ရိုးမရဲ့ ဘီလျံနာသူဌေးကြီး ဆာ့ချ်ပန်းကို စစ်ကောင်စီက စစ်ဆေးနေ

နေပြည်တော်မှာ စစ်ဆေးခံနေရတဲ့ FMI ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိမ်းဝေ ခေါ် Mr. Serge Pun

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နေပြည်တော်မှာ စစ်ဆေးခံနေရတဲ့ FMI ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိမ်းဝေ ခေါ် Mr. Serge Pun
    • ရေးသားသူ, မင်းသစ်
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

ရိုးမဘဏ်နဲ့ ရိုးမအုပ်စုတည်ထောင်သူ ဦးသိမ်းဝေ (ခ) ဆာ့ချ်ပန်း - Serge Pun ကို နေပြည်တော်မှာ ထိန်းသိမ်းစစ်ဆေးနေတာ လနဲ့ချီကြာနေပြီလို့ ဘီဘီစီ ရဲ့ သတင်းရင်းမြစ် ၃ ဦး ထက်မနည်းက အတည်ပြုပါတယ်။

ဦးသိမ်းဝေကို ရိုးမဘဏ်၊ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ထဲက ပန်းလှိုင်အိမ်ရာစီမံကိန်းနဲ့ ဆေးရုံ၊ FMI စီးတီးအိမ်ရာစီမံကိန်းတွေနဲ့ မြန်မာမှာ လူသိများပါတယ်။

အရင်အစိုးရတွေနဲ့ရော၊ လက်ရှိအာဏာသိမ်းစစ်ကောင်စီနဲ့ပါ တွဲဖက်မြင်တွေ့ရလေ့မရှိဘဲ စီးပွားရေးလုပ်ငန်းသက်သက်ကို အာရုံစိုက်လုပ်တဲ့ ဘီလျံနာအဖြစ် ဦးသိမ်းဝေကို မြန်မာနိုင်ငံမှာ စီးပွားရေးလောကသားအများစုက မှတ်ချက်ပြုထားကြပါတယ်။

ဦးသိမ်းဝေကို နေပြည်တော်စစ်ကြောရေးမှာ စစ်ဆေးနေတာလို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဦးသိမ်းဝေကို ဘာကြောင့်ထိန်းသိမ်းထားလဲ

အာဏာသိမ်းပြီးစ ၂၀၂၁ ဧပြီက ဘဏ်လုပ်ငန်းရှင်တွေကိုစစ်ခေါင်းဆောင် ခေါ်တွေ့ခဲ့ချိန်က တွေ့ရတဲ့ ဦးသိမ်းဝေအပါအဝင် ဘဏ်လုပ်ငန်းရှင်တွေ

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းပြီးစ ၂၀၂၁ ဧပြီက ဘဏ်လုပ်ငန်းရှင်တွေကို စစ်ခေါင်းဆောင် ခေါ်တွေ့ခဲ့ချိန်ကတွေ့ရတဲ့ ဦးသိမ်းဝေ (အနက်ရောင်တိုက်ပုံဝတ်ထားသူ) အပါအဝင် ဘဏ်လုပ်ငန်းရှင်တွေ

ဦးသိမ်းဝေနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် ၂ ဦးထက်မနည်းကတော့ ''သူ့ကိုဘဏ်နဲ့ အိမ်ရာစီမံကိန်းချေးငွေကိစ္စ၊ မြေယာကိစ္စတွေနဲ့ စစ်ဆေးနေတာ'' လို့ ဘီဘီစီကို အတည်ပြုပြောပါတယ်။

"ခေါ်စစ်နေတာ ၂ လ နီးပါးကြာပြီဆိုတော့ အမှုဖွင့်ခံရဖို့များနေတယ်။ ကံကောင်းမှ ပြန်လွတ်နိုင်မယ်လို့" နေပြည်တော်စစ်ကြောရေးက အခြေအနေကိုသိသူက ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်တဲ့ ဘီဘီစီရဲ့ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးကတော့ Yoma Land က အိမ်ရောင်းချတဲ့လုပ်ငန်းတွေမှာ ရိုးမဘဏ်က တဆင့်ငွေထုတ်ချေးပေးတာတွေရှိနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီရောင်းချတဲ့ အိမ်တွေဟာ ဘန်ကောက်က အိမ်ရာတွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့အချက်နဲ့ ဦးသိမ်းဝေ စစ်ဆေးခံနေရတာလို့ အဲဒီသတင်းရင်းမြစ်က သူသိထားတဲ့သတင်းအချက်အလက်ကို ပြောပါတယ်။

ခေါ်ယူစစ်ဆေးခံနေရတဲ့အထဲမှာ ရိုးမဘဏ်ဘက်ကတာဝန်ရှိသူပိုများပြီး Yoma Land ဘက်က တာဝန်ရှိသူ အနည်းငယ်ပါတယ်လို့ ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဇူလိုင် ၁၀ ရက် ရိုးမဘက်က ထုတ်ပြန်ချက်မှာတော့ လုပ်ငန်းတည်ထောင်သူ ဦးသိမ်းဝေဟာ နေပြည်တော်မှာရှိနေပြီး ဘဏ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ကိစ္စရပ်တွေအတွက် ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။

“ခေါ်စစ်ခံနေရတာ ကြာတော့ စိတ်ပူတယ်။ ကျွန်မတို့လည်း ဆုတောင်းနေရတယ်” လို့ ဦးသိမ်းဝေနဲ့ ပုဂ္ဂိုလ်ရေးအရရင်းနှီးခင်မင်တဲ့ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးကဘီဘီစီကို ပြောပါတယ်။

