စစ်ကောင်စီရဲ့ စီးပွားရေးမူဝါဒတွေ တကယ်မှားခဲ့သလား

ဓာတ်ပုံ ရင်းမြစ်, CINCDS
နိုင်ငံတဝန်းမှာ စစ်ရေးမျက်နှာပြင်များစွာနဲ့ ရင်ဆိုင်နေရပြီး စစ်စခန်းတွေဆုံးရှုံးကာ နယ်မြေထိန်းချုပ်နိုင်မှုလျော့လာတဲ့ စစ်ကောင်စီအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုကတော့ စီးပွားရေးစစ်မျက်နှာပြင် ဖြစ်လာပါတယ်။
စစ်ကောင်စီအတွက် အကြီးမားဆုံးဘဏ္ဍာရေးအကျပ်အတည်းက ဒေါ်လာရလမ်းနည်းလာတာနဲ့ နိုင်ငံခြားအရန်ငွေကို တင်းကျပ်ကိုင်တွယ်တဲ့ ပြဿနာလို့ စစ်ကောင်စီရဲ့ ဘဏ္ဍာရေး အခြေအနေကို သိထားတဲ့စီးပွားရေးအကြံပေး ၂ ဦးက ပြောပါတယ်။
ဒီနှစ်ချက်အပြင် ၂၀၂၃ အောက်တိုဘာ ၂၇ ရက်ကစတဲ့ ၁၀၂၇ စစ်ဆင်ရေး နောက်မှာ တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေရဲ့ တစ်နေ့ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၉ သန်းနီးပါး ဆုံးရှုံးနေတာ ၂၀၂၄ သြဂုတ်မှာ ၈ လတာ ရှိပါပြီ။
‘’စစ်ကောင်စီကို စစ်ရေးနဲ့ပြိုသွားမလားလို့ ပြောကြတယ်။ တကယ်က တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ရေးမျက်နှာပြင်အားလုံးက သူ့နေရာကိုသူပြန်သွားနေတာပါ။ သူ့တို့နေရာ သူတို့ပြန်ရရေးပဲ။ စစ်တပ်ရဲ့ တကယ့်အခြေယိုင်လာမှုက စီးပွားရေးပဲ’’ လို့ အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေးကို လေ့လာတဲ့ စီးပွားရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
စီးပွားရေးစစ်တလင်း မှာ စစ်ကောင်စီ တကယ်အထိနာနေသလား။ စစ်ကောင်စီ ကျင့်သုံးနေတဲ့ စီးပွားရေးဗျူဟာ က ဘယ်လိုလမ်းကြောင်းကို သွားနေသလဲဆိုတာ ကို ဆန်းစစ်ကြည့်ခဲ့ပါတယ်။
မှားတယ်ဆိုတဲ့ စီးပွားရေးမူဝါဒတွေက စစ်တပ်ရဲ့ ငွေကြေးအင်အားကို ပိုကောင်းလာစေသလား

ဓာတ်ပုံ ရင်းမြစ်, cincds
နိုင်ငံရဲ့ ဘဏ္ဍာရေးလည်ပတ်နိုင်စွမ်းယိုင်နဲ့လာတာဟာ စျေးကွက်ထဲက ဒေါ်လာတွေကို စစ်ကောင်စီက နိုင်ငံပိုင်အဖြစ်သိမ်းလိုက်တဲ့ မူဝါဒက အစပြုတယ်လို့ ဗဟိုဘဏ်ရဲ့လုပ်ထုံးလုပ်နည်းတွေကို နားလည်ကျွမ်းကျင်သူ အရာရှိဟောင်းက ပြောပါတယ်။
၂၀၂၂ ဧပြီ ၄ ရက်က စတင်တဲ့ ပို့ကုန်ကရတဲ့ ဝင်ငွေတွေကို တစ်ဒေါ်လာငွေလဲနှုန်း ၁၈၅၀ ကျပ်နဲ့ တစ်ရက်အတွင်း လဲလှယ်ရောင်းချရမယ်ဆိုတဲ့ ကြေညာချက်က ပို့ကုန်သမားတွေကို ပို့ကုန်ဆက်ပို့နိုင်ဖို့ တွန့်ဆုတ်စေခဲ့ပါတယ်။
‘’အဲဒီမူဝါဒက ပို့ကုန်သမားတွေစပြီး ဒုက္ခရောက်တာပဲ။ ၁၈၅၀ နဲ့ ဘယ်လိုမှမကိုက်လို့ အဲဒီကတည်းက ပို့ကုန်သမားတွေနည်းသွားတာ’’ လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
အဲဒီကြေညာချက်ဟာ ၂၀၂၂ ဧပြီ ၄ ရက် နောက်ပိုင်း ပို့ကုန်ရငွေသာမက အဲဒီမတိုင်ခင် နိုင်ငံခြားငွေစာရင်းတွေထဲမှာ ရှိနေတဲ့ ဒေါ်လာငွေတွေအတွက်ပါ အကျုံးဝင်ခဲ့တာပါ။
‘’ပြည်သူနဲ့ ကုမ္ပဏီတွေရဲ့ ဒေါ်လာတွေအားလုံးကို ၁၈၅၀ ကျပ်နဲ့ သိမ်းလိုက်တာပါပဲ။ နိုင်ငံသားတွေရဲ့ ဒေါ်လာတွေအားလုံးက စစ်ကောင်စီ ဒေါ်လာတွေဖြစ်သွားတယ်။ MFTB၊ MICB နဲ့ MEB တို့ရဲ့နိုင်ငံခြားဘဏ်စာရင်းတွေမှာရှိသမျှ ပြည်သူတစ်ဦးချင်းနဲ့ ကုမ္ပဏီတွေရဲ့ ဒေါ်လာတွေကို နိုင်ငံပိုင် ဒေါ်လာတွေလုပ်လိုက်တာပါပဲ’’ လို့ ဗဟိုဘဏ်အရာရှိဟောင်းတစ်ဦးက တွက်ချက်ပြပါတယ်။
အဲဒီ သတ်မှတ်ချက်ကြောင့် ပို့ကုန်သမားတွေနည်းလာချိန်မှာ စစ်ကောင်စီက ၂၀၂၂ သြဂုတ် ၅ ရက် မှာ နောက်ထပ်မူဝါဒတခု ကို ထပ်ကြေညာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cincds
