ထိုင်းဘဏ်တွေက မြန်မာနိုင်ငံသား ဘဏ်အကောင့်တွေကို ပိတ်ပင်တင်းကျပ်မှုကြီးလာ

ထိုင်းဘဏ်တခုမှာ ငွေထုတ်နေတဲ့ မြန်မာတစ်ဦး
ဓာတ်ပုံ ပုံစာ, ထိုင်းဘဏ်တခုမှာ ငွေထုတ်နေတဲ့ မြန်မာတစ်ဦး

ထိုင်းပုဂ္ဂလိကဘဏ်တချို့က မြန်မာနိုင်ငံသားတွေ ဖွင့်ထားတဲ့ထိုင်းဘဏ်အကောင့်တွေကို ပိတ်ပစ်တာ၊ ငွေကြေးလွှဲပြောင်းနိုင်တဲ့ပမာဏကို ကန့်သတ်တာတွေလုပ်ပြီး တင်းကျပ်ကိုင်တွယ်လာပါတယ်။

အပိတ်မခံရတဲ့ မြန်မာနိုင်ငံသားဘဏ်အကောင့်တွေဆိုရင်လည်း ပြည်ပက လွှဲလိုက်တဲ့ငွေတွေ အကောင့်ထဲရောက်မလာတာနဲ့ ပြည်ပငွေလွှဲတွေကို ပိတ်ထားတာမျိုးအထိ ထိန်းချုပ်လိုက်ပါတယ်။

ဒါတင်မက ဘဏ်အကောင့်ပိတ်ခံရတဲ့ မြန်မာတွေအနေနဲ့ ပိတ်မိနေတဲ့ငွေတွေကို ဘဏ်ဘက်က ပြန်ထုတ်ပေးတာမျိုးမရှိလို့ အခက်ကြုံနေကြရတယ်လို့ ကိုယ်တွေ့ ကြုံသူတွေက ပြောပါတယ်။

အကောင့်ပြန်ဖွင့်ဖို့ဆိုရင် သက်ဆိုင်ရာမြို့နယ်က ထိုင်း ရဲစခန်းအထိ သွားရောက်ဖြေရှင်းရမှာဖြစ်လို့ မလိုအပ်တဲ့ စစ်ဆေးမှုတွေ ခံရမှာကို စိုးရိမ်ကြပါတယ်။

မြန်မာနိုင်ငံသား ထိုင်းဘဏ်အကောင့်တွေပိတ်လာ

ထိုင်းငွေစက္ကူတချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ငွေပမာဏများများနဲ့ လစဉ်ငွေအဝင်အထွက်အကြိမ်ရေများတဲ့ ဘဏ်အကောင့်တွေ၊ မှတ်ပုံတင်ထားတဲ့ ထိုင်းဆင်းမ်ကတ်(ဖုန်းနံပါတ်)နဲ့ ဘဏ်အကောင့်ဖွင့်ထားတဲ့ဖုန်းနံပါတ်ကွဲလွဲနေတဲ့ အကောင့်တွေကို ထိုင်းဘဏ်တွေက ပစ်မှတ်ထားပြီး ပိတ်ပါတယ်။

ထိုင်းအစိုးရကတော့ ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့အတွက် အထောက်အထားမခိုင်မာတဲ့ ဘဏ်အကောင့် ၂ သန်းနီးပါးကို ၂၀၂၅ နှစ်စပိုင်းမှာ ပိတ်သိမ်းခဲ့တယ်လို့ ကြေညာထားပါတယ်။

၂၀၂၅ ခုနှစ် မေလနဲ့ ဇွန်လအတွင်း ထိုင်းဘဏ်အကောင့် ပိတ်ခံထားရတဲ့ မြန်မာ ၃ ဦးထက်မနည်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

