ရခိုင်ပြည်နယ် တဝက်ကို အေအေသိမ်းချိန် စစ်တပ်က စစ်တွေကနေ သံတွဲကို ဆုတ်ခွာသွားနိုင်ခြေရှိလား

အာရက္ခတပ်တော် (အေအေ) ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကို ပြီးခဲ့တဲ့ ၁၀ နှစ်တုန်းက လူ သိပ်တောင် မသိတဲ့ အခြေအနေကနေ အခု ၂၀၂၄ ခုနှစ်မှာတော့ ရခိုင်ပြည်နယ် တစ်ဝက်က သူ့လက် အောက်ကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
ရခိုင်ပြည်သူလူထုရဲ့ ထောက်ခံမှုကြောင့် အခုလို အခြေအနေ ဖြစ်လာတဲ့ အေအေဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ တကျော့ပြန်တိုက်ပွဲတွေ ရခိုင်ပြည်နယ်မှာ ပြန်လည် စတင်ခဲ့ပါတယ်။
တိုက်ပွဲကာလ ၆ လ နီးပါး ကြာမြင့်လာတဲ့အချိန် ရခိုင်စစ်မျက်နှာဟာ တိုက်ပွဲတွေ ပြင်းထန်နေသလိုပဲ တစ်ပြည်နယ်လုံးနီးပါးထိ ကျယ်ပြန့်လာခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ စုစုပေါင်း မြို့နယ် ၁၇ မြို့နယ် ရှိတဲ့အထဲ လက်ရှိအချိန်ထိ မြို့နယ် ၉ ခုကို အေအေက ထိန်းချုပ်ထားပါတယ်။
အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ဌာနချုပ် အပါအဝင် မြို့နယ်လေးခုမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ မြို့နယ်တွေကတော့ ဘူးသီးတောင်၊ မောင်တော၊ အမ်းနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲတို့ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်က အသည်းအသန် ခုခံခဲ့ပေမယ့် ဆုတ်ခွာပေးခဲ့ရတဲ့ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့တွေကို သိမ်းပိုက်ခံလိုက်ရပြီးနောက်ပိုင်းမှာတော့ ပြည်နယ်ရဲ့ မြို့တော် စစ်တွေဟာ အေအေရဲ့ ထိုးစစ်ကို အချိန်မရွေးခံရနိုင်တဲ့အခြေအနေလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ရခိုင်ပြည်နယ်ရဲ့ အနောက်မြောက်ဘက် အစွန်ဆုံးမှာရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဘူးသီးတောင်နဲ့ မောင်တောမြို့တွေကို အေအေက ထိုးစစ်ဆင်ခဲ့ပြီးတဲ့နောက် အခုဆို အဲဒီမြို့နယ် ၂ ခုအတွင်းက စစ်ကောင်စီတပ်စခန်းတွေကို အေအေက သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။
မြို့တော်စစ်တွေကို တိုက်ခိုက်မခံရဖို့နဲ့ ခုခံကာကွယ်နိုင်ဖို့အတွက် စစ်ကောင်စီကတော့ စစ်တွေမြို့ကို အကောင်းဆုံး ခံတပ်တစ်ခုအဖြစ် ပြင်ဆင်ထားပါတယ်။
လိုအပ်လို့ရှိရင် ပြည်နယ် စစ်ကောင်စီရုံး ကိုလည်း စစ်တွေကနေ သံတွဲမြို့ကို ပြောင်းရွှေ့အခြေစိုက်ဖို့ ပြင်ဆင်ထားပါတယ်။
စစ်ပွဲက ရခိုင် ပြည်နယ် မြောက်ပိုင်းမှာပဲ ရပ်နေတာမျိုး မဟုတ်ဘဲ တစ်ပြိုင်နက်တည်းမှာပဲ ရခိုင် တောင်ပိုင်း ဒေသက သံတွဲမြို့နယ်အထိကို ရောက်ရှိနေတာပါ။
ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့ ကစလို့ သံတွဲမြို့နယ်က ရွှေလှေတိုက်နယ်အတွင်း တိုက်ပွဲတွေ စတင်ခဲ့ပါတယ်။
ရခိုင်တောင်ပိုင်းက ‘‘သံတွဲတိုက်ပွဲအခြေအနေ’’

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တိုက်ပွဲတွေ ရခိုင်ပြည်နယ်တောင်ပိုင်းကို ရောက်လာတဲ့အခါ အေအေတပ်ဖွဲ့ကြီး ရခိုင်ပြည်နယ်ကို ချီတက်လာတာလို့ ထင်ရင် မှားပါတယ်။
အေအေက သူတို့ကို ထောက်ခံတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းက ဒေသခံတွေကို အခြေပြုပြီး သူတို့တပ်ဖွဲ့ဝင်တွေဖြစ်လာအောင် ဆဲလ်တွေ မွေးပြီး အရင်တည်ဆောက်တာပါ။ ပြီးတော့မှ ဒီလူတွေကို လက်နက်တပ်ဆင်ပေး လိုက်တာမျိုးလို့ နားလည်ရပါတယ်။
အခုဆိုရင် တိုက်ပွဲတွေက သံတွဲမြို့နဲ့ ခန့်မှန်းခြေ မိုင် ၂၀ ခန့်ကွာဝေးတဲ့ ဒေါ်မြ၊ ပုစ်ရေကောက်၊ သူဌေး စတဲ့ နေရာတွေမှာ ဖြစ်ပွားနေပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေနဲ့ အေအေတို့ အကြား အနည်းဆုံးနေရာ ၇ ခုလောက်မှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေကြတာပါ။
