စစ်ကောင်စီလက်နက်ဝယ်ယူရေး ထိုင်းဘဏ်တွေကိုအားကိုးနေတယ်လို့ ကုလပြော

မြန်မာစစ်တပ်က ထိုင်းနိုင်ငံက ဘဏ်တွေကို ပြောင်းသုံးလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာစစ်တပ်က ထိုင်းနိုင်ငံက ဘဏ်တွေကို ပြောင်းသုံးလာ

မြန်မာစစ်ကောင်စီရဲ့ စစ်လက်နက်နဲ့ စစ်သုံးပစ္စည်းတွေဝယ်ယူရေးမှာ ထိုင်းနိုင်ငံကဘဏ်တချို့က ကြားခံချိတ်ဆက်ပေးတဲ့ဘဏ်တွေအဖြစ် နေရာယူလာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးရဲ့ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။

ဇွန် ၂၆ ရက်စွဲနဲ့ ထုတ်တဲ့ တွမ်အင်ဒရူးရဲ့ မြန်မာစစ်ကောင်စီနဲ့ နိုင်ငံတကာဘဏ်တချို့ ဆက်စပ်မူတွေ ရှိနေတယ်ဆိုတာကို စုံစမ်းထားတဲ့အဲဒီအစီရင်ခံစာမှာ “သေမင်းတမန်ကုန်သွယ်မှုက ဘဏ်လုပ်ငန်းတွေ” လို့ သုံးနှုန်းထားပြီး ဘဏ်အမည်တွေကို ဖော်ပြထားပါတယ်။

တွမ်အင်ဒရူးရဲ့ အစီရင်ခံစာအရဆိုရင် ထိုင်းဘဏ်တွေက တဆင့် ငွေပေးချေမှုဟာ ၂၀၂၂ -၂၃ ဘဏ္ဍာနှစ်မှာအမေရိကန်ဒေါ်လာ သန်း ၆၀ ကျော် ရှိရာကနေ ၂၀၂၃ -၂၄ ဘဏ္ဍာနှစ် ( မတ်လအထိ) မှာ ကန်ဒေါ်လာ သန်း ၁၂၀ ကျော်အထိဖြစ်လာပြီး နှစ်ဆ ပိုများလာပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်တွေအတွင်း နိုင်ငံ ၇ နိုင်ငံက ဘဏ် ၁၆ ခုဟာ မြန်မာစစ်ကောင်စီရဲ့ စစ်လက်နက်ဝယ်ယူမှုအတွက် ငွေအလွှဲအပြောင်းလုပ်ရာမှာ ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုပေးခဲ့တယ်လို့ ဖော်ပြပါတယ်။

အဲဒီထဲမှာ ထိုင်းနိုင်ငံက Siam Commercial Bank က အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

အသိပေးချက် - ဇွန် ၂၈ရက်မှာ ထိုင်ဘဏ်လုပ်ငန်းရှင်များအသင်းနဲ့ Siam Commercial Bank တို့ ရဲ့ တွမ်အင်ဒရူးရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ကို ထပ်ဖြည့်စွက်ထားပါတယ်။

ဘဏ်ပေါင်း ၂၅ ခုက စစ်ကောင်စီဘဏ္ဍာရေးကို ထောက်ပံ့နေ

မြန်မာစစ်တပ်အတွက် စစ်လက်နက်တွေထောက်ပံ့ဝယ်ယူရေး ထိုင်းဘဏ်တွေကို အားကိုးနေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မြန်မာစစ်တပ်အတွက် စစ်လက်နက်တွေဝယ်ယူရေး ထိုင်းဘဏ်တွေကို အားကိုးနေ

နိုင်ငံတကာက ဘဏ်ပေါင်း ၂၅ ဘဏ် ဟာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဘဏ်တွေနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုတွေကို လုပ်ခဲ့တယ်လို့လည်း အစီရင်ခံစာကဖော်ပြပါတယ်။

“သတင်းကောင်းကတော့ မြန်မာစစ်တပ်ဟာ ပိုပြီးအထီးကျန်ဆန်လာပါတယ်။ တရားဝင် ဘဏ်စနစ်ကနေ တဆင့် မြန်မာစစ်တပ် နှစ်စဉ် လက်နက်နဲ့ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ ဝယ်ယူနိုင်မှုက သုံးပုံတစ်ပုံအထိ ကျဆင်းသွားပါတယ်'' လို့ တွမ်အင်ဒရူးကပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သူ့အဆိုအရ စစ်ကောင်စီရဲ့ တရားဝင် ဘဏ်လုပ်ငန်းကတဆင့် စစ်လက်နက်ဝယ်ယူမှုအတွက်သုံးစွဲမှုဟာ အမေရိကန်ဒေါ်လာ ၃၇၇ သန်းကနေ ဒေါ်လာ ၂၅၃ သန်းအထိ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