တချို့ကိုတော့ အကောင့်ပိတ်လိုက်တဲ့အကြောင်း ဘဏ်ဘက်က ဖုန်းခေါ်ဆိုပြီး အသိပေးတာ ဒါမှမဟုတ် စာတိုပေးပို့ပြီး အကြောင်းကြားတာရှိပါတယ်။ ဒါပေမဲ့ တချို့ကိုတော့ အသိပေးခဲ့တာမရှိခဲ့ဘူးလို့ အကောင့်ပိတ်ခံထားရသူတချို့က ပြောပြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"ဘဏ်အကောင့်ထဲက ဝင်ငွေ၊ ထွက်ငွေတွေကို စိစစ်ဖို့အတွက် အကောင့်ကို ယာယီပိတ်ထားတယ်"ဆိုပြီး ထိုင်းဘဏ်ဘက်က ဖုန်းဆက်အကြောင်းကြားတယ်လို့ ဘဏ်အကောင့်ပိတ်ခံရတဲ့ မြန်မာတစ်ဦးက ရှင်းပြပါတယ်။

အကောင့်ဖွင့်ထားတဲ့သူအနေနဲ့ ထိုင်းမှာအလုပ်လုပ်တဲ့ ဝန်ထမ်းဆိုရင် လုပ်ခလစာရဲ့ ၂ ဆ ၃ ဆ မက ငွေပမာဏတွေ ဘဏ် အကောင့်ထဲအဝင်အထွက်ဖြစ်လာရင် သံသယနဲ့စောင့်ကြည့်ပြီး ပိတ်ပစ်နိုင်တယ်လို့ ထိုင်းဘဏ်လုပ်ငန်းလုပ်ထုံးလုပ်နည်း ကျွမ်းကျင်သူ တစ်ဦးက ထောက်ပြပါတယ်။

'' ဘဏ်ဘက်ကတော့ ငွေလိမ်လုပ်ငန်းလုပ်ကိုင်တယ်ဆိုတဲ့ သံသယနဲ့စောင့်ကြည့်ပြီး ပိတ်ပစ်နိုင်တယ်''

အလားတူ ထိုင်းဘဏ်အကောင့်နဲ့ ပြည်ပဘဏ်တွေကြား ငွေအလွှဲအပြောင်းအကြိမ်ရေများစွာလုပ်ထားတဲ့ ဘဏ်အကောင့်တွေကိုလည်း စောင့်ကြည့်တယ်လို့ ဆိုပါတယ်။

ဘဏ်သုံးစွဲသူတစ်ဦးအနေနဲ့ "ထိုင်းဘဏ်အကောင့်ထဲမှာ ငွေစုတာ၊ ငွေအပ်တာမျိုးမလုပ်ဘဲ ကြားခံအနေနဲ့ပဲ သုံးပြီး ငွေကြေးစီးဆင်းတာမျိုးရှိ၊ မရှိစောင့်ကြည့်တာမျိုးပေါ့" လို့ သူက ရှင်းပြပါတယ်။

၂၀၂၅ ခုနှစ် မေလကစပြီး မြန်မာနိုင်ငံသား ဘဏ်သုံးစွဲသူတွေရဲ့ ဘဏ်အကောင့်ဖွင့်ထားတဲ့ ဖုန်းနံပါတ်နဲ့ မှတ်ပုံတင်ပြီးသုံးနေတဲ့ ဆင်းမ်ကတ်နံပါတ် တူညီခြင်းရှိ မရှိ ဖုန်းခေါ်ဆိုစစ်ဆေးတာတွေလုပ်နေတယ်လို့ ဘီဘီစီက သိရှိရပါတယ်။

'' ဆင်းမ်ကတ်နံပါတ်အတိုင်း ပြောင်းသုံးဖို့နဲ့ ပြောင်းမသုံးရင် အကောင့်ပိတ်ခံရမယ့်အကြောင်း အသိပေးဆက်သွယ်လာတယ်'' လို့ ထိုင်းဘဏ်သုံးစွဲတဲ့ မြန်မာတစ်ဦးက ရှင်းပြပါတယ်။

