ထိုင်းမှာ မြန်မာလုပ်သားတွေရဲ့ ဘဏ်အကောင့်တွေ အလွဲသုံးစား အသုံးပြုခံနေရ

အွန်လိုင်းလောင်းကစားလုပ်ငန်း သရုပ်ဖော်ပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကိုအောင်နဲ့အတူ မြန်မာနိုင်ငံသား MOU အလုပ်သမား ၃၇ ယောက်ဟာ ပြီးခဲ့တဲ့မတ်လမှာ ထိုင်းနိုင်ငံ၊ ရယောင်းမြို့ကို ရောက်ရှိခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေတာပါ။

သူတို့ရောက်ပြီး ၁၀ ရက်အကြာမှာ ဘိုင်ကျန့်အော်လို့ ခေါ်တဲ့ သူဌေးလွှဲပြောင်းစာ ယူရမယ်ဆိုပြီး မြန်မာနိုင်ငံသား စကားပြန်က ဘန်ကောက်မြို့ကို ကားနဲ့ ခေါ်သွားခဲ့ပါတယ်။

ဘန်ကောက်မြို့ထဲက ရောက်တဲ့အခါ Big C၊ Lotus စတဲ့ ဈေးဝယ်စင်တာကြီးတွေထဲက K Bank - ကာဆီခွန်ဘဏ်၊ SCB ဘဏ်တွေကို ခေါ်သွားပြီး အလုပ်သမားတစ်ယောက်ကို ဘဏ်တစ်ခုချင်းမှာ ဘဏ်အကောင့်တစ်ခုချင်းစီ ဖွင့်ပေးခဲ့ပါတယ်။

ဘဏ်အကောင့်ဖွင့်ဖို့ ဖွင့်သူရဲ့ ကိုယ်ရေးအချက်လက်၊ နိုင်ငံကူးလက်မှတ်၊ တရားဝင်အလုပ်လုပ်ခွင့်၊ ဖုန်းနံပတ်စတဲ့အချက်လက်တွေ အားလုံးကို ဘဏ်ကို ပေးရတာပါ။

“အေဂျင်စီနဲ့ ဘတ် ၅ သန်းသူဌေး(အလုပ်ရုံနာမည်)က ထောက်ခံစာပေးတယ်။ ဘဏ်အကောင့်ဖွင့်ဖို့ ဖုန်းနံပါတ်ရယ်၊ ပက်စ်ဝက်(စကားဝှက်)ရယ်ကို လက်မှာရေးပေးလိုက်တယ်။ ဖုန်းနံပတ်တွေက ကျွန်တော်တို့သုံးတဲ့ ဖုန်းနံပတ်တွေမဟုတ်ဘူး။ ဖုန်းတွေကိုလည်း ပေးမသုံးဘူး။ သူတို့ပေးတဲ့ စကားဝှက်မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် ပေးထားတဲ့စကားဝှက်ဆိုရင်လည်း ချက်ချင်းပြောင်းခိုင်းတယ်” လို့ ကိုယ့်သဘောဆန္ဒမဟုတ်ဘဲ သူ့အချက်အလက်တွေနဲ့ ဘဏ်အကောင့်ဖွင့်ခံရတဲ့ ကိုအောင်က ပြောပါတယ်။

ထိုင်းကို ရောက်ခါစဖြစ်တာရယ်၊ ဘဏ်အကောင့်က မဖြစ်မနေ ဖွင့်ရမယ်ထင်တာရယ်၊ ထိုင်းသူဌေးက ဖွင့်ခိုင်းတယ်ဆိုတဲ့စကားကြောင့် ကိုအောင်တို့အလုပ်သမားတွေက ဘဏ်အကောင့်တွေကို ဖွင့်ခဲ့ကြရပါတယ်။

