ရခိုင်မှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ကြဖို့ အေအေ ဖိတ်ခေါ်

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီကို တိုက်ခိုက်ပြီးနယ်မြေထိန်းချုပ်မှုတွေလုပ်နေတဲ့ ရက္ခိုင့်တပ်တော်(အေအေ)က ရင်းနှီးမြှုပ်နှံမှုတွေလာရောက်ပြုလုပ်ကြဖို့ ဖိတ်ခေါ်ပြီး ရင်းနှီးမြှုပ်နှံသူတွေနဲ့ လုပ်ငန်းတွေကိုလည်း အကာအကွယ်ပေးမယ်လို့ ဆိုပါတယ်။

အနှစ်ချုပ်

  • ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်ပြုလုပ်ကြဖို့ ရက္ခိုင့်တပ်တော်(အေအေ)က ဒီနေ့မှာ ဖိတ်ခေါ် လာပါတယ်။
  • မွန်နဲ့ ကရင်ပြည်နယ်အစပ် ကော့ကရိတ်မြို့နယ်ထဲက ကော့ဘိန်းရွာ ရဲစခန်းကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ဒီနေ့ ညနေပိုင်းမှာ သိမ်းလိုက်ပြီလို့ သိရပါတယ်
  • စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခံထားရတဲ့မင်းတပ်မြို့နယ်ထဲမှာ စစ်ရှောင် တစ်ထောင်ကျော်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပြီးခဲ့တဲ့တစ်ပတ်အတွင်း စာနာမှုအကူအညီတွေ သွားပေးခဲ့ပါတယ်
  • မတ်လအတွင်း မင်းတပ်မြို့နယ်ထဲမှာ တိုက်ပွဲမရှိတဲ့ကျေးရွာတွေ လေကြောင်းနဲ့လက်နက်ကြီး တိုက်ခိုက်ခံရပြီး ကလေးငယ်တွေအပါအဝင် အရပ်သားတွေ သေဆုံးခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်
  • ကရင်ပြည်နယ်၊ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီ စစ်ကြောင်းထိုးလို့ ကျေးရွာဆယ်ချီက လူ နှစ်သောင်းနီးပါး စစ်ဘေးရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ကပြောပါတယ်
  • ထိုင်းနိုင်ငံ၊ ဆန်ခလာဘူရီမြို့မှာ တရားမဝင် ပြည်ဝင်မှုနဲ့ မြန်မာအယောက် ၅၀ ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်
  • နယ်စပ်ကုန်သွယ်ရေးကျဆင်းမှု၊ ပြည်တွင်းငွေကြေးဖောင်းပွမှုနဲ့ ကုန်စျေးနှုန်းကြီးမြင့်တာတွေဖြစ်နေချိန် အာဏာသိမ်း ၃ နှစ်အတွင်း မြန်မာ့ စီးပွားရေး တိုးတက်လာတယ်လို့ စစ်ခေါင်းဆောင်က ပြောလာပါတယ်
  • မြန်မာ- ဘင်္ဂလား‌ဒေ့ရှ်နယ်စပ်က စစ်ကောင်စီတပ်ရဲ့ နယ်ခြားစောင့်စခန်းတွေကို ရက္ခိုင့်တပ်တော်(အေအေ) တိုက်ခိုက်မှု အရှိန်မြှင့်နေပါတယ်
  • မြန်မာအတွက် ထိုင်းရဲ့ လူသားချင်းစာနာမှုအကူအညီ ဒီနေ့ စတင်ပြီဖြစ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေတဆင့် ကရင်ပြည်နယ် ဘားအံမြို့နယ်ထဲက စစ်ရှောင်တွေကို ကူညီမယ်လို့ သိရှိရပါတယ်
  • မြန်မာကို ဒေါ်လာသန်း ၁၂၀ ကျော်ကူညီမယ့် အမေရိကန်အစိုးရအသုံးစရိတ်ကို သမ္မတဘိုင်ဒန် လက်မှတ်ထိုးလိုက်ပြီဖြစ်ပါတယ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မတ်လ ၂၅ ရက်အတွက် ဘီဘီစီမြန်မာပိုင်းရဲ့ ‌‌နောက်ဆုံးရသတင်းတွေ တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဘီဘီစီရဲ့ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ရခိုင်မှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ အေအေ ဖိတ်ခေါ်