စစ်တပ်ကတော့ ထုံးစံအတိုင်း ကြည်း၊ ရေ၊ လေ ပူးတွဲပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။ နှစ်ဖက် တိုက်ခိုက်မှုတွေအရ တော်တော်ပြင်းထန်တဲ့ တိုက်ပွဲတွေလို့ ဆိုနိုင်ပါတယ်။
တချို့ရက်တွေမှာဆိုရင် ဂျက်တိုက်လေယာဉ်အသံတွေ၊ ဗုံးကွဲသံတွေနဲ့ အမြောက်ပစ်ခတ်သံတွေကို ညလုံးပေါက်ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ပွဲတွေကြောင့်ပဲ ဒေသခံကျေးရွာအများအပြား နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
ကျေးရွာတွေအပြင် အဲဒီနေရာမှာ ရှိနေတဲ့ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းဧရိယာအတွင်းကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတာတွေ ရှိခဲ့ပါတယ်။
ဧပြီ ၂၄ ရက်နေ့လောက်မှာတော့ တရုတ်နိုင်ငံသားတွေအပါအဝင် စီမံကိန်းထဲက ရာနဲ့ချီတဲ့လူတွေ သံတွဲမြို့ပေါ်နဲ့ ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့သွားခဲ့ကြပါတယ်။
နောက်ထပ်လည်း စီမံကိန်းအတွင်း ပိတ်မိနေသူတွေ အများအပြားကျန်နေသေးတယ်လို့ သိရပါတယ်။
ဧပြီ လ ၁၃ ရက်နေ့ကလည်း သံတွဲမြို့နယ် ဂွေးချောင်းနဲ့ ဆိပ်ကြီးကျေးရွာအနီး တောင်ကြောတွေမှာ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့အကြား နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြပါသေးတယ်။
အဲဒီတောင်ကြောမှာ အေအေရဲ့ အခြေပြုတပ်စခန်းတွေရှိနေကြောင်း သတင်းရရှိတဲ့အတွက် စစ် ကောင်စီဘက်က သွားရောက်တိုက် ခိုက်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ တယ်လီဂရမ်စာမျက်နှာတွေမှာ ရေးသားနေတာတွေ့ရပါတယ်။
မေလ ၁၀ ရက်နေ့လောက်ကစလို့ ရွှေလှေနဲ့ သံတွဲမြို့ကြားမှာရှိတဲ့ ရေစင်ကျေးရွာ အနီး ဝန်းကျင်နေရာ တွေအထိ တိုက်ပွဲတွေက ရောက်ရှိလာခဲ့ပါတယ်။
“တိုက်ပွဲတွေကတော့ မြို့နဲ့နီးလာနေပြီလို့ပြောနိုင်ပါတယ်။ ဒီရက်ပိုင်းဖြစ်ပွားခဲ့တဲ့ ရေစင်ရွာတိုက်ပွဲက သံတွဲနဲ့ ၁၀ မိုင်လောက်ပဲ ဝေးတော့တယ်။ သံတွဲအခြစိုက် စစ်တပ်တွေနဲ့ရေတပ်တွေကလည်း လက် နက်ကြီးတွေနဲ့ လှမ်းပစ်တာတွေရှိတယ်” လို့ သံတွဲမြို့ခံတစ်ဦးကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့နေရာနဲ့ အနီးဆုံးမှာရှိနေတဲ့ ရေစင်ကျေးရွာကို မေလ ၁၄ ရက်နေ့မှာ စစ်ကောင် စီက လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်တဲ့အတွက် ကျေးရွာအတွင်းကျရောက်ပေါက်ကွဲပြီး အရပ်သားတွေဆယ်နဲ့ချီသေဆုံးခဲ့ရသလို ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၁၅ ရက်နေ့မှာလည်း သံတွဲ-တောင်ကုတ် ကားလမ်းမအတွင်းက ရှင်စောပြင်နဲ့ ပေါက်တောကျေးရွာ အနီးတဝိုက်ကို စစ်ကောင်စီက လေကြောင်းဗုံကြဲတာတွေပြုလုပ်ခဲ့ပါတယ်။
နှစ်ဘက်ထိတွေ့တိုက်ပွဲတွေ မရှိသေးတဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီ ရေတပ်စခန်းတစ်ခုဖြစ်တဲ့ ဆင်ခေါင်း ကျေးရွာအနီး ပင်လယ်ပြင်အတွင်းက နဂါးကျွန်းမှာရှိတဲ့ စစ်သင်္ဘောကနေ အမြောက်ပစ်ခတ်တာတွေပြုလုပ်ခဲ့ပါတယ်။ ငါးဖမ်း စက်လှေတွေကိုလည်း လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဟန့်တားတာရှိခဲ့ပါတယ်။ ဒါဟာ ရခိုင်မှာတိုက်ပွဲဖြစ်ပွားနေတဲ့ ငါးနှစ်ဝန်းကျင် အတွင်း သံတွဲမြို့နယ်မှာ ပထမဆုံးအကြိမ်ဖြစ်ပွားတဲ့တိုက်ပွဲဖြစ်ပါတယ်။
သံတွဲမှာအခြေစိုက်ဖို့ စစ်ကောင်စီရဲ့စဉ်းစားချက်ကဘာလဲ
ရခိုင်မြောက်ပိုင်းက မြို့တစ်ချို့သိမ်းပိုက်ခံလိုက်ရတဲ့အချိန်မှာပဲ စစ်ကောင်စီဟာ ရခိုင်တောင်ပိုင်းက သံတွဲမြို့ကို ပြောင်းရွှေ့အခြေချဖို့ အထိ ပြင်ဆင်လာခဲ့ပါတယ်။
ဒါဟာ အေအေရဲ့ ထိုးစစ်ဆင် တိုက် ခိုက်မှုတွေက စစ်ကောင်စီရဲ့ ခံတပ်လို့ပြောနိုင်သလို အမိန့်ပေးဌာနချုပ်တွေတည်ရှိတဲ့ စစ်တွေနဲ့ အမ်းမြို့တွေကိုပါ စစ်ရေးအရ ခြိမ်းခြောက်မှုတွေနဲ့ ကြုံလာရတာကြောင့်လို့ ပြောရမှာပါ။
ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့ကို သိမ်းပိုက်ခံလိုက်ရပြီးနောက်ပိုင်းမှာ စစ်တွေမြို့ဟာ အချိန်မရွေး ဝင်ရာက် တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေရှိနေသလို အလယ်ပိုင်းမှာလည်း မြေပုံမြို့နယ်တစ်ခုလုံးကို လက်လွှတ်ပေးခဲ့ရတဲ့အတွက် အမ်းမြို့ပြင်မှာရှိတဲ့ ကာကင်းစခန်းတွေ၊ ဗျူဟာစခန်းတွေကျလို့ရှိရင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဟာလည်း လုံခြုံမှုကင်းမဲ့သွားပြီလို့ ဆိုနိုင်ပါတယ်။
စစ်ကောင်စီဘက်ကလည်း သူတို့ရဲ့လုံခြုံရေးနဲ့ အင်အားမမျှမှုအပေါ် ထည့်တွက်ပုံပေါ်ပါတယ်။
လက်ရှိ အေအေရဲ့ ထိုးစစ် အခြေအနေတွေက အင်အားအမြောက်အများနဲ့တိုက်ခိုက်နေတာဖြစ်ပါတယ်။
အေအေရဲ့ ထိုးစစ်တွေကို စစ်ကောင်စီဘက်က တုံ့ပြန် တိုက်ခိုက်နိုင်ခြင်းမရှိတော့သလောက် စစ်ရေးချည့်နဲ့ လာနေတဲ့အခြေအနေလို့လည်း ပြောနိုင်ပါတယ်။
ဒါကြောင့်မို့လို့ စစ်ကောင်စီက ပြည်နယ်မြို့တော် စစ်တွေကနေ သံတွဲကိုပြောင်းရွှေ့အခြေစိုက်ဖို့ ပြင်ဆင်နေတယ်ဆိုပြီး သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့တာပါ။
သံတွဲမြို့ကို စစ်ကောင်စီဘက်က အခြေစိုက်ဖို့ရွေးချယ်ခဲ့တဲ့ စဉ်းစားချက်ကို ဆန်းစစ်ကြည့် လို့ရှိရင် မတူညီတဲ့အခြအနေတွေကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရခိုင်ပြည်နယ်တောင်ပိုင်းဒေသဟာ စစ်တပ်ရဲ့လွှမ်းမိုးနိုင်မှုပိုများပြီး စစ်ရေးအပေါ် ဒေသခံတွေ စိတ်ဝင်စားမှု နည်းပါးတာ၊ တောင်ပိုင်း ဒေသဟာ အေအေအပေါ် လက်ခံသူနည်းပါးပြီး အေအေရဲ့ လွှမ်းမိုးမှုအားနည်းသလို တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ရှိရင်လည်း မြောက်ပိုင်း ဒေသလောက် အားကောင်း မလာနိုင်တာ၊ အေအေဘက်က စစ်ရေး ကြိုတင်ပြင်ဆင်ထားမှုတွေမရှိနိုင်တဲ့အတွက် ဖြစ်လာခဲ့လို့ ရှိရင်လည်း စစ်ရေးအသာစီးရနိုင်ခြေ မရှိတာ ... စတဲ့အချက်တွေကို တွက်ဆခဲ့ပုံရပါတယ်။
“သူတို့ သံတွဲကိုရွှေးချယ်တာက ဖြစ်နိုင်ခြေ သုံးချက်ရှိတယ်။ ပထမတစ်ချက်က ဧရာဝတီတိုင်းနဲ့ နီးတယ်။ စစ်အင်အားလက်နက် အင်အား ထောက်ပို့လမ်းကြောင်းအဖြစ်အသုံးပြုလို့ရတယ်။ လေ ကြောင်းပစ်ကူတွေ ဗမာပြည်ဘက်က အချိန်တိုအတွင်း လာရောက်နိုင်တယ်။ ပြီးတော့ ဓညဝတီ ရေတပ်စခန်းနဲ့ နီးတဲ့အတွက် ရေတပ်အင်အားအပြည့်အဝပေးနိုင်တယ်။ ဒီအချက်တွေကြောင့် ဖြစ်နိုင်တယ်” ရခိုင်ပြည်နယ် စစ်ရေးလေ့လာစောင့်ကြည်သူ တစ်ဦးက ထောက်ပြပါတယ်။
ရခိုင်မြောက်ပိုင်း တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန် စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တွေဟာ သံတွဲမြို့ကို ယာယီ ပြောင်းရွှေ့ ထားကြတယ်လို့လည်း သတင်းတွေထွက်ပေါ် ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ရခိုင်တောင်ပိုင်းက ရမ်းဗြဲမြို့ကို အေအေက စတင်တိုက်ခိုက်ခဲ့ပြီး သုံးလအကြာ ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ခံတပ်တွေကျိုးပျက်နေတဲ့ စစ်တပ်နဲ့ စစ်ရေးအခြေအနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်ရှိမှာတော့ ရခိုင်ပြည်နယ်ဟာ အပိုင်းသုံးပိုင်းပိုင်းပြီး သီးခြားစီဖြစ်နေတဲ့သဘောကိုတွေ့ရပါတယ်။
ရခိုင်ပြည်နယ်ထဲက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း မြို့နယ်တွေနဲ့ ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်တွေကို အေအေဘက်က သိမ်းပိုက် ထိန်းချုပ်ထားတာပါ။
အနောက်မြောက်ပိုင်း အစွန်မှာရှိတဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေကို ဆက် လက်တိုက်ခိုက်ခံနေရပါတယ်။ ဘူးသီးတောင်မြို့က စစ်ဆင်မှုကွပ်ကဲရေးဌာနချုပ် (စကခ) ၁၅ နဲ့ မောင်တောမြို့က နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့ရုံး (နခခ) ၁ (ကျီးကန်ပြင်ဌာနချုပ်)တို့ကို မေလအတွင်း စစ်ကောင်စီကလက်လွှတ်ခဲ့ရပါတယ်။