“ဘဏ်အကောင့်လည်းဖွင့်ပြီးရော ဘဏ်နှစ်ခုမှာလုပ်ထားတဲ့ ကတ်နှစ်ခုစလုံးကို စကားပြန်က သိမ်းသွားတယ်။ ပြန်ပေးမယ်လို့ပြောပေမဲ့ ဘယ်တော့ပြန်ပေးမယ်လည်းမပြောဘူး။ သူဌေးက ဖွင့်ခိုင်းတယ်ပြောတယ်၊ ဘယ်သူဌေး မှန်းလည်း မသိရဘူး”လို့ ကိုအောင်က ပြောပြပါတယ်။

 စာချုပ်ထဲကအလုပ်မဟုတ်ဘဲ တခြားနေရာမှာအလုပ်လုပ်နေရတဲ့ MOU အလုပ်သမားတွေ

ဓာတ်ပုံ ရင်းမြစ်, WAG

ဓာတ်ပုံ ပုံစာ, စာချုပ်ထဲကအလုပ်မဟုတ်ဘဲ တခြားနေရာမှာအလုပ်လုပ်နေရတဲ့ MOU အလုပ်သမားတွေ

ထိုင်း ဘဏ်အကောင့်ဖွင့်ပြီးနောက်မှာတော့

ဘဏ်အကောင့်ကို ပြန်ပိတ်ဖို့ ကြိုးစားနေကြတဲ့ မြန်မာအလုပ်သမားတွေ

ဓာတ်ပုံ ရင်းမြစ်, WAG

ဓာတ်ပုံ ပုံစာ, ဘဏ်အကောင့်ကို ပြန်ပိတ်ဖို့ ကြိုးစားနေကြတဲ့ မြန်မာအလုပ်သမားတွေ

ရောက်လာတဲ့အလုပ်သမားတိုင်း ထိုင်းဘဏ်အကောင့် ဖွင့်နေကျဖြစ်နေတာကို သိပေမဲ့ ဘဏ်စာအုပ်တွေ၊ ဘဏ်ကတ်တွေကို ကိုယ်တိုင်က သိမ်းထားရမယ်ဆိုတာကိုတော့ အခုမှ စရောက်ကာစဖြစ်တဲ့ MOU အလုပ်သမားတွေက သိပ်နားမလည်ကြသေးပါဘူး။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘဏ်အကောင့်ဖွင့်ပြီးနောက်ပိုင်းမှာမှ အွန်လိုင်းဂိမ်းတွေမှာ သူတို့ရဲ့ ဘဏ်အကောင့်တွေကို အသုံးပြုနိုင်တယ်ဆိုတဲ့ သတင်းအချက်လက်ကိုရရှိပြီး ကိုအောင်တို့ အလုပ်သမားတွေ စိုးရိမ်ခဲ့ကြပါတယ်။

တကယ်လို့ သူတို့ဘဏ်အကောင့်နံပါတ်က အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်ပြီးငွေဝင်ငွေထွက်ရှိခဲ့ရင် ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးတဲ့အခါ ဘဏ်အကောင့်ဖွင့်ထားသူကိုသာ ဖမ်းဆီးမှာ ဖြစ်ပါတယ်။

ဒါကြောင့် အလုပ်သမားအရေးကူညီပေးနေတဲ့ WAG အဖွဲ့ကို အကူညီတောင်းပြီး ဘဏ်အကောင့်တွေကို ပြန်ပိတ်ဖို့ ကြိုးစားကြတာတွေရှိလာပါတယ်။

ဘဏ်ကိုရောက်တဲ့အခါ ဘဏ်စာအုပ်တွေ၊ ဘဏ်ကတ်တွေကို လက်ဝယ်မကိုင်ထားတဲ့ ကိုအောင်တို့ အလုပ်သမား ၄၊ ၅ ယောက်ရဲ့ ဘဏ်အကောင့်တွေထဲမှာ ဘတ်ငွေ ၃,၅၀၀ ကနေ ၁၀,၀၀၀ အထိ ငွေဝင်၊ ငွေထွက်တွေ ရှိနေပါပြီ။