"သတင်းဆိုးကတော့ စစ်တပ်ဟာ သူ့ အပေါ် ပိတ်ဆို့အရေးယူမှုတွေကို တခြားအစီအမံတွေနဲ့ ရှောင်တိမ်းနေပြီး ဘဏ္ဍာရေးလမ်းကြောင်းတွေပြောင်းပြီးသုံးနေပါတယ်။ (ကုလသမဂ္ဂ) အဖွဲ့ဝင်နိုင်ငံတချို့ရဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်တာကို အခွင့်ကောင်းယူနေပါတယ်" လို့ သူကဆက်ပြောပါတယ်။

နိုင်ငံတကာက စစ်ကောင်စီယန္တရားရပ်နိုင်ရေး ကြိုးပမ်းပေမဲ့ ဒီလို ရှောင်တိမ်းနိုင်တဲ့လမ်းကြောင်းတွေကြောင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကို နှိမ်နင်းဖို့ လက်နက်တွေ ရရှိနေတယ်လို့လည်း ထောက်ပြပါတယ်။

လော့စ်အိန်ဂျလိစ် မြန်မာလှုပ်ရှားမှုအဖွဲ့ Los Angeles Myanmar Movement (LA2M) အဖွဲ့တာဝန်ခံ ဦးဂျိမ်းရွှေကတော့ ဒီလိုမျိုး နိုင်ငံတချို့က မြန်မာအပေါ် အရေးယူပိတ်ဆို့မှုတွေထဲမှာ မပါဝင်တဲ့အပေါ်မှာ အမေရိကန်လွှတ်တော်တွေဘက်ကနေ တိုက်တွန်းကြိုးစားမယ်လို့ တုံ့ပြန်ပါတယ်။

'' အမေရိကန်မှာရှိတဲ့ ပြည်နယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်တွေကတဆင့် ဒီအကြောင်းအရာတွေ လွှတ်တော်ဘက်ကိုရောက်အောင် လုပ်ဖို့ရှိပါတယ်'' လို့ ဦးဂျိမ်းရွှေက သူတို့လုပ်ဆောင်မယ့် အစီအစဥ်ကို ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့နိုင်ငံမှာ တပ်မတော်က လက်နက်တွေဘယ်လိုရနေသလဲဆိုတာကိုသာ ဝိုင်းပြောနေပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လက်နက်တွေကို ဘယ်လိုငွေပေးချေဝယ်ယူနေလဲဆိုတာကို ဘယ်သူကမှ မီးမောင်းထိုးပြတာမရှိဘူးလို့ တုံ့ပြန်ပါတယ်။

စစ်ကောင်စီ ဟာ ပြီးခဲ့တဲ့ ဘတ်ဂျက်နှစ်မှာ အသုံးစရိတ်ကို ကျပ်ဘီလီယံ နှစ်သောင်းနီးပါးအထိ သုံးခဲ့ပါတယ်။ ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ သုံးစွဲဖို့ ခွင့်ပြုပေးခဲ့ပါတယ်။

ဒီပမာဏ ဟာ အရင်အာဏာမသိမ်းခင် ကာကွယ်ရေးအသုံးစရိတ်တွေထက် ကျပ်ဘီလီယံ ၂၀၀၀ နီးပါး တိုးမြှင့်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း အများဆုံးစံချိန်တင်တဲ့ ကာကွယ်ရေးအသုံးစရိတ်လည်း ဖြစ်ခဲ့တာပါ။

ဒါပေမဲ့ အခုနှစ် ၂၀၂၄ - ၂၅ ဘတ်ဂျက်နှစ် မှာတော့ စစ်ကောင်စီ က ဘတ်ဂျက်အသုံးစရိတ်ကိုပွင့်လင်းမြင်သာစွာ ချပြတာမရှိပါဘူး။

ထိုင်းဘဏ်တွေကစစ်ကောင်စီကို ဝန်ဆောင်မှုပေးနေလား

မြန်မာစစ်တပ်က ထိုင်းနိုင်ငံက ဘဏ်တွေကို ပြောင်းသုံးလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာစစ်တပ်က ထိုင်းနိုင်ငံက ဘဏ်တွေကို ပြောင်းသုံးလာ

စင်ကာပူအစိုးရအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နိုင်တဲ့ စင်ကာပူကဘဏ်တွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် စင်ကာပူမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေက တဆင့် မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုဟာ ၉၀ ရာခိုင်နှုန်းထိ ကျဆင်းသွားတယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။

