်းရှိလာပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကသာမြို့နယ်မှာ သက်ကြီးရွယ်အို တစ်ယောက်၊ ဝက်လက်မြို့နယ်ထဲက သစ်ချိုကုန်း၊ ရွာတော်ကုန်းရွာတွေမှာ သက်ကြီးရွယ်အို လေးယောက်ရှိခဲ့ပါတယ်။

    ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာကြောင့် ဟုမ္မလင်းမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ မီးဖွားပြီးကာစ မိခင်တစ်ယောက်နဲ့ သက်လတ်ပိုင်း အမျိုးသား ၂ ယောက် သေဆုံးတာတွေ ရှိခဲ့တယ်လို့ စစ်ဘေးရှောင် ကူညီနေသူတွေဆီကနေ သိရပါတယ်။

  5. PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ တိုင်းအဆင့်ပါတီဝင်တစ်ဦးကို စစ်တပ်က ခေါ်ယူစစ်ဆေးနေ

    PPP ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်

    ဓာတ်ပုံ ရင်းမြစ်, PPP

    ဓာတ်ပုံ ပုံစာ, PPP ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်

    ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ မကွေးတိုင်းရဲ့ တိုင်းပါတီဥက္ကဋ္ဌ ဒေါ်ထက်ထက်ခိုင်တို့ဟာ မနေ့ ဇန်နဝါရီ ၁၃ ရက်က စစ်တပ်အာဏာပိုင်တွေရဲ့ခေါ်ဆောင်မှု ခံရပြီး စစ်ဆေးခံနေရတယ်လို့ PPP ပါတီရဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    “မနေ့က ရန်ကုန်အိမ်ကနေ လာခေါ်သွားတာ မှန်ပါတယ်။ ဖမ်းတယ်ဆိုတာထက် ခေါ်ယူ မေးမြန်းနေတယ်လို့ သိရပါတယ်။ ခဏခေါ်ယူ မေးမြန်းတဲ့ သဘောလို့ သိရပါတယ်။ ဘာအကြောင်းကြောင့်လဲဆိုတာ သေချာတော့ မသိရသေးပါဘူး။ ညနေလောက် ပြန်ရောက်မယ်လို့ မျှော်လင့်ရပါတယ်” လို့ PPP ပါတီကိုယ်စားလှယ်လောင်း က ပြောပါတယ်။

    ဒီလိုခေါ်ယူစစ်ဆေးခံရတာ မှန်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ နိုင်ငံရေးပါတီတစ်ခုက ကိုယ်စားလှယ်လောင်း တစ်ဦးက ပြောသလို ‌နောက်ထပ် ပါတီတခုက ကိုယ်စားလှယ် တစ်ဦးကလည်း ‌‌ရွေး‌ကောက်ပွဲကော်မရှင်နဲ့ နီးစပ်တဲ့ဘက်ကနေ ဒေါ်သက်သက်ခိုင် စစ်မေးခံရတဲ့သတင်းကို သိရှိထားရကြောင်း ဘီဘီစီကိုပြောပါတယ်။

    ဇန်နဝါရီ ၁၄ ရက် ညနေပိုင်း ၃ နာရီခန့်အထိ သူတို့ကို ဘယ်နေရာမှာ စစ်ဆေးမေးမြန်းနေတယ်ဆိုတာကို မသိရသေးဘူးလို့ PPP ပါတီဝင်တစ်ဦးက ‌ပြောပါတယ်။

    ဒေါ်သက်သက်ခိုင် ခေါ်ယူစစ်ဆေးခံရတယ်ဆိုတဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး PPP ပါတီရဲ့ ပြောခွင့်ရသူကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

    ဒ့ါအပြင် ဒေါ်သက်သက်ခိုင် ခေါ်ယူစစ်ဆေးခံရတယ်ဆိုတာနဲ့ပတ်သက်လို့ စစ်ကော်မရှင်ဘက်ကိုလည်း မေးမြန်းထား‌‌ပေမဲ့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

    ဒေါ်သက်သက်ခိုင်ဟာ စစ်တပ်က ကျင်းပတဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။

    ရွေးကောက်ပွဲ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က ပယ်ချတာကြောင့် ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။

  6. တောင်ကိုရီးယားနဲ့ ဂျပန်ခေါင်းဆောင်တို့ ဒရမ် လက်စွမ်းပြ

    တောင်ကိုရီးယားသမ္မတ အီဂျေမြောင် (ဝဲဘက်)နဲ့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိတို့ ဒရမ် တီးခတ်နေကြတဲ့ မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, တောင်ကိုရီးယားသမ္မတ အီဂျေမြောင် (ဝဲဘက်)နဲ့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ

    အရှေ့အာရှက ခေါင်းဆောင်နှစ်ယောက်ဖြစ်တဲ့ တောင်ကိုရီးယားသမ္မတ အီဂျေမြောင်နဲ့ ဂျပန်ဝန်ကြီး ဆာနာအဲ တာကာအိချိ တို့ရဲ့အလုပ်သဘောတွေ့ဆုံမှုဟာ ဒရမ်လက်စွမ်းပြကွက်နဲ့ အဆုံးသတ်ပြီလို့ ဆိုနိုင်ပါတယ်။