“ကျွန်တော်တို့ အံ့သြသွားတယ်။ ကျွန်တော်တို့လည်း မသုံးဘဲနဲ့ ငွေဝင်ထွက်တွေရှိနေတယ်။ ဒါ့ကြောင့် ဘဏ်အကောင့်ပိတ်ဖို့ ကြိုးစားတော့ အကောင့်ထဲမှာရှိတဲ့ပိုက်ဆံတွေကို ထုတ်မှရမယ်ပြောတယ်။ ကျွန်တော်တို့ မထုတ်ရဲဘူးဗျ။ တော်ကြာ အဲငွေတွေ ထုတ်လိုက်ရင် ကျွန်တော်တို့က လောင်းကစားလုပ်ထားသလို ဖြစ်မှာစိုးလို့” လို့ ကိုအောင်က ပြောပါတယ်။

လက်ရှိမှာ အလုပ်သမားတွေဟာ ဘဏ်အကောင့်ကို ပိတ်ဖို့အတွက် ဘဏ်အကောင့်ဖွင့်ပေးခဲ့တဲ့ အလုပ်သမားပို့ဆောင်ရေးကုမ္ပဏီကို ပြန်ဆက်သွယ်ထားပြီး သူတို့ပြန်ပိတ်ပေးဖို့ကို စောင့်နေကြရပါတယ်။

အွန်လိုင်းကနေ ငွေလိမ်ထုတ်တယ်ဆိုပြီး မြန်မာအလုပ်သမားတစ်ယောက် အဖမ်းခံထားရ

ထိုင်းဘဏ်အကောင့်ဖွင့်ရင် ဘဏ်စာအုပ်နဲ့ဘဏ်ကတ် ရရှိပါတယ်

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်

ဓာတ်ပုံ ပုံစာ, ထိုင်းဘဏ်အကောင့်ဖွင့်ရင် ဘဏ်စာအုပ်နဲ့ဘဏ်ကတ် ရရှိပါတယ်

လက်ရှိအချိန်မှာ အွန်လိုင်းဂိမ်းနဲ့ဆက်စပ်ပြီး ဘဏ်ကနေငွေထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာအလုပ်သမားတစ်ယောက် အဖမ်းခံထားရပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက မြန်မာအလုပ်သမားတစ်ယောက်ကို ဘတ်ငွေ သိန်း ၂၀ ကို ဘဏ်အကောင့်ကနေ ထုတ်ယူသွားတယ်ဆိုပြီး ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်မှာ ထိုင်းရဲတွေက ဖမ်းဆီးသွားပါတယ်။

အဲဒီအလုပ်သမားအပါအဝင် ၁၃ ယောက်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်မှာ ထိုင်းနိုင်ငံကို ရောက်လာကြတာဖြစ်ပြီး ရက် ၂၀ အကြာမှာ ဘဏ်အကောင့်ဖွင့်ကြရတာပါ။

ဘဏ်အကောင့်ဖွင့်ပြီး ၂ လ ဝန်းကျင်မှာတော့ ဘဏ်ထဲကနေ အွန်လိုင်းဂိမ်းနဲ့ပတ်သက်တဲ့ ငွေ ဘတ် သိန်း ၂၀ ထုတ်သွားတာကို တွေ့ရှိတာကြောင့် အဖမ်းခံလိုက်ရတာလို့ အဲဒီအလုပ်သမားအတွက် ကူညီပေးနေတဲ့ WAG အဖွဲ့က ကိုမုန်တိုင်းက ပြောပါတယ်။

“အဖမ်းခံရတဲ့ အလုပ်သမားနဲ့အတူ တခြား MOU မြန်မာအလုပ်သမား ၁၃ ယောက်ကို သူတို့ အလုပ်က စကားပြန်က ဘဏ်အကောင့်ဖွင့်ဖို့ဆိုပြီး ထိုင်းလူမျိုးတစ်ယောက်နဲ့ထည့်ပေးလိုက်တယ်။ ဘဏ်မှာ အလုပ်သမားတွေရဲ့ နာမည်၊ နိုင်ငံကူးလက်မှတ်နဲ့ သူတို့ပေးတဲ့ဖုန်းနံပတ်၊ စကားဝှက်တွေသုံးပြီး ဖွင့်ခိုင်းတယ်။ အာမခံပေးတာတော့ ဘဏ်ကိုလိုက်ပို့ပေးတဲ့ ထိုင်းအမျိုးသားကပဲ အာမခံပေးထားတာ” လို့ ကိုမုန်တိုင်းကပြောပါတယ်။

