ဆန်၊ပဲ၊ပြောင်း ပို့ကုန်ရငွေနဲ့ စက်သုံးဆီဝယ်နိုင်တယ်လို့ စစ်ကောင်စီပြော

တရုတ်ပြည်ကို ဦးတည်သွားမယ့် ပြောင်းစေ့တွေကို ခြောက်သွေ့အောင် နေပြနေတဲ့ ချောက်မြို့နယ်က တောင်သူတစ်ဦး(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်ပြည်ကို ဦးတည်သွားမယ့် ပြောင်းစေ့တွေကို ခြောက်သွေ့အောင် နေပြနေတဲ့ ချောက်မြို့နယ်က တောင်သူတစ်ဦး(ပုံဟောင်း)

ပြည်ပကနေ စက်သုံးဆီဝယ်ယူနေရလို့ နိုင်ငံခြားငွေ လစဉ်လိုအပ်နေတဲ့ အခက်အခဲအတွက် စစ်ကောင်စီက မူဝါဒ အသစ်တစ်ခု ထပ်ချလိုက်ပြန်ပါတယ်။

အဲဒါကတော့ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနဲ့ပြောင်းတင်ပို့မှုကနေရတဲ့ ပို့ကုန်ရငွေ(နိုင်ငံခြားငွေ) ၇၀ ရာခိုင်နှုန်းကို စက်သုံးဆီသွင်းနေတဲ့ ကုမ္ပဏီတွေအတွက် ရောင်းပေးဖို့ ညွှန်ကြားလိုက်တာဖြစ်ပါတယ်။

ဒီမူဝါဒမှာ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနဲ့ပြောင်းတင်ပို့တဲ့ကုမ္ပဏီတွေ ကိုယ်တိုင်လည်း စက်သုံးဆီ တင်သွင်းနိုင်တယ်လို့ ခွင့်ပြုထားပါတယ်။

ဒီအပြောင်းအလဲနဲ့အတူ ပို့ကုန်ရငွေကို ဗဟိုဘဏ်ရည်ညွှန်းစျေး တစ်ဒေါ်လာ ၂၁၀၀ ကျပ်နဲ့ မဖြစ်မနေရောင်းပေးနေရတဲ့ရာခိုင်နှုန်းပါ လျော့ကျသွားတယ်လို့ ပို့ကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။

ခုနစ်ဆယ်- သုံးဆယ်

ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနဲ့ပြောင်း တင်ပို့တဲ့ ကုမ္ပဏီတစ်ခုချင်းရဲ့ ပို့ကုန်ကြေညာလွှာ‌တွေ ဗဟိုဘဏ်ကို ‌ပြရမယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနဲ့ပြောင်း တင်ပို့တဲ့ ကုမ္ပဏီတစ်ခုချင်းရဲ့ ပို့ကုန်ကြေညာလွှာ‌တွေ ဗဟိုဘဏ်ကို ‌ပြရမယ်လို့ဆို

ဒီစနစ်ကိုကျင့်သုံးတဲ့အခါ အကောက်ခွန်ဦးစီးဌာနက သူတို့ဆီမှာရှိတဲ့ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနဲ့ပြောင်း တင်ပို့တဲ့ ကုမ္ပဏီတစ်ခုချင်းရဲ့ ပို့ကုန်ကြေညာလွှာ(Export Declaration) စာရင်းတွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ပေးပို့မှာပါ။

ဗဟိုဘဏ်ကတဆင့် သက်ဆိုင်ရာ နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကားခွင့်(AD) လိုင်စင်ရတဲ့ဘဏ်တွေကို အဲဒီစာရင်းတွေ ထပ်မံပေးပို့သွားမှာဖြစ်ပါတယ်။

ဆန်၊ ပဲ၊ ပြောင်း တင်ပို့တဲ့ကုမ္ပဏီတွေဟာ ပို့ကုန်ရငွေ(နိုင်ငံခြားငွေ) ၇၀ ရာခိုင်နှုန်းကို စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေရဲ့ ပြည်ပကို ပေးချေရမယ့် နိုင်ငံခြားငွေစာရင်းမှာ ထည့်သွင်းပေးရမယ်လို့ ကုန်သည်စက်မှု အသင်းချုပ်ကလည်း အသိပေးထားပါတယ်။

ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းကို စက်သုံးဆီတင်သွင်းတဲ့ကုမ္ပဏီတွေကို ရောင်းတဲ့အခါ AD လိုင်စင်ရ ဘဏ်တွေရဲ့ အွန်လိုင်းကုန်သွယ်ပလက်ဖောင်း (Online Trading Platform)မှာ အရောင်းအဝယ်လုပ်ရမှာ ဖြစ်ပြီး မတူညီတဲ့ဘဏ်တွေကနေလည်း လွှဲပြောင်းနိုင်မှာဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဆန်၊ ပဲ၊ ပြောင်းတင်ပို့တဲ့ကုမ္ပဏီ ကိုယ်တိုင် စက်သုံးဆီ တင်သွင်းရင်လည်း ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းထဲကနေ ပေးချေရမှာဖြစ်ပါတယ်။

စက်သုံးဆီတင်သွင်းမယ့်ကုမ္ပဏီတွေ လိုင်စင်လျှောက်တဲ့အခါ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနဲ့ ပြောင်းကနေရတဲ့ ပို့ကုန်ရငွေ ဒါမှမဟုတ် အဲဒီကုမ္ပဏီတွေဆီက ပို့ကုန်ရငွေကို ဝယ်ယူထားတဲ့ အထောက်အထား မူရင်းကို တင်ပြရမှာလည်း ဖြစ်ပါတယ်။