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အရပ်သားအစိုးရလက်ထက်က နှုန်းရှင်ဒေါ်လာငွေလဲနှုန်းအစား တစ်ဒေါ်လာငွေလဲနှုန်း ကျပ် ၂၁၀၀ နဲ့ တရားသေငွေလဲနှုန်း ကို ဗဟိုဘဏ် က ပြောင်းခဲ့တာပါ။
အဲဒီ တစ်ချိန်တည်းမှာပဲ ပို့ကုန်ရငွေ (ဒေါ်လာ) အားလုံးကို ကျပ်ငွေနဲ့မဖြစ်မနေ လဲရမယ့်ရာခိုင်နှုန်းတွေကိုလည်း မကြာခဏအပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်ဟာ အာဏာသိမ်းကာလ ၃ နှစ်ခွဲ အတွင်းမှာ ပို့ကုန်မူဝါဒနဲ့ အတူ ပို့ကုန်ရငွေ ဒေါ်လာကိုထိန်းချုပ်တဲ့ အခြေအနေက ၈ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။
ဒီလို ပို့ကုန်ရငွေ ဖြစ်တဲ့ ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေတွေအပေါ် ချုပ်ကိုင်ခဲ့တဲ့ဖြစ်ရပ်တွေက ပို့ကုန်ကျဆင်းသွားစေတဲ့ အဓိကအမှားလို့ နှစ် ၅၀ နီးပါး ပို့ကုန်သမားအဖြစ်ရပ်တည်ခဲ့တဲ့ ဝါရင့် ဆန်စပါးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ရှိရမယ့် ဗဟိုဘဏ်ဟာ အာဏာသိမ်းကတည်းက စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက် လုံးဝရောက်ခဲ့တာကလည်း ဗဟိုဘဏ်ရဲ့ စီမံနိုင်မှုတွေအပေါ် အကန့် အသတ်တွေ ဖြစ်စေခဲ့ပါတယ်။
ဗဟိုဘဏ်လုပ်ထုံးလုပ်နည်းနဲ့ ငွေကြေးစျေးကွက်ကျွမ်းကျင်တဲ့ စီးပွားရေးပညာရှင်တစ်ဦးကတော့ စစ်ကောင်စီ ချမှတ်တဲ့ မူဝါဒတွေထဲက ၅ ချက်ကို အတိုချုံးမှတ်ချက်ပြုပြီး အဲဒီ အချက်တွေက လူထုနဲ့ နိုင်ငံစီးပွားရေးကို ထိခိုက်နိုင်မှာသိပေမဲ့ စစ်ကောင်စီက သူတို့အားကောင်းဖို့လုပ်ခဲ့တာလို့ သူ့ရဲ့ ပညာရှင်အမြင်ကို ခိုင်ခိုင်မာမာပြောပါတယ်။
(၁) ဒေါ်လာတွေကိုစသိမ်းတဲ့ဖြစ်စဥ် (Compulsory FX surrender requirement) ဆိုတဲ့စစ်ကောင်စီလက်ထဲမှာ ဒေါ်လာငွေကြေးအားကောင်းဖို့ လုပ်ဆောင်ခဲ့တဲ့အချက်။
(၂) သွင်းကုန်ပါမစ်တွေ မပေးတာ (Import restrictions) ဆိုတာက စစ်ကောင်စီဘက်ကသူတို့သိမ်းထားတဲ့ဒေါ်လာတွေ မရောင်းချင်တဲ့အတွက် ကန့်သတ်ချက် (တစ်နည်းအားဖြင့် စစ်ကောင်စီလက်ထဲရှိနေတဲ့ ဒေါ်လာတွေ လျော့နည်းသွားမှာမျိုး မလုပ်ဆောင်ခြင်း)။
(၃) ပို့ကုန်ရငွေရဲ့ ရာခိုင်နှုန်း (ပြင်လိုက်တဲ့ ၂၅ /၇၅ နဲ့ ၃၀/၇၀ အချိုးတွေ) ကလည်း သတ်မှတ်ဈေးနဲ့ရောင်းပေးတာလည်း စစ်ကောင်စီအားကောင်းစေတဲ့အချက်။ (သတ်မှတ်စျေးနှုန်းနဲ့ ဒေါ်လာတွေဝယ်ယူပြီး ထိန်းချုပ်ခြင်း )
(၄) မြန်မာငွေကို မဖြစ်သင့်တဲ့ပမာဏအထိ ရိုက်ထုတ်နေတဲ့အချက်။
(၅) စစ်မှုထမ်းဥပဒေကလည်း စစ်ကောင်စီအားကောင်းစေဖို့လုပ်ဆောင်ချက်။ (ဘဏ္ဍာငွေတွေပိုသုံးရပေမဲ့ အင်အားတိုးအောင်လုပ်ခဲ့တာမျိုး )
စစ်ကောင်စီရဲ့ စီးပွားရေးမူဝါဒဆောင်ရွက်မှုတွေကို တောက်လျှောက်လေ့လာနေတဲ့ ငွေကြေးစျေးကွက်ကျွမ်းကျင်တဲ့ စီးပွားရေးပညာရှင်ကတော့ ဒီ ၅ ချက်က မြင်သာတဲ့ အချက်တွေဖြစ်ပြီး စစ်ကောင်စီကမူဝါဒ အမှားတွေချနေတာမဟုတ်ဘဲ သူတို့မှာ ငွေကြေးနဲ့ အခြားအချက်တွေအာမခံချက်ရှိဖို့ လုပ်နေတဲ့ မူဝါဒတွေလို့ ကောက်ချက်ချထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီရဲ့ သတင်းရင်းမြစ်ဖြစ်တဲ့ ဗဟိုဘဏ်ရဲ့ လည်ပတ်မှုပုံစံကိုနားလည်တတ်ကျွမ်းတဲ့အရာထမ်းဟောင်းကတော့ စစ်ကောင်စီမှာ ပုံမှန်အစိုးရတစ်ရပ်ရှိသင့်တဲ့ နိုင်ငံခြားအရန်ငွေပမာဏထက် လျော့နည်းလာတယ်ဆိုပေမဲ့ သူသိမ်းယူထားတဲ့ ဒေါ်လာငွေတွေကို လက်ရှိပြင်ပပေါက်စျေးနဲ့ ထုတ်မရောင်းချင်တာလို့ ပြောပါတယ်။