အလားတူ ထိုင်းမှာနေထိုင်နေပြီး အွန်လိုင်းဈေးရောင်းတဲ့ မြန်မာတချို့ရဲ့ ထိုင်းဘဏ်အကောင့်တွေလည်း ပိတ်ခံထားရတယ်လို့ ထိုင်းမှာ အွန်လိုင်းဈေးရောင်းနေတဲ့ မြန်မာတစ်ဦးက ဆိုပါတယ်။

သူက TikTok(တစ်တော့ခ်) လူမှုကွန်ရက်သုံးပြီး ထိုင်းက အလှကုန်နဲ့ အဝတ်အထည်တွေကို မြန်မာပြည်ကို ရောင်းချတဲ့သူဖြစ်ပါတယ်။

ထိုင်းမှာနေထိုင်တဲ့ မြန်မာတချို့ဟာ နိုင်ငံခြားသားလုပ်ခွင့်မရှိတဲ့ လမ်းဘေးဈေးရောင်းတာအပြင် အွန်လိုင်းကနေ LIve လွှင့်ပြီး ဈေးရောင်းတဲ့အလုပ်တွေ လုပ်ကိုင်ကြတာရှိပါတယ်။ အဲဒီလိုလုပ်ကိုင်နေသူတွေရဲ့ ဘဏ်အကောင့်တွေကိုလည်း ပိတ်လိုက်တာရှိပါတယ်။

"ထိုင်းဥပဒေက ခွင့်မပြုထားတဲ့ တရားမဝင် အရောင်းအဝယ်အလုပ်ကိုလုပ်တယ်။ ဒီအရောင်းအဝယ်အတွက် ထိုင်းဘဏ်အကောင့်အသုံးပြုတာကို ဘဏ်ဘက်က စစ်ဆေးသိရှိရင် အကောင့်ပိတ်ခံရပြီး စစ်ဆေးအရေးယူခံရနိုင်တယ်" လို့ ထိုင်းဘဏ်လုပ်ငန်း ကျွမ်းကျင်သူ က ရှင်းပြပါတယ်။

ထိုင်းဘဏ်တစ်ခုအတွင်း ဘဏ်ဝန်ဆောင်မှုပေးနေတဲ့မြင်ကွင်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်းဘဏ်တစ်ခုအတွင်း ဘဏ်ဝန်ဆောင်မှုပေးနေတဲ့မြင်ကွင်း (ပုံဟောင်း)

တချို့ သုံးစွဲသူတွေမှာတော့ ဘဏ်အကောင့်ပိတ်မခံရပေမယ့် ပြည်ပက လွှဲလိုက်တဲ့ငွေတွေ မဝင် လာတာမျိုးကို ကြုံနေရတယ်လို့ ထိုင်းဘဏ်အကောင့်သုံးနေတဲ့ မြန်မာတချို့က ဘီဘီစီကိုပြောပါတယ်။

"အရင်ကဆို ဘဏ်ကနေပဲ လွှဲလွှဲ၊ Mobile Banking ကပဲလွှဲလွှဲ၊ ရုံးဖွင့်ချိန်လွှဲရင် ချက်ချင်းရောက်တယ်။ အခုက အကောင့်ထဲ ငွေလုံးဝမရောက်လာဘူး" လို့ ထိုင်းဘဏ်အကောင့်သုံးနေတဲ့ မြန်မာတစ်ဦးက ဆိုပါတယ်။

ဒါတင်မက မြန်မာနိုင်ငံသားတွေရဲ့ ထိုင်းဘဏ်အကောင့်ကနေ အေတီအမ်စက်မှာ ငွေသားထုတ်ယူသုံးစွဲနိုင်တဲ့ ပမာဏတွေ လျှော့ချခံရတာ၊ အကောင့်တစ်ခုကနေ တစ်ခုကို ငွေလွှဲပြောင်းနိုင်တဲ့ ပမာဏတွေကန့်သတ်ခံရတာတွေရှိလာပါတယ်။

