ဘီလျံနာ သူဌေးတွေရဲ့ ငပလီ သောက

ဓာတ်ပုံ ရင်းမြစ်, Jasmine Ngapali Resort
- ရေးသားသူ, မင်းသစ်
- ရာထူးတာဝန်, ဘီဘီစီ (မြန်မာပိုင်း)
သာယာလှပတဲ့ ကမ္ဘာကျော် ငပလီကမ်းခြေဟာ ဟိုတယ်ဇုန်ကနေ စစ်ဇုန်ဖြစ်သွားပါတယ်။
ဒေသခံတွေဟာ စစ်ရေးအတွက် စိတ်မအေးရသလို ငပလီအတွက် အဝေးကနေ ရတက်မအေးသူတွေလည်း ရှိနေပါတယ်။ သူတို့က မြန်မာနိုင်ငံရဲ့ နာမည်ကျော်လုပ်ငန်းရှင်တွေ ဖြစ်ပါတယ်။
ဘီလျံနဲ့ချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေရှိနေတဲ့ ငပလီက ဟိုတယ်တွေဟာ အနားယူသွားတဲ့ စစ်ခေါင်းဆောင်တွေ၊ လက်ရှိစစ်ခေါင်းဆောင်တွေ နဲ့ အကျိုးစီးပွား ဆက်နွှယ်နေတဲ့ လုပ်ငန်းရှင်အများစု ပိုင်ဆိုင်ကြတာဖြစ်ပါတယ်။
ငပလီကို အာရက္ခတပ်တော်(အေအေ)က သိမ်းပိုက်နိုင်ခဲ့ရင် ကြယ်ငါးပွင့် ဟိုတယ်တွေရဲ့ အနာဂတ်က ဘယ်လိုဖြစ်လာမလဲဆိုတာကို မှန်းဆမရအောင်ဖြစ်နေကြပါတယ်။
အရင်ငပလီ အခုငပလီ

ဓာတ်ပုံ ရင်းမြစ်, cincds
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ ငပလီ ကိုမကြာခဏ အပန်းဖြေခရီးလာရောက်လေ့ရှိပါတယ်။ သူ့ဇနီး ဒေါ်ကြူကြူလှက သံတွဲ သူပါ။
မကြာသေးခင် ၂၀၂၃ ခုနှစ်က ဆိုရင်တော့ (၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ကို ငပလီက Jasmine Ngapali Resort မှာ လုပ်ခဲ့ပါတယ်။
အဲဒီအစည်းအဝေးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တက်ရောက်ခဲ့ကြတာပါ။
အဲဒီလောက်အထိ လုံခြုံရေးစိတ်ချရတဲ့နေရာဖြစ်တဲ့ ရခိုင်ပြည်နယ် သံတွဲမြို့က လှပတဲ့ ကမ်းခြေဟာ တစ်နှစ်နီးပါးအရာက်မှာတော့ အခြေအနေတွေ ပြောင်းပြန် ဖြစ်သွားခဲ့ပါတယ်။
လွန်ခဲ့တဲ့တစ်နှစ်က တပ်ချုပ်နှစ်ဦး တည်းခဲ့ကြတဲ့ Jasmine Ngapali Resort ဟာ ၂၀၂၄ ဇွန်လ ၆ ရက်က တိုက်ပွဲမှာ လက်နက်ကြီး ထိမှန်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ ၂၀၂၃ နှစ်ဆန်းပိုင်းထဲ ပြန်စခဲ့တဲ့ စစ်ကောင်စီ နဲ့ အာရက္ခတပ်တော် (အေအေ) တို့ရဲ့ တိုက်ပွဲတွေ အတွင်း မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့ ၁၀ မြို့ထက်မနည်းကို အေအေ က ထိန်းချုပ်နိုင်ခဲ့ပါတယ်။
၂၀၂၄ ဧပြီ လဆန်းရောက်လာချိန်မှာတော့ စစ်ပွဲတွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ တောင်ပိုင်း သံတွဲနဲ့ဂွမြို့တွေအထိပါ ကူးစက်လာခဲ့တာပါ။