''အားလုံးဆီက ဒေါ်လာတွေကိုသိမ်းလိုက်တာက သူတို့အတွက်ဒေါ်လာအရန်ငွေအားကောင်းအောင်လုပ်တာပါ။ အခုဒေါ်လာကို လုံလုံလောက်လောက်မရောင်းပေးတာက သူတို့အောက်ဈေးနဲ့ ဝယ်ထားတဲ့ဒေါ်လာတွေကို အောက်ဈေးနဲ့ပြန်မရောင်းတော့တာပါ။ ဒေါ်လာချွေတာပြီး သွင်းကုန်သမားတွေ ကိုယ့်ဟာကို ဒေါ်လာရှာကြဆိုတာမျိုးဖြစ်နေတာပါ'' လို့ ဗဟိုဘဏ်အရာထမ်းဟောင်းက ရှင်းပြပါတယ်။
စစ်ကောင်စီ ရဲ့ စီးပွားရေးမူဝါဒတွေကိုကြည့်ရင် နိုင်ငံရဲ့ စီးပွားရေးအားနည်းမှာထက် စစ်ကောင်စီရဲ့ လက်ထဲမှာ နိုင်ငံခြားအရန်ငွေ ခိုင်ခိုင်မာမာရှိဖို့ရည်ရွယ်ချက်နဲ့ လုပ်နေတာလို့ ဗဟိုဘဏ်အရာထမ်းဟောင်းက ကောက်ချက်ချပါတယ်။
''စီးပွားရေးကျဆင်းလာတာလည်း သူတို့ ပေါ်လစီတွေကြောင့် ပြိုကျလာတာပါ။ အဲဒါကြောင့် စီးပွားရေး အခုထက်ပြိုလဲသွားရင်တောင်မှ သူတို့မှာတော့ ခံနိုင်ရည်ရှိနေနိုင်ပါတယ်'' လို့ စစ်ကောင်စီက ဒေါ်လာငွေတွေအားလုံးသိမ်းထားတဲ့ မူဝါဒကို ချိန်ထိုးတွက်ပြပါတယ်။
ဒေါ်လာကို ကျပ်ငွေမလဲလို့ ဖိအားပေးခံရတဲ့ ပို့ကုန်သမားတွေ

ဓာတ်ပုံ ရင်းမြစ်, cincds
၂၀၂၄ သြဂုတ်လမှာပဲ ပြည်တွင်းက ပို့ကုန်လုပ်ငန်း ၁၀၀ ကျော်ဟာ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာတွေကို ကျပ်ငွေနဲ့ ရာခိုင်နှုန်းအလိုက်ပြန်လဲဖို့ ပျက်ကွက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံရဖို့အထိဖြစ်နေတယ်လို့ ဝါရင့်ပို့ကုန်လုပ်ငန်းရှင်အသိုင်းအဝိုင်းက အတည်ပြုပါတယ်။
တချို့ပို့ကုန်လုပ်ငန်းတွေကိုတော့ ဒေါ်လာကနေ ကျပ်ငွေ အချိန်မဆိုင်းလဲပေးဖို့ ဖိအားပေးခံရပြီး အမေရိကန်ဒေါ်လာ ၁၅ သန်းထက်မနည်း လဲလှယ်ပေးခဲ့ရတယ်လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ဒေါ်လာကနေ ကျပ်ငွေပြန်မလဲတဲ့အတွက် ပို့ကုန်လုပ်ငန်း လိုင်စင်ပိတ်ခံရတဲ့ ကုမ္ပဏီတွေလည်း ရှိနေပါတယ်။ ဒီလိုသတင်းတွေထွက်လာချိန်မှာပဲ စစ်ကောင်စီဗဟိုဘဏ်က သတိပေးချက် ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း တင်ပို့ခဲ့တဲ့ ပို့ကုန်ကြေညာလွှာ (ED) တွေအတွက် ပြန်လည်ပေးသွင်းတဲ့ ပို့ကုန်လုပ်ငန်းရှင်တွေကို ဒေါ်လာရငွေအပေါ် ၂၅ / ၇၅ အချိုးနဲ့ ခံစားခွင့်ပြုမယ်လို့ ဆိုပါတယ်။
၂၀၂၂ ဧပြီလ ကနေ ၂၀၂၄ သြဂုတ်လ အထိ တင်ပို့ခဲ့တဲ့ ပို့ကုန်ရငွေ ဒေါ်လာတွေကို ၂၀၂၄ သြဂုတ် ကနေ နိုဝင်ဘာလကုန်အထိ သတ်မှတ်ကာလအတွင်း ကျပ်ငွေ အဖြစ် ပြန်လည်လဲလှယ်ခဲ့မယ်ဆိုရင် ၇၅ ရာခိုင်နှုန်းကို ပြင်ပမှာ လွတ်လပ်စွာ ရောင်းချခွင့်ရှိတဲ့သဘောပါ။
ပို့ကုန်ရငွေ စုစုပေါင်းရဲ့ ၃၅ ရာခိုင်နှုန်းကို ကျပ်ငွေနဲ့ မဖြစ်မနေလဲလှယ်ပေးရမယ့်အစား ဒီထုတ်ပြန်ချက်အရ ၂၅ ရာခိုင်နှုန်းကိုပဲ ကျပ်ငွေအဖြစ်လဲရမယ်ဆိုပြီး ဖြေလျှော့ပေးတာဖြစ်ပါတယ်။
''သဘောက ပို့ကုန်ရငွေ ဒေါ်လာကို ကျပ်ပြန်မလဲကြလို့ သတ်မှတ်ရာခိုင်နှုန်းထက် ပိုပေးမယ်ဆိုပြီး မက်လုံးပေးတာ။ ဒါပေမဲ့ စျေးကွက်ကမငြိမ်၊ ဒီနေ့ စျေးနဲ့ မနက်ဖြန် မတူတော့ ဘယ်သူမှမလဲချင်တာ မဆန်းပါဘူး။ စကတည်းက လုပ်သာကိုင်သာဆိုရင် အားလုံးအဆင်ပြေပြီး ဒီလိုဖြစ်လာမှာမဟုတ်ဘူး'' လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ သတ်မှတ်ကာလအတွင်း ပြန်လည်လဲလှယ်တာမရှိရင်တော့ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းလိုင်စင် ပိတ်သိမ်းတဲ့အထိဆောင်ရွက်မယ်လို့ သတိပေးထားပါတယ်။
