အမိန့်ထုတ် ဖမ်းဆီးမှုတွေ နဲ့ မြန်မာ့စီးပွားရေး ထိန်းနိုင်မလား

 စာသုံးဆီ တပိဿကို ၄၄၀၀ ကျပ်နဲ့ ဆီကုန်သည် အသင်း အစီအစဥ်နဲ့ရောင်းချပေးနေစဥ်

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းး

ဓာတ်ပုံ ပုံစာ, စာသုံးဆီ တပိဿကို ၄၄၀၀ ကျပ်နဲ့ ဆီကုန်သည် အသင်း အစီအစဥ်နဲ့ရောင်းချပေးနေစဥ်

ဆန်၊ ဆီ နဲ့ ရွှေ ဒေါ်လာ စျေးကွက်အပါအဝင် မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ အရေးပါတဲ့ ကုန်ပစ္စည်းစျေးတွေ မြင့်တက်နေမှုကို စစ်ကောင်စီက ကော်မတီတွေဖွဲ့ပြီး အမိန့်တွေထုတ်ပြန်ကာ စျေးနှုန်းတွေကို ထိန်းဖို့ကြိုးစားနေပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ ကျပ်ငွေတန်ဘိုး အဆမတန်ကျဆင်းလာပြီး နောက် ရွှေ ဒေါ်လာ အပါအဝင် ဆန်၊ ဆီ စတဲ့ အခြေခံ စားသောက်ကုန်စျေးကွက်အထိကို ရိုက်ခတ်မှုတွေ ရှိလာခဲ့ပါတယ်။

ပြီးခဲ့တဲ ဇူလိုင်လအတွင်း စစ်ကောင်စီက ကျပ်နှစ်သောင်းတန် ထုတ်မယ်လို့ ထုတ်ပြန်ပြီးနောက်ပိုင်း စျေးကွက်အတွင်း ရိုက်ခတ်မှုတွေကို ပိုပြီးများလာပါတယ်။

မြန်မာ့စီးပွားရေးမှာ ရွှေ နဲ့ ဒေါ်လာက အရေးပါသလို ဒေါ်လာစျေးပေါ်မူတည်ပြီး အခြားစားသောက်ကုန်ပစ္စည်းတွေကလည်း လိုက်ပါပြောင်းလဲလေ့ ရှိပါတယ်။

စစ်အာဏာမသိမ်းခင်ကတော့ အမေရိကန်တစ်‌ဒေါ်လာကို ကျပ် ၁၃၀၀ ဝန်းကျင် နဲ့ ရွှေတစ်ကျပ်သား ကျပ် ၁၃ သိန်း ဝန်းကျင်သာ ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၃၈၀၀ ဝန်းကျင် နဲ့ ရွှေတစ်ကျပ်သားကို ကျပ် ၃၈ သိန်း ဝန်းကျင်အထိ စျေးတွေတက်လာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လဆန်းက ပြည်တွင်းမှာ ဆန်သိုလှောင်ထားမှု များပြီး ဈေးကစားတာနဲ့ ငွေကြေး ဈေးနှုန်း မတည်ငြိမ်တဲ့အတွက် ဆန်ဈေးနှုန်း မြင့်တက်လာလို့ သိုလှောင်ရုံတွေ မှတ်ပုံတင်တဲ့စနစ်ကို ပြုလုပ်ပြီး ထိန်းညှိသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောခဲ့ပါတယ်။

စစ်ကောင်စီက ဖွဲ့စည်းခဲ့တဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီကလည်း ကုန်စျေးနှုန်း တည်ငြိမ်ရေးအတွက် အစည်းအဝေးခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

no tag

စီးပွားရေးအကျပ်အတည်း

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ ကတော့ စစ်ကောင်စီက အာဏာသိမ်းပြီးကတည်းက ၂၀၂၃ ခုနှစ် သြဂုတ်လအထိ စီးပွားရေးဆိုင်ရာသုံးသပ်မှုတစ်ခုကို နေပြည်တော်မှာ ပြုလုပ်ခဲ့ပြီး အဲဒီ အစည်းအဝေးမှာ နိုင်ငံခြားငွေ မရရှိအောင်တားဆီးထားပြီး စီးပွားရေးအကျပ်အတည်းဖြစ်အောင်ပြုလုပ်မှုတွေရှိတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ က ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ကျပ်နှစ်သောင်းတန်တွေ ထုတ်မယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေ တဟုန်ထိုးကြီးမြင့်လာတာကြောင့် အခြေခံလူတန်းစားအများစု စားဝတ်နေရေးအတွက် ပိုပြီး ရုန်းကန်နေရပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ကတော့ မသမာသူတွေဟာ သတင်းမှားတွေဖန်တီးပြီး ကုန်ဈေးနှုန်းတွေ ဆွဲတင်တာ၊ ဈေးကစားတာတွေ ရှိနေတဲ့အတွက် အရေးယူဖို့လိုတယ်လို့ ပြောပါတယ်။