ဘဏ်စာအုပ်နဲ့ ဘဏ်ကတ်တွေကို အဲဒီထိုင်းအမျိုးသားက သိမ်းဆည်းသွားခဲ့ပါတယ်။ ဘဏ်အကောင့်ဖွင့်ခဲ့ပြီး အဖမ်းခံရတဲ့ ကာယကံရှင်လက်ထဲမှာ ဘဏ်စာအုပ်၊ ဘဏ်ကတ်တွေမရှိခဲ့ပါဘူး။

ဒါပေမဲ့ သူကိုယ်တိုင်ဘာမှမသိလိုက်ရဘဲ အွန်လိုင်းမှာ ဂိမ်းကစားထားတဲ့ငွေတွေဖြစ်တဲ့ ဘတ် သိန်း ၂၀ ကို ထုတ်ယူသွားတယ်ဆိုပြီး ဘဏ်စာရင်းမှာ ပေါ်လာတာလာကြောင့် အဖမ်းခံလိုက်ရတာဖြစ်တယ်လို့ WAG က ကိုမုန်တိုင်းက ပြောပါတယ်။

ဘဏ်စာအုပ်တွေ၊ ဘဏ်ကတ်တွေကို ကိုင်ဆောင်တာမရှိပေမဲ့လည်း လက်ကိုင်ဖုန်းထဲကို အင်တာနက်ကနေ ဘဏ်ရဲ့ Application ထည့်ပြီး ငွေလွှဲပြောင်းလုပ်လို့ရပါတယ်။

“ဘဏ်စာအုပ်တွေ၊ ဘဏ်ကတ်တွေလည်း သူ့မှာမရှိသလို သူ့ဖုန်းထဲမှာ ငွေလွှဲပြောင်းလုပ်လို့ရတဲ့ ဘဏ်နဲ့ပတ်သက်တဲ့ Application တွေ၊ ဆော့ဖ်ဝဲတွေလည်း မရှိဘူး။ သူကိုယ်တိုင်ကလည်း မသုံးတတ်ဘူး။ ဘဏ်အကောင့်ထဲမှာ ထိုင်းအမျိုးသမီးနဲ့ အမျိုးသားတစ်ယောက် နာမည်ခံပေးထားတာတွေ့တယ်။ သူတို့ကိုလည်း အလောင်းကစားတိုက်ဖျက်မှုနဲ့ အားချင်းလိုက်နေတယ်”လို့ အဖမ်းခံရတဲ့ အလုပ်သမားနဲ့ပတ်သက်တဲ့အချက်လက်တွေကို ပြောပြပါတယ်။

ဒါကြောင့် ကျန်တဲ့မြန်မာအလုပ်သမား ၁၂ ယောက်ရဲ့ ဘဏ်အကောင့်တွေကိုပါ ပိတ်ထားရတယ်လို့ အလုပ်သမားအရေး ကူညီပေးနေတဲ့ WAG အဖွဲ့ကနေသိရပါတယ်။

“တကယ်လို့ အဲ့ဒီအလုပ်သမားက အွန်လိုင်းဂိမ်းမှာ ကစားတာမရှိဘူးဆိုတာကို အေဂျင်စီနဲ့ မြန်မာသံရုံးက ထောက်ခံပေးရင်တော့ လွတ်နိုင်တယ်။ သူ့လုပ်ဖော်ကိုင်ဖက်တွေက သံရုံးကိုသွားပြီး ထောက်ခံပေးဖို့ တောင်းဆိုနေတာတော့ အခုထိမရသေးဘူး”လို့ WAG အဖွဲ့က ကိုမုန်တိုင်းက ပြောပါတယ်။