    တောင်ကိုရီးယားသမ္မတရဲ့အခုတစ်ပတ် ဂျပန်ခရီးစဉ်မှာ နှစ်နိုင်ငံခေါင်းဆောင်တွေ ထိပ်သီးတွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်အပြီးမှာ အတူတကွ ဒရမ်တီးခတ်ခဲ့ကြတာပါ။

    တောင်ကိုရီးယားသမ္မတ အီဂျေမြောင် (ဝဲဘက်)နဲ့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ

    ဓာတ်ပုံ ရင်းမြစ်, EPA

    ကမ္ဘာကျော် ကေပေါ့ပ် BTS အဖွဲ့ရဲ့ ဒိုင်းနမိုက်သီချင်းနဲ့ မကြာသေးခင်ကမှ ဇာတ်ဝင်တေး ရွှေကမ္ဘာလုံးဆုရသွားတဲ့ KPop Demon Hunters ရုပ်သံဇာတ်လမ်းတွဲထဲက Golden သီချင်းတို့ကို နှစ်ယောက်သား တီးခတ်ခဲ့ကြတာပါ။

    ကမ္ဘာကျော် ကေပေါ့ပ် BTS အဖွဲ့ရဲ့ ဒိုင်းနမိုက်သီချင်းနဲ့ မကြာသေးခင်ကမှ ဇာတ်ဝင်တေး ရွှေကမ္ဘာလုံးဆုရသွားတဲ့ KPop Demon Hunters ရုပ်သံဇာတ်လမ်းတွဲထဲက Golden သီချင်းတို့ကို နှစ်ယောက်သား တီးခတ်ခဲ့ကြတာပါ။

    ဓာတ်ပုံ ရင်းမြစ်, EPA

    တဖက်မှာလည်း ဒါဟာ ဂျပန်ဝန်ကြီးချုပ် တာကာအိချိအတွက် အတိတ်ကို ပြန်လည်ကြည့်ရှုမှု တစ်ခုလို့ ပြောနိုင်ပါတယ်။ သူက အရင်တုန်းက ဟဲဗီး မက်တယ်တီးဝိုင်းမှာ ဒရမ်တီးသူဖြစ်ပါတယ်။

    တောင်ကိုရီးယားသမ္မတကတော့ သူ့ ဒရမ်လက်စွမ်း တာ မသွားလှဘူးလို့ ပြောပေမဲ့ သူတို့နှစ်ယောက် ဒရမ်တီးကြတဲ့ရုပ်သံဟာ လူမှုကွန်ရက်မှာတော့ ပြောကြဆိုကြ မျှဝေကြဖြစ်နေပါတယ်။

    အတိတ်က သမိုင်းကြောင်းတွေကြောင့် ပြီးခဲ့တဲ့နှစ်တွေအတွင်း တောင်ကိုရီးယားနဲ့ ဂျပန်တို့ကြားက ဆက်ဆံရေး ခပ်တန်းတန်းဖြစ်ခဲ့ကြပါတယ်။

    ဒါပေမဲ့ ဒေသတွင်းမှာ တရုတ်ရဲ့သြဇာဖြန့်ကြက်မှုကို တန်ပြန်ဖို့ ဒီနှစ်နိုင်ငံစလုံးဟာ သူတို့မဟာမိတ်ဖြစ်တဲ့ အမေရိကန်နဲ့ လက်တွဲမှု ပိုလုပ်လာပါတယ်။

    ဂျပန်ဝန်ကြီးချုပ်တော့ ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကြားက ပူးပေါင်းဆောင်ရွက်မှုဟာ ဒေသတွင်းက ဗျူဟာမြောက်ဒေသအတွက် တင်းမာမှု မြင့်တက်လာချိန်မှာ ပိုပြီးအရေးပါလာတယ်လို့ ပြောပါတယ်။

  7. ဟစ်တလာရဲ့ ဒီအန်အေကို လေ့လာသင့်သလား။ ဒါမှမဟုတ် ဒီအတိုင်းထားလိုက်သင့်သလား။

    ဟစ်တလာ မိုက်ခရိုဖုန်းအကြီးကြီးနဲ့ စကားပြောနေတဲ့ ဆေးရောင်ပြုပြင်ထားဓာတ်ပုံတစ်ပုံ။ အညိုနုရောင် အပေါ်အင်္ကျီနဲ့ အနီရောင် နက်ကတိုင်ကို ဝတ်ဆင်ထားပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, တချိန်က နာဇီခေါင်းဆောင် ဟစ်တလာ မိန့်ခွန်းပြောကြားစဉ်