ငွေဈေးကွက်မှာလည်း ပြည်တွင်းငွေ၊ နိုင်ငံခြားငွေနဲ့ ရွှေကိုင် ထားသူတွေက ဈေးကစားနေတဲ့အတွက် ဒါကိုလည်း စနစ်တကျကိုင်တွယ်ဖို့လိုတယ်လို့ သြဂုတ်လ ၂၅ ရက်နေ့အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဘဏ်လုပ်ငန်းတစ်ချို့ကလည်း ရိုးဖြောင့်စွာ လုပ်ကိုင်ဆောင် ရွက်မှုမရှိတာကို တွေ့နေရကပြီး၊ ဘဏ်တွေရဲ့ လုပ်ဆောင်ချက်တွေကို စနစ်တကျ စောင့်ကြည့်သုံးသပ်ပြီး လုပ်ဆောင်ကြရမှာဖြစ်တယ်လို့လည်း သူကပြောခဲ့ပါတယ်။

ဘဏ်လုပ်ငန်းတစ်ချို့ မရိုးမသားလုပ်နေတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ပြစ်တင်ပြောဆိုခဲ့ပေမယ့် ဘယ်လိုမျိုး မရိုးမသားလုပ်ကိုင်နေတယ်ဆိုတာကိုတော့ ထုတ်မပြောခဲ့ပါဘူး။

 သြဂုတ်လ ၂၅ ရက် စစ်ကောင်စီ စီးပွားရေးရာ ကော်မတီ အစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, သြဂုတ်လ ၂၅ ရက် စစ်ကောင်စီ စီးပွားရေးရာ ကော်မတီ အစည်းအဝေး

ပေါက်စျေး နှစ်မျိုး ဖြစ်လာတဲ့ ရွှေ နဲ့ဒေါ်လာ

စျေးကွက်ပေါက်စျေးအတိုင်း နှစ်ပေါင်းများစွာ ရောင်းချလာခဲ့ကြတဲ့ ရွှေနဲ့ ဒေါ်လာ စျေးကွက်ဟာ ၂၀၂၂ ခုနှစ်မှာ စတင်ပြောင်းလဲ လာခဲ့ပါတယ်။

စစ်ကောင်စီခန့်ဗဟိုဘဏ်က ဒေါ်လာစျေးကွက်ပေါက်စျေးကို ၂၀၂၂ ခုနှစ်အတွင်းမှာ စတင်ထိန်းချုပ်လာခဲ့ပြီး စျေးနှုန်းသတ်မှတ်ကာ ပြည်ပက ဝင်လာတဲ့ ဒေါ်လာတွေကို သတ်မှတ်နှုန်းနဲ့ လဲရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက်စျေးကွက်မှာ ပြင်ပပေါက်စျေးနဲ့ ဗဟိုဘဏ်သတ်မှတ်စျေးဆိုပြီး ပေါ်လာခဲ့ပြီး စျေးကွက်ပေါက်စျေးဟာ ဗဟိုဘဏ်စျေးထက်ကနဦး အစမှာ ကျပ်၂၀၀ ခန့်ကွာဟခဲ့ပါတယ်။

၂၀၂၂ ခုနှစ် မေလမှာ ဗဟိုဘဏ်က သတ်မှတ်တဲ့ ဒေါ်လာစျေးနဲ့ တွက်ချက်ပြီးရွှေစျေး ရောင်းချဖို့ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းမှာ ရွှေစျေးကွက်မှာလည်း မှောင်ခိုလို့ခေါ်တဲ့ တရားမဝင်စျေးကွက်ပေါ်လာခဲ့ပါတယ်။