အဲဒီအလုပ်သမားဟာ အလောင်းကစားတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲခံထားရပြီး မေ ၂၈ ရက်မှာ ရုံးထုတ်စစ်ဆေးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးကို ဒီအချက်အလက်တွေနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းပေမဲ့ “မအားသေးတာကြောင့် မဖြေကြားနိုင်သေးပါဘူး”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းဘဏ်အကောင့်ဖွင့်တဲ့အခါနဲ့ ဖုန်းဆင်းကတ်တွေဝယ်ယူတဲ့အခါ နာမည်ခံပြီးမလုပ်ဖို့ကို ထိုင်းအလုပ်သမားအရေး ကူညီပေးသူတွေက သတိပေးထားပါတယ်။

ထိုင်းအစိုးရက အွန်လိုင်းကနေ ငွေကြေးလိမ်လည်တာတွေ တားဆီးဖို့ ပြီးခဲ့တဲ့နှစ် ၂၀၂၃ ခုနှစ် မတ် ၉ ရက်မှာ ပြဋ္ဌာန်းလိုက်ပြီး မေ ၉ ရက်မှာ အသက်ဝင်ခဲ့တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေအရ ထောင်ကျနိုင်တယ်လို့ ထိုင်းရောက်အလုပ်သမားကူညီရေးအဖွဲ့တွေက သတိပေးထားပါတယ်။

“ထိုင်းကိုရောက်ပြီး မကြာဘူး ထိုင်းဘဏ်အကောင့်ဖွင့်ခိုင်းတယ်၊ ဘဏ်စာအုပ်တွေ၊ ကတ်တွေကို သိမ်းသွားလို့ ဖြေရှင်းပေးဖို့ အကူညီတောင်းတဲ့ မြန်မာ MOU အလုပ်သမားတွေက ဒီနှစ်ထဲမှာတင် ၄ ဖွဲ့ဖြစ်နေပြီ”လို့ WAG အဖွဲ့က ကိုမုန်တိုင်းက ပြောပါတယ်။

ဒီလိုဖြစ်ရပ်ဟာ ၂၀၂၄ ခုနှစ်မှာ ဆက်တိုက်ဖြစ်လာတယ်လို့လည်း ဆက်ပြောပါတယ်။

ကိုရီးယားမှာ အွန်လိုင်းအလောင်းကစားလုပ်နေတဲ့မြန်မာနိုင်ငံသားတွေလည်းရှိ

မြန်မာနိုင်ငံသားတွေနဲ့အတူ ဆုတောင်းပေးနေတဲ့ ကိုရီးယားဘုန်းကြီးတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံသားတွေနဲ့အတူ ဆုတောင်းပေးနေတဲ့ ကိုရီးယားဘုန်းကြီးတွေ

မြန်မာနိုင်ငံသားတွေ သွားရောက်အလုပ်လုပ်တာများတဲ့ ကိုရီးယားနိုင်ငံမှာတော့ ဘဏ်စနစ်ကို သေချာတင်းကျပ်ထားတဲ့အတွက် ထိုင်းရောက် မြန်မာတွေ ကြုံတွေ့နေရသလိုမျိုးတော့ မရှိဘူးလို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

“ဒီမှာကတော့ အလုပ်ရှင်ကနေ ဘဏ်စာအုပ်တွေသိမ်းတာတော့ မရှိဘူး။ ဒါပေမဲ့ တချို့ကြတော့လည်း ရောင်းစားတာပေါ့။ ကိုယ့်ဘဏ်အကောင့်ကို ငှားပြီးတော့ အဲဒီကနေ ကော်မရှင်ယူတာတွေ ရှိတယ်၊ ကိုယ်က ငွေလိုချင်လို့ လုပ်စားတာတော့ ရှိတယ်။”