ဒီ ဘဏ် ၇ ခုဟာ အိမ်ရာချေးငွေတွေထုတ်ချေးတဲ့အပိုင်းမှာ အကျိုးအမြတ်ပိုရအောင်လုပ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

အရေးယူခံရမယ်ဆိုတဲ့ ဘဏ်တွေထဲမှာ ဘီလျံနာသူဌေးကြီးတွေဖြစ်တဲ့ ဦးဇော်ဇော်ပိုင်တဲ့ ဧရာဝတီဘဏ်၊ ဦးသိမ်းဝေပိုင်တဲ့ ရိုးမဘဏ်နဲ့ ဦးနေအောင်ပိုင်တဲ့ ယူအေဘီဘဏ်တွေ ပါဝင်ပါတယ်။

ဒါအပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုအောက်မှာရှိတဲ့ ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ် တို့လည်းပါဝင်ပါတယ်။

စစ်ကောင်စီရဲ့ ဘဏ်အလိုက်ငွေပိုထုတ်ချေးတဲ့ ပမာဏဖော်ပြချက်တွေအရ ဆောက်လုပ်ရေး၊ အိမ်ရာနဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်က ဗဟိုဘဏ်သတ်မှတ်ပမာဏထက် ၁၆ ရာခိုင်နှုန်းကျော်လွန်ပြီး အများဆုံးပိုထုတ်ချေးထားတဲ့ဘဏ်လို့ ဆိုပါတယ်။

ရိုးမဘဏ်က ၁၁ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားများဘဏ်က ၈ ဒသမ ၉၄ ရာခိုင်နှုန်း၊ ဧရာဝတီဘဏ်က ၁ ဒသမ ၉၆ ရာခိုင်နှုန်း၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်က ၁ ဒသမ ၀၁ ရာခိုင်နှုန်း၊ ယူအေဘီဘဏ်က ၃ ဒသမ ၃၈ ရာခိုင်နှုန်းနဲ့ မြန်မာမက်ထရိုဘဏ်က ၀ ဒသမ ၃၉ ရာခိုင်နှုန်း အစရှိတဲ့ ရာခိုင်နှုန်းတွေ ပိုထုတ်ချေးထားတယ်လို့ ဖော်ပြပါတယ်။

ဘဏ်တွေအနေနဲ့ အိမ်ရာစီမံကိန်းတွေနဲ့ ပတ်သက်တဲ့ ချေးငွေကို ထုတ်ချေးမယ်ဆိုရင် ဘဏ်တစ်ခုလုံးရဲ့ ချေးငွေပမာဏထဲက ၅ ရာခိုင်နှုန်းကိုသာ ထုတ်ချေးခွင့်ရှိတယ်လို့ သတ်မှတ်ထားပါတယ်။

စစ်ကောင်စီအပြောအရ ဆိုရင် သတ်မှတ်ချက်ပမာဏထက်ပိုပြီး ငွေထုတ်ချေးခဲ့ကြတဲ့ဘဏ်တွေဟာ အရေးယူခံရမှာအပြင် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ အရ ထိရောက်တဲ့ ဒဏ်ကြေးပေးဆောင်ရမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီဘဏ်တွေထဲမှာမှ ရိုးမဘဏ်တည်ထောင်သူ ဦးသိမ်းဝေတစ်ဦးတည်းကို ဘာကြောင့် ခေါ်ယူ စစ်ဆေးမေးမြန်းနေတာလဲဆိုတဲ့ အသေးစိတ်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။

ဘီဘီစီအနေနဲ့ ဦးသိမ်းဝေခေါ် ယူစစ်ဆေးခံနေရတဲ့ အခြေအနေနဲ့ပတ်သက်လို့ ရိုးမလုပ်ငန်းစုကြီးကို အီးမေးလ်ကတဆင့်ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

"ဦးသိမ်းဝေ ကိစ္စက ရှုပ်ထွေးနေတယ်" လို့ နေပြည်တော်စစ်ကြောရေးဘက်က အခြေအနေကိုသိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဇွန်လက စစ်ကောင်စီက ထိုင်းနိုင်ငံက ကွန်ဒိုနဲ့ အိမ်ခြံမြေတွေရောင်းဝယ်ရာမှာ ပါဝင်ပတ်သက်တဲ့ မြန်မာနိုင်ငံသားတချို့ကို အရေးယူခဲ့ပါတယ်။

အဲဒီကာလကစလို့ ရိုးမအုပ်စုရဲ့ ဦးဆောင်သူ ဦးသိမ်းဝေ ခေါ် ဆာ့ချ်ပန်းနဲ့အတူ Yoma Land နဲ့ ရိုးမဘဏ်က ဒါရိုက်တာအဆင့်ရှိသူ ၈ ဦးကို စစ်ဆေးမေးမြန်းနေတယ်ဆိုတဲ့ သတင်းတွေစထွက်ခဲ့တာပါ။

ရိုးမစီးပွားရေးအုပ်စုရဲ့ အိမ်ခြံမြေလုပ်ငန်း Yoma Land ဟာ ထိုင်းနိုင်ငံက အိမ်ခြံမြေတွေရောင်းဝယ်ရာမှာ ပါဝင်ပတ်သက်တာမရှိဘူးလို့ ရိုးမဘက်က အဲဒီအချိန်ကတည်းက The Straits Times သတင်းဌာနကို ငြင်းချက်ထုတ်ခဲ့ပါတယ်။