    ကုလားတန် မြစ်ကြောင်း ဘက်စုံသုံး သယ်ယူ ပို့ဆောင်ရေး စီမံကိန်းပါ တန် ၃၀ဝ မြစ်တွင်းသွား ကုန်တင်ရေယာဉ်တွေ

    ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

    ဓာတ်ပုံ ပုံစာ, ကုလားတန် မြစ်ကြောင်း ဘက်စုံသုံး သယ်ယူ ပို့ဆောင်ရေး စီမံကိန်းပါ တန် ၃၀ဝ မြစ်တွင်းသွား ကုန်တင်ရေယာဉ်တွေ

    ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီး နယ်မြေထိန်းချုပ်မှုတွေလုပ်နေတဲ့ ရက္ခိုင့်တပ်တော်(အေအေ)က ရခိုင်မှာ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်ပြုလုပ်ကြဖို့ တရားဝင် ထုတ်ပြန်ဖိတ်ခေါ်လာပါတယ်။

    ဒီနေ့ ညနေပိုင်းထုတ်ပြန်တဲ့ အေအေရဲ့အဲဒီ ထုတ်ပြန်ချက်ကို အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကလည်း သူ့ရဲ့တွစ်တာ လူမှုကွန်ရက်အကောင့်မှာ တင်ထားပါတယ်။

    ဒေသအကျိုးစီးပွားဖြစ်ထွန်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူပြုတဲ့ ဘယ်ရင်းနှီးမြှုပ်နှံမှုကို မဆို ကြိုဆိုပြီး ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းတွေ၊ စီမံကိန်းတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့လုံခြုံရေးနဲ့ အသက်အန္တရာယ်ကိုလည်း ကာကွယ်စောင့်ရှောက်ပေးသွားမယ်လို့ ဆိုပါတယ်။

    လက်ရှိမှာ စစ်ကောင်စီတပ်လက်အောက်ကနေ အေအေက ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာ အိန္ဒိယရဲ့ ကုလားတန်မြစ်စီမံကိန်းရှိနေပါတယ်။

    အဲဒီစီမံကိန်းကို ၂၀၁၁ ခုနှစ်ကစလို ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တို့မှာ တည်ဆောက်နေတာဖြစ်ပြီး ပလက်ဝကနေ အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်ကိုသွားမယ့် ကုန်လမ်းကိုလည်း ဖောက်လုပ်နေတာဖြစ်ပါတယ်။

    စီမံကိန်းရဲ့ ရခိုင်ပြည်နယ်ဘက်ခြမ်း အစိတ်အပိုင်းတွေဟာ ၂၀၁၇ ခုနှစ်လောက်ကတည်းက ပြီးစီးနေပြီဖြစ်ပေမဲ့ ဒေသတွင်းစစ်ပွဲတွေဖြစ်ပွားလာတဲ့အချိန် ၂၀၁၉ ခုနှစ်လောက်မှာတော့ စီမံကိန်းရဲ့လုပ်ငန်းအားလုံးကို ရပ်နားထားခဲ့ရတာ ဖြစ်ပါတယ်။

  3. ကော့ကရိတ်၊ ကော့ဘိန်းရဲစခန်းကို ပူးပေါင်းအဖွဲ့တွေသိမ်း, ဓမ္မသတ်ရွာအနီး တိုက်ပွဲဖြစ်နေ

    စခန်းသိမ်းအပြီးမှာ သိမ်းဆည်းမိတယ်ဆိုတဲ့လက်နက်ခဲယမ်းတွေ

    ဓာတ်ပုံ ရင်းမြစ်, ပေးပို့

    ဓာတ်ပုံ ပုံစာ, စခန်းသိမ်းအပြီးမှာ သိမ်းဆည်းမိတယ်ဆိုတဲ့လက်နက်ခဲယမ်းတွေ

    မွန်နဲ့ ကရင်ပြည်နယ်အစပ် ကော့ကရိတ်မြို့နယ်ထဲက ကော့ဘိန်းရွာ ရဲစခန်းကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ဒီနေ့ ညနေပိုင်းမှာ သိမ်းလိုက်ပြီလို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)၊ မွန်ပြည်သစ်ခွဲထွက်(MNSP-AD)၊ မွန်ပြည်လွတ်မြောက်ရေးတပ်(MLA) စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မနေ့ မနက် ၇ နာရီကတည်းက တိုက်ခိုက်နေခဲ့တာလို့ သိရပါတယ်။