၃ လအကြာ ၂၀၂၄ ဇူလိုင် ၇ ရက်မှာတော့ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ထဲက သံတွဲလေဆိပ် (မဇင်လေဆိပ်) ကို သိမ်းလိုက်ပြီလို့ အာရက္ခတပ်တော်(အရင်က ရက္ခိုင့်တပ်တော်- အေအေ) က ထုတ်ပြန်ပါတယ်။
ငပလီက အကျိုးစီးပွားတွေ

ဓာတ်ပုံ ရင်းမြစ်, Amazing ငပလီဟိုတယ်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ငပလီကမ်းခြေမှာ ရခိုင်တိုင်းမှူးတွေတောင် မြေကွက်ရဖို့ မလွယ်ဘူး လို့ ဆိုစမှတ်ရှိပါတယ်။
မြန်မာစစ်ခေါင်းဆောင်နဲ့ ထိုင်းစစ်ဗိုလ်ချုပ်ကြီးတွေ တွေ့ဆုံခဲ့တဲ့ Jasmine Ngapali Resort( စံပယ်ဖြူငပလီ ဟိုတယ်) က သူဌေးကြီး ဦးအောင်ကိုဝင်းပိုင် ကမ္ဘောဇအုပ်စု နဲ့ ဆက်နွှယ်နေတဲ့ ဟိုတယ်လို့ အမည်မဖော်လိုတဲ့ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။
ကြယ် ၅ ပွင့်အဆင့်ရှိတဲ့ စံပယ်ဖြူ ငပလီ ဟိုတယ် ဟာ ငပလီကမ်းခြေက ဟိုတယ်တွေထဲမှာ အကြီးဆုံးနဲ့ အခန်း ၉၂ ခန်းထိရှိတယ်လို့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက အချက်အလက်တွေအရ သိရပါတယ်။
၂၀၁၇ ခုနှစ် က ဖွင့်လှစ်ခဲ့တဲ့ စံပယ်ဖြူငပလီဟိုတယ် မှာ ကိုဗစ်ကပ်ရောဂါ ကာလမတိုင်ခင် ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တာဖြစ်ပါတယ်။
စံပယ်ဖြူငပလီဟိုတယ် ကို ဦးကောင်းစံက ပိုင်ဆိုင်တယ်လို့ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များ အသင်းက ထုတ်ပြန်ပါတယ်။
ငပလီကမ်းခြေမှာ မြန်မာပြည်က ဘီလျံနာ သူဌေးတွေဖြစ်တဲ့ ဦးတေဇ၊ ဦးချစ်ခိုင်၊ ဦးအောင်မျိုးမင်းဒင်၊ AMATA ဟိုတယ်လုပ်ငန်းစုပိုင်ရှင် ဦးဝင်းအောင်၊ ဦးမြဟန် တို့ရဲ့ ဟိုတယ်တွေ ရှိနေပါတယ်။
ဒါအပြင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ သား ဦးထွန်းနိုင်ရွှေ၊ အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ သမီး ဒေါ်နန္ဒာအေး တို့ရဲ့ ဟိုတယ်တွေလည်း ရှိနေပါတယ်။
"ငပလီကဟိုတယ်တွေက တော်တော်ကောင်းကောင်း ဆောက်ထားကြတာ။ ကြယ် ၄ ပွင့် ၅ ပွင့် ဟိုတယ်တွေများတယ်။ အနိမ့်ဆုံး က ကြယ် ၃ ပွင့် အဆင့်ရှိတယ်။ ရင်းနှီးမြှုပ်နှံမှု တန်းဖိုးတွေ ပေါင်းကြည့်ရင် အမေရိကန် ဘီလျံချီမှာပေါ့။ ဒါမြေဖိုးမပါသေးဘူး" လို့ ခရီးသွားလုပ်ငန်းပိုင်ရှင် တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
ဟိုတယ် အများစုဟာ လင်းသာ၊ ဇီးဖြူကုန်း၊ ဂျိတ်တော စတဲ့ ရပ်ကွက်တွေမှာ ဖွင့်ထားကြတာပါ။
