စင်ကာပူ UOB ဘဏ်က မြန်မာဘဏ်တွေနဲ့ လုပ်ငန်းရပ်ဆိုင်း

ဓာတ်ပုံ ရင်းမြစ်, CJ
စင်ကာပူအခြေစိုက် United Overseas Bank - UOB ဘဏ်က မြန်မာဘဏ်အချို့ နဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ သူ့ရဲ့ ဘဏ်လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီး ကမ္ဘာ့ဘဏ္ဍာရေးစနစ်ထဲ မြန်မာစစ်တပ်ဝင်ရောက်ခွင့်မရအောင် ကန့်သတ်လိုက်တယ်လို့ ဂျပန်သတင်းဌာန နစ်ကီအေးရှား ကရေးပါတယ်။
ပြီးခဲ့တဲ့အပတ်ထဲ မြန်မာဘဏ်တွေကို UOB ဘဏ်က ပေးပို့တဲ့ လုပ်ငန်းတွင်း သီးသန့်အကြောင်းကြားစာမှာ မြန်မာနိုင်ငံကနေ UOB ဘဏ်က တဆင့်ပေးချေတဲ့ နိုင်ငံတကာ ငွေအထုတ် အသွင်းကိစ္စတွေကို ကန့်သတ်မှာဖြစ်ပြီး UOB ဘဏ်ငွေစာရင်းအချင်းချင်း ငွေလွှဲပြောင်းတာကိုပဲ အသုံးပြုခွင့်ပေးတော့မှာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာဘဏ်တွေနဲ့ လူတစ်ဦးချင်းစီရဲ့ Visa ကတ် နဲ့ Mastercard ကတ်အသုံးပြု ငွေလွှဲတာတွေကိုလည်း ကန့်သတ်မှုအသစ်တွေလုပ်လိုက်ပြီး UOB ငွေစာရင်းချိတ်ဆက်ထားတဲ့ကတ်တွေကို အသုံးပြုခွင့် ပေးတော့မှာဖြစ်ပါတယ်။
ဒါအပြင် မြန်မာဘဏ်တွေက ဟောင်ကောင်မှာရှိတဲ့ UOB ဘဏ်ခွဲမှာဖွင့်ထားတဲ့ နိုင်ငံခြားငွေကြေးဘဏ်စာရင်းတွေကို ပိတ်မယ်လို့ ဆိုပါတယ်။ အထူးသဖြင့် "nostro" လို့ခေါ်တဲ့ ဘဏ်စာရင်းမျိုးဖြစ်ပြီး ဒါက ကုန်သွယ်ရေးလွယ်ကူအောင် ဘဏ်တွေက ဖွင့်ထားတဲ့အကောင့်တွေဖြစ်ပါတယ်။
UOB ဟာ ခေတ်အဆက်ဆက် မြန်မာစစ်ဗိုလ်ချုပ်တွေ ၊ သူတို့ရဲ့ လုပ်ငန်းစုကြီးတွေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်စပ်ပြီးချမ်းသာတဲ့လုပ်ငန်းရှင်တွေသာမက နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ၊ အထူးသဖြင့် စင်္ကာပူ - မြန်မာ ကလုပ်ငန်းတွေကြား အသုံးများတဲ့ ဘဏ်ကြီးဖြစ်ပါတယ်။
ဘဏ်လုပ်ငန်းလေ့လာသုံးသပ်သူအချို့ကတော့ စင်္ကာပူဘဏ်လုပ်ငန်းတစ်ခုရဲ့ အခုလို မကြုံစဖူး လုပ်ရပ်ဟာ မြန်မာစစ်ကောင်စီလက်အောက် ဘဏ်နှစ်ခုကို အမေရိကန်က ပိတ်ဆို့ခဲ့မှု နောက်ဆက်တွဲလို့ ရှုမြင်ကြပါတယ်။
မြန်မာစစ်ကောင်စီရဲ့ပြည်ပဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကနေ မြန်မာစစ်ကောင်စီအတွက် ဝင်ငွေရရှိနေတာရပ်တန့်အောင်လုပ်ဖို့ ဖိအားတွေရှိနေချိန် စင်ကာပူဘက်က အခုလိုပြုလုပ်လာတာဖြစ်ပါတယ်။ တဖက်မှာလည်း ဒါဟာ မြန်မာစစ်ကောင်စီနဲ့ စီးပွားရေးလုပ်ဆောင်မှုဟာ ဆုံးရှုံးမှုကြီးမားလာနိုင်တယ်ဆိုတာကို ထင်ဟပ်နေသလို ဂုဏ်သိက္ခာကျဆင်းနိုင်တဲ့အန္တရာယ်ရှိနိုင်ခြေကို လည်း ပြသနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MICB
UOB ရဲ့ ဆက်တိုက်လုပ်လာတဲ့ မြန်မာလုပ်ငန်းတွေအပေါ် အသိပေးချက်တွေကြောင့် မြန်မာက ဘဏ်လုပ်ငန်းစုကြီးတွေက သူတို့ရဲ့ သုံးစွဲသူတွေကို ပြီးခဲ့တဲ့ရက်က မိုဘိုင်းဖုန်းကတဆင့်သတိပေးစာတိုတချို့ပို့ခဲ့ပါတယ်။ ဧရာဝတီဘဏ်က သူ့ရဲ့ ဘဏ်သုံးစွဲသူတွေကို ပို့တဲ့စာထဲ ဖော်ပြချက်အရ အဓိကကြားခံဘဏ်များထဲမှ တစ်ခုဖြစ်တဲ့ စင်္ကာပူ၊ UOB ဆီက အရေးကြီးတဲ့ သတိပေးချက်ရရှိထားပြီး စက်တင်ဘာ ၁ ရက်မှ စတင်ကာ UOB အကောင့်များသို့ အဝင်၊ အထွက်ပေးချေမှုတွေကို သာလက်ခံမှာဖြစ်ပြီး AYA Bank မိတ်ဖက်ဘဏ်တွေနဲ့ နီးနီးကပ်ကပ် လက်တွဲပြီး လွှဲပြောင်းငွေကြေးတွေ အထေ့အငေါ့မရှိ စီးဆင်းနိုင်ရေး လုပ်သွားမယ်လို့ ပြောထားပါတယ်။
