ထိုင်းက မြန်မာနဲ့ ထိုင်းအချို့ရဲ့ပုဂ္ဂိုလ်ရေးပြဿနာကို ထိုင်းရဲ ကြားဝင်ဖြေရှင်း

ဓာတ်ပုံ ရင်းမြစ်, Supplied
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့နဲ့ သိပ်မဝေးတဲ့ စမွတ်ပရာကန်ခရိုင်၊ ဘန်ဘိုးအရပ်က တက္ကသိုလ်တစ်ခုအနီးမှာ မြန်မာနိုင်ငံသား ၆ ဦးနဲ့ ထိုင်းနိုင်ငံသား ၃ ဦးတို့ ခိုက်ရန်ဖြစ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်ရေးပြဿနာကို နယ်မြေခံ ထိုင်းရဲတပ်ဖွဲ့ က ကြားဝင်ဖြေရှင်းပြီး အပြီးသတ်လိုက်ပါတယ်။
ဇန်နဝါရီ ၁၁ ရက်က ဖြစ်တဲ့ အဲဒီပြဿနာဟာ ၁၂ ရက်မှာ နှစ်ဖက်ကြားမှာ လူအုပ်တွေနဲ့ ဆူပူမှုပုံစံသဖွယ်ဖြစ်ခဲ့တာကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားအသိုင်းအဝိုင်းကြားမှာတော့ ဒီပုဂ္ဂိုလ်ရေးပြဿနာတခုကြောင့် မြန်မာနိုင်ငံသားတွေ အနေကျပ်လာမယ့်အရေး စိုးရိမ်ချက်တွေဆက် ရှိနေပါတယ်။
ပုံမှန်အခြေအနေမှာတောင် နိုင်ငံခြားသားလုပ်သားတွေကို စစ်ဆေးမှုပိုတင်းကျပ်တဲ့ ဘန်ကောက်ခရိုင်နဲ့ အနီးတဝိုက်ကခရိုင်တွေထဲမှာ ဒီဖြစ်ရပ်ကြောင့် အထောက်အထားမဲ့သူတွေအပေါ် ဖမ်းဆီးမှုတွေ ပိုဆိုးလာနိုင်ခြေကိုလည်း ထည့်တွက်ပူပန်နေကြတာဖြစ်ပါတယ်။
ဘီဘီစီက စကားပြောခဲ့ရတဲ့ ဘန်ဘိုးမှာ နေထိုင်အလုပ်လုပ်ကိုင်တဲ့ မြန်မာလုပ်သားအချို့နဲ့ ထိုင်းမှာ ဆယ်စုနှစ်ချီနေထိုင်ပြီး အလုပ်သမားအရေးဆောင်ရွက်နေသူတွေကတော့ ဘယ်လိုပြဿနာရှိရှိ ထိုင်းအာဏာပိုင်တွေကို တိုက်ရိုက် တိုင်တန်းပြီး ဥပဒေကြောင်းအရ ဖြေရှင်းရေးမူကို လက်ကိုင်ပြုဖို့ တိုက်တွန်းနေပါတယ်။ ဘာကြောင့်လဲ။
ဟွန်းတီးရာကနေ စတဲ့ ပြဿနာ

ဓာတ်ပုံ ရင်းမြစ်, นุษย์โรงงาน
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ဘိုးအရပ်ဆိုတာက ရွှေ့ပြောင်းမြန်မာတွေ အများအပြားနေထိုင်ကြတဲ့ နေရာတွေထဲမှာပါဝင်ပါတယ်။
ဇန်နဝါရီ ၁၁ ရက်ဖြစ်ခဲ့တဲ့ အဲဒီဖြစ်စဥ်ဟာ မြန်မာနိုင်ငံသားအချို့ မောင်းလာတဲ့ကားကို ဆိုင်ကယ်နဲ့ပစ္စည်းပို့ဆောင်ရေးလုပ်ကိုင်တဲ့ ထိုင်းနိုင်ငံသားက ဟွန်းတီးရာကနေ စခဲ့ကြပါတယ်။
အဲဒီမြန်မာနိုင်ငံသားတွေထဲက တစ်ဦးက ဘန်ဘောစျေးအနီးမှာ စားသောက်ဆိုင်ဖွင့်လှစ်ထားတယ်လို့ နားလည်ရပြီး ထိုင်းနိုင်ငံသူ အမျိုးသမီးက ပိုင်ရှင်အမည်ခံထားတယ်လို့ နားလည်ရပါတယ်။