ဒါ့အပြင် ကိုရီးယားနိုင်ငံမှာ အွန်လိုင်းကနေ အလောင်းကစားလုပ်တာ၊ နှစ်လုံး-သုံးလုံး ချဲတွေ ဒိုင်ကိုင်တာတွေက ၂၀၂၃ ကနေ ဒီနှစ်ပိုင်းအတွင်း ပိုများလာတယ်လို့ မြန်မာအလုပ်သမား လူမှုဖူလုံရေးစင်တာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးစိုးမိုးသူက ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံသားတွေ အွန်လိုင်းကနေ အလောင်းကစားလုပ်နေတာကို ကိုရီးယားရဲတပ်ဖွဲ့က အွန်လိုင်းကနေ စောင့်ကြည့်နေပြီး ဒါတွေမလုပ်ကြဖို့ အလုပ်သမားအရေး ကူညီပေးနေသူတွေကနေတဆင့် အသိပေးပြောလာတာတွေရှိနေတာပါ။

“ရဲတွေက သိတယ်။ ဒါပေမဲ့ တိုင်မယ့်သူမရှိရင် ဖမ်းလို့မရဘူး။ ‌နောက်ပြီး ဒီမိုကရေစီအရေးအတွက် အခုချိန်အထိ ကြိုးစားနေတဲ့မြန်မာတွေကိုလည်း ကိုယ်ချင်းစာတဲ့အတွက် မြန်မာကိုကူညီချင်လို့ ၊ ဖမ်းဆီးပြီး ပြန်ပို့တာတွေလည်း မလုပ်ချင်လို့ သူတို့က မေတ္တာရပ်ခံတယ်။ မြန်မာအချင်းချင်းကလည်း ချွန်တာ၊ တွန်းတာမရှိဘူး။ တိုင်မယ့်သူမရှိတော့ အရေးယူလို့မရဘူး။ ဥပဒေရှိပေမဲ့ အရေးယူတာမရှိတော့ သွားမရှိတဲ့ကျားလိုဖြစ်နေတာ။ ဒီတော့ အလောင်းကစားတွေက ပိုပြီးကြီးထွားလာတယ်”လို့ ဦးစိုးမိုးသူက ပြောပါတယ်။

တကယ်လို့ ဥပဒေချိုးဖောက်တာတွေကို ကိုရီးယားအစိုးရက ဖမ်းမိတယ်ဆိုရင် တရားရုံးက ချမှတ်တဲ့ပြစ်ဒဏ်ခံရသလို လူဝင်မှုကြီးကြပ်ရေးဥပဒေက ပေးတဲ့ပြစ်ဒဏ်ကိုပါ ခံရမှာဖြစ်ပါတယ်။

“တရားရုံးက ပေးတဲ့ပြစ်ဒဏ်က ငွေဒဏ်လောက်နဲ့ပြီးသွားပေမဲ့ လဝက က ပေးတဲ့ပြစ်ဒဏ်က နှင်ထုတ်တာများတယ်။ ဒါမှမဟုတ် ဗီဇာသက်တမ်းတိုးမပေးတာမျိုးပေါ့”လို့ ပြစ်ဒဏ်တွေကို ရှင်းပြပါတယ်။

လက်ရှိမှာ အဖမ်းမခံကြရသေးဘူးဆိုပေမဲ့ အလောင်းကစားလုပ်တာတွေကြောင့် ကိုရီးယားအစိုးရရဲ့ မြန်မာတွေအပေါ်ထားတဲ့ စေတနာမပျက်ကွက်အောင် နေထိုင်သင့်တာက အဓိကဖြစ်တယ်လို့ ပြောပါတယ်။

မလေးရှားက မြန်မာအလုပ်သမားတွေနဲ့ အလောင်းကစား

မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့

ဓာတ်ပုံ ရင်းမြစ်, April Kyu Kyu

ဓာတ်ပုံ ပုံစာ, မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လုပ်တာများတဲ့ မလေးရှားနိုင်ငံမှာတော့ မြန်မာအလုပ်သမားတွေအနေနဲ့ အွန်လိုင်းလောင်းစကားတာတွေ အနည်းအကျဉ်းသာရှိနေသေးတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

