မြန်မာနိုင်ငံက ခိုလှုံလာသူ အချို့ကို ဖမ်းပြီးပြန်ပို့နေတဲ့ မလေးရှား

ဓာတ်ပုံ ရင်းမြစ်, Myanmar Embassy in Kuala Lumpur, Malaysia
ကွာလာလမ်ပူမြို့ လေဆိပ်တစ်နေရာမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက် မြန်မာနိုင်ငံသား ရာနဲ့ချီပြီး တန်းစီ လေယာဉ်ပေါ်တက်နေတဲ့ ပုံတွေကို ကွာလမ်လမ်ပူမြန်မာသံရုံးရဲ့ စာမျက်နှာမှာ တင်ထားတာတွေ့ရပါတယ်။
အဲဒီနေ့က မြန်မာနိုင်ငံကို ပြန်ပိုသူ စုစုပေါင်း အယောက် ၁၅၀ ဖြစ်ပြီး အမျိုးသားတွေ အများစုဖြစ်ကြပါတယ်။ အချို့က ကတုံးတုံး ထားကြတာကိုလည်း တွေ့ရပါတယ်။
မြန်မာသံရုံး၊ကွာလာလမ်ပူမြို့ကတာဝန်ရှိသူများနဲ့ မလေးရှားနိုင်ငံ၊လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ထိန်းသိမ်းခံ မြန်မာနိုင်ငံသားတွေကို ဒုတိယအကြိမ် မြန်မာနိုင်ငံကို အခမဲ့ ပြန်လည်ပို့ဆောင်ပေးတဲ့ အစီအစဥ်လို့ သံရုံးက အဲ့ဒီပုံတွေကို ခေါင်းစဥ်တပ်ပါတယ်။
ဒါပေမဲ့ ကွာလာလမ်ပူကနေ မြန်မာနိုင်ငံရန်ကုန်မြို့ကို ပြန်ပို့တဲ့ သူတွေထဲမှာ စစ်အာဏာသိမ်းပြီးနောက် မလေးရှားနိုင်ငံကို ရောက်လာပြီး တတိယနိုင်ငံတစ်ခုကို ခိုလှုံဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှာ လျှောက်ထားတဲ့ မြန်မာရေတပ်က အရာရှိဟောင်း ၆ ဦး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
သူတို့ ၆ ဦးထဲမှာ ရခိုင်တိုင်းရင်းသား ကိုကျော်လှလည်း ပါဝင်ပြီး အောက်တိုဘာလ ၆ ရက်နေ့က ကွာလာလမ်ပူက ပြန်ပို့ခံရသူတွေထဲက တစ်ဦး အပါအဝင်ဖြစ်တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myanmar Embassy in Kuala Lumpur, Malaysia
ကွာလာလမ်ပူက ပြန်ရောက်လာပြီး ဗိုလ်တစ်ထောင်မြို့နယ်တစ်နေရာမှာ အချုပ်ခံထားရတဲ့ ကိုကျော်လှဟာ လွန်ခဲ့တစ်နှစ်ကျော်လောက်က ကွာလာလမ်ပူကို ရောက်လာခဲ့သူ ဖြစ်ပါတယ်။
သူက ကွာလာလမ်ပူနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ကာဂျင်းမှာ နေထိုင်ခဲ့သူဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်ဇာတိ ကိုကျော်လှဟာ မလေးရှားကို ဘယ်လိုရောက်လာခဲ့ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရပါဘူး။
သူဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် မလေးရှားနိုင်ငံကို ရောက်ရှိလာခဲ့ပြီး ကြုံရာ အလုပ်တွေလုပ်ရင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှာ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားခဲ့သူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ကတော့ သူ့ဆီကို ဒုက္ခသည်ခိုလှုံခွင့်ရပြီလို့ ဖုန်းဆက်အကြောင်းကြားခဲ့ပြီးနောက် အိမ်ပေါ်က ဆင်းလာချိန်မှာ အဖမ်းခံခဲ့ရတာလို့ မိသားစုဝင်တစ်ဦးက ရှင်းပြပါတယ်။