ပြည်ပကနေ စက်သုံးဆီ နှစ်စဉ် အမေရိကန်ဒေါ်လာသန်းပေါင်း တစ်ထောင်ကျော်ကနေ နှစ်ထောင်နီးပါး သုံးစွဲနေရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

တင်သွင်းလာတဲ့ စက်သုံးဆီ ၉၅ ရာခိုင်နှုန်းကို သယ်ယူပို့ဆောင်ရေးနဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာသုံးပြီး ကျန်တဲ့ ၅ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ သုံးစွဲတယ်လို့ သိရပါတယ်။

ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းကို စက်သုံးဆီအတွက် ရောင်းချပေးလိုက်ပြီးတဲ့နောက် ကျန်တဲ့ ၃၀ ရာခိုင်နှုန်းအတွက်လည်း လုပ်ထုံးလုပ်နည်း နှစ်မျိုး သတ်မှတ်ထားပြန်ပါတယ်။

ကျန်တဲ့ ပို့ကုန်ရငွေ ၃၀ ရာခိုင်နှုန်း ထဲက ၃၅ ရာခိုင်နှုန်း ကို ဗဟိုဘဏ် ရည်ညွှန်းစျေး တစ်ဒေါ်လာ ၂,၁၀၀ ကျပ်နဲ့ တစ်ရက်အတွင်း လဲလှယ်ပေးရမယ်လို့ ညွှန်ကြားထားပါတယ်။

ပို့ကုန်ရငွေ ၃၀ ရာခိုင်နှုန်းထဲက ၆၅ ရာခိုင်နှုန်းကိုတော့ နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading Platform)မှာ ဖြစ်ပေါ်နေတဲ့ ဈေးကွက်ပေါက်ဈေးနဲ့ AD လိုင်စင်ရဘဏ်တွေမှာ ရောင်းချပေးရမှာဖြစ်ပါတယ်။

အလားတူ ရော်ဘာတင်ပို့မှုကရတဲ့ ပို့ကုန်ရငွေ(နိုင်ငံခြားငွေ) ၇၀ ရာခိုင်နှုန်းကိုလည်း ဓာတ်မြေသြဇာ တင်သွင်းတဲ့ ကုမ္ပဏီတွေအတွက် ရောင်းပေးဖို့ ညွှန်ကြားထားပါတယ်။

နိုင်ငံခြားသုံးငွေ ထိန်းချုပ်မှု ဖြေလျော့ပြီလား

စက်သုံးဆီဝယ်ယူမှုအပါအဝင် နိုင်ငံခြားသုံးငွေကို စစ်ကောင်စီက နှစ်နှစ်ကျော် ထိန်းချုပ်ခဲ့တဲ့မူဝါဒကြောင့် လုပ်ငန်းရှင်တွေ အခက်အခဲတွေကြုံခဲ့ရပြီး စစ်ကောင်စီရဲ့ စီးပွားရေးတာဝန်ခံ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းလည်း ထောင်ဒဏ်ချမှတ် အရေးယူခံရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

အာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၂ ခုနှစ်၊ ဧပြီ ၄ ရက်မတိုင်ခင်အထိ စစ်ကောင်စီဟာ ကုန်သည်တွေရဲ့ ပြည်ပပို့ကုန်ရငွေကို စျေး‌ကွက်ပေါက်စျေးနဲ့ လဲလှယ်ခွင့် ပေးခဲ့ပေမဲ့ ၂၀၂၂ ဧပြီ ၄ ရက်ကစပြီး ပို့ကုန်ဝင်ငွေ အားလုံးကို တစ်ဒေါ်လာ ငွေလဲနှုန်း ၁၈၅၀ နဲ့ စျေးဖြတ်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၂ ခုနှစ်၊ သြဂုတ် ၅ ရက် ကစတင်ပြီး ပို့ကုန်ဝင်ငွေထဲက ၆၅ ရာခိုင်နှုန်းကို ကျပ် ၂၁၀၀ နဲ့ ခံစားခွင့်ပေးခဲ့ပြီး ၃၅ ရာခိုင်နှုန်းကိုတော့ လွတ်လပ်စွာ လွှဲပြောင်းရောင်းချနိုင်တယ်လို့ ‌ပြောင်းလဲခဲ့ပါတယ်။

‘‘ဆိုတော့ ကိုယ်ရတဲ့ ပိုက်ဆံကို ၂,၁၀၀ နဲ့ ‌ရောင်းပေးရပြီး ကိုယ်လိုတဲ့ပိုက်ဆံကို စျေးကွက်ပေါက်စျေးနဲ့ (ဥပမာ တစ်ဒေါ်လာ ၂၉၀၀ ကျပ်ကျော်ချင်းလည်းကျော်မယ်) ပြန်ဝယ်ရတော့ အများကြီး ရှုံးတာပေါ့’’ လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဒါကတော့ ပို့ကုန်ရငွေ ကို ရာခိုင်နှုန်းအလိုက် ဗဟိုဘဏ် ရည်ညွှန်းစျေး တစ်ဒေါ်လာ ၂၁၀၀ ကျပ်နဲ့ မဖြစ်မနေရောင်းပေးခဲ့ရတဲ့အချိုးအစားတွေ ဖြစ်ပါတယ်။

ပုံမှန်ကုန်သွယမှု

ဓာတ်ပုံ ရင်းမြစ်, BBC

ဗဟိုဘဏ်ဟာ နိုင်ငံခြားငွေအသုံးပြုမှု ကန့်သတ်မှုတစ်ခုအနေနဲ့ ပုံမှန်ကုန်သွယ်မှုရော၊ နယ်စပ်ကုန်သွယ်မှုကပါရတဲ့နိုင်ငံခြားငွေတွေကို ရာခိုင်နှုန်းအလိုက် ရောင်းချဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။

နယ်စပ်ကုန်သွယ်ရေး