အတားအဆီးမရှိတဲ့ အွန်လိုင်း လောင်းကစားတွေနဲ့ ငွေကုန် နေကြရတဲ့ ပြည်သူတွေ

အွန်လိုင်းဂိမ်း

ဓာတ်ပုံ ရင်းမြစ်, Facebook

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ လောင်းကစားလုပ်ကြတာတွေ သိသိသာသာ တိုးပွားလာနေတယ်လို့ ဆိုကြပါတယ်။

ဖေ့ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွေကတဆင့် ငွေပေးငွေယူဆော့ရတဲ့ အွန်လိုင်းလောင်းကစားဂိမ်းတွေကို ကြော်ငြာပြီး လောင်းကစား လုပ်ဖို့ ကမ်းလှမ်းနေတာတွေက စစ်အာဏာသိမ်းပြီးနောက်ပိုင်း သိသိသာသာ တိုး လာနေသလို လောင်းကစားနဲ့ ငွေကုန်နေကြတာတွေလည်း အရပ်ထဲမှာ များလာနေပါ တယ်။

ငါးဖမ်း ဆလော့ (Slot) ဂိမ်းတွေ၊ ဂျက်ပေါ့ (Jack Pot) ဂိမ်းတွေ ၊ ဖဲ ရိုက်နည်းမျိုးစုံနဲ့ ဘောလုံးပွဲ လောင်းတာ စတဲ့ လောင်းကစားမျိုးစုံကို ငွေထည့်နည်း၊ ငွေထုတ်နည်း အပါအဝင် ဒိုင်တွေက သူတို့နဲ့ ဆက်သွယ်လို့ရတဲ့ ဖုန်းနံပါတ်တွေနဲ့ အတူ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖိတ်ခေါ်နေတာ အများအပြား တွေ့ရပါတယ်။

ဒီလောင်းကစား ဂိမ်းတွေကို လူမှုကွန်ရက်မှာ လူသိများတဲ့ နာမည်ရသူတွေက ကြော်ငြာပေးနေတာလည်း ရှိနေပါတယ်။

ဒီလို့ အခြေအနေတွေကို ပြည်သူတွေအကြားမှာ ဝေဖန်မှုတွေ ရှိနေပေမဲ့လည်း စစ်အာဏာသိမ်းပြီးနောက် အခု နှစ်ပိုင်းတွေမှာ အတော်ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

Online Game

ဓာတ်ပုံ ရင်းမြစ်, Facebook

ဓာတ်ပုံ ပုံစာ, အွန်လိုင်းကနေ လောင်းကစားလုပ်ဖို့ ဖိတ်ခေါ်နေတဲ့ ဖေ့ဘွတ်ခ် စာမျက်နှာတွေ များစွာရှိ

ငွေထွက်များနေတဲ့ လောင်းကစား လုပ်သူတွေ

ကေပေး (K Pay) ၊ ဝေ့ဗ် မန်းနီး (Wave Money) ၊ ထရူး မန်းနီး (True Money) စတဲ့ ၀န်ဆောင်မှုတွေကနေ တဆင့် ဒီလောင်းကစားတွေအတွက် ငွေပေး၊ ငွေယူလုပ်နိုင် ကြပါတယ်။

ငွေကို ကြိုသွင်းပြီးမှ ကိုယ်ကြိုက်ရာ ဂိမ်းကို ကစား နိုင်သလို ငွေမရှိရင် ဂိမ်းဆက် ကစားလို့မရတော့တဲ့အတွက် နီးစပ်ရာ ငွေသွင်းငွေထုတ် ဆိုင်တွေမှာ ဂိမ်းထဲ ပိုက်ဆံ အပြေးအလွှားသွားထည့်ပြီး ကစားကြတာပါ။

ဖုန်းတစ်လုံးနဲ့ အင်တာနက်ရှိရုံနဲ့ အွန်လိုင်းဂိမ်းမျိုးစုံကို နေရာမရွေး အချိန်မရွေး ကစားနိုင်တာ၊ အနိုင်ရရင် ငွေပြန်ရနိုင်မယ်ဆိုတဲ့ မက်လုံးနဲ့ မျှော်လင့်ချက်တွေကြောင့် လူတွေအကြား ဒီ အွန်လိုင်း လောင်းကစားက အလျင်အမြန် ပျံ့နှံ့လာတာလို့လည်း ဆိုကြပါတယ်။

ဒီလိုငွေသွင်း ငွေထုတ်လို့ရတဲ့ လောင်းကစားဂိမ်းတွေကို လူမျိုးစုံ၊ အသက်အရွယ်စုံ ကစား ကြတာတွေ့ရပြီး အသက် ၂၀ ကနေ ၄၀ ကြား လူငယ်ပိုင်း၊ လူလတ်ပိုင်းတွေ ပိုကစား များတာ တွေ့ရတယ်လို့ ငွေသွင်းငွေထုတ် ၀န်ဆောင်မှု အေးဂျင့်လုပ်သူတွေက ဆိုကြပါတယ်။

ကိုဗစ်ကာလ ဒုတိယလှိုင်း Stay at Home ကာလမှာတောင် ဒီလို ဂိမ်းတွေ တွင်ကျယ် လာတာမတွေ့ရဘဲ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုပြီး ကျယ်ပြန့်လာတာလို့လည်း သူတို့က ပြောပါတယ်။