    ဒီနေ့မွန်းလွဲပိုင်းမှာတော့ ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တွေ ပူးပေါင်း အခြေချတဲ့အဲဒီ ရဲစခန်းကို သိမ်းခဲ့တာဖြစ်ပြီး စခန်းတစ်ခုလုံးကို မီးရှို့ ရှင်းလင်းလိုက်ပြီလို့ မြေပြင် စစ်ရေးအခြေအနေ သိသူတွေက ဘီဘီစီကို ပြောပါတယ်။

    ‘‘နှစ်ဖက်အကျအဆုံးရှိတယ်။ စစ်ကောင်စီတပ်ဘက်က အကျအဆုံးပိုများတယ်လို့ သိရပေမဲ့ ဘယ်လောက်များလဲဆိုတာ မသိရဘူး။ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ တစ်ယောက်ကျပြီး တစ်ယောက်ဒဏ်ရာရတယ်။ လူငယ်လေးတွေပဲ။ စစ်ကောင်စီဘက်က သေဆုံးတဲ့သူတွေကိုတော့ စခန်းမီးရှို့ချိန်မှာပဲ တခါတည်းသင်္ဂြိုဟ်လိုက်ပြီ’’ လို့ ကော့ဘိန်းဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ရဲစခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့မိသားစုတွေအပါအဝင် လူပေါင်း ၂၀ ခန့် လက်နက်ချခဲ့တယ်လို့လည်း သူက ပြောပါတယ်။

    ဒီကနေ့ ညနေပိုင်းမှာတော့ ကော့ဘိန်းရွာကနေ အထွက် ကော့သပ်ရွာဘက်ကိုအသွား ဓမ္မသတ်ရွာအနီးမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

  4. နောက် ၆ လ ကျော်အထိ ရန်ကုန်ပတ်စ်ပို့ရုံး ဘွတ်ကင်တွေပြည့်နေ

    နိုင်ငံကူးလက်မှတ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, နိုင်ငံကူးလက်မှတ်

    ရန်ကုန်နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)ထုတ်ပေးရေးရုံးမှာ ပတ်စ်ပို့လျှောက်ထားဖို့အတွက် အွန်လိုင်းရက်ချိန်တွေ ဟာ အောက်တိုဘာလ ၃ရက်နေ့ထိ ပြည့်နေပြီဖြစ်ပါတယ်။

    ဒီရုံးမှာ တစ်ရက်ကိုနိုင်ငံကူးလက်မှတ်ကို အွန်လိုင်းကနေရက်ချိန်းထုတ်ပေးပြီး တစ်ရက်ကို အယောက် ၂,၇၀၀ စာထုတ်ပေးနေတာပါ။

    အွန်လိုင်းကနေ ရက်ချိန်းယူနိုင်နေပြီဖြစ်တဲ့ နေပြည်တော်က မေလ ၂၀ ရက်နေ့အထိ၊ မန္တလေးရုံးက သြဂုတ်လ ၇ ရက်နေ့အထိ၊ ပုသိမ်ရုံးက ဇွန်လ ၂၀ရက်နေ့အထိနဲ့ ပဲခူးရုံးက ဇူလိုင် ၂၉ရက်‌နေ့အထိ ပြည့်နေတာဖြစ်ပါတယ်။

    ဧပြီ ၂၂ရက်နေ့နဲ့ နောက်ပိုင်းရက်ချိန်းရထားသူတွေဟာ စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးဌာန(လဝက) က ထုတ်ပေးထားတဲ့ Unique Identity UID လို့ခေါ်တဲ့စမတ်ကတ်ယူလာဖို့လိုပြီး မပါလာရင် နိုင်ငံကူးလက်မှတ်ထုတ်ပေးမှာ မဟုတ်ဘူးလို့ လဝကက ကြေညာထားပါတယ်။