ဒါအပြင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ကုမ္ပဏီဆိုင်ရာ စီမံခန့်ခွဲမှုနည်းလမ်းတွေနဲ့ အရေးယူတာ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူတာတွေအထိ လုပ်မယ်လို့ ဗဟိုဘဏ်ကပြောထားပါတယ်။
ဗဟိုဘဏ်အနေနဲ့ ပုံမှန်စျေးကွက်အတွက် ရည်ညွှန်းငွေလဲနှုန်းကို တစ်ဒေါ်လာကို ကျပ် ၂၁၀၀ သတ်မှတ်ထားပါတယ်။ ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်တွေ ပါဝင်တဲ့ Online Trading Market မှာတော့ တစ်ဒေါ်လာကို ကျပ် ၃၃၀၀ ကျော်နဲ့ ၃၅၀၀ ကြားမှာ ပြန်လဲပေးနေတာပါ။
''ကျွန်တော်တို့ကို သတိပေးထားတာအရင်ပါ။ စာကိုနောက်မှ ထုတ်လာတာပါ။ တရားစွဲမယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘက်ကပြန်ကြည့်ပါဦးလို့ မေးချင်တယ်။ ၂၅ ရာခိုင်နှုန်းကို ၂၁၀၀ နဲ့လဲရမယ်။ ၇၅ ရာခိုင်နှုန်းကို ၃၅၀၀ လောက်နဲ့လဲပေးရမယ်။ အပြင်မှာ တစ်ဒေါ်လာ ၆၀၀၀ နားကပ်နေပြီ။ အရမ်းကွာတယ်။ သူတို့ ဘာမှမစဥ်းစားဘဲလုပ်နေတာတော်တော်ဆိုးတယ်။'' လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
စျေးကွက်ထဲမှာ ဒေါ်လာဘာကြောင့်ပြတ်လပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပို့ကုန်ရငွေ ဒေါ်လာကို အလုံးစုံလဲခိုင်းပြီး ကျပ်ငွေပြန်ပေးတဲ့ ပုံစံကို ပို့ကုန်သမားတွေနဲ့ စီးပွားရေးပညာရှင်တချို့က ဆက်တိုက်ဝေဖန်ခဲ့ပါတယ်။ ဒါကြောင့် စစ်ကောင်စီ က ပို့ကုန်ရငွေတွေကို အချိုးကျလဲလှယ်ပေးတဲ့မူဝါဒတွေကို အဆင့်လိုက်ပြောင်းခဲ့ပါတယ်။
ဒါပေမဲ့ ပို့ကုန်တင်ပို့သူတွေက ဆက်လျော့နည်းနေပြီး အဲဒါက သွင်းကုန်သမားတွေ ဒေါ်လာရဖို့အတွက် အခက်အခဲဖြစ်နေပါတယ်။
သွင်းကုန်လုပ်ငန်းလုပ်ကိုင်သူ ၃ ဦးထက်မနည်းရဲ့ အပြောအရဆိုရင် သွင်းကုန်သမားတွေ လိုအပ်တဲ့ ဒေါ်လာတွေကို ဗဟိုဘဏ်က လုံလုံလောက်လောက် ထုတ်ရောင်းမပေးတဲ့ အခြေအနေကို ရင်ဆိုင်နေကြရတာ ၂ နှစ်နီးပါး ရှိနေပြီဖြစ်ပါတယ်။
သွင်းကုန်တွေဖြစ်တဲ့ စားသုံးဆီ၊ ဆေးဝါးနဲ့ စက်သုံးဆီတွေ မကြာခဏပြတ်လပ်မှုဖြစ်နေပြီး စျေးနှုန်းကြီးမြင့်တာက အကန့် အသတ်နဲ့ တင်သွင်းနေရတာတွေကြောင့် လို့ သွင်းကုန်သမားတွေလည်းတောက်လျှောက် ပြောနေခဲ့တာပါ။
‘’ဒေါ်လာအသုံးကို ကန့်သတ်တော့ စားသုံးဆီကိုလည်း အကန့်အသတ်နဲ့ တင်သွင်းရတယ်။ အကန့်အသတ်နဲ့ သွင်းရတော့ ဆီရှားတယ်။ အကန့်အသတ်နဲ့ပဲ သုံးရတယ်။ ဆီရှားတော့ စျေးလည်းကြီးတယ်။ ဒီအတိုင်း သံသရာလည်နေတာပဲ’’ လို့ ဆီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒီအခြေအနေတွေ မကြာခဏဖြစ်နေတာက စစ်ကောင်စီမှာ နိုင်ငံခြားအရန်ငွေပြတ်တောက်မှုဖြစ်နေတာကြောင့်ဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိလာပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ သူ့ရဲ့အစည်းအဝေးတိုင်းမှာ နိုင်ငံ့စီးပွားရေး ရုန်းကန်နေရတာဟာ ခေတ်အဆက်ဆက်က ကုန်ထုတ်လုပ်ငန်းတွေကို အားမပေးခဲ့တာကြောင့်လို့ အပြစ်ဖို့ပါတယ်။ သူတာဝန်ယူချိန်ကစလို့ ပြည်ပချေးငွေတွေရတာမရှိသလို စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုများစွာကို ကြုံတွေ့ခဲ့ရတယ်လို့လည်း အကြောင်းပြချက်ပေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cincds