ဒီသတင်းတွေဆက်တိုက်ထွက်လာချိန်မှာပဲ စင်္ကာပူစတော့အိတ်ချိန်း စာရင်းဝင် ရိုးမလုပ်ငန်းစုရဲ့ ရှယ်ယာတွေ ဇူလိုင် ၁၀ ရက်မှာ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ စင်္ကာပူအခြေစိုက် စထရိတ်တိုင်းမ် သတင်းစာက ဖော်ပြပါတယ်။

ဒီရာခိုင်နှုန်းက ရိုးမလုပ်ငန်းစုအောက်က ရိုးမကုမ္ပဏီရဲ့ အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ မစ္စတာ ဆာ့ချ်ပန်း နေပြည်တော်မှာ ထိန်းသိမ်းခံနေရတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ စင်္ကာပူစတော့ စာရင်းဝင် Yoma Strategic Holdings Ltd ရဲ့ ရှယ်ယာတွေ ၃ နှစ်အတွင်း အများဆုံးကျဆင်းသွားခဲ့တာပါ။

ဖြတ်လမ်းနည်းမလိုက်ဘူးဆိုတဲ့ သီရိပျံချီ FMI ဦးသိမ်းဝေ

အမေရိကန်ဒေါ်လာ ၁ ဘီလျံ နီးပါးချမ်းသားတဲ့ ရိုးမ ဦးသိမ်းဝေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်ဒေါ်လာ ၁ ဘီလျံ နီးပါးချမ်းသားတဲ့ ရိုးမ ဦးသိမ်းဝေ

မြန်မာမှာမွေးပြီး တရုတ်၊ ဟောင်ကောင်နဲ့ စင်္ကာပူနိုင်ငံတွေရဲ့ စီးပွားရေးလောကထဲမှာ ဆယ်စုနှစ် ၃ ခုကျော်ကြာ ကျင်လည်ခဲ့တဲ့ ဦးသိမ်းဝေဟာ ၁၉၉၀ ပြည့်နှစ်ကတည်းက ပြည်တွင်းမှာ စီးပွားရေးလုပ်ငန်းတွေ ပြန်အခြေချခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ ပထမဆုံး စျေးဝယ်စင်တာ FMI ကို သူ(ဦးသိမ်းဝေ) စလုပ်ခဲ့တာ” လို့ FMI ကုမ္ပဏီရဲ့ အကြီးတန်းဝန်ထမ်းဟောင်းတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အဲအချိန်တုန်းက နဝတအစိုးရလက်ထက်မှာ စီးပွားရေးလုပ်ငန်းတွေကို တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ် အေဘယ်က ပြည်တွင်းမှာ စီးပွားရေးပြန်လာလုပ်ဖို့ ဖိတ်ခေါ်ခဲ့တာလို့ စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်း ကဆိုပါတယ်။

"သူက နိုင်ငံခြားသားကနေ မြန်မာနိုင်ငံသား ပြန်ပြောင်းခဲ့တာ။"

"အခုချမ်းသာနေကြတဲ့ ထိပ်တန်းသူဌေးကြီးတွေ စီးပွားရေးအကြောင်း မသိသေးတဲ့ အချိန်ကတည်းက သူ ( ဦးသိမ်းဝေ) က နိုင်ငံတကာမှာ တန်းဝင်အောင်လုပ်နိုင်နေပြီ"လို့ ဦးသိမ်းဝေနဲ့ နီးကပ်တဲ့ဆက်ဆံရေး ရှိသူ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

၁၉၉၃ ခုနှစ် မှာ ဦးသိမ်းဝေဟာ ဘဏ်လုပ်ငန်းလိုင်စင်ရရှိခဲ့ပြီး အဲဒီကာလက မြန်မာမှာ ဒုတိယမြောက်ပုဂ္ဂလိကဘဏ်ဖြစ်ခဲ့တဲ့ ရိုးမဘဏ်ကို ဖွင့်လှစ်ခဲ့ပါတယ်။

ဦးသိမ်း‌ဝေ ဥက္ကဋ္ဌ လုပ်နေတဲ့ FMI ကုမ္ပဏီလက်အောက်မှာ ရိုးမဘဏ်၊ ရိုးမမြေ နာမည်နဲ့လုပ်တဲ့ လှိုင်သာယာက FMI အိမ်ရာ၊ သန်လျင်က စတားစီးတီးအိမ်ရာစတဲ့ အိမ်ရာစီမံကိန်းတွေ၊ ပန်းလှိုင်ဆေးရုံ၊ ခရီးသွားလုပ်ငန်းအတွက် Memories Group၊ FMI စတော့အိပ်ချိန်း နဲ့ YKKO ကြေးအိုး စတဲ့စီးပွားရေးလုပ်ငန်းတွေပါဝင်တယ်လို့ FMI ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

တဖက်မှာလည်း ဦးသိမ်းဝေ ဟာ NLD အစိုးရလက်ထက် ရန်ကုန်မြို့သစ်စီမံကိန်း မှာ ဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီး စီမံကိန်းနဲ့ ပတ်သက်ပြီး ရန်ကုန်မှာလုပ်ခဲ့တဲ့ စီမံကိန်းဆွေးနွေးပွဲမှာပြောဆိုခဲ့တဲ့ စကားလုံး အသုံးအနှုန်းတွေအပေါ် ဝေဖန်ခံခဲ့ရဖူးပါတယ်။