ပြဿနာဖြစ်ပြီးတဲ့နောက် ဆိုင်ကယ်သမားနှစ်ဦးက ဆိုင်ကိုသွားရောက် ရှင်းပြချိန်မှာ စားသောက်ဆိုင်မှာရှိတဲ့ မြန်မာနိုင်ငံသား ၆ ယောက်က ဝင်ရောက် ရိုက်နှက်တာလို့ ထိုင်းသတင်းတွေက ရေးပါတယ်။ ဒါပေမဲ့ နှစ်ဖက်အပြောမှာ ကွဲလွဲမှုတချို့ရှိနေပါတယ်။
လူမှုကွန်ရက်မှာ ထွက်ပေါ် ရုပ်သံဖိုင်မှာတော့ မြန်မာနိုင်ငံသား ၃ ယောက်က ထိုင်းလိုပြောပြီး ဆိုင်လို့ယူဆတဲ့ နေရာကနေ ဓားတွေ၊ တုတ်တွေကိုင်ပြီး ထွက်လာပါတယ်။ ဓားကိုင်ထားသူက စကားပြောရင်း ပထမတစ်ကြိမ် နောက်လှည့်သွားပြီးကာမှ နောက်ပြန်လှည့်လာကာ ထိုင်းနိုင်ငံသားတွေရဲ့ဆိုင်ကယ်တွေကို ရိုက်နှက်တာကို တွေ့ရပါတယ်။
နှစ်ဖက်အခြေအတင်ဖြစ်ကြတဲ့ ဒီရုပ်သံဖိုင်က လူမှုကွန်ရက်မှာ ပျံ့နှံ့သွားတာကြောင့် ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေအပေါ် ထိုင်းတချို့ရဲ့ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။
"ဒီဖြစ်ရပ်ကို အွန်လိုင်းမှာ ထိုင်းလူမျိုးတွေကြား ဒေါသထွက်ကြတယ်။ စိတ်ဆိုးကြတယ်။ အဲဒီလိုဖြစ်နေတာက မကောင်းဘူး။ ဒီဖြစ်ရပ်ကြောင့် ထိုင်းမှာနေနေတဲ့သူတွေ အနေကျပ်အောင် သက်သက်ကို ဖန်တီးပြီး လုပ်သွားတဲ့အခြေအနေမျိုးလို့ ကျွန်တော်ကတော့ သုံးသပ်တယ်" လို့ အလုပ်သမားအရေးကူညီတဲ့ AAC ကိုရဲမင်းက ဇန်နဝါရီ ၁၂ ရက်ညပိုင်းက ဘီဘီစီကိုပြောပါတယ်။
နောက်ဆက်တွဲဂယက်

ဓာတ်ပုံ ရင်းမြစ်, สปอร์ตไลท์บางปู
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ထိုင်းနိုင်ငံသား၃ ဦး နဲ့ မြန်မာနိုင်ငံသား ၆ ဦးတို့ကြား ဖြစ်ပွားတဲ့ ရန်ပွဲသတင်း ပြန့်သွားပြီးချိန်မှာတော့ ထိုင်းအမျိုးသားရေးလှုပ်ရှားသူအဖြစ် လူသိများသူ နှုတ်ခမ်းမွှေးလို့ အမည်ပြောင်ခေါ်ကြသူနဲ့ သူ့အဖွဲ့ဝင်အချို့က ဇန်နဝါရီ ၁၂ ရက်ညမှာ စားသောက်ဆိုင်ရှေ့ကို ရောက်ခဲ့တာကြောင့် ပြဿနာပိုကြီးထွားမှာကို မြန်မာအသိုင်းအဝိုင်းကြား စိုးရိမ်ခဲ့ကြပါတယ်။
အဲဒီဖြစ်စဥ်နောက်မှာ မြန်မာအချင်းချင်း ပြစ်တင်ဝေဖန်မှုတွေလည်းရှိခဲ့သလို ငွေကြေးတတ်နိုင်လို့ ထိုင်းနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်သူ မြန်မာအချို့ကြောင့် သန်းနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထိခိုက်နိုင်တယ်လို့ ဝေဖန်မှုတွေလည်း လူမှုကွန်ရက်ပေါ် မှာ ပျံ့နှံ့ခဲ့ပါတယ်။