မြန်မာရေတပ်က ကိုကျော်လှဟာ ဖမ်းဆီးခံရတဲ့ အချိန်မှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှာ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားခဲ့တဲ့ စာရွက်စာတမ်းမပြနိုင်ခဲ့ကြောင်းလည်း သူကပြောပါတယ်။
သူနဲ့ အတူ သူ့ရဲ့ အမျိုးသမီးကိုလည်း အိမ်ပေါ်တက်ပြီး မလေးရှားရဲတွေက ဖမ်းဆီးသွားခဲ့တယ်လို့ ကိုကျော်လှရဲ့မိသားစုဝင် တစ်ဦးကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myanmar Embassy in Kuala Lumpur, Malaysia
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မလေးရှားနိုင်ငံထဲ အခုသီတင်းပတ်တွေအတွင်းမှာ မြန်မာရွှေ့ပြောင်းတွေ အပါအဝင် အထောက်အထားမဲ့ နေထိုင်သူတွေကို ပစ်မှတ်ထားဖမ်းဆီးမှုတွေ တိုးလုပ်လာနေတယ်လို့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တာကြောင့် စစ်တပ်ပစ်မှတ်ထားခံရပြီး မလေးရှားကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသူတွေက ဘီဘီစီကို ပြောပါတယ်။
မလေးရှားနိုင်ငံဟာ တရားဝင်အားဖြင့် ဒုက္ခသည်တွေကို ကြိုဆိုတာမရှိသလို၊ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းနဲ့ သဘောတူချက်တွေကို လက်မှတ်ရေးထိုးထားတာ မရှိပါဘူး။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက အကဲဖြတ်ထားတဲ့ ခိုလှုံခွင့်ရှာဖွေသူတွေဟာ သူတို့နိုင်ငံကို ပြန်သွားပါက အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့ မှတ်ချက်ကိုလည်း အသိအမှတ်မပြုပါဘူး။
အခုအခါမှာ မလေးရှားနိုင်ငံကိုရောက်နေပြီး ဒုက္ခသည်အဖြစ် ခိုလှုံခွင့်တင်ထားသူ တစ်သိန်းရှစ်သောင်းကျော်ရှိပြီး ကိုကျော်လှလို ဒုက္ခသည် မှတ်ပုံတင်ကတ်ပြားမရသေးသူတွေလည်း အများအပြားရှိပါတယ်။ ဒုက္ခသည် မှတ်ပုံတင်မရှိသူ အများစုက မြန်မာနိုင်ငံက ဖြစ်ကြပါတယ်။
မလေးရှားမှာ ဒုက္ခသည် ကတ်ရထားသူ အများစုဟာ ဘင်္ဂလားရှေ့ဒုက္ခသည်စခန်းတွေက နေထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေဖြစ်တယ်လို့လည်း မလေးရှားရောက်မြန်မာ တချို့ထံကသိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
မလေးရှားကို မြန်မာနိုင်ငံက ချင်း၊ ကချင် စတဲ့ တိုင်းရင်းသားတွေအပါအဝင် ရိုဟင်ဂျာတွေလည်း အဓိက အများစု ရောက်လာကြပြီး ရောက်ရှိလာသူတွေကို မလေးရှားမှာ ရောက်ရှိနေကြသူတွေနဲ့ ကုလသမဂ္ဂက ဒုက္ခသည်အဖြစ် ရရှိဖို့ ကူညီပံ့ပိုးမှုတွေပေးကြတယ်လို့ လူအခွင့်အရေးစောင့်ကြည့်သူ ဖိလ်ရောဘင်ဆင်က ပြောပါတယ်။
မလေးရှားနိုင်ငံမှာ နိုဝင်ဘာလဆန်းမှာ ရွေးကောက်ပွဲ ကျင်းပဖို့ရှိနေတာကြောင့် ရွေးကောက်ပွဲအပြီး လွှတ်တော်အသစ်အတွက် လက်ရှိ လွှတ်တော်အဟောင်းကို ဖျက်သိမ်းထားပါတယ်။