မြန်မာမှာ အာဏာသိမ်းပြီးနောက် ကမ္ဘာ့ဘဏ်အုပ်စုရဲ့ နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ဟာ ဦးသိမ်းဝေပိုင်တဲ့ရိုးမဘဏ်မှာ ရင်းနှီးမြှုပ်နှံထားရာကနေ နုတ်ထွက်ခဲ့တာတွေ ရှိခဲ့ပါတယ်။

ရိုးမဘဏ်ဟာ စစ်တပ်ပိုင် အင်းဝဘဏ်နဲ့ ငွေလွှဲပို့မှု အကြိမ်ရေ ရာနဲ့ချီလုပ်ထားတယ်လို့ စစ်တပ်ရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုစောင့်ကြည့်သုတေသနပြုတဲ့ Justice For Myanmar (JFM) က ဖွင့်ချထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင်လတုန်းကလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာတဲ့ ဦးသိမ်းဝေရဲ့ အခမ်းအနားတစ်ခုမှာစကားပြောတဲ့ ရုပ်သံမှတ်တမ်းနဲ့ ပတ်သက်ပြီးတော့လည်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကဝေဖန်ခဲ့ကြပါတယ်။

အဲဒီ ရုပ်သံမှတ်တမ်းထဲမှာ “ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ နေပြည်တော်ကို သွားသိမ်းဖို့ရှိ စိတ်ရှိလား၊ မရှိဘူး။ နေပြည်တော်ကို စိတ်မဝင်စားဘူး။ အဲဒါဆို ငါ စိတ်ကျေနပ်ပြီ” လို့ ဦးသိမ်းဝေက ပြောခဲ့ပါတယ်။

ဦးသိမ်းဝေ အဲဒီရုပ်သံဖိုင်မှာ ဆက်ပြောထားတာက '' နေပြည်တော်ကိုမတိုက်ရင် ရပြီ။ မင်းဒေသမှာ မင်းတို့တိုက်ပါ။ လူတိုင်းကနေပြည်တော်ကိုမက်နေကြရင်တော့ ငါတို့က ဒုက္ခရောက်မှာ။ ဆိုတော့အဲဒီမှာ တို့ရဲ့ အခြေအနေကတော့ ကောင်းတယ်လို့ ပြောလို့မရဘူး'' လို့ စစ်အာဏာသိမ်းတဲ့နောက် စစ်ရေးမျက်နှာပြင်ကျယ်ပြန့်လာတဲ့အပေါ် အခမ်းအနားမှာ တခြားသူတစ်ဦးက မေးခွန်းထုတ်တာကို ဦးသိမ်းဝေကပြန်ဖြေခဲ့တာလို့ နားလည်ရပါတယ်။

ဦးသိမ်း‌ဝေ ရဲ့ နောက်ထပ် ခရီးသွားလုပ်ငန်းခွဲ Memories Group ကုမ္ပဏီ ရဲ့ လက်အောက်မှာလည်း Awei Pila Resort ကြယ် ၅ ပွင့် ဟိုတယ်အပါအဝင် ခရီးသွားလုပ်ငန်း ၅ ခုထက်မနည်း ရှိနေပါတယ်။

Awei Pila Resort ဟာ တနင်္သာရီတိုင်း ကော့သောင်းမြို့ကနေ အမြန်စက်လှေနဲ့ ၂ နာရီကြာသွားရတဲ့ သစ်တောဌာနပိုင် လန်ပိအဏ္ဏဝါအမျိုးသား ဥယျာဉ်ဘေးမဲ့တောထဲထဲက မြေဧက ၁၀၀ ကျော်မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

အဲဒီမြေတွေကို တစ်နှစ်အတွက် အမေရိကန်ဒေါ်လာ ၄၂,၀၆၃ နဲ့ ငှားရမ်းခဲ့တယ်လို့ ဘီဘီစီက ရရှိထားတဲ့ သစ်တောဌာနကနေ စစ်ကောင်စီကို လျှို့ဝှက်အဆင့်နဲ့ ပေးပို့တဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။

လန်ပိဘေးမဲ့တောထဲက Awei Pila Resort ဟိုတယ်ဖွင့်ထားတဲ့ နေရာကို ဝါးလယ်ကျွန်းလို့ ဒေသခံတွေက ခေါ်ကြပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် သတင်းမီဒီယာတွေကတော့ အဲဒီနေရာကို “ဒုတိယဖူးခက်” လို့ ခေါင်းစဉ်ပြီး ရေးသားကြပါတယ်။

FMI ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ပွင့်လင်းမြင်သာထုတ်ပြန်ထားတဲ့ ၂၀၂၃ ခုနှစ် အစီအရင်ခံစာထဲမှာတော့ “FMI ကုမ္ပဏီ က အခက်အခဲတွေကို အောင်မြင်စွာကျော်ဖြတ်နိုင်ပြီးနောက် ပိုမိုကြံခိုင်လာကာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို မျှော်မှန်းတော့မယ်” လို့ ဦးသိမ်းဝေက ရှယ်ယာရှင်တွေကို ပြောထားပါတယ်။

ဒါအပြင် ရိုးမဘဏ်ဟာ ငွေကြေးခဝါချတာတွေနဲ့ အကြမ်းဖက်မှုအတွက်ငွေကြေးထောက်ပံတာတိုက်ဖျက်ရေးတွေကို အာရုံစိုက်လုပ်ဆောင်နေတယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။