    အဒေါ့ဖ် ဟစ်တလာရဲ့ သွေးကို အသစ်ဆန်းဆုံးနည်းနဲ့ ဒီအန်အေ ခွဲခြမ်းစိတ်ဖြာခဲ့တဲ့ ရလဒ်တွေအရ ထူးခြားချက် တချို့ တွေ့ခဲ့ပြီး သူ့မျိုးရိုးနဲ့ သူအသက်ရှိစဉ်က ကျန်းမာရေး အခြေအနေတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

    နိုင်ငံတကာ ကျွမ်းကျင်သူအဖွဲ့ရဲ့ အသေးစိတ် သိပ္ပံနည်းကျ စမ်းသပ်မှုတွေဟာ ဟစ်တလာမှာ ဂျူးမျိုးရိုး ရှိ၊ မရှိ ဆိုတဲ့ ကောလာဟလကို ချေဖျက်နိုင်ခဲ့သလို (သူ့မှာ မရှိပါ)၊ မျိုးပွားအင်္ဂါတွေ ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ မျိုးရိုးဗီဇဆိုင်ရာ ချို့ယွင်းချက်တစ်ခု ရှိနေတယ်ဆိုတာကိုလည်း သွေးစွန်းနေတဲ့ အဝတ်စဟောင်းတစ်ခုကနေ ဆုံးဖြတ်နိုင်ခဲ့ပါတယ်။

    ဟစ်တလာဟာ လိင်အင်္ဂါ သေးငယ်ပြီး ဝှေးစေ့တစ်ဖက်သာ ရှိတယ်လို့ သတင်း ခေါင်းစဉ်တွေမှာ ဖော်ပြပြီး အကြီးအကျယ် အာရုံစိုက်နေကြချိန်မှာ၊ ပိုမိုလေးနက်တဲ့ ဒီအန်အေ တွေ့ရှိချက်တွေအရ သူ့မှာအော်တစ်ဇင်၊ စိတ်ကစဉ့်ကလျားရောဂါနဲ့ စိတ်အတက်အကျမြန်တဲ့ရောဂါတွေ ဖြစ်နိုင်ခြေ အလားအလာ အမြင့်ဆုံး ၁ % အတွင်းမှာ ရှိတယ်လို့ သုတေသီတွေက ဆိုပါတယ်။

    ဒါဆိုရင် သူ့မှာ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါ ရှိခဲ့နိုင်ပါသလား။ လုံးဝမဟုတ်ပါဘူး၊ ဒါဟာ ရောဂါရှာဖွေတွေ့ရှိမှု တစ်ခုမဟုတ်ဘဲ ဖြစ်နိုင်ခြေရှိကြောင်း ညွှန်ပြချက်သာ ဖြစ်တယ်လို့ ဆေးသုတေသီတွေက အတိအလင်း ပြောကြားခဲ့ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်နိုင်ပါပြီ။

  8. AA နဲ့တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ အာဆာတပ်ဖွဲ့ဝင် ၅၀ ကျော်ကို ဘင်္ဂလားဒေ့ရှ် တရားစွဲ

    ဘင်္ဂလားဒေ့ရှ် - မြန်မာနယ်စပ်၊ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ မြင်ရတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ် - မြန်မာနယ်စပ်၊ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ မြင်ရတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

    ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲမှာ အာရက္ခတပ်တော်(AA)နဲ့ တိုက်ပွဲဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်(ARSA) တပ်ဖွဲ့ဝင် ၅၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို တရားမဝင် ခိုးဝင်မှုနဲ့ နယ်ခြားစောင့်တပ်(BGB)က တရားစွဲလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

    နယ်စပ်မှာ AA နဲ့ တိုက်ပွဲဖြစ်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်မှာ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို ဝင်ရောက်သွားတဲ့ အာဆာတပ်ဖွဲ့ဝင် ၅၃ ယောက်ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့(BGB)က ဖမ်းဆီးပြီးနောက်မှာ အခုလို တရားစွဲခဲ့တာလို့ ဆိုပါတယ်။

    BGB က ဖမ်းဆီးထားသူတွေထဲ ၁ ယောက်က ဒဏ်ရာပြင်းထန်တာကြောင့် စစ်တကောင်းမြို့က ဆေးရုံတစ်ခုမှာ တင်ထားရတဲ့အတွက် ကျန်တဲ့ ၅၂ ယောက်ကိုဇန်နဝါရီ ၁၃ ရက်မှာ ရုံးထုတ်ခဲ့တာလို့ သိရပါတယ်။

    နယ်စပ်မှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း၊ တက္ကနပ်ခရိုင်၊ ကော့ဘဇားထဲက ၁၂ နှစ်အရွယ် မိန်းကလေးတစ်ယောက် သေနတ်ကျည်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။

    ဒီဖြစ်ရပ်အပြီးမှာပဲ နယ်စပ်မှာ ‘‘ကျွန်တော်တို့ လုံခြုံရေး အမြင့်ဆုံး တပ်လှန့်ထားတယ်။ လူပေါင်း ၅၃ ယောက်ကို ကျူးကျော်မှုနဲ့ ထိန်းသိမ်းထားတယ်’’ လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ကာနယ် မိုနျူဒင် အာမက်က အေအက်ဖ်ပီကို ဇန်နဝါရီ ၁၂ ရက်မှာ ပြောထားပါတယ်။