သံတွဲ-ငပလီကမ်းခြေမှာ ဟိုတယ် ၆၅ လုံးနဲ့ အခန်းပေါင်း ၂၀၀၀ ကျော်ရှိတယ်လို့ ဟိုတယ်/ခရီးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
စစ်ခေါင်းဆောင် ခရီးစဥ်တွေမှာ ပါလေ့ရှိတဲ့ ဟိုတယ် ၁၂ လုံး ပိုင်ရှင် ဦးအောင်မျိုးမင်းဒင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိသူလို့ သတင်းကြီးတဲ့ Amazing ဟိုတယ် လုပ်ငန်းစုပိုင်ရှင် ဦးအောင်မျိုးမင်းဒင် က သံတွဲဟိုတယ်ဇုန် ဥက္ကဋ္ဌ ဖြစ်ပါတယ်။
ငပလီသာမကဘဲ ရန်ကုန်၊ ပုဂံ၊ အင်းလေး၊ တောင်ငူ နဲ့ ကျိုင်းတုံစတဲ့ မြို့တွေမှာ ဟိုတယ် ၁၂ လုံးအထိ ပိုင်တဲ့ ဦးအောင်မျိုးမင်းဒင်ရဲ့ပိုင်ဆိုင်မှုက မိုနိုပိုလီကစားပွဲထဲကလို ဟိုတယ်တွေပိုင်ဆိုင်တာမျိုး ဖြစ်ပါတယ်။
တပ်ချုပ်မိသားစုနဲ့ ရင်းနှီးလို့ ဒီလိုတရှိန်ထိုးကြွယ်ဝလာတာလို့ စွပ်စွဲမှုတွေ ရှိပေမယ့် ဦးအောင်မျိုးမင်းဒင်ကတော့ ပြည်တွင်းမီဒီယာတချို့မှာ ငြင်းဆိုထားပါတယ်။
ဒါပေမဲ့ သူနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နီးစပ်မှုကိုတော့ ဖုံးကွယ်မရပါဘူး။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြည်တွင်းခရီးစဉ်တွေမှာ သူ့ကိုတွေ့ရသလို သူ့ဟိုတယ်တွေမှာပဲ စစ်ခေါင်းဆောင်ရဲ့မိသားစုက တည်းခိုလေ့ရှိပါတယ်။
ဦးအောင်မျိုးမင်းဒင်ဟာ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ လုပ်နေသလို ငပလီကမ်းခြေ ရုရှားအပန်းဖြေအိမ်ရာစီမံကိန်းအတွက် အဓိက တာဝန်ပေးခံထားရသူလို့ ဟိုတယ်လုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောပါတယ်။
ငပလီကမ်းခြေက ရုရှားအပန်းဖြေအိမ်ရာစီမံကိန်းကို ရုရှား - မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ မစ္စတာအန်နာသိုလီဘူးလော့ခ်ျနိကော့နဲ့ မြန်မာဘက်က Treasure Of Ngapali Development ကုမ္ပဏီ၊ Shwin Pyaw Pyaw Trading ကုမ္ပဏီ တို့ ၂၀၂၃ ဖေဖော်ဝါရီက စာချုပ်ချုပ်ခဲ့ ကြတာပါ။
တပ်မိသားစုဝင်တစ်ဦးဖြစ်တဲ့ ဦးအောင်မျိုးမင်းဒင်ဟာ ကားတစ်စီးကိုတောင်အရစ်ကျ ဝယ်ယူခဲ့ရတဲ့ ဘဝကနေ ဟိုတယ်လုပ်ငန်းရှင်သူဌေးကြီးအဖြစ် အောက်ခြေကနေ ကြွယ်ဝလာပုံအကြောင်းကို Bangkok Post သတင်းစာရဲ့ Amazing Achievement မှာ ဖော်ပြခြင်းခံရပါတယ်။
NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်က ဖော်ပြတဲ့ အဲဒီဆောင်းပါးမှာ ဦးအောင်မျိုးမင်းဒင်ရဲ့ ဓာတ်ပုံက ပင်နီတိုက်ပုံနဲ့ဖြစ်ပါတယ်။