FMI ကုမ္ပဏီ ရဲ့ ဝင်ငွေဟာ ၂၀၂၃ ခုနှစ်မှာ မြန်မာကျပ် ၃၃၉ ဒသမ ၆ ဘီလျံ ဝင်ခဲ့ပြီး အရင် ၂၀၂၂ ခုနှစ်ကထက် ၂၀ ရာခိုင်နှုန်းတိုးတက်ခဲ့တယ်လို့လည်း ပြောပါတယ်။

အဲဒီဝင်ငွေထဲမှာ FMI ကုမ္ပဏီ အောက်မှာရှိတဲ့ ရိုးမဘဏ်က ကျပ် ၂၇၉ ဘီလျံ၊ ပန်းလှိုင်ဆေးရုံက ၆၀ ဒသမ ၅ ဘီလျံ အထိဝင်ခဲ့တယ်လို့ ဦးသိမ်းဝေက ပြောပါတယ်။

ဦးသိမ်းဝေဟာ စင်္ကာပူနိုင်ငံရဲ့ အချမ်းသာဆုံးအယောက် ၅၀ စာရင်းထဲမှာ ပါဝင်တယ်လို့ ကမ္ဘာကျော် Forbes စီးပွားရေးမဂ္ဂဇင်းရဲ့ ၂၀၁၇ စစ်တမ်းတွေ အရ သိရပါတယ်။

၂၀၁၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၅၀၅ သန်း ပိုင်ဆိုင်နေတာ ကနေ တစ်နှစ်အတွင်း သန်း ၃၀၀ ကျော်တိုးပြီး ၂၀၁၆ အရောက်မှာ ဒေါ်လာ ၈၁၅ သန်းအထိ ပိုင်ဆိုင်ခဲ့တယ်လို့လည်း Forbes မဂ္ဂဇင်း က ပြောပါတယ်။

ဦးသိမ်းဝေ ကတော့ “ကျွန်တော်တို့မှန်မှန်ကန်ကန်ပဲလုပ်တယ်။ ကျွန်တော်တို့ ဖြတ်လမ်း မလိုက်ဘူး” လို့ Forbes စီးပွားရေးမဂ္ဂဇင်းကို တုံ့ပြန်ခဲ့ဖူးပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဘီလျံနာသူဌေးကြီးတွေ

ဖမ်းဆီးခံထားရတဲ့ မြန်မာ့ရှေ့ဆောင်ဘဏ် ဥက္ကဋ္ဌ ဧဒင်ဦးချစ်ခိုင်

ဓာတ်ပုံ ရင်းမြစ်, မြန်မာ့ရှေ့ဆောင်ဘဏ်

ဓာတ်ပုံ ပုံစာ, ဖမ်းဆီးခံထားရတဲ့ မြန်မာ့ရှေ့ဆောင်ဘဏ် ဥက္ကဋ္ဌ ဧဒင်ဦးချစ်ခိုင်

အာဏာသိမ်း ၃ နှစ်ခွဲအတွင်းမှာ ပြည်တွင်းက ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေထဲက ဧဒင် ဦးချစ်ခိုင်၊ ဇေကမ္ဘာဦးခင်ရွှေနဲ့ သူ့ရဲ့သားဖြစ်သူ ဦးဇေသီဟ အပါအဝင် ၃ ဦး ထက်မနည်းကို စစ်ကောင်စီကဖမ်းဆီးထားတာပါ။

စစ်ကောင်စီရဲ့ လူဖမ်းပွဲတွေမှာ မြန်မာ့ရှေ့ဆောင်ဘဏ် အပါအဝင် ဧဒင် လုပ်ငန်းစု ဥက္ကဋ္ဌ ဦးချစ်ခိုင် က အစောဆုံးဖမ်းဆီးခံခဲ့ရတာပါ။

ဦးချစ်ခိုင်ကို NLD သစ်တောသယံဇာတ ဝန်ကြီး ဦးအုန်းဝင်း အမှုနဲ့ဆက်စပ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း တီကျစ်ကျောက်မီးသွေးစက်ရုံကနေရတဲ့ ဝင်ငွေခွန်ထိန်ချန်မှု စွပ်စွဲချက်နဲ့စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

ဦးချစ်ခိုင်ဟာ အင်းစိန်မြို့နယ် NLD ပါတီဝင်ဟောင်း တစ်ဦးဖြစ်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲလွန်ကာလတွေတုန်းကလည်း ၆ လနီးပါး အင်းစိန်အကျဥ်းထောင်မှာ ဖမ်းဆီးခံခဲ့ရဖူးပါတယ်။

အခုတစ်ကြိမ်ဟာ NLD နဲ့ပတ်သက်ပြီး ဒုတိယအကြိမ် ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

တကျော့ပြန် စစ်အာဏာမသိမ်းခင် အချိန်အထိ သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေက ပြောကြပါတယ်။

ဦးချစ်ခိုင် ဟာ ကိုဗစ်ကပ်ရောဂါကာလမှာ အမေရိကန်ဒေါ်လာ ၁ သန်းခွဲ NLD အစိုးရကို လှူဒါန်းခဲ့ပါတယ်။

၂၀၂၃ ခုနှစ်က ကျင်းပခဲ့တဲ့ နေပြည်တော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် စေတီတော် အလှူငွေပေးအပ်ပွဲမှာ ဦးချစ်ခိုင်ရဲ့ သား ဦးဝဏ္ဏခိုင်က စစ်ခေါင်းဆောင်ကို ကျပ်ငွေ သိန်း ၁ သောင်းခွဲ လှူဒါန်းခဲ့ပါတယ်။