မြန်မာပုဂ္ဂလိကလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Myanmar Airways International(MAI) ရဲ့ ဘဏ်အကောင့် ၅ ခုကို သြဂုတ် ၁၅ ရက် နောက်ဆုံးထားပြီး ပိတ်သိမ်းမယ်ဆိုတာကိုလည်း (UOB) ဘဏ်က ပြီးခဲ့တဲ့ ဇူလိုင် ကတည်းက အသိပေးစာပို့ထားတာပါ။
တချိန်တည်းမှာပဲ ပို့ကုန်သွင်းကုန်လုပ်နေကြတဲ့ မြန်မာလုပ်ငန်းရှင်အများစု အသုံးပြုနေတဲ့ စင်ကာပူ အခြေစိုက် United Overseas Bank ဘဏ် က မြန်မာရဲ့ လုပ်ငန်းသုံးငွေလွှဲငွေပေးချေမှုတွေကို ယာယီဆိုင်းငံ့ဖို့ ရှိနေတယ်လို့ လုပ်ငန်းရှင်တွေဆီက ဘီဘီစီက သိရပါတယ်။
လာမယ့် စက်တင်ဘာ ၁ ရက်ကစလို့ ရပ်နားမှုစတင်မှာဖြစ်ပြီး အီလက်ထရောနစ်စနစ်နဲ့ နိုင်ငံခြားငွေလွှဲပြောင်းပေးတဲ့စနစ် (Telegraphic transfer) ပါ အသုံးပြုလို့မရနိုင်ဘူးလို့ လုပ်ငန်းရှင်တချို့ဆီ အကြောင်းကြားတဲ့စာမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MAI
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
UOB ဘဏ်ဟာ မြန်မာနိုင်ငံက စက်သုံးဆီ နဲ့ စားသုံးဆီ လုပ်ငန်းရှင်တွေ အများဆုံး အသုံးပြုနေတဲ့ ဘဏ်လည်း ဖြစ်ပါတယ်။
အခုလပိုင်းတွေထဲ ငွေပေးချေမှု ခိုင်မာတဲ့အထောက်အထားတွေမပြနိုင်တာကြောင့် အကောင့်အပိတ်ခံရတဲ့အခြေအနေတွေပါ ကြုံတွေ့နေရတယ်လို့ လုပ်ငန်းရှင်တချို့ထံက သိရပါတယ်။
" အရင်က Invoice (ပြေစာ) လောက်နဲ့ ရတယ်။ အခုက ဒေါ်လာတစ်သိန်းလွှဲတယ်ဆိုပါတော့။ ဘာကြောင့်လွှဲတာလဲ၊ ဆန်ဖိုးချေတယ်ဆိုရင်လည်း ဆန်ရောင်းထားတဲ့ အထောက်အထားလိုတာပေါ့။ သင်္ဘောနဲ့ တင်တာလား၊ ကားနဲ့တင်တာလားဆိုတာတွေပါ ပြရတာ" လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
အခုလို UOB ဘဏ်ကပါ ငွေလွှဲပြောင်းတာတွေကို ပိတ်ဆို့လိုက်ရင် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေမှာ ပိုပြီးအခက်အခဲကြုံလာရလိမ့်မယ်လို့ ထောက်ပြကြပါတယ်။
အခြား နိုင်ငံခြားဘဏ်တွေ ရှိနေပေမယ့် လုပ်ငန်းသုံးငွေလွှဲတာအတွက် မလုံခြုံတာ၊ ကြန့်ကြာတာတွေရှိတာကြောင့် UOB ဘဏ်ကနေ အလွယ်တကူ နိုင်ငံပြောင်းဆောင်ရွက်လို့ မရတဲ့အခြေအနေလို့လည်း လုပ်ငန်းရှင်တွေက ပြောကြပါတယ်။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB) နဲ့ မြန်မာ့ရင်းနှီး မြှုပ်နှံမှုနှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်က ပိတ်ဆို့အရေးယူကြောင်း ကြေညာတဲ့ ဇွန် ၂၁ ရက်နောက်ပိုင်းကစလို့ UOB ဘဏ်မှာ အကောင့်ဖွင့်လှစ်အသုံးပြုနေတဲ့ မြန်မာလုပ်ငန်းရှင်တွေရဲ့ ငွေပေးချေမှုတွေကို ဘဏ်ဘက်က ပိုပြီးတင်းကြပ်လာခဲ့တယ်လို့ လုပ်ငန်းရှင်တချို့က ဘီဘီစီကို ပြောကြပါတယ်။
ပြည်ပကုန်သွယ်ရေးအတွက်သုံးနေရတဲ့ ပြည်ပဘဏ်လုပ်ငန်းစုကြီးတွေက အခုလို မြန်မာဘဏ်တွေ နဲ့ လုပ်ငန်းရှင်တွေကို ကန့်သတ်တင်းကျပ်လာတာက မြန်မာပြည်တွင်း စီးပွားရေး နဲ့ လုပ်ငန်းလည်ပတ်မှုတွေအတွက် ကြီးမားတဲ့ အခက်အခဲတွေဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေ လုပ်ငန်းရှင်တွေကြားရှိနေကြပါတယ်။