    ဒီအတောအတွင်းမှာပဲ နှစ်နိုင်ငံ နယ်စပ်အခြေအနေတွေကို ကန့်ကွက်တဲ့အနေနဲ့ စစ်ကော်မရှင်ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်စိုးမိုးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဆင့်ခေါ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကလည်း အာရက္ခတပ်တော်(AA)တာဝန်ရှိသူနဲ့ အောက်ခြေအဆင့်တွေ့ဆုံတာရှိပေမဲ့ ဆုံးဖြတ်ခွင့်ရှိသူတွေ မဟုတ်တာကြောင့် ဆွေးနွေးကြတဲ့အခြေအနေသာ ရှိခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူက ပြောပါတယ်။

  9. နခွန် ရက်ချာစီမာခရိုင်မှာ ရထားပေါ် ကရိန်းပြိုကျမှု သေဆုံးသူ ၂၂ ဦးအထိရှိ

    အခင်းဖြစ်အပြီး မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, State Railway of Thailand

    ထိုင်းနိုင်ငံ၊ နခွန် ရက်ချာစီမာ ခရိုင်ထဲ ဘန်ကောက်ကနေ ထွက်လာတဲ့ရထားတစ်စင်းပေါ် ကရိန်းပြိုကျမှုကြောင့် သေဆုံးသူ ၂၂ ဦး ထက်မနည်းရှိတယ်လို့ ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

    အမြန်ရထားလမ်းဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ တပ်ဆင်အသုံးပြုထားတဲ့ ကရိန်းဟာ အောက်က ရထားလမ်းပေါ်မှာ ဖြတ်သွားတဲ့ ရထားတွဲပေါ်ကို ပြိုကျခဲ့တာဖြစ်ပါတယ်။

    ရထားပေါ်မှာပါတဲ့ထိုင်ခုံအရေအတွက်အရဆိုရင် ခရီးသည်နဲ့ ရထားဝန်ထမ်း ၁၉၅ ဦးအထိရှိမှာဖြစ်ပါတယ်။

    အခုတော့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ အပျက်အစီးတွေကြားမှာ ပိတ်မိနေတယ်သူတွေကို ကယ်ဆယ်နေတုန်း ဖြစ်ပါတယ်။

    နိုင်ငံပိုင် မီးရထားလုပ်ငန်းအုပ်ချုပ်ရေး အုပ်ချုပ်ရေးမှူးကတော့ အခင်းဖြစ်တဲ့နေရာကို သွားရောက်ခဲ့ပြီး အခုဖြစ်ရပ်ကို စုံစမ်းရေးလုပ်မယ်လို့ ပြောပါတယ်။

  10. ပြည်တွင်းရွှေ ပြင်ပပေါက်စျေး တစ်ကျပ်သားကို သိန်း ၁၀၀ နားကပ်လာ

    ပြည်တွင်းရွှေစျေး စံချိန်တင်တက်လာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ပြည်တွင်းရွှေစျေး စံချိန်တင်တက်လာ

    ပြည်တွင်းရွှေစျေးဟာ ဒီကနေ့ ဇန်နဝါရီ ၁၄ ရ‌က် မနက်ပိုင်းမှာ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို ပြင်ပပေါက်စျေး ၉၈ သိန်း ၇ သောင်းကျပ်နဲ့ စျေးဖွင့်ခဲ့ပြီး ကျပ်သိန်း ၁၀၀ နားကပ်လာပြီလို့ ရွှေလုပ်ငန်းအသိုင်းအဝိုင်းဆီက သိရှိရပါတယ်။

    ပြီးခဲ့တဲ့အပတ် စျေးကွက်ပိတ်ရက် သောကြာနေ့ ညနေမှာ တစ်ကျပ်သားကို ၉၄ သိန်းကျော်နဲ့ စျေးပိတ်ခဲ့တာဖြစ်ပြီး အခုအပတ်စျေးကွက်ဖွင့်ရက် ၃ ရက်အတွင်းမှာ ကျပ် ၄ သိန်းကျော် စျေးမြင့်လာတာဖြစ်ပါတယ်။ ဒီကနေ့ ကမ္ဘာ့ ရွှေစျေးလည်းမြင့်တက်လာပြီး တစ်အောင်စကို ၄၆၀၀ ဒေါ်လာ စျေးပေါက်ကာ တရိပ်ရိပ်တက်လာနေပါတယ်။

    '' ကမ္ဘာ့ရွှေစျေးက အတက်ဘက်မှာပဲ စျေးတန်း ငြိမ်နေရင် မြန်မာ့ရွှေစျေးလည်း ပြန်ကျဆင်းဖို့ မရှိနိုင်ဘူး'' လို့ ရန်ကုန်မြို့၊ ရွှေဘုံသာလမ်း ရွှေစျေးကွက်က ရွှေလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