အာဏာသိမ်းပြီး ဖွဲ့ခဲ့တဲ့ ရွှေစျေးကွက်စောင့်ကြည့် ထိန်းသိမ်းကြပ်မတ်ရေးဆပ်ကော်မတီ နေပြည်တော်က ရွှေလုပ်ငန်းရှင် အသင်းကို ညွှန်ကြားလေ့ရှိပြီး ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်းက ရွှေစျေးကို ဗဟိုဘဏ်ဒေါ်လာစျေးနဲ့ သတ်မှတ်ပြီး နေ့စဥ်ရွှေပေါက်စျေး ထုတ်ပြန်လေ့ရှိပါတယ်။

ရွှေကုန်သည်အချို့ ပြင်ပပေါက်စျေးနဲ့ရောင်းဝယ်လို့ စစ်ကောင်စီက ခေါ်ယူ‌မေးမြန်းမှုတွေရှိခဲ့ပါတယ်။

၂၀၂၃ ခုနှစ်ထဲမှာတော့ ရွှေ ဒေါ်လာ တို့အပြင် အခြေခံလူတန်းစားတွေအတွက် လိုအပ်တဲ့ ဆန် စားသုံးဆီ တို့ကို စစ်ကောင်စီက စျေးနှုန်းထိမ်းသိမ်းရေးကော်မတီဖွဲ့ပြီး ထိန်းဖို့လုပ်လာပါတယ်။

ပြည်တွင်း အခုရက်ပိုင်းမြင့်လာတဲ့ စားသုံးဆီစျေးတွေကို အခုရက်ပိုင်းအတွင်း ပြန်ကျအောင်လုပ်မယ်လို့ စစ်ကောင်စီ စီးပွားကူးသန်း ဝန်ကြီးက သြဂုတ်လ ၃၀ ရက်နေ့က ပြောခဲ့ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, YGEA

အပြင်စျေးနဲ့ သတ်မှတ်စျေး ဘယ်လောက်ကွာသလဲ

ဒီကနေ့ အထိ စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်ပြီး သတ်မှတ်ထားတဲ့ အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲနှုန်းက တစ်ဒေါ်လာကို ၂၁၀၀ ကျပ်ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီကနေ စျေးကွက်ပေါက်စျေးက အမေရိကန် တစ်‌ဒေါ်လာကို ကျပ် ၃၆၁၀ ခန့်ရှိပြီး ကွာခြားချက်က ကျပ် ၁၆၀၀ ခန့်ဖြစ်ပါတယ်။

ရွှေလုပ်ငန်းရှင်အသင်းက ထုတ်ပြန်တဲ့ သြဂုတ်လ ၂၅ ရက်နေ့ ရွှေ ရည်ညွှန်းစျေးက တစ်ကျပ်သားကို ကျပ် ၂၂ သိန်းခန့်ဖြစ်ပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ ပြင်ပစျေးကွက်ပေါက်စျေးက ကျပ် ၃၈သိန်းဖြစ်ပါတယ်။

ရွှေစျေးကွက်မှာ (ရွှေ တစ်ကျပ်သား ၁၆ သိန်း ) ကွာဟနေပါတယ်။

မြန်မာနိုင်ငံမှာ စိုက်ပျိုးထုတ်လုပ်တဲ့ ဆန်စျေးကလည်း စျေးကွက်ထဲမှာ စျေးတွေမြင့်လာလို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဆန်တွေကို စျေးကွက်ထဲက သက်သာတဲ့စျေးနဲ့ ရောင်းဖို့လုပ်နေပါတယ်။

ဒါအပြင်တစ်နှစ်ကို ဒေါ်လာ သန်း ၆၀၀ ဖိုးလောက် ပြည်ပကတင်သွင်းနေရတဲ့ စားသုံးဆီစျေးကလည်း အခုရက်ပိုင်း စျေးတွေမြင့်လာခဲ့ပါတယ်။

စားသုံးဆီ အပြင်စျေး တပိဿ ကျပ်တစ်သောင်းခန့်ရှိပြီ ဆီကုန်သည်အသင်းရောင်းစျေးက တပိဿကို ၄၄၀၀ ကျပ်ဖြစ်ပါတယ်။

 မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အစီအစဥ်နဲ့ ဧည့်မထ ဆန်တပြည်ကို ကျပ် ၂၅၀၀ နဲ့ ရောင်းချပေး

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အစီအစဥ်နဲ့ ဧည့်မထ ဆန်တပြည်ကို ကျပ် ၂၅၀၀ နဲ့ ရောင်းချပေး