ဘူးသီးတောင်မြို့က စကခ ၁၅ ကို သိမ်းပိုက်တဲ့အခါမှာ စစ်ဗျူဟာမှူးအဆင့်ထိပါဝင်တဲ့ အင်အား ရာနဲ့ချီပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချခဲ့ကြပါတယ်။
ပြည်နယ်ရဲ့ အလယ်ပိုင်းမှာရှိတဲ့ အမ်းမြို့ဟာလည်း ဝိုင်းဝန်းပိတ်ဆို့ခြင်းခံနေရတဲ့သဘောမှာ ရှိပါတယ်။
အနီးဝန်းကျင်မှာရှိတဲ့ မအီမြို့နယ် ခွဲနဲ့ တပ်တောင်မြို့နယ်ခွဲတွေကို အေအေကထိန်းချုပ်ထားပြီး ရခိုင်ရိုးမတစ်ကြောလုံးကိုလည်း အေအေနဲ့မိတ်ဖက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
စကခ ၅ လက်အောက်ခံ အမ်းမြို့နယ်ထဲက စွေ့ချောင်းစခန်းကိုလည်း မကြာသေးခင်ကပဲ အေအေ တပ်ဖွဲ့တွေက သိမ်း ပိုက်လိုက်ပြီး အဲ့ဒီအနီးက တောဟိန်းတောင်ဗျူဟာကုန်းကို ဆက်လက် သိမ်းပိုက် နိုင်ဖို့ ထိုးစစ် ဆင်တိုက်ခိုက်နေတယ်လို့ အေအေရဲ့ ထုတ်ပြန် ချက်တွေအရ သိရပါတယ်။
နပခ ဧရိယာနဲ့ အနီးဆုံး နေရာတွေမှာလည်း တိုက်ပွဲတွေက ကြိုကြားကြိုကြားရှိနေသလို ရှော့တိုက်ဒုံး တွေနဲ့လည်း တိုက်ခိုက်ခံရတာတွေရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ တပ်ရင်းတွေဟာ အေအေရဲ့ထိုးစစ်ကိုခုခံကာကွယ်နိုင်ခြင်းမရှိသလို အခိုင်အမာဖွဲ့စည်းထားတဲ့ ခံတပ်တွေဟာလဲ ထိုးစစ်ဆင်ခံရပြီး မကြာခင်မှာပင် ကျိုးပျက်ခဲ့ရတဲ့ အခြေအနေ ရှိနေပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်တွေဟာ ဆက်တိုက်တစ်ခုပြီးတစ်ခု ကျဆုံးဆုတ်ခွာနေကြရတာလို့ ပြောရပါမယ်။
လက်ရှိ တိုက်ပွဲတစ်ချို့ ရှိနေတဲ့ ကျောက်ဖြူမြို့နယ်အတွင်းမှာလည်း ကျောက်ဖြူ ရေတပ်စခန်းအနီး ဝန်းကျင် နေရာတွေနဲ့ စနဲမြို့ဘက်တွေမှာ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်တာတွေနဲ့ မကြာခဏ ကြုံနေကြရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ မနက်ပိုင်းကလည်း တောင်ကုတ်မြို့ နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ မုတ်ရွာနဲ့ ဘာယေရွာအနီးမှာ စစ်ကောင်စီ စစ်ကြောင်းကားတန်းကို အေအေဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဘက်တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ တောင်ကုတ်မြို့နယ်အတွင်းမှာလဲပဲ စစ်ရေးတင်းမာမှုတွေရှိနေသလို ပိတ်ဆို့မှုတွေ ပိုမိုတင်းကျပ်လာခဲ့ပါတယ်။ ဒါပေမယ့် တိုက်ပွဲတွေဆက်လက် ဖြစ်ပွားတာတော့ မတွေ့ရသေးပါဘူး။
မြို့တော် စစ်တွေကို စွန့်ခွာဖို့ဆိုတာ ဖြစ်နိုင်မလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်တွေကတော့ ခံစစ်အတွက် ပြင်ဆင်ထားပါတယ်။ သူတို့တပ်နယ်တွေအတွင်းမှာလည်း ပြင်ဆင် ထားသလို မြို့ပြင်မြို့တွင်း နေရာတွေမှာလည်း ပြင်ဆင်ထားတာတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။
အထူးသဖြင့် လက်နက်ကြီးတွေ တိုးချဲ့ တပ်ဆင်ထားပါတယ်။ စစ်အင်အားတွေ ဖြည့်တင်းထား ပါတယ်။
အရပ်သားအများစုကတော့ စစ်တွေမြို့တွင်းကနေ နေရပ် အသီးသီးကို ထွက်ပြေးသွားခဲ့ ကြပါပြီ။ ကျန်ခဲ့တဲ့လူတွေကိုတော့ စစ်ကောင်စီက ထပ်မံရွှေ့ပြောင်းသွားလာတာတွေ မလုပ်ဖို့ နည်းလမ်းမျိုးစုံနဲ့ တားမြစ်ကန့်သတ်ထားပါတယ်။
လက်ရှိအချိန်ထိ စစ်ကောင်စီအစိုးရ အဖွဲ့ကတော့ စစ်တွေမြို့မှာရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် နပခ တိုင်းမှူးအပါအဝင် စစ်ကောင်စီခေါင်းဆောင်းပိုင်းတွေကိုတော့ မတွေ့ရတော့ဘူးလို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ပွဲတွေ နီးကပ်လာတဲ့ကာလမှာပဲ စစ်တွေမြို့အဝင်က မင်းချောင်းတံတားကို စစ်ကောင်စီက ဖျက်ဆီး လိုက်ပါတယ်။ ဒါ့အပြင် မြို့ပြင် မြို့တွင်းအသွားအလာတွေကို ပိုမိုတင်းကျပ်ပိတ်ဆို့ထားပြီး မြို့ပတ် ဝန်းကျင်နေရာတွေမှာ ကာမိုင်းတွေ ဖြန့်ကြက်ထား တယ်လို့ ဒေသခံတွေကပြောပါတယ်။
အရပ်သားတချို့မြို့ကနေထွက်ပြေးပြီး စစ်ရှောင်ကြသူတွေတောင် စစ်တပ်ထောင်ထားတဲ့မိုင်းတွေ ပေါက်ကွဲလို့ ထိခိုက်သေဆုံးတဲ့ အထိ ဖြစ်ပွားတာတွေလည်းရှိနေပါတယ်။