“အွန်လိုင်းဂိမ်းတွေကတော့ ကိုယ့်ဘာသာကိုယ် ကစားကြတာရှိတယ်။ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ ဒိုင်တွေရှိရင် ငွေတစ်ရာဖိုးကစားမယ်ဆို ငွေတစ်ရာထည့်ပြီး ကစားတာပေါ့။ ဘောလုံးပွဲလောင်းသလိုကစားတာပေါ့။ ဒါပေမဲ့ အရမ်းတွင်ကျယ်တာတော့ မရှိသေးဘူး။ နည်းနည်းပါးပါး စနေပြီပေါ့”လို့ မလေးရှားနိုင်ငံက မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ ကပုန်း ၇ ရက်သားသမီး နာရေးကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ဘီဘီစီကို ပြောပါတယ်။

မလေးရှားနိုင်ငံရဲ့ အခြေအနေအရ စီးပွားရေးတောင့်တင်းတာ၊ ရွှေ့ပြောင်းနိုင်ငံသားတွေကို အဖမ်းအဆီးများတာကြောင့် အလောင်းကစားကို အာရုံမစိုက်နိုင်တာ၊ ဒါ့အပြင် ရဲတွေက တယ်လီဖုန်းထဲမှာ လောင်းကစားထီတွေရှိရင် ဖမ်းဆီးတာတွေရှိတာ၊ နိုင်ငံထဲမှာတင် Genting Highlands လို တရားဝင်လောင်းကစားဖွင့်ထားပေးတာတွေကြောင့် မြန်မာနိုင်ငံသားတွေ အွန်လိုင်း အလောင်းကစားလုပ်တာ နည်းတာဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

ဒ့ါအပြင် မလေးရှားအစိုးရက တရားဝင်အလုပ်သမားတွေရဲ့ လစာငွေကို ဘဏ်ကနေ လွှဲဖို့အတွက် ဘဏ်အကောင့်ဖွင့်ခွင့်ပေးထားပြီး ကိုယ်စားဘဏ်အကောင့်ဖွင့်တာမျိုးကို လုံးဝလက်မခံဘူးလို့လည်း အလုပ်သမားအရေး ကူညီပေးနေတဲ့ ဦးသီဟမောင်မောင်က ပြောပါတယ်။

“တခုပဲရှိတယ်။ ငွေအဝင်အထွက်များရင်တော့ အဲဒီဘဏ်အကောင့်ကို ပိတ်လိုက်ပါတယ်။ ငွေအလွှဲအပြောင်း လုပ်တဲ့သူတွေက ယူသုံးလို့ ဖြစ်တာပါ။ တချို့က ငွေလွှဲ အလုပ်ကို တနိုင်တပိုင်လုပ်ကြတယ်။ တဖြေးဖြေးနဲ့ ငွေပမာဏတွေက များလာတော့ အလုပ်သမားတယောက်ရဲ့ဝင်ငွေနဲ့ ထွက်ငွေက မကိုက်ညီလို့ ပိတ်လိုက်တာပါ”လို့ သူက ပြောပြပါတယ်။

ကိုယ့်ရဲ့ အချက်လက်တွေနဲ့ ဖွင့်ထားတဲ့ ဘဏ်အကောင့်တွေကို တခြားသူတွေကို ပေးသုံးမိရင် နောက်ဆက်တွဲ ပြဿနာတွေ ရှိလာနိုင်တာကြောင့် ဘဏ်ကတ်၊ စာအုပ်တွေကို ကိုယ်တိုင်သိမ်းထားဖို့သာ အရေးကြီးတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောကြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀-၂၀၂၃ ခုနှစ် လုပ်သားအင်အားခန့်မှန်းစာရင်းအင်းများ အစီရင်ခံစာအရ ၂၀၂၀ ပြည့်နှစ်မှာ ၂၂. ၆၂ သန်း၊ ၂၀၂၁ ခုနှစ်မှာ ၂၃.၀၇ သန်း၊ ၂၀၂၂ ခုနှစ်မှာ ၂၃.၅၂ သန်း၊ ၂၀၂၂ ခုနှစ်မှာ ၂၃.၉၇ သန်းရှိတယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်ပကိုထွက်ပြီး အလုပ်လုပ်ကြတဲ့ ‌ရွှေ့ပြောင်းအလုပ်သမားအရေအတွက်ကိုတော့ ဖော်ပြထားတာ မရှိပါဘူး။