ဗဟိုဘဏ်က နိုင်ငံခြားငွေတွေလဲရမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကြောင့် စျေးကွက်မှာ အခက်ဖြစ်

ဓာတ်ပုံ ရင်းမြစ်, Shweinnthar KhinMgWin
နိုင်ငံခြားသုံးငွေနဲ့ ရတဲ့ဝင်ငွေတွေကို တစ်ရက် အတွင်း ကျပ်ငွေနဲ့ လဲလှယ်ရောင်းချရမယ်ဆိုတဲ့ ညွှန်ကြားချက်ကို ဗဟိုဘဏ်က မနေ့က ထုတ်ပြန်လာခဲ့ပြီး ဒီညွှန်ကြားချက်အသစ်ကြောင့် ဒေါ်လာနဲ့ဝင်ငွေရနေသူတွေ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေနဲ့ ဘဏ်တွေအကြား ဧပြီလ ၄ ရက်နေ့စပြီး ဂယက်ရိုက်သွားခဲ့ပါတယ်။
မနေ့က ရုံးပိတ်ရက် ဧပြီလ ၃ ရက်နေ့ တနင်္ဂနွေနေ့မှာ ဒီထုတ်ပြန်ချက်ထွက်လာခဲ့တာပါ။
ပြည်ပကနေ လိုင်စင်ရဘဏ်တွေဆီ ဝင်လာတဲ့ နိုင်ငံခြားသုံးငွေတွေကို အလုပ်လုပ်ရက်တစ်ရက်အတွင်း ကျပ်ငွေနဲ့ လဲရမယ်လို့ ဗဟိုဘဏ်က ညွှန်ကြားလိုက်တာဖြစ်ပြီးတော့ ဘယ်လိုလုပ်ရမယ်ဆိုတာကို နိုင်ငံခြားငွေတရားဝင်လိုင်စင်ရှိတဲ့ ဘဏ်တွေလည်း တိတိကျကျမသိသေးဘူးလို့ ဆိုပါတယ်။
နိုင်ငံခြားငွေစာရင်းထဲက ငွေတွေကို ငွေလဲနှုန်းကို အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၁၈၅၀ ကျပ် နဲ့ သတ်မှတ်ပေးလိုက်တာဖြစ်ပြီး နိုင်ငံခြားတင်ပို့တဲ့ ပဲမျိုးစုံစျေးကွက်မှာလည်း ဒီကနေ့ သက်ရောက်မှုတွေရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံခြားတင်ပို့နေတဲ့ အဓိက ကောက်ပဲသီးနှံ ပဲမျိုးစုံစျေးကွက်ဟာ ဧပြီလ ၄ ရက်နေ့မှာ စျေးကွက်အတွင်း အပြောင်းအလဲဖြစ်ခဲ့ပြီး ကမောက်ကမတွေဖြစ်နေတယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေက ဘီဘီစီကို ပြောပါတယ်။
နိုင်ငံခြားတင်ပို့နေတဲ့ ပြည်တွင်းက ပဲမျိုးစုံအဓိက ရောင်းဝယ်ကြတဲ့ မန္တလေး၊ မုံရွာ၊ ပခုက္ကူစတဲ့ ကုန်စည်ဒိုင်တွေမှာ ပဲစျေးတွေ ထိုးကျခဲ့သလို အချို့ကုန်စည်ဒိုင်တွေမှာ ပေါက်စျေး စျေးမဖွင့်ကြဘူးလို့လည်း သူတို့ကပြောပါတယ်။
ပဲစဥ်းငုံ အဓိကထွက်တဲ့ မုံရွာမြို့မှာ ပဲတစ်တင်းကို မနေ့က ကျပ် ၄၄၃၀၀ ကနေ ဒီကနေ့ ဧပြီလ ၄ ရက်နေ့မှာ ကျပ် ၄၂၃၀၀ အထိ တစ်ရက်အတွင်း ကျပ်နှစ်ထောင်လောက် ကျသွားခဲ့တယ်လို့ မုံရွာဒေသခံ ကုန်သည်တစ်ဦးက ပြောပါတယ်။