အေတီအမ်စက်ကနေ ဘဏ်ရဲ့ Debit ကတ်နဲ့ ငွေသားထုတ်ယူမယ်ဆိုရင် ဘဏ်အမျိုးအစားအလိုက် ဘတ် ၄၅,၀၀၀ ကနေ ဘတ် ၅၀,၀၀၀ အထိ ထုတ်ယူနိုင်တယ်လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာတချို့အသုံးပြုနေတဲ့ ဘဏ်အကောင့်တွေမှာ ဘတ် ၂၀,၀၀၀ ထက် ပိုပြီးငွေသားထုတ်မရဖြစ်လာတယ်လို့ ကိုယ်တွေ့ကြုံနေတဲ့ ထိုင်းဘဏ်အကောင့်သုံးတဲ့ မြန်မာတစ်ဦးက ပြောပါတယ်။

အလားတူ ထိုင်းဘဏ်အကောင့်အချင်းချင်းငွေလွှဲတဲ့အခါမှာလည်း ဘဏ်က သတ်မှတ်ထားတဲ့ ငွေပမာဏအတိုင်းလွှဲမရဘဲ လျှော့လွှဲမှ ရတယ်လို့ သူက ဆိုပါတယ်။

ဘာကြောင့် မြန်မာနိုင်ငံသား ထိုင်းဘဏ်အကောင့်တွေပိတ်ခံရ

ထိုင်းအာဏာပိုင်တွေကတော့ ပိတ်ထားတဲ့နိုင်ငံခြားသားဘဏ်အကောင့်တွေကို အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ရာဇဝတ်မှုလုပ်ငန်းတွေမှာ ငွေကြေးလွှဲပြောင်းပါဝင်ပတ်သက်ထားမှုရှိ မရှိ စစ်ဆေးနေတယ်လို့ ၂၀၂၅ ခုနှစ်ထဲမှာ ကြေညာထားပါတယ်။

ပိတ်ခံထားရတဲ့ ဘဏ်အကောင့်တွေကို ဘယ်ကာလအထိ ပိတ်ထားပိတ်ထားမယ်ဆိုတာကိုတော့ ထိုင်းဘဏ်တွေက မထုတ်ပြန်သလို ထိုင်းအာဏာပိုင်တွေက အသိပေးထားတာမျိုးလည်း မရှိပါဘူး။

မြန်မာအပါအဝင် ထိုင်းဘဏ်တွေမှာဖွင့်ထားတဲ့ နိုင်ငံခြားသားဘဏ်အကောင့်တွေ ပိတ်သိမ်းတဲ့အဓိကအကြောင်းရင်းဟာ ကျားဖြန့်လုပ်ငန်းတွေရဲ့ ငွေကြေးခဝါချမှုတွေကြောင့်ဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူတွေဟာ ထိုင်းနိုင်ငံကို အလည်အပတ်သဘောနဲ့ ရောက်လာပြီးနောက် ထိုင်းဘဏ်တွေမှာ ဘဏ်အကောင့်ဖွင့်ကြပြီး ငွေမည်းကနေ ငွေဖြူဖြစ်အောင် ငွေကြေးခဝါချနေကြလို့ ထိုင်းဘက်က ရှုမြင်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ ကျားဖြန့်လုပ်ငန်းတွေ ဆက်ရှိနေတာကြောင့် မြန်မာနိုင်ငံသား ဘဏ်အကောင့်တွေရဲ့ ငွေကြေးစီးဆင်းမှုတွေကို ထိုင်းဘဏ်တွေက ဆက်ပြီးစောင့်ကြည့်နေတဲ့ အခြေအနေလို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။

"ကျားဖြန့်တွေနဲ့ ပတ်သက်ရင်တော့ အရေးယူခံရမှာပဲ။ တခြားငွေအလွှဲအပြောင်းတွေနဲ့ ပတ်သက်ပြီး အကောင့်ပိတ်ခံရတာဆိုရင်တော့ ဘဏ်ကတောင်းဆိုတဲ့ ငွေလွှဲသူနဲ့ ငွေလွှဲလက်ခံသူရဲ့အချက်အလက်တွေ ခိုင်ခိုင်မာမာပြနိုင်ဖို့လိုတယ်" လို့ သူက ရှင်းပြပါတယ်။