ဒါ့အပြင် ဘန်ဘိုးဘက်မှာ ဇန်နဝါရီ ၁၂ ရက်ကစလို့ အရင်ကထက်ပိုပြီး ထိုင်းရဲတွေ လုံခြုံရေး ယူနေတာ တွေ့ရတယ်လို့ အဲဒီမှာရှိတဲ့ မြန်မာတချို့က ပြောပါတယ်။
တရားဝင်နေထိုင်အလုပ်လုပ်ခွင့်တွေ၊ နယ်ကျော်ပြီး ရောက်လာတာ ရှိ/မရှိ နဲ့ တိမ်းရှောင်နေတဲ့ သူတွေ ဟုတ် မဟုတ်ကို စစ်ဆေးနေတာလို့လည်း သိရပါတယ်။
အထောက်အထား ပြည့်စုံတဲ့ မြန်မာနိုင်ငံသားတွေက စိတ်ပူစရာ မလိုပေမဲ့ ဘတ်လို့ခေါ်တဲ့ အလုပ်သမားကတ် (ပန်းရောင်ကတ်) လျှောက်ထားတဲ့သူတွေ၊ အထောက်အထား မရှိသေးတဲ့သူတွေအတွက် စိုးရိမ်စရာ အခြေအနေပါ။

ဓာတ်ပုံ ရင်းမြစ်, พงศกร รอดภัย
"တရားမဝင် နေတဲ့သူက များတာကိုး၊ အထောက်အထားမရှိတော့ ရဲရှိတဲ့နေရာကို ရှောင်နေရတယ်။ ထိုင်းမျိုးချစ်အဖွဲ့ကိုတော့ သိပ်ကြောက်စရာမလိုဘူး၊ သူတို့က သူတို့လိုချင်တဲ့သူကိုပဲ ရှာကြတာ။ တခြားမြန်မာတွေကိုတော့ ရန်ရှာတာ မရှိဘူး"လို့ ဘန်ဘောအရပ်မှာနေတဲ့ ကိုကတုံးက ပြောပါတယ်။
တချိန်တည်းမှာပဲ ဒီပြဿနာနောက်မှာ မြန်မာတွေ ရောင်းချနေတဲ့ ဆိုင်ခန်းတွေ၊ ဈေးဆိုင်တွေကိုလည်း ဝင်ရောက်စစ်ဆေးတာတွေ ရှိနိုင်တယ်လို့ ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ ဦးမင်းဦးက ပြောပါတယ်။
ဇန်နဝါရီ ၁၃ ရက်မှာတော့ စားသောက်ဆိုင်ပိုင်ရှင်ဆိုသူ ထိုင်း အမျိုးသမီးနဲ့အတူ ရန်ပွဲပြီးတဲ့နောက် တိမ်းရှောင်နေတဲ့ မြန်မာ ၆ ဦးဟာ ဘန်ဘိုးရဲစခန်းကို သွားရောက် အဖမ်းခံကြပြီး ဝန်ခံတောင်းပန်ခဲ့ကြပါတယ်။
"ကျွန်တော့် လုပ်ရပ်အတွက် နောင်တရပါတယ်။ အားလုံးကိုလည်း အားနာပါတယ်။ ထိုင်းလူမျိုးတွေကိုလည်း တောင်းပန်ပါတယ်" ဆိုပြီး တောင်းပန်စကားကို မြန်မာလိုရော ထိုင်းလိုပါ ပြောထားတာ တွေ့ရပါတယ်။
ထိုင်းရဲတပ်ဖွဲ့ကတော့ ရန်ဖြစ်တဲ့ နှစ်ဖက်စလုံးကို ဒဏ်ငွေချမှတ်ခဲ့ပြီး ပစ္စည်းဥစ္စာပျက်စီးတာတွေအတွက် ဘတ်ငွေ ၁ သောင်း လျော်ကြေးသတ်မှတ်လိုက်သလို စားသောက်ဆိုင်ကိုလည်း အပြီးတိုင် ပိတ်သိမ်းတယ်လို့ ဘန်ဘိုးအခြေစိုက် ထိုင်းသတင်းထောက် တစ်ဦးက သူရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
သူရဲ့လူမှုကွန်ရက်က ပို့စ်မှာ ထိုင်းရဲတပ်ဖွဲ့က ကြားဝင်ဖြေရှင်းပေးတဲ့ပြစ်ဒဏ်ကို မကျေနပ်တဲ့ ထိုင်းနိုင်ငံသားတချို့လည်းတွေ့ရသလို ပြဿနာအေးငြိမ်းသွားတာက နှစ်ဖက်အသိုင်းအဝိုင်းအတွက် ပိုသင့်လျော်တယ်ဆိုတဲ့ ထိုင်းနိုင်ငံသားတွေလည်း တွေ့ရပါတယ်။