စစ်ကောင်စီက ဒေါ်လာကို စျေးနှုန်းသတ်မှတ်ပြီး အရင်က စျေးကွက်ထဲမှာ ဒေါ်လာလိုအပ်တဲ့အခါ ထုတ်ရောင်းတာ လုပ်ခဲ့ပေမယ့် အခုတော့ ထုတ်ရောင်းတာမတွေ့ရသလောက်ပါပဲ လို့ လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

ရွှေစျေးဟာ ဒေါ်လာစျေးကို မူတည်ပြီးတွက်တာဖြစ်လို့ ဒေါ်လာစျေး ပြင်ပပေါက်စျေးက မြင့်နေရင်ရွှေစျေး သတ်မှတ်စျေးထက် အပြင်စျေးက မြင့်နေတာဖြစ်ပါတယ်။

လက်ရှိ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းရုံးကထုတ်ပြန်တဲ့ ရည်ညွှန်းစျေးနှုန်းဟာ ဗဟိုဘဏ်ကထုတ်ပြန်ထားတဲ့ ရည်ညွှန်းငွေလဲစျေးကို အခြေခံကာ တွက်ချက်ထားတဲ့ စျေးနှုန်းဖြစ်လို့ ရွှေစျေးကွက်အတွင်း လက်တွေ့ စျေးကွက် အရောင်းအဝယ်တွေနဲ့ ကွဲလွဲတာလို့ လုပ်ငန်းရှင် အချို့က ပြောပါတယ်။

ဆန်စျေးတက်တာကလည်း ဆန်စိုက်ပျိုးရာမှာ ဝယ်ရတဲ့ ဓာတ်မြေသြဇာ အပါအဝင် သွင်းအားစုတွေဟာ ပြည်ပက အများစုတင်သွင်းရလို့ ထုတ်လုပ်မှုစားရိတ်တက်လို့ ဆန်စျေးက လိုက်တက်လာတာလို့ ဆိုပါတယ်။

စားသုံးဆီကတော့ စစ်အာဏာသိမ်းပြီးနောက် ဆီကိုယ်စားလှယ်တွေကို စားသုံးဆီတင်သွင်းခွင့်ပေးထားတာဖြစ်ပြီး ကုန်သည်အချို့ သတ်မှတ်စျေးနဲ့ မရောင်းဘဲ ပြင်ပကို မှောင်ခိုထုတ်ရောင်းမှုတွေရှိတယ်လို့ ဆီကုန်သည်တွေက ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, AFP

ဒီရက်ပိုင်း ဆီကုန်သည်အချို့ကို စစ်ကောင်စီက ခေါ်ယူ စစ်ဆေးမှုတွေလုပ်နေတယ်လို့ လည်းသိရပါတယ်။

စစ်ကောင်စီဟာ ရွှေမှောင်ခိုစျေးကွက် ပျောက်ဖို့နဲ့ စျေးနှုန်းတည်ငြိမ်ဖို့ အရောင်းအဝယ်ကို အသင်းရုံးခန်းမှာပဲ ပြုလုပ်ဖို့၊ လက်ငင်းအရောင်း အဝယ်ပြုလုပ်ဖို့၊ စာရင်းပေး သတင်းပေးခြင်းမရှိဘဲ နယ်စပ်ဖြတ်ကျော် အရောင်းအဝယ် ပြုလုပ်တာတွေ မလုပ်ဖို့ စတဲ့အချက်တွေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက ထိန်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးပိတ်ဆို့မှုတွေကြုံနေရတဲ့ မြန်မာနိုင်ငံ ဒေါ်လာ အနိုင်ကျင့်မှုခံနေရတယ်လို့ စစ်ကောင်စီ ခေါင်းဆောင်က ပြောခဲ့ပါတယ်။

ဒေါ်လာအစား ရုရှား ရူဘယ် ၊တရုတ်‌ငွေ ယွမ် ၊ အိန္ဒိယငွေ ရူပီး တို့ နဲ့ ဒေါ်လာအစား အသုံးပြုဖို့ စစ်ကောင်စီ ဥက္ကဋ္ဌ ကတရားဝင်ထုတ်ပြောဘူးပေမယ့် လက်တွေ့မြန်မာနိုင်ငံမှာတော့ အစားမထိုးနိုင်သေးဘဲ ဒေါ်လာ လိုအပ်ချက်နဲ့ အရေးပါမှုကို မြန်မာ့ စီးပွားရေးမှာ အထင်အရှားတွေ့နေရဆဲ ဖြစ်ပါတယ်။