ပုဏ္ဏားကျွန်းကို အေအေကို သိမ်းပိုက် လိုက်ပြီးနောက်ပိုင်း စစ်တွေမြို့နယ်အတွင်း တိုက်ပွဲတွေ စဖြစ်လာမယ့် အခြေအနေ ရှိခဲ့ပေ မယ့် ဒီနေ့ထိတော့ တိုက်ပွဲဖြစ်တာ မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်တွေမြို့နယ်အတွင်းက စစ်ကောင်စီတပ်တွေကနေ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကို လက်နက်ကြီး လှမ်းပစ်တာတွေရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ ပစ်ခတ်သံတွေ မကြားရတော့ဘူးလို့ ပြောကြပါတယ်။
စစ်တွေမြို့နယ်အတွင်း ခန်းမှန်းခြေအားဖြင့် စစ်တပ်တပ်ရင်း ၁၀ ရင်းကျော်ခန့်ရှိသလို ရဲတပ်ရင်း ၂ ခုနဲ့ ရေတပ်စခန်း နှစ်ခုတည်ရှိပါတယ်။
လက်ရှိမှာတော့ လုံခြုံရေးတင်းကျပ်ထားသလို စစ်ရေးအတွက်ပြင်ဆင်မှုတွေရှိနေပြီး ခံစစ်ကြီးတစ်ခု အတွက် ခိုင်ခိုင်မာမာ တည်ဆောက်ထားတဲ့သဘောကိုတွေ့ရတယ်လို့ ပြောဆိုကြပါတယ်။
သတင်းတွေ ထွက်ပေါ်နေသလို စစ်ကောင်စီဟာ မြို့တော် စစ်တွေကိုလွယ်လွယ်နဲ့ မစွန့်ခွာနိုင်ဘူးလို့ သုံးသပ်မှုတွေလည်း ရှိကြပါတယ်။
“ဘယ်လောက်ပဲ စစ်ရှုံးနေပါစေ သူတို့ကတော့ စစ်တွေမြို့ကို လွယ်လွယ်နဲ့ဆုတ်ခွာမှာမဟုတ်ဘူး။ ဒါဟာ အစိုးရတစ်ရပ်၊ စစ်တပ် တစ်တပ်ရဲ့ ဂုဏ်သိက္ခာနဲ့သက်ဆိုင်သွားပြီ။ သူတို့ဘက်ကလည်း ခံစစ် အတွက်တော့ ခိုင်ခိုင်မာမာပြင်ဆင်ထားကြတယ်”လို့ ရခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။
တချို့ကလည်း လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဘူးသီးတောင်နဲ့ မောင်တောဘက်ကို သိမ်းနိုင်လို့ရှိရင်တော့ စစ်တွေဘက်ကို ဦးတည်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေလည်းရှိနေပါတယ်။
စစ်တွေဟာ ပင်လယ် ထွက်ပေါက် မြို့တစ်မြို့ဖြစ်နေရုံကလွဲပြီး စစ်ရေးနိုင်ငံရေးအတွက် အရေးတကြီး အာရုံစိုက်ဖို့ လိုအပ်တဲ့နေရာမှာ မပါဘူးလို့ ထောက်ပြသူတွေလည်းရှိကြပါတယ်။
တပ်အင်အားနည်းပါးတဲ့ ရခိုင်တောင်ပိုင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရခိုင်ပြည်နယ်တောင်ပိုင်းဒေသမှာ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ၊ မာန်အောင်နဲ့ ဂွမြို့တွေ ပါဝင်ပါတယ်။
အဲဒီထဲက ရမ်းဗြဲမြို့ကို အေအေကသိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ တောင်ပိုင်းဒေသ မြို့နယ်တွေမှာတော့ စစ်ကောင်စီတပ်အင်အား ကြီးကြီးမားမားမရှိကြပါဘူး။
စကခ ၅ အခြစိုက်တဲ့ တောင်ကုတ်မြို့မှာ ခမရ ၅၄၄ နဲ့ ခမရ ၃၄၆ တို့ အခြေစိုက်ပြီး သံတွဲမြို့မှာတော့ ခလရ ၅၅ နဲ့ ခမရ ၅၆၆ တို့အခြေစိုက်သလို ပင်လယ်ပြင်မှာတော့ ဓညဝတီ ရေတပ်ဌာနချုပ် လက်အောက်ခံ ရေတပ်စခန်း တချို့ရှိကြပါတယ်။
ကျောက်ဖြူမြို့မှာတော့ ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ အမှတ် ၃၂ ရဲတပ်ရင်းတို့ အခြေစိုက်ထား သလို သစ်ပုတ်တောင်ရွာအနီးမှာ ဓညဝတီရေတပ်ဌာနချုပ်တည်ရှိပါတယ်။
တောင်မော်ကြီးမှာတော့ ဓညဝတီရေတပ် ဌာနချုပ်ရဲ့ လက်အောက်ခံ ရေတပ်စခန်းတစ်ခုရှိပြီး အုန်းဂျွန်မှာတော့ ရေငုပ်သင်္ဘော ရေတပ်စခန်းတစ်ခု ရှိနေပါတယ်။ စစ်ရေးအင်အားဖြည့်တင်းထားတဲ့အထဲ ဓညဝတီရေတပ်ခစန်းလည်း ပါဝင်ပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဆုံးက ဂွမြို့မှာတော့ ခမရ ၅၆၂နဲ့ ခမရ ၅၆၃ တပ်ရင်းတွေ အခြေစိုက် ထားပါတယ်။ မာန်အောင်မြို့မှာတော့ ရမ်းဗြဲမြို့လိုပဲ အခြေစိုက်တပ်ရင်း ဌာနချုပ်တွေ မရှိကြပါဘူး။ ကမုန်တောင် စခန်းတစ်ခုပဲ ရှိပါတယ်။
အဲဒီမှာတော့ ကြည်းတပ်နဲ့ အမြောက်တပ်စခန်းနှစ်ခုဖြစ်ပြီး ဒေသအခြေစိုက် တပ်ရင်းတွေကနေ အလှည့်ကျစနစ်နဲ့ တာဝန်ယူကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် မာန်အောင်ကျွန်းမှာ မျှော်တော်ဦး ရေတပ်စခန်းတည်ရှိပြီး မာန်အောင်လေဆိပ်အနီး တစ်မိုင် ခန့် အကွာမှာရှိတဲ့ လယ်မြေ ၁၅၅ ဧကမှာ စစ်တပ်ဆောက်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဲ့ဒီနေရာမှာတော့ ထောက်ပို့တပ်တည်ဆောက်မှာဖြစ်တယ်လို့ လေ့လာသိရှိရပါတယ်။