ဒါပေမဲ့လည်း ဧဒင်ဦးချစ်ခိုင်ကိုတော့ စစ်ကောင်စီက ဆက်ပြီး ဖမ်းဆီးထားပါတယ်။

ဧဒင်ဦးချစ်ခိုင်လိုပဲ ဇေကမ္ဘာ ဦးခင်ရွှေကိုလည်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

ဦးခင်ရွှေကိုတော့ ဗဟန်းမြို့နယ်၊ ပုလဲလမ်းမှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေဧက ၁၃ ဧက ကျော်ရဲ့ ငှားရမ်းငွေ အပြည့်မပေးတာနဲ့ အဲမြေထဲမှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံတွေကို ဖြိုချခဲ့တဲ့အမှုနဲ့ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

ဇေကမ္ဘာဦးခင်ရွှေဟာ ကိုယ်ပိုင် ရှေးဟောင်းပြတိုက် ထူထောင်ထားပါတယ်။ လွှတ်တော်ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းနဲ့လည်း ခမည်းခမက်တော်စပ်သူ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင် အဖြစ်ကနေပါ နုတ်ထွက်ခဲ့ပါတယ်။

လက်ရှိအချိန်အထိ ဦးခင်ရွှေနဲ့ သားဖြစ်သူ ဦဇေသီဟတို့ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

နောက်ကျောမလုံဖြစ်နေရတဲ့ လုပ်ငန်းရှင်တွေ

နေပြည်တော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် စေတီတော် အလှူငွေပေးအပ်ပွဲမှာ စစ်ခေါင်းဆောင်နဲ့ အတူတွေ့ရတဲ့ ဧရာဝတီဘဏ် ပိုင်ရှင် ဦးဇော်ဇော်

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, နေပြည်တော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် စေတီတော် အလှူငွေပေးအပ်ပွဲမှာစစ်ခေါင်းဆောင်နဲ့ အတူတွေ့ရတဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ဦးဇော်ဇော်

အာဏာသိမ်း ၃ နှစ်ခွဲအတွင်းမှာ မြန်မာကျပ်ငွေတန်ဖိုးခေါက်ချိုး ထိုးကျလာပါတယ်။

ရွှေ၊ ဆန် နဲ့ ဆီစျေးနှုန်းတွေအပါအဝင် အခြေခံကုန်စျေးနှုန်းတွေဟာ အာဏာမသိမ်းခင်ကထက် ၃ ဆ နီးပါး မြင့်တက်ခဲ့တယ်လို့ စျေးကွက်လေ့လာစောင့်ကြည့်စစ်တမ်းတွေက ဖော်ပြပါတယ်။

စစ်ခေါင်းဆောင်ကတော့ ပြည်တွင်းစျေးကွက်ကမောက်ကမဖြစ်ပြီး ကျပ်ငွေတန်ဖိုးကျပြီး ကုန်စျေးနှုန်းတွေထိုးတက်ခဲ့တာဟာ “စီးပွားရေး ဝိသမလောဘသမား” တွေကြောင့်လို့ အကြောင်းပြပါတယ်။

အာဏာသိမ်း ၃ နှစ်ခွဲ မှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ မြန်မာအထင်ကရထိပ်တန်းသူဌေးကြီးတွေကစလို့ စီးပွားရေးလုပ်ငန်းရှင်အများစုကြားက ဆက်ဆံရေးက အက်ကြောင်းထင်လာပါတယ်။

အရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ်အစိုးရလက်ထက်နဲ့ အရပ်သားအစိုးရ နှစ်ဆက်မှာ ပြည်တွင်းကစီးပွားရေးသမားတွေနဲ့ ဆက်ဆံရေးက အပြန်အလှန်အထောက်အကူဖြစ်တဲ့ ပုံစံနဲ့ရပ်တည်ကြတာပါ။

ဒါပေမဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုကို လူထုရဲ့ ဆန့်ကျင်တော်လှန်မှုတွေက နိုင်ငံတဝန်းရှိခဲ့သလို စစ်တပ်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိသူတွေကို နိုင်ငံတကာက အရေးယူပိတ်ဆို့ပါတယ်။

လူထုအများစုကလည်း စစ်တပ်နဲ့ ပတ်သက်သူတွေနဲ့ လုပ်ငန်းတွေကို BC - Boycot နဲ့ Social Punishment - SP တို့လို လူမှုရေး ပြစ်ဒဏ်ပေးတာတွေကို ပေါ်ပေါ် တင်တင် လုပ်ကြပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်အလှူငွေပေးအပ်ပွဲမှာ ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇနဲ့ ကမ္ဘောဇဘဏ်ပိုင်ရှင်ဦးအောင်ကိုဝင်းတို့ကလွဲပြီးကျန်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအားလုံးကို ပထမဆုံးအကြိမ် တစုတစည်းတည်းတွေ့ရတာကလွဲရင် အားလုံးနီးပါးက လူမြင်ကွင်းပေါ်ကနေ ပျောက်ကွယ်နေကြတာပါ။

မြန်မာကဘဏ်သူဌေးကြီးတွေ ကို ဒုတိယအကြိမ်ထပ်တွေ့ရတာက ၂၀၂၄ ဇူလိုင် ၁၀ ရက်က နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကဘဏ်တွေတာဝန်ရှိသူတွေနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲမှာဖြစ်ပါတယ်။

ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်း၊ ဧရာဝတီဘဏ် ဥက္ကဋ္ဌ ဦးဇော်ဇော် ၊ရွှေဘဏ် ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ A Bank ဥက္ကဋ္ဌ ဦးဇော်ဝင်းရှိန်တို့ အပါအဝင် ပုဂ္ဂလိက ဘဏ်တွေရဲ့ ထိပ်တန်းတာဝန်ရှိသူတွေကို တွေ့ရပါတယ်။

“စစ်ကောင်စီက ပိုင်ဆိုင်မှုတွေ သိမ်းမှာကို သူဌေးတွေတွေက မစိုးရိမ်ဘူး။ တချို့ပိုင်ဆိုင်မှုတွေကို အပြင်ထုတ်ထားပြီးတာကြောင့်လည်း ပါမယ် ''

“သူတို့ကြောက်တာ စစ်ခေါင်းဆောင်က ထောင်ထဲခေါ်ထည့်မှာကို အကြောက်ဆုံးပဲ” လို့ လုပ်ငန်းရှင်တွေနဲ့ ရင်းနှီးသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သူဌေးကြီးတွေဟာ စစ်ကောင်စီရဲ့ စီးပွားဆိုင်ရာမူဝါဒအမှားတွေကိုကျော်လွှားဖို့ နည်းလမ်းမျိုးစုံသုံးပြီး ကျော်လွှားကြရတာရှိသလို အခွင့်ကောင်းယူပြီးကိုယ်ကျိုးရှာကြတာလည်းရှိတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

တချို့ နည်းလမ်းတွေက ရေတိုဖြေရှင်းနည်းတွေဖြစ်လာပြီး ရေရှည်မှာ စျေကွက်တစ်ခုလုံးကိုသက်ရောက်လာချိန်မှာ တိုင်းပြည်စီးပွားရေး ကမောက်ကမဖြစ်လာတာလို့ စီးပွားရေးလုပ်ငန်းရှင်တချို့ကိုယ်တိုင်ကဝန်ခံပါတယ်။

“စစ်ခေါင်းဆောင်က သူ့လက်ထက်မှာ စီးပွား‌ရေးကျလာတာကို မချင့်မရဲ ဖြစ်ပုံရတယ်” လို့ စစ်ကောင်စီအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မြန်မာ့စီးပွားရေးထိုးကျနေတာကို ပြန်ဆန်းစစ်တာတွေလုပ်ချိန်မှာ သူဌေးကြီးတွေကလည်း အကျိုးအမြတ်များများရအောင်လုပ်ခဲ့တာတွေကို ရှာတွေ့သွားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“သူဌေးတွေကို အမြင်မကြည်တော့ဘူး။ သူဌေးတွေဆိုတာကလည်း ခေတ်ပျက်တဲ့အချိန်မှာ စီးပွားရှာဖို့ အခွင့်ကောင်းလေဆိုတော့ ဘယ်သူ့အလွန်လို့ ပြောဖို့ခက်လာတယ်။ သူဌေးတွေဘက်ကလည်း အမြတ်ကြီးစားလုပ်တာတွေရှိခဲ့တယ်” လို့စစ်တပ်နဲ့ နီးစပ်တဲ့ စီးပွားရေးအကြံပေးတစ်ဦးက မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီက ခေါ်ယူစစ်ဆေးခဲ့တာတွေနဲ့ ဥပဒေအရ အရေးယူမယ်လို့ နာမည်တပ်ပြောတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေထဲမှာ နာမည်ကြီး လူသိများတဲ့သူဌေးကြီးတွေ ပါ ပါတယ်။

ရွှေလုပ်ငန်းရှင်တွေထဲမှာဆိုရင် ‌မန္တလေးအခြေစိုက် အောင်သမာဓိ ရွှေဆိုင်က ဦးအောင်ဆန်းဝင်း (ခေါ်) ဦးအောင် အပါအဝင် နှစ်‌‌ပေါင်းများစွာရွှေလုပ်ငန်း လုပ်ကိုင်ခဲ့ကြတဲ့ အကယ်ဒမီ၊ ဝိန့်စိန်၊ ဇွဲထက် စတဲ့ အထင်ကရ နာမည်ကြီး ရွှေလုပ်ငန်းရှင်တွေကို ရွှေစျေးနှုန်းကစားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးယူမယ်လို့ပြောခဲ့တာပါ။

၂၀၂၄ မေလ ထဲမှာ ရွှေတစ်ကျပ်သားကို ပြင်ပပေါက်စျေး ကျပ်သိန်း ၆၀ နားအထိ စျေးပေါက်ခဲ့လို့ ရွှေစျေးနှုန်းဟာ မဖြစ်နိုင်တဲ့ စျေးနှုန်းတွေဖြစ်နေတယ်ဆိုပြီး စစ်ခေါင်းဆောင်က အပြစ်တင်ပါတယ်။

ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက်မှာတော့ ဆန်စပါးလုပ်ငန်းရှင်တွေဘက် အလှည့် ရောက်လာခဲ့ပါတယ်။

ဆန်စျေးနှုန်းကြီးမြင့်နေတယ်ဆိုပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်နဲ့ အထွေထွေ အတွင်းရေးမှူး ဦးလူမော်မြင့်မောင်တို့ အပါအဝင် ဆန်စပါးလုပ်ငန်းရှင် ၁၀ ဦးထက်မနည်း ကို နေပြည်တော်မှာ သီတင်းတစ်ပတ်ကျော်ကြာ စစ်ဆေးခဲ့ပါတယ်။