အဲဒီ နောက်မှာတော့ မြန်မာစစ်တပ်က ထိုင်းနိုင်ငံက ဘဏ်တွေကို ပြောင်းသုံးလာတာလို့ တွမ်အင်ဒရူးက ယုံကြည်ထားပါတယ်။

ဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာ ငွေကြေးအပြောင်းအရွှေ့တွေမှာ ထိုင်းဘဏ်တွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာကို သိရပါတယ်။

Siam Commercial Bank ဟာ ၂၀၂၃ ခုနှစ် မတ်လကုန် မှာ မြန်မာမှာ စစ်တပ်နဲ့ ပတ်သက်တဲ့ ငွေပေးချေမှု အမေရိကန်ဒေါ်လာ ၅ သန်းကျော်ကို ငွေကြေးလွှဲပြောင်းနိုင်အောင် ပါဝင်ပတ်သက်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကို ကုလအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာပါအချက်နဲ့ ပတ်သက်လို့ ဘီဘီစီကမေးမြန်းရာမှာတော့ ထိုင်းနိုင်ငံရဲ့ တရားဝင်ဘဏ်လုပ်ငန်းတွေအနေနဲ့ ကမ္ဘာ့ဘဏ္ဍာရေးလုပ်ငန်းထဲမှာ လိုက်နာရမယ့် အချက်တွေကို လိုက်နာဆောင်ရွက်နေကြောင်း တုံ့ပြန်ပါတယ်။

''ဒီအစီရင်ခံစာမှာ နိုင်ငံအများအပြားကို ဖော်ပြထားပါတယ်။ ဒါက ငွေကြေးလွှဲပြောင်းမှုတွေ ဖြတ်ကျော်သွားတဲ့ နိုင်ငံတွေလို့ နားလည်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ အခု အစီရင်ခံစာပါ အချက်အလက်တွေကို လေ့လာပြီး နောက်ထပ်လုပ်ငန်းစဥ်တွေနဲ့ မူဝါဒပိုင်းဆိုင်ရာတွေကို သွားဖို့ လုပ်ဆောင်ပါမယ်''လို့ ဘီဘီစီကိုဖြေကြားပါတယ်။

ဒါအပြင် ထိုင်းနိုင်ငံအနေနဲ့ လူပေါင်းမြောက်များစွာကို ထိခိုက်စေမယ့် ဘယ်လိုလုပ်ရပ်ကိုမှ ထောက်ခံမှာမဟုတ်ကြောင်းလည်း ပြောပါတယ်။

မြန်မာ့စီးပွားရေးဘဏ် (MEB) ကိုအသုံးပြုနေ

ငွေပင်ငွေရင်းဖြစ်စေတဲ့ အရင်းမြစ်နေရာတွေကို ပစ်မှတ်ထားပိတ်ဆို့ဖို့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်တပ်ရဲ့ ငွေပင်ငွေရင်းဖြစ်စေတဲ့ အရင်းမြစ်နေရာတွေကို ပစ်မှတ်ထားပိတ်ဆို့ဖို့တိုက်တွန်းနေ

တွမ်အင်ဒရူးကတော့ စစ်ကောင်စီဟာ နိုင်ငံတကာပိတ်ဆို့မှုတွေမခံရသေးတဲ့ မြန်မာ့စီးပွားရေးဘဏ် (MEB) ကို အသုံးပြုပြီး ထိုင်းနိုင်ငံဘဏ်တွေကနေတစ်ဆင့် တိုက်ခိုက်ရေးလေယာဉ်ဆက်စပ်ပစ္စည်းတွေ နဲ့ စစ်လက်နက်ပစ္စည်းဝယ်ယူမှုအတွက် ငွေပေးချေတာလုပ်တယ်လို့ အတိအကျပြောထားပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားငွေအဓိက စီးဆင်းလည်ပတ်နေတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်က အရေးယူပိတ်ဆို့ထားပါတယ်။

အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ငွေအဝင်အထွက်ရှိတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ ငွေစာရင်းတွေကို အဲဒီဘဏ် နှစ်ခုကနေ အသုံးပြုခဲ့တာဖြစ်လို့ အဲဒီဘဏ် ၂ ခု ပိတ်ဆို့အရေးယူ ခံရချိန်မှာ စစ်ကောင်စီအတွက် အခက်တွေ့ခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ သူယုံကြည်တဲ့ ပုဂ္ဂလိကဘဏ်တွေမှာ အမည်ဝှက်တွေနဲ့ နိုင်ငံခြားငွေစာရင်း ပြောင်းဖွင့်တာမျိုးအပြင် နိုင်ငံပိုင်ဘဏ်တစ်ခုဖြစ်တဲ့ မြန်မာ့စီးပွားရေးဘဏ်မှာ လည်း ငွေစာရင်းတွေ ဖွင့်လှစ်နိုင်တယ်လို့ ဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်က ကုလအထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူးထုတ်ပြန်ခဲ့တဲ့ ‘သေမင်းတမန် ကုန်သွယ်မှု’ အစီရင်ခံစာမှာ လည်း ပြည်ပကနေ လက်နက်ဝယ်ယူတင်သွင်းမှုတွေကို အဲဒီဘဏ်နှစ်ခုကပဲ အဓိက ငွေချေနေတဲ့အကြောင်းဖော်ပြထားပါတယ်။

ဒါပေမဲ့အဲဒီအချိန်ကတည်းက စစ်ကောင်စီဘက်ကငြင်းချက်ထုတ်ခဲ့ပါတယ်။

‘’စစ်လက်နက်ဝယ်ယူမှုနဲ့ ပတ်သက်ပြီး အဲဒီဘဏ်တွေကနေငွေပေးချေစရာအကြောင်းမရှိဘူး။ တခြားခိုင်မာတဲ့ ဆက်ဆံရေး နည်းလမ်းတွေနဲ့ ပေးချေနေတယ်’’ လို့ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောခဲ့ပါတယ်။

စင်ကာပူအခြေစိုက် United Overseas Bank (UOB) ဆိုရင် မြန်မာနိုင်ငံက သူနဲ့ဆက်စပ်လုပ်ကိုင်နေတဲ့ မြန်မာဘဏ်တွေနဲ့ ဆက်သွယ်မှုကို ဖြတ်တောက်ခဲ့ပါတယ်။

သြစတြေးလျ Curtin University စီးပွားရေးနှင့် ဥပဒေဌာနက နိုင်ငံတကာစီးပွားရေး တွဲဖက်ပါမောက္ခ ဒေါက်တာထွေးထွေးသိန်းကတော့ဘဏ်လုပ်ငန်းတွေကိုအရေးယူပိတ်ဆို့တာက တခြား ကဏ္ဍကို အရေးယူပိတ်ဆို့တာထက် ထိရောက်တယ်လို့ ဘီဘီစီနဲ့ မေးမြန်းခန်းတစ်ခုမှာဖြေထားပါတယ်။

''အခုကတော့ အနောက်အုပ်စုနိုင်ငံတွေ ဒီမိုကရေစီနိုင်ငံတွေကပဲ ပိတ်ဆို့တာဆိုတော့ ရည်ရွယ်ချက်ကောင်းပေမဲ့ ထိရောက်မှုအားနည်းတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာပြည်က တရားမဝင်လမ်းကြောင်းတွေ ရှိနေတယ်။ အိမ်နီးချင်းနိုင်ငံတွေ အလုပ်တွဲလုပ်နေတော့ အများကြီး ပြတ်တောက်သွားဖို့ အထိမရှိဘူး'' လို့ ဒေါက်တာထွေးထွေးသိန်းက သုံးသပ်ထားပါတယ်။

မြန်မာ့အရေးလှုပ်ရှားသူ အချို့ကတော့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့တွက် ပိုပြီးတိကျတဲ့အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ တောင်းဆိုနေကြပါတယ်။

ဒီအထဲမှာ တချို့ အကြံပြုချက်တွေကတော့ စစ်ကောင်စီရဲ့ ငွေပင်ငွေရင်းဖြစ်စေတဲ့ အရင်းမြစ်နေရာတွေကို ပစ်မှတ်ထားပိတ်ဆို့ဖို့ နဲ့ ဒီလမ်းကြောင်းတွေကို အားပေးထောက်ပံ့ရာရောက်နေတဲ့ နိုင်ငံတွေကို သတိပေး အရေးယူဖို့ဆိုပြီး ပြောထားပါတယ်။

အသစ်ဖြည့်စွက်ချက် - ဇွန် ၂၈ ရက်မှာတော့ မြန်မာစစ်တပ်ရဲ့ စစ်လက်နက်ဝယ်ယူရာမှာအများဆုံး ပါဝင်ပတ်သတ်နေတယ်လို့ ‌‌အစီရင်ခံစာမှာ ဖော်ပြထားတဲ့ Siam Commercial Bankကလည်း ငွေလွှဲပြောင်းတဲ့မှတ်တမ်းတွေကို ပြန်လည်စစ်ဆေးခဲ့ပြီး လက်နက်ဝယ်ယူဖို့ ငွေလွှဲပြောင်းပေးခဲ့တာတွေမရှိဘူးလို့ ငြင်းဆိုထုတ်ပြန်ပါတယ်။