မာန်အောင်ဟာ သီးခြားတည်ရှိနေတဲ့ ပင်လယ်ကျွန်းမြို့ဖြစ်ပြီး ရေတပ်ထိန်းချုပ်နယ်မြေဖြစ်သလို ရခိုင် တောင်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်လာလို့ရှိရင် မာန်အောင်ကျွန်းဟာ စစ်လေယာဉ်တွေ အတက်အဆင်းလုပ်နိုင်တဲ့ လေတပ်စခန်းတစ်ခုအဖြစ် အသုံးပြုလာနိုင်တယ်လို့ စစ်ရေးစောင့်ကြည့်သူတွေက ခန့်မှန်းထားကြပါတယ်။
“ရခိုင်တောင်ပိုင်းမြို့တွေမှာရှိတဲ့ စစ်တပ်တွေက မြို့လုံခြုံရေးအတွက်လောက်ပဲ ရှိကြတဲ့တပ်တွေလို့ ပြောလို့ရတယ်။ သူတို့ စစ်ရေးအတွက်ကြိုတင်ပြင်ဆင်ထားတာတွေ မရှိနိုင်ဘူး။ လူအင်အားတွေ လည်း နည်းကြတယ်။ တိုက်ပွဲတွေလည်း မဖြစ်ဖူးတော့ ဒီဘက်ကတပ်တွေကို စစ်ရေးအတွက် တည်ဆောက်ထားမှုအားနည်းတယ်လို့ ပြောနိုင်ပါတယ်” လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။
ခြုံပြောရလို့ရင် ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတစ်ခုလုံးမှာရှိတဲ့ စစ်ကောင်စီတပ်အင်အားဟာ ရခိုင် ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင်မြို့တစ်မြို့တည်းမှာတည်ရှိတဲ့ တပ်အင်အားထက် နည်းပါး တာကို တွေ့ရပါတယ်။
တောင်ပိုင်းက မြို့လေးမြို့မှာ အခြေစိုက်တဲ့ စစ်တပ်တပ်ရင်းဌာနချုပ် ၉ ခု၊ ရဲတပ်ရင်း ၁ ခုနဲ့ ရေတပ်ဌာနချုပ်တို့ပဲ တည်ရှိကြပါတယ်။
လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဘူးသီးတောင်မြို့မှာတော့ စကခ ၁၅ နဲ့ လက်အောက်ခံ တပ်ရင်း ဌာနချုပ် ၇ ခု၊ အခြေချဗျူဟာနဲ့ လက်အောက်ခံ တပ်ရင်းဌာနချုပ် ၃ ခု၊ အမြောက်တပ် ၁ ခုနဲ့ နယ်ခြား စောင့်ရဲတပ်ရင်း ၂ ခုတို့ အခြေစိုက်ထားတာပါ။
အဓိကခံတပ်မြို့တွေဖြစ်သလို စစ်ဒေသရဲ့ အမိန့်ပေး ဌာနချုပ်တွေဖြစ်တဲ့ ပြည်နယ်မြို့တော် စစ်တွေနဲ့ အမ်းမြို့တွေမှာတော့ စစ်တပ်အင်အား တောင့်တင်းတဲ့ အခြေအနေပါ။
စစ်တွေမြို့ကိုတော့ စစ်အင်အားဖြည့်တင်းထားသလို ခုခံတိုက်ခိုက်နိုင်ဖို့ အတွက်ကိုလည်း စစ်ရေးပြင်ဆင်မှုတွေ ရှိနေပါတယ်။
မြို့တွေကိုဘယ်လိုသိမ်းခဲ့သလဲ
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က မနက်လင်းအာရုဏ်တက်ချိန် အငူမော်-မောင်တောကားလမ်းက ချိန်ခါလီနဲ့ ဆင်ပိုက် နယ်ခြားစောင့် ရဲစခန်းငယ်နှစ်ခုကို အေအေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီတိုက်ပွဲဟာ တတိယအကြိမ် ရခိုင်တကျော့ပြန် တိုက်ပွဲရဲ့ အစဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ရခိုင်ပြည်နယ်နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းဒေသက ပလက်ဝမြို့နယ်အတွင်း မှာလည်း စခန်းသိမ်းတိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။
သုံးရက်အကြာ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ပေါက်တောမြို့ရဲစခန်းအသိမ်းခံရပါတယ်။ အဲဒီအချိန်ဟာ အေအေပါဝင်တဲ့ မြောက်ပိုင်း ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအရှိန်မြင့်နေတဲ့ကာလပါ။
အေအေပါဝင်တဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့က ရှမ်းမြောက် ဒေသမှာ တပ်စခန်းတွေ၊ မြို့တွေကို သိမ်းပိုက်နေတဲ့ ကာလဖြစ်ပါတယ်။ ပေါက်တောမြို့မ ရဲစခန်း အသိမ်းခံရတဲ့ မနက်ပိုင်းမှာပဲ ဒေသကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ် (စစ်တွေ)ကနေ ရဟတ်ယာဉ်တွေ ပျံသန်းတာကိုတွေ့ခဲ့ရပါတယ်။
ပေါက်တောမြို့ကိုထိန်းချုပ်ထားတဲ့ အေအေတပ်ဖွဲ့တွေကို လေကြောင်းကနေ စတင်ပစ်ခတ်ခဲ့ပါတယ်။ မကြာခင်မှာပဲ ရေတပ်ပါ ပါလာပြီး ပေါက်တောမြို့ကို ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ပေါက်တောတိုက်ပွဲဟာ အေအေနဲ့ စစ်ကောင်စီတို့အကြား ရင်ဆိုင်တိုက်ပွဲပေါင်း များစွာဖြစ်ပွားခဲ့ကြပြီး နှစ်ဘက်ကျဆုံးမှုတွေရှိခဲ့သလို အရပ်သားအများအပြားလည်း သေဆုံးခဲ့ရပါတယ်။