  5. ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ် ၉ ခုမှာ နေ့အပူချိန်တွေ တိုးလာနိုင်

    နွေအပူကို အံတုနေကြရသူများ (ပုံဟောင်း)
    ဓာတ်ပုံ ပုံစာ, နွေအပူကို အံတုနေကြရသူများ (ပုံဟောင်း)

    ရန်ကုန်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ကရင်နဲ့ မွန်ပြည်နယ် စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ နောက်နှစ်ရက်အတွင်း နေ့အပူချိန်တွေ အနည်းငယ်တိုးလာနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

    ဒီရက်ပိုင်းမှာလည်း တနင်္သာရီတိုင်းဟာ မတ်လရဲ့ ပျမ်းမျှအပူချိန်ထက် ၂ ဒီဂရီ စင်တီဂရိတ်ပိုခဲ့သလို ထူးခြားတဲ့ နေ့အပူချိန်တွေအနေနဲ့ ပြည်မြို့မှာ ၄၁ ဒီဂရီ စင်တီဂရိတ်၊ ချောက်၊ မကွေး၊ တောင်တွင်းကြီးနဲ့ မြဝတီမြို့တွေမှာ ၄၀ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေတယ်လို့ ဆိုပါတယ်။

    မိုးလေဝသ စောင့်ကြည့်သူ ဦးဝင်းနိုင်ကလည်း မတ် ၂၄ ရက်ကစပြီး ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ မကွေးနဲ့ ဒေသတချို့မှာ အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်ကနေ ၄၂ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။

    “ဒီရက်ပိုင်း အရမ်းသိသာတယ်။ အပြင်ထွက်ဖို့ကို တော်တော်စဉ်းစားရတယ်။ ပူလှောင်နေလို့။ အိမ်မှာက သက်ကြီးရွယ်အိုလည်းရှိတယ်၊ ကလေးလည်းရှိတယ်ဆိုတော့ ဓာတ်ဆားထုတ်ဆောင်ထားတယ်။ နောက်ထပ် ပိုပူလာမယ်ဆိုတော့လည်း ဘယ်တတ်နိုင်မလဲ။ ကိုယ်မှတားလို့မရတာ။ မီးပျက်တော့ ပိုဆိုးတယ်”လို့ ရန်ကုန်မြို့ နေထိုင်သူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    ကမ္ဘာ့မိုး‌လေဝသအဖွဲ့ကြီးကလည်း ၂၀၂၄ ခုနှစ်ဟာ ၂၀၂၃ ခုနှစ်ကထက် ပိုပြီး ပူလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

  6. ပအိုဝ်းအမျိုးသားနေ့မှာ ဆီဆိုင်မြို့ ကို စစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ဆို PNLA ပြော

    မြို့လုံးကျွတ်နီးပါး ပျက်စီးနေတဲ့ ဆီဆိုင်မြို့

    ဓာတ်ပုံ ရင်းမြစ်, PNLA

    ဓာတ်ပုံ ပုံစာ, မြို့လုံးကျွတ်နီးပါး ပျက်စီးနေတဲ့ ဆီဆိုင်မြို့

    မတ် ၂၄ ရက်မှာကျရောက်တဲ့ ၇၅ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့မှာ ဆီဆိုင်မြို့ကို စစ်ကောင်စီက လက်နက် ကြီးအပြင် ဒရုန်းတွေနဲ့ပါ ပစ်ခတ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်(PNLA) က ထုတ်ပြန်ပါတယ်။

    စစ်ကောင်စီက ဆီဆိုင်မြို့ကို မတ် ၂၄ ရက် မနက် ၁၀ နာရီကနေ နေ့လယ် ၂ နာရီအထိ လက်နက်ကြီးနဲ့ ၂၈ ကြိမ် ကျော်ပစ်ခတ်ခဲ့သလို ညနေ ၅ နာရီကစပြီး လက်နက်ကြီး အကြိမ် ၂၀ ကျော်၊ ဒရုန်းနဲ့ ၆ ကြိမ် ဗုံးသီးချခဲ့တယ်လို့ ဆိုပါတယ်။