၂၀၂၄ ဇွန်လ လယ်မှာ ဖြစ်ပွားခဲ့တဲ့ အေအေနဲ့ စစ်ကောင်စီ တို့ရဲ့ တိုက်ပွဲတွေဟာ ဦးအောင်မျိုးမင်းဒင် ပိုင်တဲ့ Amazing ငပလီဟိုတယ်နားအထိ ရောက်ခဲ့တယ်လို့ မြေပြင် သတင်းအရင်းအမြစ်တွေက ဘီဘီစီ ကို ပြောပါတယ်။
ဦးအောင်မျိုးမင်းဒင်ဟာ အရင် မက်စ်မြန်မာကုမ္ပဏီ ဦးဇော်ဇော် ပိုင်တဲ့ ငပလီဟိုတယ်မက်စ် ကို ပြန်ဝယ်ခဲ့ပြီး Ananda Hotel ဆိုပြီး နာမည်ပြောင်းဖွင့်လှစ် ထားတဲ့ဟိုတယ်လည်း ရှိနေသေးတယ်လို့ ဟိုတယ်လုပ်ငန်းရှင်အသိုင်းအဝိုင်း က ပြောပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဇနီး ဒေါ်ကြူကြူလှ ဟာ သံတွဲ ဇာတိဖြစ်တာ ကြောင့် ငပလီကမ်းခြေကို မိသားစုလိုက် မကြခဏ လာလေ့ရှိပြီး ရောက်တိုင်းမှာလည်း ဦးအောင်မျိုးမင်းဒင်ပိုင်တဲ့ ဟိုတယ်တွေမှာပဲ တည်းလေ့ရှိတယ်လို့ ငပလီကမ်းခြေ ဟိုတယ်တွေမှာ လုပ်ကိုင်ဖူးသူတွေ ကပြောပါတယ်။
ငပလီ Ananda ဟိုတယ်ရဲ့ ပိုင်ရှင် ဘယ်သူဖြစ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ဘီဘီစီ အနေနဲ့တော့ သီးသန့် အတည်မပြုနိုင်သေးသလို စစ်ကောင်စီ ဟိုတယ်ခရီးဝန်ကြီးဌာန နဲ့ ဟိုတယ်အသင်းတွေရဲ့ စာရင်းတွေထဲမှာလည်း Ananda ဟိုတယ် နာမည် မတွေ့ရပါဘူး။
တစ်ဖက်မှာလည်း ဦးအောင်မျိုးမင်းဒင် ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေဟာ နာမည်ကျော် အင်းလေးကန်ဘေးမဲ့တောထဲမှာ နှစ်ပေါင်း ၅၀ အထိ စီးပွားရေးလုပ်ပိုင်ခွင့်ရထားတာကို မကြာသေးခင်ကမှ ဘီဘီစီ ကရရှိထားတဲ့ သစ်တောဦးစီးဌာနရဲ့ စာရွက်စာတမ်းတွေထဲမှာ တွေ့ရပါတယ်။
ဦးအောင်မျိုးမင်းဒင် ပိုင်တဲ့ Adventure Myanmar Tours & Incentives ကုမ္ပဏီဟာ Amazing Inle Resort ဆောက်ဖို့အတွက် မြေ ၃ ဧက ကျော်ကို တစ်နှစ် မြေငှားခ ၆ သိန်းကျော်နဲ့ ရထားပါတယ်။
ဒါ့အပြင် ဦးအောင်မျိုးမင်းဒင် ဟာ Minor Myanmar ကုမ္ပဏီ ဆိုတဲ့ နောက်ထပ် နာမည်တစ်ခုနဲ့ မြေ ၅ ဧက ကျော်ကို M Residence Inle အိမ်ရာအတွက် တနှစ် ငှားခ ၁၁ သိန်းကျော် နဲ့ ထပ်ရခဲ့ပါတယ်။
အင်းလေးကန်ဘေးမဲ့တောထဲက ဟိုတယ်တွေနဲ့ ပတ်သက်ပြီး ဦးအောင်မျိုးမင်းဒင် အပါအဝင် Adventure Myanmar Tours & Incentives ကုမ္ပဏီကို ဘီဘီစီ က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းပြန်တာ မျိုးမရှိခဲ့ပါဘူး။
ဦးအောင်မျိုးမင်းဒင် ရဲ့ Amazing ဟိုတယ်လုပ်ငန်းစုထဲမှာ ဟိုတယ် ၁၂ လုံးထိရှိနေပြီး စုစုပေါင်း အခန်း ၅၃၀ ရှိနေတယ်လို့ ဘန်ကောက်ပိုစ့် သတင်းစာကရေးပါတယ်။