သုံးလခန့်အကြာမှာတော့ ပေါက်တောကို အေအေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တိုက်ပွဲစတင်ခဲ့တဲ့ နိုဝင်ဘာလ အကုန်ပိုင်း လောက်မှာတော့ ပလက်ဝမြို့နယ်နဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ်တချို့တို့မှာ တိုက်ပွဲ တွေက ကျယ်ပြန့်လာခဲ့ပါတယ်။
ထိုနည်းတူပဲ ၁၀၂၇ စစ်ဆင်ရေးလည်း ကြီးထွားလာခဲ့သလို တစ်နိုင်ငံ လုံးမှာ နောက်ထပ် စစ်ဆင်ရေးတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဒေသအသီးသီးမှာလည်း တိုက်ပွဲ တွေက ကျယ်ပြန့်လာခဲ့သလိုပဲ အေအေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကလည်း စစ်နယ်ပယ်တိုင်းမှာ ပါဝင် နေတာ တွေ့လာရပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်နေဝန်းအပြင် တခြား ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားနေကြတဲ့ တိုက်ပွဲတိုင်းမှာလည်း အေအေတပ်ဖွဲ့တွေ ပါဝင်နေတာဖြစ်ပါတယ်။
ဒါ့အပြင် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ဘက်က တိုက်ပွဲတွေမှာလည်း မဟာမိတ်တပ်ဖွဲ့တွေက ပါဝင် ခဲ့ကြတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်း ယခင်နှစ်တွေက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ စစ် ကောင်စီ စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ခံစစ်တိုက်ပွဲတွေ ဖြစ်ပါတယ်။
အခုတစ်ကြိမ်မှာတော့ စစ်ရေးဗျူဟာပြောင်းလဲ တိုက်ခိုက်ခဲ့ကြတာပါ။ စစ်မျက်နှာတွေတိုးချဲ့ပြီး စစ် နယ်ပယ်တိုင်းမှာ ကင်းစခန်း၊ နယ်မြေစခန်း၊ ဗျူစာစခန်း၊ တပ်ရင်း၊ ဌာနချုပ်အဆင့်ရှိတဲ့ စစ်ကောင်စီ တပ်တွေကို တစ်ခုပြီးတစ်ခုသိမ်းပိုက်ပြီးတော့ မြို့တွေကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ရခိုင် တပြည်နယ်လုံးကို တစ်ခုမကျန်သိမ်းပိုက်ထိန်းချုပ်နိုင်တဲ့အထိ တိုက်ခိုက်သွားမယ်လို့ အေအေဘက်က ပြောဆိုထားပြီး လက်ရှိမှာလည်း ပြည်နယ်ထက်ဝက်လောက်ကို သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။
အေအေရဲ့ စစ်ရေးရည်မှန်းချက် အောင်မြင်မှု ရရှိနေပြီး ဒါဟာ နွေဦးတော်လှန်ရေးရဲ့ အကျိုးဆက် တစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားနိုင်တဲ့ ချင်း၊ စစ်ကိုင်းနဲ့ မကွေးဒေသတွေကနေ လက်နက်နဲ့ ထောက်ပို့လမ်းကြောင်းတွေ ဆက်တိုက် ပွင့်ကုန်လို့ အေအေအတွက် အထောက်အကူ အများကြီး ရခဲ့တာပါပဲ။
အေအေဘက်က သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ မြို့ကွက်ကွက်လေးကို ထိန်းချုပ် ထား တာမျိုး မဟုတ်ဘဲ သက်ဆိုင်ရာ မြို့နယ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်စခန်းတွေ တစ်ခု မကျန် တိုက်ခိုက် သိမ်းပိုက်ပြီးမှ တစ်မြို့နယ်လုံးကို ထိန်းချုပ်ထား တာပါ။
ဒါကြောင့်မို့လို့ အေအေ လက်ထဲကျရောက်သွားတဲ့ မြို့တွေကို စစ်ကောင်စီဘက်က ပြန်လည်သိမ်းပိုက်ဖို့ ဆိုတာ တော်တော် ခဲယဉ်းတဲ့အခြေအနေမှာရှိတယ်လို့ ပြောနိုင်ပါတယ်။
အေအေဟာ လက်ရှိအချိန်မှာ စစ်ကောင်စီထက် အင်အားသာသလို ယခင်က တည်းက နယ်မြေ အများစုကို စိုးမိုးထားတာ ဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်တဲ့အခါမှာ အချိန်ကြာမြင့်စွာ ပိတ်ဆို့ထားနိုင်သလို ထောက်ပို့ လမ်းကြောင်းတွေကို ဖြတ်တောက်ခြင်း၊ စစ်ကူတွေ မလာနိုင်အောင် ဟန့်တားရှင်းလင်းခြင်းတွေ ပြုလုပ်ထားနိုင်တဲ့အတွက် စစ်ကောင်စီဘက်က ခံစစ်စည်းရိုးတွေ ကျိုးပျက်ခဲ့ရတာလို့ ဆိုရမှာဖြစ်ပါတယ်။
ရေတပ်သင်္ဘောတွေကို ဘယ်လိုနှစ်မြှုပ်ခဲ့သလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရခိုင်ပြည်နယ်ထဲကို အေအေဝင်ရောက်လာခဲ့တာ ၁၀ စုနှစ်တစ်ခုနီးပါးခန့်ရှိနေပြီလို့ပြောရမှာ ဖြစ်ပါ တယ်။