    ပြီးခဲ့တဲ့ ၆ လအတွင်း မြန်မာမှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၈၀ ကျော် ရှိခဲ့ရာကနေအခုနှစ် နှစ်စပိုင်းမှာ ပြင်ပပေါက်စျေး ၁၆ ပဲရည် တစ်ကျပ်သားကိုကျပ်သိန်း တစ်ရာနားကပ်လာပြီး စံချိန်တင်မြင့်တက်လာတာပါ။

    ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဒီကနေ့ မနက်ပိုင်း တရားဝင် ပေါက်စျေးမှာတော့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၆၀ နဲ့ စျေးဖွင့်ထားပါတယ်။

    တဖက်မှာလည်း သမ္မတထရမ့်ကြောင့် ကမ္ဘာ့ ရွှေစျေး ကသောင်းသနင်း ဖြစ်ကုန်ကြောင်း ကမ္ဘာ့စီးပွားရေးသတင်းမီဒီယာတွေက ရေးပါတယ်။ အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းလာတာ၊ အမေရိကန်ရဲ့ ဘဏ်တိုးနှုန်းတွေလျှော့ချထားတာနဲ့ ကမ္ဘာ့စစ်ရေးအခြေအနေတွေကြောင့် ကမ္ဘာ့​ရွှေစျေး စံချိန်တင်မြင့်တက်လာတယ်လို့သိရပါတယ်။

  11. သတင်းထူး, ထိုင်းမှာ ရထားတွဲပေါ်ကို ကရိန်းပြိုကျမှု သေဆုံးသူ ၂၀ ကျော်အထိရှိနိုင် - ရဲတပ်ဖွဲ့

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြောက်ပိုင်းက နခွန် ရက်ချာစီမာခရိုင်မှာ ဒီနေ့ မနက်ပိုင်းက ခုတ်မောင်းနေတဲ့ရထားတွဲပေါ်ကို ကရိန်းပြိုကျမှုဖြစ်လို့ အနည်းဆုံး လူ ၁၂ ဦး သေဆုံးတယ်လို့ ကနဦးသိရပါတယ်။

    ထိုင်းရဲတပ်ဖွဲ့ကတော့ သေဆုံးသူအရေအတွက်ဟာ ၂၀ ကျော်အထိရှိနိုင်တယ်လို့ ပြီးခဲ့တဲ့မိနစ်ပိုင်းမှာပဲ ဘီဘီစီကို ပြောပါတယ်။

    ဘန်ကောက်မြို့ကနေ ထွက်လာတဲ့ရထားတွဲပေါ်ကို ကရိန်းပြိုကျခဲ့တာဖြစ်ပါတယ်။ ရထားတွဲ အပျက်အစီးကြားထဲမှာ ပိတ်မိနေသူတွေကို ကယ်ထုတ်နေရတုန်းဖြစ်ပါတယ်။

    အမြန်ရထားလမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအသုံးပြုတဲ့ ကရိန်းကြီးက အောက်မှာ ခုတ်မောင်းဖြတ်သန်းနေတဲ့ရထားတွဲပေါ် ပြိုကျခဲ့တာဖြစ်ပါတယ်။

  12. အာဆီယံအထူးသံက မြန်မာ့အရေးသက်ဆိုင်သူတွေနဲ့တွေ့ဆုံပွဲ(SEM) ပြုလုပ်ဖို့ရှိ

    ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဇန်နဝါရီလ ၆ ရက် နေပြည်တော်ခရီးမှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံချိန်

    ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

    ဓာတ်ပုံ ပုံစာ, ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဇန်နဝါရီလ ၆ ရက် နေပြည်တော်ခရီးမှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံချိန်

    ၂၀၂၆ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက မြန်မာ့အရေးဖြေရှင်းတဲ့ ကြိုးပမ်းမှုတစ်ခုအနေနဲ့ သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေနဲ့ ထိတွေ့ဆက်ဆံတွေ့ဆုံရေးအစည်းအဝေး(SEM)ဆိုတာကို လာမယ့် သီတင်းပတ်မှာ ပြုလုပ်ဖို့ ရှိနေတယ်လို့ ဘီဘီစီရဲ့သံတမန်သတင်းရင်းမြစ်ဆီက သိရှိရပါတယ်။

    ဆွေးနွေးပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ တာဂါတေးမြို့မှာ ဇန်နဝါရီလ ၁၉ နဲ့ ၂၀ ရက်မှာ ပြုလုပ်မှာလို့ ဘီဘီစီကရရှိတဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဖိတ်ကြားစာမှာပါရှိပါတယ်။

    ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လာဇရိုဟာ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်ရဲ့ မြန်မာ့အရေးဆိုင်ရာအထူးသံတမန်အဖြစ် တာဝန်ယူထားပါတယ်။