ဒါအပြင် မြန်မာစစ်ကောင်စီလက်နက်ဝယ်ယူရေးမှာ ထိုင်းဘဏ်တွေက ငွေအလွှဲအပြောင်းလုပ်နေတယ်လို့ ဖော်ပြခဲ့တဲ့ မြန်မာဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူး (Tom Andrews) ရဲ့ ၂ဝ၂၄ ခုနှစ် ဇွန်လအတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာနောက်မှာလည်း မြန်မာနိုင်ငံသားတွေဖွင့်တဲ့ ဘဏ်အကောင့်တွေကို စိစစ်လာတာဖြစ်ပါတယ်။

အဲဒီအစီရင်ခံစာမှာ ထိုင်းက ဘဏ် ၅ ဘဏ်က ငွေအလွှဲအပြောင်းလုပ်ခဲ့တယ်လို့ တွမ် ကဖော်ပြခဲ့ပေမဲ့ ထိုင်းဘဏ်တွေနဲ့ အစိုးရက ငြင်းပယ်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီအတွက် အထူးတာဝန်အဖွဲ့ကို The Bank of Thailand ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ ပူးတွဲဖွဲ့ပြီး စစ်ဆေးတဲ့အထိလုပ်ခဲ့ပါတယ်။

မြန်မာက ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးကတော့ ထိုင်းရောက်မြန်မာတွေအနေနဲ့ ထိုင်းဘဏ် အကောင့်ကို နိုင်ငံရေးဆိုင်ရာလုပ်ငန်းတွေမှာ ကြားခံသုံးတာကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

စစ်ကောင်စီဘက်ကိုသာမက စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ပြည်ပရောက်မြန်မာတွေရဲ့ ထောက်ပို့ ငွေကြေးလမ်းကြောင်းတွေကိုလည်းစိစစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဆီ လက်နက်၊ ကျည်ဖိုးနဲ့ ရိက္ခာငွေတွေကို ထိုင်းဘဏ်တွေကပဲတဆင့် လွှဲပို့ထောက်ပံ့ပေးနေကြမျိုးကိုလည်း ထိုင်းဘက်က စောင့်ကြည့်တယ်လို့ ဆိုပါတယ်။

ဘဏ်အကောင့်ဖွင့်ထားတဲ့သူရဲ့ အလုပ်အကိုင်နဲ့ မသက်ဆိုင်ဘဲ"အမေရိကန်၊ ဂျပန်၊ ပြင်သစ်၊ ဆွစ်ဇာလန် စတဲ့ မတူညီတဲ့နိုင်ငံတွေဆီက ငွေတွေ ဝင်နေမယ်ဆိုရင် ဘယ်နိုင်ငံမှာမဆို ဘဏ်ဘက်က စောင့်ကြည့်မှာပဲ"မြန်မာက ဘဏ်လုပ်ငန်းကျွမ်းကျင်သူ ကပြောပါတယ်။

နောက်ပြီး အသုံးမပြုတာကြာပြီဖြစ်တဲ့ အသက်မဝင်တဲ့ ဘဏ်အကောင့်တွေကိုလည်း ဘဏ်တွေဘက်က ပိတ်သိမ်းတာတွေရှိတယ်လို့ သူက ဆက်ပြောပါတယ်။

"အကောင့်ထဲမှာ ငွေပမာဏအရမ်းနည်းပြီး ငွေအလွှဲအပြောင်းမလုပ်တာကြာတဲ့ အကောင့်တွေရှိလာရင် ဘဏ်ဘက်က အကောင့်ဖွင့်ထားတဲ့သူဆီ ဆက်သွယ်အတည်ပြုပြီး ပိတ်ဖို့ မပိတ်ဖို့ကို ဆုံးဖြတ်တယ်" လို့ သူက ရှင်းပြပါတယ်။