    အဲ့ဒီလို တိုက်ခိုက်တာကြောင့် လူအထိအခိုက်မသိရသေးပေမဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ PNLA တာဝန်ရှိသူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    “စစ်ကောင်စီရဲ့ ဖျက်ဆီးမှုကြောင့် ပအိုဝ်းတွေရဲ့ အရေးပါတဲ့မြို့တမြို့ဖြစ်တဲ့ ဆီဆိုင်မြို့ဟာ တတစ်မြို့လုံးနီးပါး ပျက်စီးနေရပါပြီ” လို့ သူကပြောပါတယ်။

    တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဆီဆိုင်မြို့ထဲမှာ ပျက်စီးသွားတဲ့ နေအိမ်အတိအကျကို စာရင်းကောက်ယူလို့ မရတဲ့အခြေအနေ ရှိနေပါတယ်။

    တိုက်ပွဲတွေကြောင့် ဆီဆိုင်နဲ့ ဟိုပုံးမြို့နယ်အတွင်းက ပြည်သူတစ်သိန်းခန့်ဟာ စစ်ဘေးဒဏ်ရှောင်နေရတယ်လို့ သိရပါတယ်။

  7. မင်းတပ်က စစ်ရှောင် တစ်ထောင်ကျော်ကို ကြက်ခြေနီအသင်း အကူအညီပေး

    MRCSရဲ့ ကလေးစိတ်ပိုင်းဆိုင်ရာပံ့ပိုးရေးအိတ်နဲ့ ကလေးငယ်တွေ

    ဓာတ်ပုံ ရင်းမြစ်, MRCS

    ဓာတ်ပုံ ပုံစာ, MRCSရဲ့ ကလေးစိတ်ပိုင်းဆိုင်ရာပံ့ပိုးရေးအိတ်နဲ့ ကလေးငယ်တွေ

    ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာရှိတဲ့ အိမ်ထောင်စု ၃၀၀ နီးပါးအတွက် တစ်ကိုယ်‌ရည်သုံးပစ္စည်း၊ စားနပ်ရိက္ခာ၊ အဝတ်ထည်နဲ့ ကလေးစိတ်ပိုင်းဆိုင်ရာပံ့ပိုးရေးအိတ်တွေ သွားလှူခဲ့တယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)က ပြောပါတယ်။

    အခုအကူအညီကို ပြီးခဲ့တဲ့တစ်ပတ်တုန်းက သွားပေးခဲ့တာဖြစ်ပါတယ်။

    မင်းတပ်မြို့နယ်ထဲက ပန်းအော့၊ ဖွီ၊ ဘောင်ထဲ၊ ဘော(၃)စတဲ့ရွတွေ၊ တောင်ပုလု ဘုန်းတော်ကြီးကျောင်းနဲ့ ဘတ်ပတစ်ချက်ချ်ကျောင်း၊ မြို့ဦးဘုန်းတော်ကြီးကျောင်း၊ မက်သဒစ် ဘုရားကျောင်း၊ စိချဲ့ဘုရားကျောင်း၊ ရွှေနှလုံးတော်ဘုရားကျောင်းတို့မှာ ခုံလှုံနေတဲ့ အိမ်ထောင်စုတွေက လူပေါင်း ၁၃၀၀ နီးပါးကို အကူအညီပေးခဲ့တာလို့ ဆိုပါတယ်။

    အဲဒီနေရာတွေဟာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့်ကြေညာထားတဲ့ မင်းတပ်မြို့နယ်ထဲမှာ စစ်တပ်ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့နေရာ‌တွေဖြစ်ပါတယ်။

    မင်းတပ်မြို့နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ တိုက်နယ်နဲ့ကျေးရွာတွေမှာတော့ စစ်ရှောင် အကူညီတွေမရသလောက်ဖြစ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတစ်ဦးကပြောပါတယ်။

    ဆေးဝါးအထောက်ပံ့လည်းမရတေ့ာတဲ့အတွက် စစ်ရှောင်တွေကို ဆေးဝါးအခမဲ့ပေးဖို့အခက်ခဲရှိတယ်လို့လည်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကျန်းမာရေးတာဝန်ခံက ဘီဘီစီကိုပြောထားပါတယ်။