နေပြည်တော်၊ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းတွေမှာ စစ်ဆေးရေးအဖွဲ့ တွေဖွဲ့ပြီး ဆန်စပါးလုပ်ငန်းရှင် ၅၈ ဦးနဲ့ စျေးဝယ်စင်တာနဲ့ စတိုးဆိုင် ၅၃ ဆိုင်ခုက တာဝန်ရှိသူတွေခေါ်စစ်ခဲ့တယ်လို့ စစ်ကောင်စီကထုတ်ပြန်ပါတယ်။

ဆန်စျေးနှုန်းအဆမတန် တင်ရောင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆန်စပါးလုပ်ငန်းရှင် ၄ ဦးအပါအဝင် ဆန်တင်ရောင်းတဲ့ နာမည်ကျော် စျေးဝယ်စင်တာ ပိုင်ရှင်တွေကို ၄ ဦး ကို အရေးယူမယ်လို့ စစ်ကောင်စီက ပြောခဲ့ပါတယ်။

အဲဒီထဲမှာ နာမည်ကြီး စျေးဝယ်စင်တာတွေ ဖြစ်တဲ့ စီးတီးမတ် ၊ စိန်ဂေဟာ၊ One Stop Mart တို့အပြင် ဂျပန်အခြေစိုက် Aeon အုပ်စုရဲ့ လက်ခွဲဖြစ်တဲ့ Aeon Orange စျေးဝယ်စင်တာတွေက အုပ်ချုပ်သူတွေ ပါဝင်ခဲ့ပါတယ်။

စစ်ကောင်စီဟာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်နဲ့ အထွေထွေ အတွင်းရေးမှူး ဦးလူမော်မြင့်မောင်တို့ ၂ ဦးကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။

၂၀၂၃ စက်တင်ဘာက ကြည်းတပ်ရဲ့ နံပါတ် (၄) ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြားက လာဘ်ပေးလာဘ်ယူမှုတွေ စစ်ဆေးခံရတဲ့နောက်မှာ သူဌေးတွေနဲ့ စစ်ကောင်စီကြားက မပြေလည်မှု အစပြုခဲ့တာပါ။

၂၀၂၄ ခုနှစ် ၆ လအတွင်းမှာ စစ်ကောင်စီက ပြည်တွင်းက ရွှေ၊ ငွေ ၊အိမ်ခြံမြေ၊ ဆီနဲ့ ဆန်လောကသားတွေကို ဆက်တိုက်ဖမ်းဆီးစစ်ဆေးပြီးတချို့ကိုတော့ အရေးယူထားပါတယ်။

စစ်ခေါင်းဆောင်က နိုင်ငံခြားငွေလဲနှုန်းတွေတည်ငြိမ်ဖို့ ဖွဲ့ပေးထားတဲ့ အဖွဲ့ခေါင်းဆောင်တွေနဲ့ သူဌေးကြီးတွေပေါင်းပြီး အကျိုးအမြတ်ရှာသွားကြတဲ့အပေါ်မှာလည်း အတော်စိတ်ဆိုးခဲ့တာရှိတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့စီးပွားရေးအကြံပေးတစ်ဦးက ပြောပါတယ်။

မြန်မာစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေအတူတွဲလုပ်ဖူးခဲ့သူတစ်ဦးက တော့ စစ်ခေါင်းဆောင်က “အငြှိုးကြီးတယ်၊ အတ္တကြီးတယ်၊ အမုန်းကြီးတယ်” လို့ စစ်ခေါင်းဆောင်ရဲ့ စိတ်နေစိတ်ထားအကြောင်းကို မှတ်ချက်ပြုပါတယ်။

တစ်ဖက်မှာလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျယ်ပြန့်လာတဲ့ စစ်ရေးပဋိပက္ခတွေကြားမှာ သူဌေးကြီးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ဆုံးရှုံးခဲ့တာတွေလည်းရှိနေတယ်လို့ ထောက်ပြကြသူတွေလည်း ရှိပါတယ်။

ဒါကြောင့်လည်း မြန်မာစီးပွားရေးသမားတွေဟာ ညောင်သီးလည်းစား လေးသံလည်းနားစွင့်နေရတဲ့ဘဝနဲ့ ပြည်တွင်းမှာ စီးပွားရေးလုပ်ငန်းတွေ ဆက်လုပ်နေရတယ်လို့ ပြောပါတယ်။

ဒီအချိန်မှာ ဘီလျံနာသူဌေးကြီး ဦးသိမ်းဝေ ထိန်းသိမ်းခံထားရတာက ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ပိုပြီးနောက်ကျောမလုံစရာ ဖြစ်လာပါတယ်။

"စစ်ကောင်စီလက်ထက်မှာ စီးပွားရေးလုပ်ရတာ မလုံခြုံတော့တဲ့ စိတ်ဖိစီးမှုတွေရှိလာတယ်။ ဘယ်အချိန် ကိုယ်အလှည့်ရောက်လာမလဲဆိုတာ လုပ်ငန်းရှင်တိုင်း အတွေးကိုယ်စီရှိကြတယ်" လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

စစ်ခေါင်းဆောင်က နောက်ကြောင်းပြန်အမှုဖွင့်ပြီး ဖမ်းဆီးထားတဲ့ နာမည်ကျော်ဘီလျံနာသူဌေးကြီးတွေလည်းရှေ့မှာ ရှိခဲ့ပါတယ်။

"သူဌေးကြီးတွေ ညဘက် အိပ်မပျော်တော့ဘူး" လို့ ဘဏ်လုပ်ငန်းရှင်တွေနဲ့ နီးစပ်တဲ့ စီးပွားရေး အကြံပေးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။