    သူ့အပြောအရ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ် ရှေ့တိုး အထမြောက်ဖို့အတွက် အရင်က အာဆီယံအထူးသံတွေ လုပ်ဆောင်ထားတာတွေကို ဆက်ပြီး လက်ဆင့်ကမ်း လုပ်ဆောင်ချက် တစ်ရပ်အနေနဲ့ အခုဆွေးနွေးပွဲကို ဖိတ်ကြားရတာလို့ဆိုပါတယ်။

    သူက အာဆီယံအထူးသံအနေနဲ့ အခုဆွေးနွေးပွဲကို ဖိတ်ကြားတာလို့ဆိုပြီး နောင်မှာ မြန်မာ့အရေးလုပ်ကိုင်ဆောင်ရွက်တဲ့အခါ အခုဖိတ်ကြားခံရတဲ့အဖွဲ့တွေရဲ့ထင်မြင်ယူဆသုံးသပ်ချက်တွေနဲ့ အကြံပြုချက်တွေကို ထည့်သွင်းစဉ်းစားနိုင်ဖို့ဖြစ်တယ်လို့ သူကပြောပါတယ်။

    ဘီဘီစီရဲ့နောက်ထပ် သံတမန်သတင်းရင်းမြစ်တစ်ဦးကတော့ ဖိလစ်ပိုင်အထူးသံအနေနဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားလုပ်ခဲ့တဲ့ လမ်းကြောင်းဖြစ်တဲ့ မြန်မာက တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံတာကို ဆက်သွားတာမျိုး မတွေ့ရဘူးလို့ သုံးသပ်ပါတယ်။

    အစည်းအဝေးအကြောင်းသိရှိတဲ့ဘီဘီစီရဲ့သတင်းရင်းမြစ်ကတော့ အထူးသံဟာ အဲဒီအစည်းအဝေးမှာ မြန်မာ့အရေးဘုံသဘောတူညီချက် ၅ ရပ်၊ အာဆီယံအထူးသံရဲ့အခန်းကဏ္ဍ၊ အပစ်ရပ်(NCA)နဲ့ပတ်သက်တဲ့ထင်မြင်ချက်၊ စစ်တပ်လုပ်နေတဲ့ ရွေးကောက်ပွဲ စတာတွေကို အမြင်သဘောထားတွေ အကြံပြုချက်တွေ နားထောင်နိုင်ခြေရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။

    ''NCA ဘာညာလည်း မေးထားတော့ တော်လှန်ရေးအင်အားစုတွေဘက်က စိတ်ပူနေကြတယ်။ အခု SEM မီတင်ကိုလည်း မလေးရှားနဲ့လည်း မတိုင်ပင်ဘူးလို့ သိထားတယ်။ သူ နေပြည်တော်သွားတာလည်း အာဆီယံထဲ တိုင်ပင်တာ မရှိဘူးလို့ ကြားသိရတယ်။ စစ်တပ်ကို လမ်းကြောင်းပေါ် ပြန်တင်မှာလားဆိုပြီး တော်လှန်ရေးအင်အားစုတွေဘက်ကတော့ စိုးရိမ်နေကြတယ်။ ဒါပေမဲ့ ဖိလစ်ပိုင်လည်း အားလုံးကို သိထားတော့ သူဘယ်လိုခြေလှမ်းမလဲတော့ စောင့်ကြည့်ရမှာပါ'' လို့ အစည်းအဝေးအကြောင်း သိရှိတဲ့ ဘီဘီစီရဲ့သတင်းရင်းမြစ်က ပြောပါတယ်။

    အာဆီယံအထူးသံ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက နေပြည်တော်ကို လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံထားပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်မူကို ဆက်သွားမယ်လို့ပြောထားပါတယ်။

  13. ထိုင်းနိုင်ငံမှာ သဟဇာတရှိအောင်နေထိုင်ဖို့ မြန်မာတွေကို NUG တိုက်တွန်း

    စမွတ်ပရာကန်မှာ ထိုင်းနိုင်ငံသားနဲ့ မြန်မာနိုင်ငံသားတချို့ ရန်ပွဲအပြီး ထိုင်းအမျိုးသားရေးလှုပ်ရှားရေးအဖွဲ့ဝင်တွေက စားသောက်ဆိုင်ရှေ့မှာ စုရုံးခဲ့ကြပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, สปอร์ตไลท์บางปู

    ဓာတ်ပုံ ပုံစာ, စမွတ်ပရာကန်မှာ ထိုင်းနိုင်ငံသားနဲ့ မြန်မာနိုင်ငံသားတချို့ ရန်ပွဲအပြီး ထိုင်းအမျိုးသားရေးလှုပ်ရှားရေးအဖွဲ့ဝင်တွေက စားသောက်ဆိုင်ရှေ့မှာ စုရုံးခဲ့ကြပါတယ်။

    ထိုင်းနိုင်ငံထဲမှာ အခုရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံသားတွေပါဝင်တဲ့ ခိုက်ရန်ဖြစ်မှုတွေ ဆက်တိုက်ဖြစ်နေချိန်မှာပဲ ထိုင်းရောက် မြန်မာတွေအနေနဲ့ သဟဇာတရှိအောင် နေထိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စာထုတ် တိုက်တွန်းလိုက်ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသားတွေပါဝင်တဲ့ ရန်ပွဲတွေ ၃ ခုထက်မနည်း ဖြစ်ပွားခဲ့အပြီးမှာ NUG က ဇန်နဝါရီလ ၁၄ ရက်မှာ စာထုတ် တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