ဘီဘီစီက ထိုင်းဘဏ်တချို့ကို ဆက်သွယ်ပြီး မြန်မာဘဏ်အကောင့်တွေ ဘာကြောင့်ပိတ်ခံရတာပါလဲလို့ မေးမြန်းချိန်မှာတော့ မြန်မာတင်မက နိုင်ငံခြားသားအများစုရဲ့ဘဏ်အကောင့်တွေကို စိစစ်တာလို့ ပြန်လည်တုံ့ပြန်ပါတယ်။

မြန်မာတွေ ဘာစိုးရိမ်လဲ

ထိုင်းဘဏ်တစ်ခုရှေ့ကမြင်ကွင်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်းဘဏ်တစ်ခုရှေ့ကမြင်ကွင်း (ပုံဟောင်း)

တစ်ဖက်မှာလည်း မြန်မာတွေ ထိုင်းဘဏ်အကောင့်ဖွင့်တဲ့အခါ အလုပ်ရှင်ရဲ့ ထောက်ခံစာ၊ ထိုင်းမှာ တရားဝင်နေထိုင်ကြောင်းအထောက်အထား၊ မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ်နဲ့ ဘဏ်အကောင့်ဖွင့်ထားတဲ့နံပါတ်တူမတူ ကို စိစစ်ပါတယ်။

ဒါတင်မက ထောက်ခံပေးတဲ့ အလုပ်ရှင်ကိုပါ ဖုန်းတိုက်ရိုက်ခေါ်ဆို အတည်ပြုတဲ့အထိ ထိုင်းဘဏ်တွေက တင်းကျပ်ပါတယ်။

ပြည်ပကနေ ငွေလွှဲပေမယ့် အကောင့်ထဲငွေရောက်မလာတာမျိုးကြုံနေရတဲ့သူတချို့ကလည်း ဘဏ်ကိုသွားပြောမှ အကောင့်ပိတ်ခံလိုက်ရမှာကို စိုးရိမ်နေကြတာမျိုးဖြစ်နေကြပါတယ်။

ဘဏ် အကောင့်ပိတ်ခံထားရတဲ့သူတွေအနေနဲ့ အကောင့်ပြန်ဖွင့်လိုတာ ဒါမှမဟုတ် ဘဏ်အကောင့်ထဲက ငွေကို ပြန်ရလိုတာဆိုရင် ဘဏ်အကောင့်ဖွင့်ခဲ့တဲ့ နယ်မြေက ထိုင်းရဲစခန်းကို သွားရောက်ပြီး မေးမြန်းဖို့လိုတယ်လို့ ဆိုပါတယ်။

"ပိတ်ခံလိုက်ရတဲ့အကောင့်ထဲက ပိုက်ဆံထုတ်ချင်လို့ ဘဏ်ကိုသွားမေးတာ ဘဏ်က အကောင့်ပိတ်တဲ့အကြောင်းရင်းကိုမပြောဘဲ ရဲစခန်းရဲ့ စခန်းမှူးဖုန်းနံပါတ်ပေးပြီး ဆက်သွယ်ခိုင်းတယ်" လို့ အကောင့်ပိတ်ခံထားရတဲ့မြန်မာတစ်ဦးက ပြောပါတယ်။

ဒီလို အခြေအနေကြောင့်လည်း ဘဏ်ထဲမှာ ငွေကျန်နေပေမဲ့ ထိုင်းရဲစခန်းမှာ မလိုလားအပ်တဲ့ စိစစ်မှုတွေဖြစ်မှာကို စိုးရိမ်ကြသူတွေလည်းရှိနေပါတယ်။

'' ဘဏ်အကောင့်ဖွင့်တုန်းက နေရပ်လိပ်စာတွေပါ အတိအကျပေးခဲ့ရတော့ အိမ်အထိ လိုက်လာပြီး စစ်ဆေးခံရမှာကို စိတ်ပူနေတယ်"