၂၀၁၅ ခုနှစ် ဧပြီလအတွင်း မြောက်ဦးမြို့နယ်ထဲက ရမ်းချောင်းတကြောမှာ တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ကြပါတယ်။ အဲဒီတိုက်ပွဲဟာလည်း အေအေနဲ့ စစ်ကောင်စီတို့အကြား အတော်ပြင်းထန်ခဲ့တဲ့တိုက်ပွဲတွေ ဖြစ်ကြပါတယ်။
ရမ်းချောင်းတိုက်ပွဲဟာ တစ်လနီးပါးသာကြာမြင့်ခဲ့ပေမယ့် စစ်ကောင်စီဘက်က ပို့လွှတ်တဲ့စစ်ကြောင်း၊ စစ်သည်တွေအများစုကတော့ အဲဒီတိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုအဆမတန်များပြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာလည်း အဲဒီတိုက်ပွဲကို အခြေပြုပြီး အေအေကို ရမ်းချောင်းကျားလို့ ခေါ်စမှတ်တွင်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှာ တိုက်ပွဲတွေပြန်လည်စတင်ခဲ့ပြီး ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့ အထိ ရှည်လျားခဲ့ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ ယခင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေက အခြေ အနေ ကွာခြားပါတယ်။
ကြည်းတပ်အင်အားတွေကို ရှေ့ထွက်တိုက်ခိုက်တာမျိုးမရှိပေမယ့် တိုက်ပွဲအစပိုင်းမှာတော့ ယခင်တိုက်ပွဲတွေလိုပဲ စစ်ကောင်စီက ရေတပ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကောင်းကောင်းအသုံးချ တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။
ကြည်း၊ ရေ၊ လေ ပူးတွဲတိုက်ခိုက်နေတဲ့ကြားကပဲ စစ်ကောင်စီတပ်ခစန်းတွေကို သိမ်းပိုက်နိုင်တဲ့ အဆင့် ကနေ မြို့တွေကိုသိမ်းပိုက်နိုင်တဲ့အခြေအနေထိ ရောက်ရှိလာခဲ့ပါတယ်။ လက်နက်ကြီးတွေ၊ အမြောက် တွေပိုင်ဆိုင်လာခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေကနေ သိမ်းပိုက်ရရှိတဲ့ လက်နက်ခဲယမ်းတွေထဲ တင့်ကားတွေလည်း အများအပြားရရှိခဲ့ပါတယ်။
ကျောက်တော်တပ်မတိုက်ပွဲက စစ်သားတွေထွက်ပြေးခဲ့ကြတဲ့ ရေတပ် သင်္ဘောသုံးစီးကို ကုလားတန် မြစ်အတွင်းမှာပဲ အေအေဘက်က ပစ်ခတ်နှစ်မြှုပ်နိုင်ခဲ့သလို မရှေးမနှောင်းမှာပဲ မင်းပြားမြို့သိမ်း တိုက် ပွဲတွေအတွင်း စစ်ကြောင်းထိုးလာတဲ့ ရေတပ် သင်္ဘောနှစ်စီးကိုလည်း ထပ်မံတိုက်ခိုက်နိုင်ခဲ့တယ်လို့ အေအေရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
“တပ်မက ဆုတ်ပြေးတဲ့အချိန်မှာ လက်နက်ကြီးတွေ၊ တင့်ကားတွေကို သူတို့ရသွားတယ်။ ဖမ်းဆီး ခံ လိုက်ရတဲ့ လက်နက်ကြီးတပ်ဖွဲ့က စစ်သားတချို့နဲ့ ပူးပေါင်းပြီးတော့ အဲဒီက တင့်ကားတွေ၊ လက်နက်ကြီးတွေနဲ့ ပြန်တိုက်တဲ့အတွက် ရေတပ်သင်္ဘောတွေ ဖျက်ဆီးခံလိုက်ရတာပေါ့”လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရခိုင်တိုက်ပွဲကာလတစ်လျှောက် စစ်ကောင်စီရေတပ်ဟာ အေအေအတွက်ရော ဒေသခံပြည်သူတွေ အတွက်ရော အထူးစိုးရိမ်ရတဲ့အခြေအနေမှာရှိခဲ့ပါတယ်။ မြစ်ချောင်းပေါများတဲ့ရခိုင်ပြည်နယ်ထဲက နေရာတော်တော်များများကို ရေတပ်သင်္ဘောတွေသွားလာလို့ရတဲ့အတွက် စစ်ကောင်စီရေတပ်က ရခိုင်မှာ ပြုလွယ်ပြောင်းလွယ် လှုပ်ရှားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် စကခ ၉ ကျောက်တော်တပ်မကို သိမ်းပိုက်လိုက်ပြီး နောက်ပိုင်းမှာတော့ ရခိုင်စစ်ရေး အခြေ အနေတွေက တစ်ဆစ်ချိုးပြောင်းလဲသွားခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကြည်းတပ် တွေလည်း အားနည်းနေသလို ရေတပ်သင်္ဘောတွေထုတ်သုံးတာလည်းမတွေ့ရတော့ဘဲ လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူလောက်ကိုပဲ အဓိကထား တိုက်ခိုက်နေရတဲ့အခြေအနေလို့ ပြောရမှာ ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ စစ်ကောင်စီက ရခိုင်ပြည်နယ်ကို လက်မလွတ်ချင်ပေမယ့် ရခိုင်လူထုရဲ့ ထောက်ခံမှု ကို ရရှိထားတဲ့ အေအေကို ငြိမ်းချမ်းရေး စားပွဲကို မခေါ်ဘဲ အပြီးသတ် နှိမ်နင်းဖို့ ဆိုတာ လုံးဝ မဖြစ်နိုင် တော့တဲ့ အခြေအနေလို့ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်နေကြပါတယ်။