''စီးပွားရေးရဲ့ အဓိကသော့ချက်က နိုင်ငံရေးတည်ငြိမ်မှုပါပဲ။ နိုင်ငံရေး အမြန်ဆုံးတည်ငြိမ်အောင် အမြန်ဆုံး အဖြေရှာသင့်ပါတယ်။ နိုင်ငံရေးတည်ငြိမ်မှုမရှိဘဲ စီးပွားရေးကို ကုတ်နဲ့ကလော်ရင်တောင် တိုးတက်မလာနိုင်ပါဘူး''လို့ ဗဟိုဘဏ် အရာထမ်းဟောင်းက မှတ်ချက်ပြုပါတယ်။
စစ်ခေါင်းဆောင်ရဲ့ အပြောအရ စက်သုံးဆီနဲ့ စားသုံးဆီလိုအပ်ချက်အတွက် နိုင်ငံခြားငွေ အများအပြား သုံးစွဲနေရတယ်လို့ပြောပြီး ပို့ကုန်ကရရှိတဲ့ ငွေကြေးတစ်ခုတည်းနဲ့ စီးပွားရေးလည်ပတ်နိုင်ရေး လုပ်နေရတာကိုလည်း ဝန်ခံထားပါတယ်။
‘’ပို့ကုန်နည်းတော့ သွင်းကုန်ခက်တယ်။ ကိုယ့်မူဝါဒကိုယ် ပြန်မသုံးသပ်ဘဲ စျေးကွက်ကိုမဖွင့်ဘဲ အပိတ်ထားပြီး ဒေါ်လာထိန်းချင်တာတစ်ခုနဲ့ အမှားကိုဆက်ကိုင်ထားရင် အခြေခံလူထုပဲအားလုံးရဲ့ ဝန်ကို ပခုံးထမ်းရတာ’’ လို့ စီးပွားရေးအကဲခတ်တစ်ဦး က မှတ်ချက်ပြုပါတယ်။
၂၀၂၄ - ၂၅ ဘဏ္ဍာနှစ် ( ဧပြီ ကနေ ဇူလိုင်) ၃ လ အတွင်း ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေး နှစ်ခုပေါင်း ပို့ကုန်ရငွေဟာ အမေရိကန်ဒေါ်လာ သန်း ၄၅၀၀ နီးပါးရှိတာကို စစ်ကောင်စီရဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းအရ တွေ့ရပါတယ်။
ဒါက ၂၀၂၃ - ၂၄ ဘဏ္ဍာနှစ် ကာလတူနဲ့ နှိုင်းယှဥ်မယ်ဆိုရင် ပို့ကုန်တင်ပို့နိုင်မှု အမေရိကန်ဒေါ်လာ သန်း ၂၃၀ ကျော် လျော့ကျသွားတာဖြစ်ပါတယ်။
၂၀၂၄ - ၂၅ ဘဏ္ဍာနှစ် (ဧပြီ ကနေ ဇူလိုင်) ၃ လ အတွင်း သွင်းကုန်တန်ဖိုးက သန်း ၄၀၀၀ နီးပါးရှိပါတယ်။ ပြီးခဲ့တဲ့နှစ် ကာလတူမှာ အမေရိကန် ဒေါ်လာသန်း ၅၄၀၀ ကျော် တင်သွင်းထားပါတယ်။
ဒါကြောင့် သွင်းကုန်ကို ကာလတူနဲ့ နှိုင်းယှဥ်မယ်ဆိုရင် သွင်းကုန်တင်သွင်းနိုင်မှု ဒေါ်လာ သန်း ၁၅၀၀ နီးပါး လျှော့ချတင်သွင်းထားတာကို တွေ့ရပါတယ်။
စစ်ကောင်စီရဲ့ စီးပွားရေးမူဝါဒတွေနဲ့ ပတ်သက်ပြီး အကြံပြုနိုင်သူတချို့ဆီက ရရှိတဲ့အချက်အလက်အရဆိုရင် ၂၀၂၄ နှစ်စပိုင်းအထိ စာရင်းအရ စစ်ကောင်စီ ဗဟိုဘဏ်လက်ဝယ်မှာ နိုင်ငံခြားအရန်ငွေ အနည်းဆုံး ၄ ဘီလျံ နဲ့ ၅ ဘီလျံကြားပဲရှိတော့တယ်လို့ သိရတဲ့အကြောင်း စစ်ကောင်စီရဲ့ ဘဏ္ဍာရေးအခြေအနေကိုသိတဲ့ စီးပွားရေးအကြံပေးတစ်ဦးက ၂၀၂၄ ဇန်နဝါရီမှာ ဘီဘီစီကိုဖြေထားပါတယ်။
ဒါပေမဲ့ စစ်ကောင်စီနဲ့ နီးစပ်သူတချို့ဆီက ဇူလိုင်မှာထပ်ရတဲ့ အချက်အလက်တွေအရ စစ်ကောင်စီရဲ့ နိုင်ငံခြားအရန်ငွေဟာ ၄ ဘီလျံအောက်ရောက်နေပြီဆိုတဲ့ ပြောဆိုချက်တွေရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cbm
ဗဟိုဘဏ်အဆင်မြင့်အရာရှိဟောင်းတစ်ဦးနဲ့ စီးပွားရေးအကြံပေးတစ်ဦးကတော့ နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံခြားအရန်ငွေ သွင်းကုန်အတွက်အနည်းဆုံး ၃ လစာ (၄ ဘီလီယံ) လောက်ရှိသင့်ရှိသင့်တယ်လို့ တွက်ချက်ပြပါတယ်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ သတ်မှတ်ချက်အရဆိုရင် မြန်မာအခြေအနေနဲ့ သွင်းကုန်အတွက် ၆ လစာ (၈ ဘီလျံနဲ့ ၉ ဘီလျံ) ရှိသင့်တယ်လို့ သတ်မှတ်ချက်ရှိပါတယ်။
ဗဟိုဘဏ်အရာထမ်းဟောင်းတချို့ ရဲ့ အချက်အလက်အရဆိုရင် အာဏာမသိမ်းခင် NLD ပါတီဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်က ဗဟိုဘဏ်မှာ နိုင်ငံခြားအရန်ငွေ ၇ ဘီလျံ ကျော်ရှိပါတယ်။