ဂိမ်းကစားပြီး နိုင်လာလို့ ငွေလာထုတ်သူထက် ဂိမ်းအတွက် ငွေလာထည့်ပြီး ရှုံးသွားသူတွေက ပိုများတယ်လို့ ငွေသွင်း ငွေထုတ်လုပ်ငန်းလုပ်ကိုင်သူ အေးဂျင့် တယောက်က ပြောပြီး နိုင်သွားလို့ ငွေထုတ်သွားလည်း ဒီငွေက ကြာရှည် ခံပုံ မရပါဘူးလို့ ဆိုပါတယ်၊။

“ပိုက်ဆံလာထုတ်တာ တခေါက် လာထုတ်ပြီးသွားရင် လာလာသွင်းတာက ၁၀ ခါ လောက်ရှိတယ်။ ၇၀၀၀ (ကျပ်) လောက် သွင်းပေးပါဦး၊ ၈၀၀၀ လောက်သွင်း ပေးပါဦးနဲ့။ အခြေအနေမကောင်းဘူး ၁၀,၀၀၀ လောက်သွင်း ပေးပါ စသဖြင့်ပေါ့။ တခါတလေ နိုင်သွားလို့ ငွေလာထုတ်ပြီးရင်လည်း သိပ်မကြာဘူး၊ ပြန်လာပြီး ငွေ ပြန်သွင်းရပြန်ရော။ အဲဒါတွေက နေ့တိုင်းကို ကြုံနေရတာ။”

Online Game

ဓာတ်ပုံ ရင်းမြစ်, Facebook

ဓာတ်ပုံ ပုံစာ, လောင်းကစားဟာ စွဲတတ်ပြီး ရှိတဲ့ ငွေအကုန်ကုန်ကာ ဆင်းရဲမွဲတေတဲ့အထိ ဖြစ်တတ်ကြောင်း ပညာရှင်တွေ သတိပေးထား

လောင်းကစားလုပ်သူဟာ သူ့ဘာသာသူ သတိမထားနိုင်ဘဲ “လောင်းကစားလုပ်ဖို့ စွဲနေတာ” ဖြစ်တယ်၊ “လောင်းကစား အစွဲအလမ်းကို ဖြတ်ဖို့လိုတယ်” လို့ စိတ်ပညာရှင်တွေ၊ ကျန်းမာရေး ပညာရှင်တွေက ပြောကြပါတယ်။

အဆီးအတားမရှိတဲ့ ခေတ်ဖြစ်နေလား

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ သူတို့ရဲ့ လုံခြုံရေးကို သူတို့ ကိုယ်တိုင် စိုးရိမ်နေရတဲ့အတွက် ရာဇဝတ်လုပ်သူတွေကို နှိမ်နင်းရေး လျော့ကျနေပြီး မသမာသူတွေ အခွင့်အလမ်းရနေတဲ့ခေတ် လို့လည်း ဆိုနေကြတာပါ။

ဒီလို လောင်းကစား အွန်လိုင်းဂိမ်းတွေကို စစ်ကောင်စီက ဥပဒေအရ တားဆီးတာ၊ အရေးယူတာတွေလည်း မရှိတဲ့အတွက် ဒီ လောင်းကစားဂိမ်းတွေက မြန်မာနိုင်ငံမှာ ပျံ့နှံ့နေတာလို့ မှတ်ယူတာတွေလည်း ရှိပါတယ်။

ဒီအွန်လိုင်း လောင်းကစားတွေဟာ ဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်တွေလို့ တရားရေး ဝန်ထမ်းတွေက ပြောပါတယ်။

“၂ လုံးထီ၊ ၃ လုံးထီ ထိုးတာတို့၊ ဖဲရိုက်တာတို့၊ အလားတူပဲ အွန်လိုင်းကနေ ဂိမ်းအမျိုးမျိုးပေါ့လေ၊ ငွေကြေးနဲ့ အပေးအယူ လုပ်ပြီး လုပ်တဲ့လောင်းကစား အားလုံးက ဥပဒေနဲ့ အညီမဟုတ်ဘူး။ ဥပဒေအရ အရေးယူနိုင်တယ်လို့ ဥပဒေထဲမှာ ဒီအတိုင် းရှင်းလင်းထားပါတယ်” လို့ ဥပဒေ ပညာရှင်တယောက်က ဘီဘီစီကို ပြောပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီက ဒီလို ငွေပေးငွေယူ အွန်လိုင်းဂိမ်းတွေကို မကြပ်မတ်ဘဲ မိုဘိုင်း လက်ဂျင်းစ် (Mobile Legends) ၊ ဘန်ဘန်း (Bang Bang)၊ ပပ်ဂျီ (PUBG) စတဲ့ အပျော်ကစားတဲ့ ဂိမ်းတွေကိုတော့ ကစားနိုင်ဖို့ ဂိမ်းထဲ ထည့်သွင်း ရတဲ့ ပစ္စည်းတွေအတွက် ၀ယ်ယူငွေတွေ အပေါ် အခွန် တိုးပြီး ကောက်ခံနေပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့ကနေစပြီး အဲဒီအတွက် ငွေပေးချေရမယ့် ပမာဏ ကျပ် ၅၀,၀၀၀ အောက်ဆိုရင် ၅ ရာခိုင်နှုန်းနဲ့ ကျပ် ၅၀,၀၀၀ နဲ့ အထက်ဆိုပါက ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံမယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားတဲ့အတွက် အပျော်ဂိမ်း ကစားကြတဲ့ လူငယ်တွေအကြား ဝေဖန်မှုတွေရှိနေပါတယ်။