ဒါ့ကြောင့် မြန်မာ့အရေးကို အလေးထားတဲ့ မလေးရှားအစိုးရအဖွဲ့ဝင်တွေဟာ နိုင်ငံရေးအရ လုပ်ပိုင်ခွင့်အာဏာ အကန့်အသတ်တွေရှိနေချိန်၊ နောက် လွှတ်တော်ဖျက်သိမ်းလိုက်တဲ့အချိန် မြန်မာတွေအပါအဝင် မလေးရှားရောက်ရွှေ့ပြောင်းနေထိုင်သူတွေအရေး လွှတ်တော်အကာအကွယ်မဲ့နေချိန်မှာ မလေးရှား လဝက နဲ့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုတွေ ခပ်စိပ်စိပ်ဖြစ်လာတာလို့ မလေးရှားရောက် မြန်မာတွေအရေး အကူအညီပေးသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်ဟာ အဲဒီအစည်းအဝေးကာလအတွင်း တရုတ် အင်တာပိုလ်အမှုဆောင် ကော်မတီဝင်နဲ့ရော ဘင်္ဂလားဒေ့ရှ် ရဲချုပ်နဲ့ပါ တွေ့ဆုံပြီး နယ်စပ်ဒေသလုံခြုံရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနဲ့ အွန်လိုင်းလောင်းကစား တိုက်ဖျက်ရေးတွေ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် မလေးရှား CID ညွှန်ကြားရေးမှူးချုပ်၊ အင်ဒိုနီးရှားနိုင်ငံရဲအဖွဲ့ အင်တာပိုလ်အတွင်းရေးမှူး တို့နဲ့ပါ တွေ့ဆုံပြီး အဲဒီနိုင်ငံတွေမှာ ပြစ်မှုကျူးလွန်ထားတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးလွှဲပြောင်းပေးရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၆ လအတွင်း မလေးရှားကို တရားမဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၀၀၀ နီးပါးဟာ (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက အကဲဖြတ်ထားတဲ့ ခိုလှုံခွင့်ရှာဖွေသူတွေ သူတို့နိုင်ငံကို ပြန်သွားပါက အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့ မှတ်ချက်ကိုအသိအမှတ်မပြုဘဲ ) မြန်မာနိုင်ငံကို ပြန်ပို့ခံခဲ့ရတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်သူတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, (ဓာတ်ပုံ - Kantarawady Times)
ပြီးခဲ့တဲ့အောက်တိုဘာလ ၂၀ ရက်နေ့ကလည်း မလေးရှားနိုင်ငံမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁၅၀ ကို စင်းလုံးငှားလေယာဉ်နဲ့ အခမဲ့ပြန်ပို့ခဲ့တယ်လို့ သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာသံရုံးထုတ်ပြန်တဲ့ ပုံတွေမှာ မျက်နှာညှိုးငယ်နေတဲ့ မြန်မာနိုင်ငံသားတွေ တွေ့ရသလို မြန်မာသံအရာအရှိနဲ့ မလေးရှား အစိုးရက ဝန်ထမ်းတွေကိုလည်း ဓာတ်ပုံတွဲရိုက်ကြတာ တွေ့ရပါတယ်။
ကွာလာလမ်ပူက ပြန်ရောက်လာကြတဲ့ ရေတပ်က ကိုကျော်လှနဲ့ သူ့ဇနီးကို ရန်ကုန်မြို့တစ်နေရာမှာ စစ်ကောင်စီက ဖမ်းဆီးထားတာခံရပြီးတော့ တစ်နေရာစီ ခွဲထားတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။
မြန်မာနိုင်ငံ ရန်ကုန်မြို့ကိုပြန်ရောက်ချိန်မှာ ဖမ်းဆီးခံထားရပြီးတော့ အခုအချိန်ထိ ဘာတွေဆက်ဖြစ်မယ်ဆိုတာ မသိရကြောင်း ဖမ်းဆီးခံထားရသူရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။