အဲဒီပမာဏကလည်း အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေ ပမာဏထက် အဆများစွာ နည်းခဲ့တာပါ။
‘’အခုက ၃/၄ ဘီလီယံလောက်ပဲဆိုတော့ အနည်းဆုံး ၃ လစာလောက်ပဲရှိတယ်လို့ အကြမ်းဖျင်း တွက်ချက်နိုင်တယ်။ ၂ လစာနဲ့ ၃ ဘီလီယံအောက်ရောက်သွားမယ်ဆိုရင်တော့ စိုးရိမ်ရတာပေါ့။ ဒီထက်သာ နည်းလာမယ်ဆိုရင် IMF (နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့) ကို အကြောင်းကြားရတာမျိုး အထိဖြစ်မှာပေါ့ ’’လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ စီးပွားရေးအကြံပေးတစ်ဦးက တွက်ချက်ပြပါတယ်။
ဒါပေမဲ့ အဲဒီအခြေအနေကို စစ်ကောင်စီက အရောက်မခံချင်တာကြောင့် နိုင်ငံခြားအရန်ငွေကို ထပ်အထိမခံဘဲ ပို့ကုန်ရငွေ နဲ့ သွင်းကုန်သုံးငွေ တိုက်ရိုက်ဖလှယ်တဲ့စနစ်ကို သုံးနေတာလို့ စစ်ကောင်စီအကြံပေးက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေအဓိက စီးဆင်းလည်ပတ်နေတဲ့ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်က အရေးယူပိတ်ဆို့ထားတာ တစ်နှစ် ရှိပြီဖြစ်ပါတယ်။
အမေရိကန်ရဲ့ ပိတ်ဆို့ကန့်သတ်မှုကြောင့် ဒီဘဏ်နှစ်ခုရဲ့ ဒေါ်လာ အဝင်အထွက်ဟာ လုံးဝရပ်တန့်ခဲ့ပြီး စစ်ကောင်စီအတွက် ထင်ရှားတဲ့ထိခိုက်မှုကို ဖြစ်ခဲ့ပါတယ်။
နိုင်ငံရဲ့အရန်ငွေတွေကို ဗဟိုဘဏ်၊ MICB ၊ MFTB နဲ့ MEB တို့ရဲ့ ပြည်ပကဘဏ်စာရင်းတွေမှာပဲ ထားတာဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာရဲ့ နိုင်ငံခြားအရန်ငွေကို စင်ကာပူကဘဏ်တွေမှာထားပါတယ်။
လက်ရှိမှာ စင်ကာပူ UOB ဘဏ်က MICB နဲ့ MFTB ရဲ့ ဘဏ်စာရင်းအဝင် အထွက်တွေကို လက်မခံတော့ဘူးဆိုပေမယ့် OCBC နဲ့ DBS လို ဘဏ်တွေကို လွှဲပြောင်းထားနိုင်ပြီး တခြားနိုင်ငံက ဘဏ်တွေကိုလည်း လွှဲပြောင်းထားနိုင်တယ်လို့ ဗဟိုဘဏ်အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။
'' MFTB၊ MICB နဲ့ MEB မှာ နိုင်ငံတော်ရဲ့ ဒေါ်လာတွေရှိသေးတာမမေ့ဖို့လိုပါတယ်။ အာဏာမသိမ်းခင်အထိ MICB နဲ့ MEB မှာ အများဆုံးရှိပါတယ်။ MEB က နိုင်ငံခြားကုန်သွယ်မှု သိပ်မလုပ်တဲ့အတွက် တော်တော်များများက MEB ကိုသတိမရတာပါ။ တကယ်တမ်း နိုင်ငံတော် အရန်ငွေ ၁ ဘီလီယံကျော်ကို MEB က စင်ကာပူဘဏ်တွေမှာ ထားထားပါတယ်။ MEB မှာရှိတဲ့ အရန်ငွေက MFTB ထက်ပိုပါတယ်''လို့ ဗဟိုဘဏ်အရာထမ်းဟောင်းကသူသိခဲ့တဲ့အချက်အလက်ကိုပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အစိုးရတစ်ရပ်မှာ ရှိသင့်ရှိထိုက်တဲ့ နိုင်ငံခြားအရန်ငွေ ရှိပြီးဖြစ်တယ်လို့ ဘီဘီစီကိုဖြေပါတယ်။
ဒါပေမဲ့ နိုင်ငံခြားအရန်ငွေ ပမာဏဘယ်လောက်ရှိတယ်ဆိုတာကိုတော့ မပြောပါဘူး။ နိုင်ငံတွင်းမှာဖြစ်နေတဲ့ သွင်းကုန်တွေအတွက် ဒေါ်လာလိုတဲ့ပြဿနာဟာ နိုင်ငံတချို့ ရဲ့ ဘဏ္ဍာရေးဆိုင်ရာအရေးယူပိတ်ဆို့မှုတွေကြောင့်လို့ သူက အပြစ်တင်ပါတယ်။
''ကုန်သွယ်မှုနဲ့ ကုန်သွယ်မှုမဟုတ်တဲ့ဝင်ငွေရရှိမှု ရှိပါတယ်။ တချို့နေရာတွေမှာတော့ ဆန်ရှင်ပေါ့ ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် အခက်အခဲရှိခဲ့တာတွေရှိပါတယ်'' လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီရဲ့ နိုင်ငံခြားအရန်ငွေ လုံလုံလောက်လောက်ရှိပါသလားဆိုတဲ့မေးခွန်းကို ဖြေပါတယ်။