"ပဲစျေးကွက်အတွက် အတော်သက်ရောက်မှုကြီးတယ်၊ နယ်က ဒိုင်တွေမှာ အရောင်းအဝယ်မလုပ်ရဲတော့ဘဲ တောင်သူ၊ပွဲစားနဲ့ ကုန်သည်တွေ အကုန်လန့်ကုန်ကြတယ်"လို့ ပဲမျိုးစုံရောင်းဝယ်သူတစ်ဦးက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ပြည်ပဝယ်လိုအားရှိတဲ့ ပဲအမျိုးအစားတွေထဲ ပါဝင်တဲ့ မတ်ပဲဈေးနှုန်းအပြင် ပဲစဉ်းငုံ(RC)ဈေးကလည်း ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့ ပေါက်ဈေးထက် တစ်တန်ကို ကျပ် ၈ သောင်းနီးပါး လိုက်ပါကျဆင်းသွားခဲ့တယ်လို့ မန္တလေးကုန်စည်ဒိုင်က သိရပါတယ်။
ဗဟိုဘဏ်ထုတ်ပြန်ချက်ကြောင့် ပဲစင်းငုံ၊ မတ်ပဲ အရောင်းအဝယ်တွေ ဧပြီ ၄ရက်နေ့ မန္တလေးမှာ ရပ်တန့်လုနီးပါး ဖြစ်သွားသလို အိတ်စပို့စ်ပို့ကုန်ပဲအမျိုးစားတွေလည်း ၅ ရာခိုင်နူန်းကနေ ကနေ ၁၀ရာခိုင်နူန်းထိ ဈေးကျသွားတယ်လို့ မန္တလေး ပဲနှမ်းကုန်သည်တွေက ပြောပါတယ်။
မန္တလေးမြို့ကနေ တရုတ်၊ အိန္ဒိယဘက်ကို အိတ်စပို့ပို့ကုန် အများဆုံးပို့ပေးရတဲ့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း ပဲနှမ်းအရောင်းအဝယ်မှာ တရုတ်ပြည်ဘက်သွားတဲ့ ပဲမျိုးစုံ တစ်ရက်ကို တန်ချိန်ပေါင်း ထောင်ဂဏန်း အရောင်းအဝယ်ရှိခဲ့ရာကနေ ဒီကနေ့ ပဲအမျိုးအစား အများစုဈေးကျလို့ တန်ချိန် ရာဂဏန်းထိ ကျဆင်းသွားတယ်လို့ မန္တလေး ပဲနှမ်းကုန်စည်ဒိုင်က သိရပါတယ်။
ရန်ကုန်မြို့က ပြည်ပတင်ပို့တဲ့ ပဲမျိုးစုံ အဓိက ရောင်းဝယ်တဲ့ ဘုရင့်နောင်မှာတော့ မတ်ပဲနဲ့ ပဲစဥ်းငုံအနီ ပဲတစ်တန်ကို ကျပ်တစ်သိန်းလောက်အထိစျေးကျသွားပြီး အပြောင်းအလဲရိုက်ခတ်မှုကြီးတယ်လို့ ကုန်သည်တွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
အခု ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ဟာ ကုန်သွယ်မှုကရငွေရော ကုန်သွယ်မှုကမဟုတ်တဲ့ရငွေပါ အကျုံးဝင်ပြီး ဒီညွှန်ကြားချက်မတိုင်မီ ဖွင့်လှစ်ထားတဲ့ နိုင်ငံခြားငွေစာရင်းတွေလည်း အကျုံးဝင်တယ်လို့ ဗဟိုဘဏ်ကထုတ်ပြန်ခဲ့ပါတယ်။
ဒီညွှန်ကြားချက်က နိုင်ငံခြားငွေစာရင်းရှိသူတွေဟာ ပြင်ပပေါက်စျေးနဲ့ ယှဉ်ရင် ၁၀ ရာခိုင်နူန်းလောက် စာရင်းထဲမှာ အရှုံးပေါ်သွားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ နိုင်ငံခြားငွေ စာရင်းထဲဝင်လာတဲ့ ဒေါ်လာတွေကို ကျပ်ငွေအဖြစ် ဘဏ်က အလိုအလျောက်ပြောင်းပေးမှာလား ကိုယ်တိုင်သွားပြောင်းရမှာလား ဆိုတာကိုလည်း ဘဏ်တွေက အဖြေမပေးနိုင်ဘူးဖြစ်နေတယ်လို့ လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