  8. မင်းတပ်က တိုက်ပွဲမရှိတဲ့ရွာတွေ လေကြောင်းတိုက်ခိုက်မှုကြုံနေရ

    မင်းတပ်မြို့နယ် တိုက်နယ် ၃အတွင်း မတ်လ ၁၅ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့အိမ်နားမှာ ရပ်နေတဲ့ ကလေးငယ်

    ဓာတ်ပုံ ရင်းမြစ်, မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့

    ဓာတ်ပုံ ပုံစာ, မင်းတပ်မြို့နယ် တိုက်နယ် ၃အတွင်း မတ်လ ၁၅ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့နေအိမ်တစ်လုံး

    ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ ဒုံးလက်နက်နဲ့ပစ်ခတ်တာ၊ စက်သေနတ်နဲ့ပစ်တာတွေ အခုလအတွင်းပြုလုပ်နေတာ ၄ ကြိမ်အထိရှိပြီလို့ မင်းတပ်မြို့နယ်ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့မှတ်တမ်တွေက ‌ဖော်ပြပါတယ်။

    ဒီဖြစ်စဥ်တွေအတွင်း အသက် ၆နှစ် အရွယ်ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးရှိကာ နေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

    မတ်လ ၁၅ ရက်နေ့တုန်းက လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးရတဲ့ အသက် ၆ နှစ် အရွယ် မိန်းကလေးနဲ့ သူ့ရဲ့ မိခင်တို့ဟာ နေအိမ်မီးဖိုချောင်အတွင်းမှာပဲ ဗုံးစထိမှန်သေဆုံးခဲ့တာပါ။

    နောက်ဆုံးလေကြောင်းတိုက်ခိုက်မှုဖြစ်တဲ့ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁ ထဲက ပန်းသာရွာကို မတ်လ ၂၂ ရက် မနေ့က ညနေ ၅ နာရီဝန်းကျင်မှာ လာပစ်သွားတာလို့ သိရပါတယ်။

    ဒီပစ်ခတ်မှုအတွင်းက ဒဏ်ရာရသူ ၄ယောက်က ဝမ်းမသူးဆေးရုံမှာ ကုသမှုခံယူနေရဆဲ ဖြစ်ပါတယ်။

  9. မော်စကို ဂီတခန်းမ တိုက်ခိုက်မှုအတွက် အမျိုးသား ၄ ဦး အကြမ်းဖက်မှုနဲ့ တရားစွဲခံရ

    တိုက်ခိုက်မှုမှာ သေနတ်သမားလို့ သံသယရှိခံရသူ အမျိုးသားကို တရားရုံးထုတ်မှာ မြင်တွေ့ရတာဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, တိုက်ခိုက်မှုမှာ သေနတ်သမားလို့ သံသယရှိခံရသူ အမျိုးသားကို တရားရုံးထုတ်မှာ မြင်တွေ့ရတာဖြစ်ပါတယ်

    ပြီးခဲ့တဲ့သီတင်းပတ်တုန်းက မော်စကိုမြို့မှာရှိတဲ့ ဂီတခန်းမအတွင်း တိုက်ခိုက်ခဲ့တယ်လို့ ရုရှားဘက်က ပြောထားတဲ့ အမျိုးသား ၄ ဦးဟာ အကြမ်းဖက်မှုနဲ့ တရားစွဲဆိုခံလိုက်ရပြီဖြစ်ပါတယ်။

    မော်စကိုမြို့က ခရိုကပ်စ်ဂီတခန်းမကို သေနတ်သမားတွေက ဝင်ရောက် ပစ်ခတ်မှုကြောင့် လူပေါင်း ၁၃၇ ဦးအထိ သေဆုံးခဲ့ပါတယ်။

    သေနတ်သမားလို့ စွပ်စွဲခံရသူ အမျိုးသား ၃ ဦးကိုတော့ ခါးကိုင်း ခေါင်းငုံ့ခိုင်းပြီး တရားရုံး ထုတ်ခဲ့ပေမဲ့ နောက်တစ်ဦးကတော့ ဘီးတပ်ကုလားထိုင်ပေါ် ထိုင်လျက်နဲ့ ရုံးထုတ်ခံခဲ့ရပါတယ်။သူတို့အားလုံးကို အကြမ်းဖက်မှု ကျူးလွန်မှုနဲ့ တရားစွဲထားပါတယ်။