    အခုတော့ ကြေအေးသွားပြီဖြစ်တဲ့ ထိုင်းဆိုင်ကယ်သမားအချို့နဲ့ မြန်မာစားသောက်ဆိုင်ဝန်ထမ်းအချို့ စမွန်ပရာကန်ခရိုင်မှာ ထိပ်တိုက်တွေ့ ခိုက်ရန်ဖြစ်တာ၊ နွန်ထဘူရီခရိုင်မှာ ထိုင်းအမျိုးသမီး ထိခိုက်တဲ့ ဆိုင်ကယ်တိုက်မှုဖြစ်အပြီး မြန်မာတစ်ဦးရိုက်နှက်ခံရမှုဖြစ်တာနဲ့ ချွန်ဘူရီခရိုင်မှာ မြန်မာအမျိုးသားတွေ အုပ်စုလိုက် ရန်ဖြစ်ကြတဲ့ဖြစ် ရပ်တွေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့ပါတယ်။

    စမွတ်ပရာကန်က ဖြစ်ရပ်မှာဆိုရင် ထိပ်တိုက်တွေ့ကြတဲ့အခြေအနေ ရုပ်သံဟာ အွန်လိုင်းပေါ် ပျံ့နှံ့သွားပြီးတဲ့နောက်မှာ ထိုင်းအမျိုးသားရေးလှုပ်ရှားတဲ့အဖွဲ့တွေပါ အခင်းဖြစ်တဲ့နေရာအထိ ရောက်သွားကြလို့ ထိုင်းရောက် မြန်မာတွေကြား စိုးရိမ်စိတ်ရှိခဲ့ကြပါတယ်။

    NUG ကတော့ ပြည်တွင်းက စစ်တပ်က အာဏာသိမ်းမှုကြောင့် မြန်မာလူငယ်တွေဟာ အမိမြေကို မလွှဲမရှောင်သာ စွန့်ခွာခဲ့ရပြီး အိမ်နီးချင်းထိုင်းနိုင်ငံမှာ ခေတ္တနေထိုင်ကြချိန်အတွင်း အိမ်ရှင်အသိုင်းအဝိုင်းနဲ့ သဟဇာတဖြစ်အောင်နေဖို့ တိုက်တွန်းပါတယ်။

    ထိုင်းနိုင်ငံရဲ့ နိုင်ငံ‌ရေးနဲ့ အုပ်ချုပ်ရေးတွေမှာ ပါဝင်ပတ်သက်တာ မရှိဖို့၊ တရားဥပဒေနဲ့ မညီတဲ့ ကိစ္စရပ်တွေမှာ မပါဝင်ဖို့၊ ထိုင်းရဲ့ ဥပဒေနဲ့ စည်းမျဉ်းတွေ၊ ယဉ်ကျေးမှု၊ ဒေသန္တရ စည်းကမ်းတွေကို လေးစားလိုက်နာဖို့တွေကို NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးပါတယ်။

    နိုင်ငံရေးအခြေအနေ အရပ်ရပ်ကြောင့် ထွက်ပြေးခိုလှုံနေရတဲ့မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံရဲ့ ဘုရင်၊ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေကလည်း ကာကွယ်၊ စောင့်ရှောက်၊ လက်ခံပေးထားတဲ့အတွက် ကျေးဇူးတင်ကြောင်းလည်း NUG က ပြောထားပါတယ်။

    ဒါ့အပြင် လူသားချင်း စာနာထောက်ထားပြီး မြန်မာနိုင်ငံသားတွေကို ဆက်လက်ကူညီစောင့်ရှောက်ဖို့ မေတ္တာရပ်ခံထားပါတယ်။

  14. ထိုင်းက မြန်မာနဲ့ ထိုင်းအချို့ရဲ့ပုဂ္ဂိုလ်ရေးပြဿနာကို ထိုင်းရဲ ကြားဝင်ဖြေရှင်း

    ရုပ်သံတစ်ခုမှာ တွေ့ရတဲ့ထိပ်တိုက်တွေ့ အငြင်းပွားမှုဖြစ်ချိန်မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, ပေးပို့

    ဓာတ်ပုံ ပုံစာ, ရုပ်သံတစ်ခုမှာ တွေ့ရတဲ့ထိပ်တိုက်တွေ့ အငြင်းပွားမှုဖြစ်ချိန်မြင်ကွင်း

    ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့နဲ့ သိပ်မဝေးတဲ့ ဘန်ဘောစျေးမှာ ပြီးခဲ့တဲ့ရက်က မြန်မာနိုင်ငံသား ၆ ဦးနဲ့ ထိုင်းနိုင်ငံသား ၃ ဦးတို့ ခိုက်ရန်ဖြစ်ခဲ့ကြတဲ့ပုဂ္ဂိုလ်ရေးပြဿနာကို နယ်မြေခံထိုင်းရဲတပ်ဖွဲ့ က ကြားဝင်ဖြေရှင်းပြီး အပြီးသတ်လိုက်ပါတယ်။

    ဒါပေမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအသိုင်းအဝိုင်းကြားမှာတော့ ဒီပုဂ္ဂိုလ်ရေးပြဿနာတခုကြောင့် မြန်မာနိုင်ငံသားတွေ အနေကျပ်လာမယ့်အရေး စိုးရိမ်ချက်တွေ ရှိနေကြပါတယ်။

    ပုံမှန်အခြေအနေမှာတောင် နိုင်ငံခြားသားလုပ်သားတွေကို စစ်ဆေးမှုပိုတင်းကျပ်တဲ့ ဘန်ကောက်ခရိုင်ထဲမှာ အထောက်အထားမဲ့သူတွေအပေါ် ဖမ်းဆီးမှုတွေ ပိုဆိုးလာနိုင်ခြေကိုလည်း ထည့်တွက်ပူပန်နေကြတာဖြစ်ပါတယ်။

    ဘီဘီစီက စကားပြောခဲ့ရတဲ့ ဘန်ဘောဒေသမှာ နေထိုင်အလုပ်လုပ်ကိုင်တဲ့ မြန်မာလုပ်သားအချို့နဲ့ ထိုင်းမှာ ဆယ်စုနှစ်ချီနေထိုင်ပြီး အလုပ်သမားအရေးဆောင်ရွက်နေသူတွေကတော့ ဘယ်လိုပြဿနာရှိရှိ ထိုင်းအာဏာပိုင်တွေကို တိုက်ရိုက် တိုင်တန်းပြီး ဥပဒေကြောင်းအရ ဖြေရှင်းရေးမူကို လက်ကိုင်ပြုဖို့ တိုက်တွန်းနေပါတယ်။ ဘာကြောင့်လဲ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

  15. ထိုင်းမှာ မြန်မာအချင်းချင်း အုပ်စုဖွဲ့ ရန်ဖြစ်ပြီး ၁ ဦး ဆေးရုံတင်ထားရ

    ရန်ဖြစ်ချိန်မှာ အသုံးပြုတယ်လို့ ယူဆရတဲ့ ဓား

    ဓာတ်ပုံ ရင်းမြစ်, เรื่องเล่าชาวชล

    ဓာတ်ပုံ ပုံစာ, ရန်ဖြစ်ချိန်မှာ အသုံးပြုတယ်လို့ ယူဆရတဲ့ ဓား

    ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဖန်ထောင်မြို့မှာ မြန်မာနိုင်ငံသားတွေ အုပ်စုဖွဲ့ ရန်ဖြစ်ကြပြီး ဓားဒဏ်ရာရလို့ ၁ ဦးကို ဆေးရုံတင်ထားရတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

    မနေ့ ဇန်နဝါရီ ၁၃ ရက်ညပိုင်းမှာ ဖန်ထောင်မြို့က ဆဲဗင်း အလဲဗင်း စတိုးဆိုင် တစ်ဆိုင်ရှေ့မှာ မြန်မာအမျိုးသားတွေ အချင်းချင်း စကားများခဲ့ကြပြီး ရန်ဖြစ်ချိန် အမျိုးသား ၁ ဦး ဓားဒဏ်ရာရခဲ့တာလို့ဆိုပါတယ်။

    အသက် ၃၃ နှစ်အရွယ် ကိုကျော်ထက်အောင်က ဦးခေါင်း ထိခိုက်ဒဏ်ရာ ရရှိပြီး၊ အသက် ၃၆ နှစ်အရွယ် ကိုကံသာဦးကတော့ ဓားဒဏ်ရာ ရရှိထားကြတယ်လို့ သိရပါတယ်။

    သက်သေတွေရဲ့ ပြောဆိုချက်အရ ဒဏ်ရာရသူနှစ်ယောက်ကို ထိုင်းလူမှုကူညီရေးအဖွဲ့တွေက အခြေခံ ဆေးကုသမှုတွေ ပြုလုပ်ပြီး ဆေးရုံပို့ထားတယ်လို့လည်း သတင်းမှာ ရေးသားထားပါတယ်။

    ဒီရန်ပွဲဟာ အရက်သောက်ရာကနေ အငြင်းပွားတာကနေ စခဲ့တာဖြစ်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ယူဆထားပြီး ရဲတွေကလည်း လုံခြုံရေးကင်မရာတွေကနေ မှတ်တမ်းတွေ ရယူနေသလို ကျူးလွန်သူတွေကို ဖမ်းဆီးဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

  16. မင်္ဂလာပါ ...

    ဇန်နဝါရီလ ၁၄ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

    ဆက်လက်ဖတ်ရှုကြဖို့ကိုလည်း ဖိတ်ခေါ်အပ်ပါတယ်။