ဘယ်ဟိုတယ်တွေ ဘယ်သူပိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ငပလီကမ်းခြေမှာ ကမ္ဘာကျော် Hilton - ဟီလ်တန်ဟိုတယ်လုပ်ငန်းစုနဲ့ ပေါင်းပြီး လေဆိပ်လမ်း ဇီးဖြူကုန်းရပ်ကွက် ထဲမှာ ဖွင့်ထားတဲ့ ကြယ် ၅ ပွင့် Hilton - ဟီလ်တန်ငပလီဟိုတယ်လည်း ရှိပါတယ်။
ဟီလ်တန် ငပလီ ဟိုတယ်ကိုတော့ အေဒင်အုပ်စုကုမ္ပဏီ ဥက္ကဋ္ဌ နဲ့ မြန်မာ့ရှေ့ဆောင်ဘဏ်ပိုင်ရှင် ဦးချစ်ခိုင် က ပိုင်ဆိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိခဲ့တဲ့ ဦးချစ်ခိုင်ကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ စစ်လက်နက်ပစ္စည်း ဝယ်ယူရေးတွေမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာ က အရေးယူပိတ်ဆို့ထားတဲ့ သူဌေးကြီး ဦးတေဇ ရဲ့ Aureum Ngapali ဟိုတယ်လည်း ငပလီမှာ ရှိနေတယ်။
ဟိုတယ်ကို ၂၀၂၄ မေလ ၁ ရက် က စပြီး စက်တင်ဘာလလယ်ထိ ယာယီပိတ်ထားမယ်လို့ Aureum Palace ဟိုတယ်က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ ပုဂံ ၊ အင်းလေး လိုနေရာတွေမှာ ဟိုတယ်တွေဖွင့်လှစ်ထားတဲ့ AMATA ဟိုတယ်လုပ်ငန်းစုပိုင်ရှင် ဦးဝင်းအောင် ရဲ့ AMATA Resort ဟိုတယ်လည်း ငပလီကမ်းခြေမှာရှိပါတယ်။
မြန်မာနိုင်ငံကို ဓာတ်လှေကားအများဆုံးတင်သွင်းတဲ့ Fortune International ကုမ္ပဏီ နဲ့ Fortune TV ရုပ်သံလိုင်း ပိုင်ရှင် ဦးမြဟန် ပိုင်ဆိုင်တဲ့ Blue Oceanic Bay ဟိုတယ် ငပလီ ဇီဖြူကုန်း ရပ်ကွက်ထဲမှာ ဖွင့်ထားပါတယ်။
ဒါ့အပြင် အငြိမ်းစားဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ သမီး ဒေါ်နန္ဒာအေး ပိုင်တဲ့ Pristine Mermaid Resort ဟိုတယ်ကို ငပလီကမ်းခြေမှာ ဖွင့်ထားတယ်လို့ ဟိုတယ်လုပ်ငန်းရှင် အသင်းရဲ့အချက်အလက်တွေအရ သိရပါတယ်။
ဧည့်လမ်းညွှန်လုပ်ခဲ့ဖူးတဲ့ အေအေ စစ်ဦးစီးချုပ်နဲ့ ပိတ်ထားရတဲ့ ကြယ်ငါးပွင့်ဟိုတယ်တွေရဲ့ အနာဂတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တဖက်မှာလည်း ငပလီကမ်းခြေမှာရှိတဲ့ ဘီလျံနာသူဌေးကြီးတွေပိုင်ဆိုင်တဲ့ ဟိုတယ်အများစုဟာ မြန်မာစစ်တပ်ပိုင်မြေနေရာတွေကို အလွန်သက်သာတဲ့စျေးနှုန်းနဲ့ ရခဲ့ကြသလို လျော်ကြေးမရဘဲ သိမ်းခံခဲ့ရတဲ့ ဒေသခံမြေတွေလည်း ပါတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဟိုတယ်ကြီးတွေ ဆောက်လုပ်ထားကြတဲ့ မြေနေရာတွေကနေ မြေငှားပြီး ဟိုတယ်ကြီးတွေဆောက်ထားကြတဲ့ မြေတွေဟာလည်း ဒေသခံတွေဆီကနေ မြန်မာစစ်တပ် ခလရ ၅၅ က သိမ်းယူထားတဲ့ တပ်သိမ်း မြေတွေဖြစ်တဲ့ အကြောင်း ရခိုင်အမျိုးသားပါတီ ကျောက်ဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဘရှိန်က ၂၀၁၃ ခုနှစ်မှာကျင်းပခဲ့တဲ့ ပြည်သူ့ လွှတ်တော် မှာ မေးခွန်းထုတ်ခဲ့ပါတယ်။
ငပလီမှာရှိတဲ့ မြန်မာစစ်တပ်သိမ်းယူထားတဲ့ မြေတွေကို မင်းဇာနည်ကုမ္ပဏီ အတွက် မြေ ၆.၆၁ ဧက၊ ဧဒင်အုပ်စုကုမ္ပဏီ အတွက် မြေ ၆.၆၁ ဧက၊ ဖော်ကျွန်းကုမ္ပဏီ အတွက် မြေ ၅.၆၅ ဧက၊ မိုင်နာမြန်မာကုမ္ပဏီ အတွက် မြေ ၁၁.၃၀ ဧကနဲ့ အမေးဇင်းကုမ္ပဏီ အတွက် မြေ ၄.၄၃ ဧက တို့ကို ပြန်အငှားချထားပြီးဖြစ်တယ်လို့ မြန်မာစစ်တပ် ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က ပြန်ဖြေခဲ့ပါတယ်။
အခုအချိန်မှာတော့ ငပလီကမ်းခြေမှာမြေသိမ်းခဲ့တဲ့ မြန်မာစစ်တပ် ခလရ ၅၅ နဲ့ အာရက္ခတပ်တော် (အေအေ) တို့ကြား တိုက်ပွဲတွေပြင်းထန်နေပြီ ဖြစ်ပါတယ်။
ငပလီမှာ စစ်တပ် မြေသိမ်းချိန်တုန်းက ဒေသခံတောင်သူတွေကို မြေလျော်ကြေးငွေ နဲ့ အစားထိုး မြေကွက်တွေ ပြန်ပေးခဲ့ပေမဲ့ တောင်သူ ၃၇ ယောက်ပဲ လာထုတ်ခဲ့ပြီး ကျန်တဲ့ ၂၇ ယောက်က လာမထုတ်ဘူးလို့ မြန်မာစစ်တပ်ဘက်က ပြောခဲ့တာပါ။
ဟိုတယ်အများစုဟာ နှစ်ပေါင်း ၅၀ ထက်မနည်း လုပ်ပိုင်ခွင့်ရခဲ့ကြပြီး အဲဒီမြေတွေပေါ်မှာ အမေရိကန်ဒေါ်လာ သန်းနဲ့ချီတန်တဲ့ ဟိုတယ်ကြီးတွေကို ဆောက်လုပ်ခဲ့ကြတာဖြစ်ပါတယ်။
‘’သူဌေးတွေ ဝဋ်လည်တာ’’ လို့ သံတွဲဒေသခံတစ်ဦးက တိုတိုပြတ်ပြတ် ပြောပါတယ်။
အာရက္ခတပ်တော် (အေအေ) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဟာ ဧည့်လမ်းညွှန် လုပ်ကိုင်ခဲ့သူဖြစ်လို့ သံတွဲလေဆိပ်နဲ့ငပလီဟိုတယ်တွေကို အေအေ ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်လည်း ဒေသခံတွေအတွက်ပြန်ပြီးစဉ်းစားပေးနိုင်လိမ့်မယ်လို့ သူနဲ့အတူ ဧည့်လမ်းညွှန် လုပ်ကိုင်ခဲ့ဖူးသူ တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