    မော်စကိုဂီတဖျော်ဖြေပွဲတိုက်ခိုက်ခံရမှု သိထားရသမျှကို ဒီလင့်ခ် ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  10. ထိုင်းပေးတဲ့လူသားချင်းစာနာမှု ရှေ့ပြေးအကူအညီ ဘယ်ကိုသွားမှာလဲ၊ ဘယ်သူတွေဆီရောက်မှာလဲ

    ရှေ့ပြေးအကူအညီတွေဟာ မဲဆောက်- မြဝတီကနေ တဆင့် ကရင်ပြည်နယ်ထဲကို ရောက်ရှိသွားပြီဖြစ်ပါတယ်

    ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

    ဓာတ်ပုံ ပုံစာ, ရှေ့ပြေးအကူအညီတွေဟာ မဲဆောက်- မြဝတီကနေ တဆင့် ကရင်ပြည်နယ်ထဲကို ရောက်ရှိသွားပြီဖြစ်ပါတယ်

    ထိုင်းက မြန်မာကို ပေးတဲ့လူသားချင်းစာနာမှုအကူအညီရှေ့ဆောင်အစီအစဥ်ဟာ နယ်စပ်ဖြတ်ကျော် အကူအညီပေးမှုနဲ့ ဒီနေ့မှာ စတင်ပြီဖြစ်ပါတယ်။

    ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ကနေ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့ကနေတဆင့် ဘားအံမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်တို့က နေရာ ၃ ခုကို ရှေ့ပြေးအစီအစဥ်နဲ့ စတင်ပေးအပ်တာ ဖြစ်ပါတယ်။

    အခုပေးတဲ့ အကူအညီဟာ ဘားအံမြို့နယ်ထဲက ပိုင်ကျုံနဲ့ သာမည၊ ကော့ကရိတ်မြို့နယ်ထဲက နဘူးမြို့တို့က အကူအညီလိုသူတွေနဲ့ ပြည်တွင်းနေရပ်ရှောင် လူပေါင်း နှစ်သောင်းဆီ ရောက်ရှိမယ်လို့ သိရပါတယ်။

  11. စစ်ကြောင်းထိုးလို့ မုန်းမြို့ခံ ၁၈,၀၀၀ ကျော် ထွက်ပြေးနေရ

    လေကြောင်းပစ်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်တစ်လုံး

    ဓာတ်ပုံ ရင်းမြစ်, KNU

    ဓာတ်ပုံ ပုံစာ, လေကြောင်းပစ်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်တစ်လုံး

    ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ကို စစ်တပ်က စစ်ကြောင်းထိုးတာကြောင့် မတ်လအတွင်း ကျေးရွာပေါင်း ၃၀ က ဒေသခံ ၁၈,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က မတ် ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

    မူးမြို့နယ်၊ စဝင်ကျေးရွာနဲ့ ကျွန်းတောကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက မတ် ၁၄ ရက်ကစပြီး စစ်ကြောင်းထိုးဝင်လာတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရချိန် စဝင်ကျေးရွာက နေအိမ် ၃၅ လုံးနဲ့ ကျွန်းတောကျေးရွာက နေအိမ် ၇ လုံး မီးရှို့ခံရတယ်လို့ဆိုပါတယ်။

    စစ်ကောင်စီတပ်တွေဟာ မတ်လအတွင်းမှာ လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာ၊ ကျေးရွာတွေထဲကို စစ်ကြောင်းထိုးတာတွေကြောင့် တံခွန်တိုင်၊ ရေတွင်းကုန်းလေး၊ ရေတွင်းကုန်းကြီး၊ သပြေကုန်း၊ ဥသျှစ်ကုန်း၊ အုန်းပင်စု၊ ငနွားဆိပ် စတဲ့ကျေးရွာ‌ပေါင်း ၃၀ က ပြည်သူတွေထွက်ပြေးနေကြရတာလို့ ‌KNU ကပြောပါတယ်။