တနင်္ဂနွေ ရုံးပိတ်ရက်မှာထုတ်လိုက်တဲ့ ဒီထုတ်ပြန်ချက်ကြောင့် အစိုးရဘဏ်အပါအဝင် ဘဏ်တွေအနေနဲ့ နိုင်ငံခြားငွေလွှဲပြောင်းမှုနဲ့ စာရင်းဖွင့်မှုတွေကိုပါ ရပ်ထားလိုက်ပြီး ဗဟိုဘဏ်ရဲ့ အသေးစိတ်ညွှန်ကြားချက်တွေကို စောင့်မျှော်နေကြပါတယ်။
ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်ထဲ ပြည်ပကိုလွှဲမယ့် နိုင်ငံခြားငွေတွေကိုလည်း နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ခွင့်ပြုချက်နဲ့ပဲ ဆောင်ရွက်ရမယ်လို့ ပါရှိပါတယ်။
ငွေလဲနှုန်း ၁၈၅၀ ကျပ် နဲ့ တည်ငြိမ်ပြီး သွင်းကုန်လုပ်ငန်းရှင်တွေကို ဘဏ်တွေကနေ ဒေါ်လာရောင်းပေးနိုင်ရင် စက်သုံးဆီနဲ့ စားသုံးဆီစျေးနှုန်းတွေလည်း ကျဆင်းလာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဗဟိုဘဏ်က ငွေကျပ်လဲလှယ်နှုန်းအဖြစ် အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၁၈၅၀ကျပ်နဲ့ သတ်မှတ်ပေးလိုက်ပြီး တခြားငွေ လဲလှယ်စျေးတွေကိုလည်း ၁၈၅၀ကျပ်နဲ့သာ အခြေခံတွက်ချက်ဆောင်ရွက်ရမှာဖြစ်တယ်လို့ဆိုပါတယ်။
ငွေလဲလှယ်နှုန်းအပြောင်းအလဲရှိရင် ဗဟိုဘဏ်ကနေ အဲဒီအတွက်ထပ်ပြီးညွှန်ကြားသွားမယ်လို့ ထုတ်ပြန်ချက်ကဖော်ပြပါတယ်။
ဒါ့အပြင် နိုင်ငံခြားသုံးငွေတွေ ပြည်ပကိုလွှဲပြောင်းတာကိုလည်း နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီရဲ့ ခွင့်ပြုချက်နဲ့သာ ဆောင်ရွက်ရမယ့်အပြင် ညွှန်ကြားချက်တွေ ဆက်ထုတ်ပြန်သွားဖို့ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်တွေကို လိုက်နာမှုမရှိရင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူတာခံရမယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီကနေ နယ်စပ်ဂိတ်တွေမှာ နိုင်ငံအလိုက်ငွေကြေးတွေနဲ့ မြန်မာကျပ် တိုက်ရိုက်လဲလှယ်အသုံးပြုဖို့ခွင့်ပြုနေသလို အခုလို သတ်မှတ်လာတာဟာ အမေရိကန် ဒေါ်လာအသုံးပြုမှု လျှော့ချချင်တာလို့ စီးပွားရေးစောင့်ကြည့်သူတွေက ထောက်ပြကြပါတယ်။
ဒါ့အပြင် ရွှေ၊ ဒေါ်လာ၊ဆန်၊ပဲ၊ စက်သုံးဆီ၊ စားအုံးဆီစျေးတွေနဲ့ ဆေးဝါးတွေ အရင်အပတ်ကထက် စျေးကျလာနိုင်တယ်လို့လည်း စီးပွားရေးလုပ်ငန်းရှင်က ခန့်မှန်းထားကြပါတယ်။
လက်ရှိမှာတော့ အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်လာငွေလဲလှယ်နှုန်းတွေ စံချိန်တင်မြင့်တက်ခဲ့ကာ ပြည်တွင်းကုန်စျေးနှုန်းတက်၊ စီးပွားရေးကျပ်တည်းမှုဒဏ်ကို ပြည်သူတွေ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။