“ငပလီဝန်းကျင်မှာရှိတဲ့ မူလမြေပိုင်ရှင်များရဲ့ အခွင့်အရေးကို အခြေခံပြီးတော့ ရခိုင့်ဦးဆောင်အဖွဲ့ ဒါမှမဟုတ် အေအေ ကစဉ်းစားလိမ့်မယ်ထင်တယ်။ ဗိုလ်ချုပ်ကိုယ်တိုင်လည်း ခရီးသွားလုပ်ငန်းနောက်ခံ ဗဟုသုတ ပြည့်စုံတဲ့သူဖြစ်တော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်မှာပါ” လို့ သူက ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ နိုင်ငံတကာနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေအပါအဝင် ပြည်နယ်တစ်ခုလုံးကို ကောင်းမွန်စွာစီမံအုပ်ချုပ်နိုင်ဖို့ လူ့အရင်းအမြစ်လိုအပ်ချက်တွေကို ကြိုတင် လေ့ကျင့် ဖြည့်တင်းတာတွေလုပ်နေတယ်လို့ အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ဘီဘီစီ နဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။
သံတွဲ-ငပလီ ဒေသကို အေအေသာ ထိန်းချုပ်လိုက်နိုင်ခဲ့ရင် စစ်ကောင်စီရဲ့ အာဏာစက်အောက်မှာရှိနေတဲ့ ဟိုတယ်ပိုင်ရှင်တွေ အတွက် အခက်တွေ့နိုင်တယ် လို့ ထောက်ပြကြသူတွေလည်းရှိနေပါတယ်။
‘’အေအေ နဲ့ သူတို့ ဘယ်လိုဆက်သွယ်အလုပ်လုပ်မလဲ’’ လို့ ခရီးသွားလုပ်ငန်းကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။
ဘီလျံနဲ့ချီ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေကြေးပမာဏကြောင့် အရင်းပြန်မရသေးတဲ့ ဟိုတယ်တွေ ရှိနေတယ်လို့ ခရီးသွားလုပ်ငန်းကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
ဒီလိုထောက်ပြပြောဆိုချက်တွေ ရှိနေချိန်မှာပဲ နာမည်ကျော် ကမ်းခြေမြို့ ငပလီက မဇင်လေဆိပ်ကို ထိန်းချုပ်လိုက်ပြီလို့ အေအေက ဇူလိုင် ၇ ရက်မှာ ထုတ်ပြောလာပါတယ်။
ငပလီတိုက်ပွဲတွေအတွင်း စစ်တပ်က ဟိုတယ်ကြီးတွေထဲကနေ နေရာယူပြီး ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
တိုက်ပွဲကာလကြောင့် ဟိုတယ်တွေပိတ်ထားရတဲ့ကြားမှာ ဟိုတယ်လုပ်ငန်းရှင်တွေဆီကနေ ငွေကြေးတောင်းခံတာတွေ ရှိနေလို့ အာရက္ခတပ်တော် (အေအေ) ကပါ စာထုတ်ရပါတယ်။
အေအေ နာမည်သုံးပြီး ငွေကြေးကောက်ခံနေတာတွေကို ရပ်တန့်ဖို့နဲ့ ခရီးသွားလုပ်ငန်းရှင်တွေဆီကနေ အခွန်နဲ့ငွေကြေးကောက်ခံတာတွေ မရှိဘူးလို့ ဇူလိုင် ၂ ရက်က ထုတ်ပြန်ထားပါတယ်။
‘’ဧည့်သည်မရှိတဲ့ ဟိုတယ်တွေက ပိုက်ဆံပြန်ပေးနေရတာ ယုံတောင်မယုံနိုင်ဘူး’’ လို့ ဧည့်လမ်းညွှန်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
လက်ရှိအချိန်အထိ ငပလီကို ဘယ်သူထိန်းချုပ်နိုင်မလဲဆိုတာ ယတိပြတ်မပြောနိုင်သေးဘဲ အပြင်း အထန် ခုခံတိုက်ခိုက်နေကြဆဲဖြစ်ပါတယ်။
တချိန်က ကမ္ဘာလှည့်ခရီးသွားတွေနဲ့ စည်းကားခဲ့တဲ့ ငပလီကမ်းခြေ က ဟိုတယ်တွေ အားလုံးလည်း ဧည့်သည်မဲ့နေရပြီ ဖြစ်ပါတယ်။