ပုံမှန်အစိုးရတွေဆိုရင် မြန်မာထွက်ကုန်တွေရဲ့ ပြည်ပပို့ကုန်ဝင်ငွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ငွေကြေးအကူအညီ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု၊ အခွန်အခငွေကြေး၊ ဟိုတယ်နဲ့ခရီးသွားလို ဝန်ဆောင်မှုလုပ်ငန်းတွေ နဲ့ နိုင်ငံတကာချေးငွေတွေက တဆင့် ဒေါ်လာဝင်ငွေလမ်းကြောင်းတွေရှိပါတယ်။
စစ်ကောင်စီကတော့ အဘက်ဘက်က အရေးယူပိတ်ဆို့မှုတွေခံရပြီးတဲ့နောက် အဲဒီဝင်ငွေရလမ်းတွေဆုံးရှုံးခဲ့ပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီရဲ့ ဘဏ္ဍာရေးဒေါက်တိုင်က ပို့ကုန်ကရငွေ တစ်ခုတည်းရှိတော့တဲ့ အခြေအနေပါ။
ဘတ်ဂျက်လိုငွေနဲ့ ကျပ်တန်ဖိုးကျဆင်းလာမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ကောင်စီရဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၃ ၊ အောက်တိုဘာလက ထုတ်ပြန်ခဲ့တဲ့ ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်တွေအရ လက်ရှိ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လိုငွေက ကျပ် ၈ ဘီလျံ နီးပါးဖြစ်ပါတယ်။
မြန်မာမှာ ဘတ်ဂျက်လိုငွေက နှစ်စဥ်မြင့်တက်နေပေမဲ့ အခုနှစ်ဟာ နိုင်ငံတဝန်းစစ်ရေးမျက်နှာပြင် ပိုကျယ်ပြန့်လာပြီး စစ်အသုံးစရိတ်မြင့်တက်နေတာကြောင့် အရင်နှစ်တွေထက် လိုငွေပိုပြနိုင်တယ်လို့ စီးပွားရေးပညာရှင်တချို့က ခန့်မှန်းထားပါတယ်။
''စစ်အသုံးစရိတ် တက်နေတယ်။ နယ်စပ်ကုန်သွယ်ရေးရပ်နေတော့ အခွန်ရရှိမှုလျော့ကျလာတယ်။ ကုန်သွယ်ရေးလည်ပတ်ငွေတွေ မရှိဘူး။ အဲဒီအတွက် ဘတ်ဂျက်လိုငွေ က ခန့်မှန်းချက်ထက် ပိုတက်လာမယ်ဆိုတာ အမြင်နဲ့တောင် တွက်နိုင်ပါတယ်'' လို့ စီးပွားရေးအကဲခတ်တစ်ဦးကပြောပါတယ်။
စစ်ခေါင်းဆောင်ကတော့ ၂၀၂၄ ဧပြီ၊ မေနဲ့ ဇွန် သုံးလအတွင်း ပင်လယ်ရေကြောင်းကနေ ကုန်သွယ်မှုပြုလုပ်ခဲ့သလို နယ်စပ်မှာလည်း ကုန်သွယ်မှုတွေ လုပ်နိုင်ခဲ့တယ်လို့ ၂၀၂၄ ၊ ဇူလိုင်၂၉ ရက်က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာပြောပါတယ်။
သုံးလအတွင်း ပြည်တွင်း၊ ပြည်ပ ကုန်သွယ်ရေးဟာ အပေါင်းလက္ခဏာရှိခဲ့တယ်လို့ သူကဆိုပါတယ်။
ပို့ကုန်ကျပြီး သွင်းကုန်တွေ လုံလုံလောက်လောက်မသွင်းနိုင်ချိန်မှာပဲ သမဝါယမစနစ်ဟာ မြန်မာ့စီးပွားရေးကဏ္ဍ တိုးတက်မှုအတွက် အသင့်လျော်ဆုံးဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ဆော်သြနေပါတယ်။
ကုန်သွယ်ရေးကိန်းဂဏန်းတွေ တိုးလာတယ်လို့ စစ်ခေါင်းဆောင်က ပြောနေပေမဲ့ ပြည်တွင်းမှာ ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေသလို နယ်စပ်ကုန်သွယ်ရေး လည်ပတ်နိုင်မှုကလည်း ထက်ဝက်နီးပါး ကျဆင်းနေတယ်လို့ ကမ္ဘာ့ဘဏ်က ပြောထားပါတယ်။
မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာတာကလည်း ၂၀၂၄ ခုနှစ်မှာ အဆိုးရွားဆုံးဖြစ်လာပါတယ်။
ပြင်ပစျေးကွက်မှာတော့ သြဂုတ်ပထမပတ်မှာ တစ်ဒေါ်လာငွေလဲနှုန်း ကျပ် ၅၈၀၀ နဲ့ ၆၀၀၀ အထိရောက်ရှိလာပြီး ၂၀၂၀ နောက်ပိုင်း ၄ နှစ်တာကာလအတွင်း ၄ ဆကျော် မြင့်တက်လာတယ်လို့ Myanmar Market Price က တွက်ချက်ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်း ၃ နှစ်အတွင်းမှာ မြန်မာကျပ်ငွေတန်ဖိုး ၅၀ ရာခိုင်နှုန်းလောက်ကျဆင်းသွားတယ်ဆိုတာကို ကမ္ဘာ့ဘဏ်က ၂၀၂၃ ခုနှစ်မှာ ထုတ်ပြောခဲ့ပြီးဖြစ်ပါတယ်။