ရန်ပွဲမှာ ပါဝင်ပတ်သက်သူတွေက အဖမ်းခံပေမဲ့ ဒီရန်ပွဲရဲ့ သက်ရောက်မှုက အချိန်ကာလ အတိုင်းအတာထိ ရှိနေနိုင်တာကြောင့် သတိထားနေထိုင်ဖို့ကိုလည်း မြန်မာအလုပ်သမားအရေး လှုပ်ရှားသူ ဦးမင်းဦးက သတိပေးပါတယ်။ ဦးမင်းဦးက ထိုင်းနိုင်ငံမှာနေထိုင်ပြီး မြန်မာလုပ်သားတွေအရေး ဆယ်စုနှစ်ချီ ဆောင်ရွက်နေသူဖြစ်ပါတယ်။
Media Intelligence Group (MIG) Thailand ရဲ့ ၂၀၂၃–၂၀၂၄ ခုနှစ် သုတေသနအချက်အလက်အရ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား လူဦးရေ ၄ သန်းကနေ ၆ သန်းအထိရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါအပြင် ဘန်ကောက်ခရိုင်နဲ့ အနီးတဝိုက်က ခရိုင်တွေ အတွင်းမှာ မြန်မာလူဦးရေ ၂ သန်းနီးပါးရှိတယ်လို့ တွက်ချက်ထားပါတယ်။
အလားတူပြဿနာတွေကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲအကျိုးဆက်ဟာ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေတင်မက ထိုင်းနိုင်ငံကို ပြောင်းရွှေ့နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေလည်း အခက်အခဲတွေ ရှိလာနိုင်တာကိုလည်း ပူပန်ခဲ့ကြတာဖြစ်ပါတယ်။
''ထိုင်းရဲတပ်ဖွဲ့ကို ကျေးဇူးတင်ရမယ်။ သူတို့က ကြားထဲကနေ ဖြစ်သင့်ဖြစ်ထိုက်တာကို ဥပဒေအတိုင်းဘက်မလိုက်ဘဲ ဖြေရှင်းပေးတော့ ပြဿနာတစ်ရပ် အေးသွားတယ်'' လို့ဘန်ဘောမှာနေထိုင်တဲ့ မမိုးက ပြောပါတယ်။
မြန်မာမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစလို့ ထိုင်းကိုရွှေ့ပြောင်းနေထိုင်လာတဲ့ မြန်မာနိုင်ငံသားတွေ၊ ထိုင်းတက္ကသိုလ်တွေကို ပြောင်းရွှေ့ပညာသင်တဲ့ မြန်မာတက္ကသိုလ်ကျောင်းသားတွေ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်နေရတဲ့လူငယ်တွေ ရှိနေပါတယ်။
''ကိုယ့်နိုင်ငံမှာ ဒုက္ခရောက်နေချိန်ဆိုတော့ ထိုင်းမှာနေရတဲ့ခဏမှာ အေးအေးချမ်းချမ်းပဲ နေထိုင်လုပ်ကိုင်ချင်တယ်။ ဒါက လူမျိုးရေး ပြဿနာမဟုတ်ဘူး၊ နိုင်ငံသားအုပ်စု တစ်ခုလုံးကိုလည်း ကိုယ်စားမပြုဘူး''
''ဒါက လူ ၂ ဖွဲ့ ရန်ဖြစ်ကြတာပဲ။ ဒီလိုမျိုးပြဿနာတွေကို နောင်မှာလည်း ကိုယ့်ဘက်က မစမိဖို့လိုတယ်လို့မြင်ပါတယ်။ ကိုယ်တိုင်လည်းဆင်ခြင်ရမယ်'' လို့ ဘန်ကောက်မြို့မှာနေထိုင်တဲ့ မြန်မာနိုင်ငံသားတစ်ဦးက မှတ်ချက်ပြုပါတယ်။