သုံးနှစ်ခွဲအတွင်းမှာ မြန်မာကျပ်ငွေ တန်ဖိုးကျသွားတာကို ရာခိုင်နှုန်းတွေမပြောဘဲတခြားနည်းနဲ့ မြင်သာအောင်လည်း တွက်ချက်နိုင်ပါတယ်။
- ၂၀၂၁ ဇန်နဝါရီ မှာ ၁ ဒေါ်လာ/၁၃၅၀ကျပ် -၂၀၂၄ နှစ်လယ်မှာ ၁ ဒေါ်လာ/ ၆၀၀၀ကျပ် (ပြင်ပပေါက်စျေး)
- သုံးနှစ်ခွဲ အတွင်း အမေရိကန်ဒေါ်လာငွေလဲနှုန်းကွာဟချက် - အနည်းဆုံးကျပ် ၄,၄၀၀ ကျော်
- ၂၀၂၁ ဇန်နဝါရီ ၁ ဘတ်/ ၄၈ ကျပ် - ၂၀၂၄ နှစ်လယ် ၁ ဘတ်/ ၁၆၀ ကျပ် (ပြင်ပပေါက်စျေး)
- သုံးနှစ်အတွင်း ထိုင်းဘတ်ငွေလဲနှုန်းကွာဟချက် - အနည်းဆုံးကျပ် ၁၀၀ ကျော်
တစ်ဒေါ်လာလဲနှုန်း ကျပ် ၆,၀၀၀ အထိရောက်ပြီး ကျပ်ငွေတန်ဖိုး ကျလာတာက သွင်းကုန်အားပြုသုံးရတဲ့ မြန်မာနိုင်ငံအတွက် ကုန်စျေးနှုန်းကြီးမြင့်မှုကိုဖြစ်စေတာ ထင်သာမြင်သာဖြစ်လာမှာပါ။
ဘီဘီစီရဲ့ မေးမြန်းခဲ့တဲ့ စီးပွားရေးအကဲခတ် ၂ ဦးထက်မနည်းနဲ့ ဗဟိုဘဏ်အရာထမ်းဟောင်းကတော့ ကျပ်တန်ဖိုး ဆက်တိုက်ကျဆင်းလာတဲ့ ပြဿနာရဲ့နောက်မှာ အာဏာကိုင်ထားသူတွေရဲ့ တည်ရှိမှုကိုပါ ခြိမ်းခြောက်လာနိုင်တဲ့အထိအခြေဆိုက်နိုင်တယ်လို့ သဘောထားတူဖြေကြပါတယ်။ သူတို့က သီရိလင်္ကာနိုင်ငံကြုံတွေ့ခဲ့တဲ့ စီးပွားရေးပြိုလဲမှုကို ဥပမာပေးပါတယ်။
'' စီးပွားရေးစပျက်ပြီဆိုရင် နိုင်ငံရေးလှုပ်ခတ်မှုတွေရှိစမြဲပါ။ သီရိလင်္ကာနိုင်ငံမှာလောလောလတ်လတ် ဖြစ်ခဲ့တာလည်း ငွေကြေးဖောင်းပွမှုများပြီး စီးပွားရေးအဆမတန်ထိခိုက်မှုကတဆင့် နိုင်ငံရေးပြောင်းလဲမှုကြီး ဖြစ်လာတာပါ'' လို့ ဗဟိုဘဏ်အရာထမ်းဟောင်းက မှတ်ချက်ပြုပါတယ်။
မြန်မာမှာငွေတန်ဖိုးကျဆင်းရတဲ့ အဓိကအကြောင်း သုံးခုရှိတာကို တွေ့ရပြီး Capital outflows ဆိုတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေအလုံးအရင်းနဲ့ ပြန်လည်ထွက်သွားတာ၊ Balance of Payment-BOP crisis ဆိုတဲ့ အရေးကြီးသွင်းကုန်များတင်သွင်းဖို့ နိုင်ငံခြားငွေပြတ်လပ်သွားတာနဲ့ Budget Deficit လို့ခေါ်တဲ့ ဘတ်ဂျက်လိုငွေပြမှု မြင့်မားလာတာကြောင့် ဖြစ်ပါတယ်။
ဒါ့အပြင် ဒါတွေကိုလက်ပူတိုက်ဖြေရှင်းဖို့ ငွေစက္ကူရိုက်ထုတ် ဖြေရှင်းတာမျိုးကလည်းငွေကြေးဖောင်းပွမှုကို ဖြစ်စေပြီး ကျပ်ငွေတန်ဖိုးကျလာစေတယ်လို့ စီးပွားရေးအကဲခတ်တွေကပြောပါတယ်။
မြန်မာမှာ ဘတ်ဂျက်လိုငွေက နှစ်တိုင်းရှိပေမဲ့ လိုငွေပြမှုပမာဏမြင့်လာတာနဲ့ ကာလရှည်ကြာဖြစ်လာတာက ကြွေးမြီပြဿနာကိုရင်ဆိုင်ရမှာဖြစ်ပြီးနိုင်ငံရဲ့ ဘဏ္ဍာရေးစနစ်ညီမျှနိုင်မှုမှာ ပြဿနာရှိလာမှာဖြစ်ပါတယ်။
''ပြဿနာတွေက မပြီးသွားပါဘူး။ ဈေးကွက်ထဲမှာ ဒေါ်လာဈေးအမျိုးမျိုး (Multiple exchange rates) ဖြစ်နေတဲ့ ပြဿနာကိုရှင်းရမှာပါ။ ဒေါ်လာဈေးကို ပုံသေသတ်မှတ်ခဲ့တဲ့အတွက် ဒေါ်လာဈေးအမျိုးမျိုး ဖြစ်လာတာပါ။ ဗဟိုဘဏ်ကပဲ ဒီပြဿနာတွေကိုဖန်တီးခဲ့လို့ ဗဟိုဘဏ်က ရှင်းမှရမှာ'' လို့ ဗဟိုဘဏ်အရာရှိဟောင်းက သုံးသပ်ပါတယ်။
စစ်ကောင်စီရဲ့ ဘဏ္ဍာရေးအခြေအနေကိုသိထားတဲ့ စီးပွားရေးအကဲခတ်ကတော့ ကုန်သွယ်ရေးလည်ပတ်မှု ဘက်ပေါင်းစုံက နည်းလာတာက တိုင်းပြည်ရဲ့ ဝင်ငွေနည်းလာမယ့် အကြောင်းအရင်းတွေ ဖြစ်လာမယ်လို့ ထောက်ပြပါတယ်။
‘’နယ်စပ်ကုန်သွယ်ရေးပြန်မဖွင့်နိုင်ရင်၊ ပို့ကုန်ကို မတွန်းနိုင်ရင် နောက် ၆ လအတွင်းမှာ တိုင်းပြည်ရဲ့ စီးပွားရေးအကျပ်အတည်းက အထွတ်အထိပ်ရောက်နိုင်တယ်။’’