    ဒ့ါအပြင် ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာအုပ်စု၊ မင်းစောရွာထဲကို မနေ့က မတ် ၂၄ မှာ ဂျက်ဖိုက်တာနဲ့ ည ၁၀ နာရီကနေ ၁၀နာရီ ၃၉ မိနစ်အတွင်း သုံးကြိမ်အထိ လေကြောင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် အလယ်တန်းကျောင်း၊ သာသနာ့အဆောက်အဦ၊ အရပ်သားအိမ် ၁၁ လုံး ပျက်စီးပြီး ဒေသခံတစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

    အဲ့ဒီလေကြောင်းပစ်ခတ်မှုကြောင့် မင်းစောရွာက ဒေသခံတွေလည်း ရွာလုံးကျွတ် ထွက်ပြေးနေကြရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

  12. ဆန်ခလာဘူရီမြို့မှာ တရားမဝင်ပြည်ဝင်မှုနဲ့ မြန်မာ ၅၀ ထပ်မံဖမ်းဆီးခံရ

    မတ်လ ၂၅ရက်နေ့က ဆန်ချလာဘူရီမှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေ

    ဓာတ်ပုံ ရင်းမြစ်, ထိုင်းရဲတပ်ဖွဲ့

    ဓာတ်ပုံ ပုံစာ, မတ်လ ၂၅ရက်နေ့က ဆန်ချလာဘူရီမှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေ

    ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်၊ ဆန်ခလာဘူရီမြို့မှာ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံ သား ၅၀ ကို ဒီနေ့ မနက်ပိုင်းမှာပဲ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ပါတယ်။

    ရဲတပ်ဖွဲ့ထုတ်ပြန်တဲ့ဓာတ်ပုံတွေအရ ဖမ်းဆီးခံရတဲ့လူငယ်အများစုဟာ လူငယ်တွေဖြစ်နေပါတယ်။

    “မနေ့ကထိ မတ်လတစ်လအတွင်း ခိုးဝင်လာလို့ဖမ်းမိတဲ့သူက ၁,၀၀၀ ဝန်းကျင်ရှိနေပြီ။ ဒီနေ့ဆို ၁,၀၀၀ကျော်ပြီ”လို့ မြန်မာနိုင်ငံသားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌဦးမိုးကြိုးကဘီဘီစီကို ပြောပါတယ်။

    ကန်ချနာဘူရီခရိုင်လိုပဲ မြန်မာနဲ့နယ်စပ်ထိစပ်နေပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများတဲ့ တာ့ခ်ခရိုင်မှာလည်း မနေ့က တရားမဝင်နယ်စပ်ဖြတ်ကျော်လို့ မြန်မာနိုင်ငံသား ၇ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ တာ့ခ်လဝကက ထုတ်ပြန်ထားပါတယ်။

  13. စီးပွားရေးဦးမော့လာပြီး ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမယ်လို့ စစ်ခေါင်းဆောင်ပြော

    တွေ့ဆုံမေးမြန်းခန်းမှာ မြင်တွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

    ဓာတ်ပုံ ရင်းမြစ်, MRTV

    ဓာတ်ပုံ ပုံစာ, တွေ့ဆုံမေးမြန်းခန်းမှာ မြင်တွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

    ရွေးကောက်ပွဲတစ်ခု ပြန်ကျင်းပရေးဟာ စစ်ကောင်စီရဲ့ နောက်ဆုံးရည်မှန်းချက်ဖြစ်ပြီး အရေးပေါ် ကာလဆိုင်ရာ ပြဌာန်းချက်တွေ ပြီးသွားပြီဆိုတာနဲ့ ရွေးကောက်ပွဲပြန်လုပ်မှာဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထပ်မံပြောလာပါတယ်။

    ရန်ကုန်မြို့မှာ မတ် ၂၃ ရက်က ရှရှားသတင်းဌာန ITAR-TASS နဲ့ တွေ့ဆုံချိန် သူက အခုလိုပြောတာဖြစ်ပါတယ်။

    အရေးပေါ်ကာလတွေပြီးရင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အာဏာပြန်လွှဲမှာဖြစ်ပြီး အာဏာလွှဲပြီး ၆ လအတွင်းမှာ ရွေးကောက်ပွဲပြန်လုပ်ရမှာဖြစ်တဲ့အကြောင်း၊ ရွေးကောက်ပွဲ ပြန်လုပ်နိုင်ဖို့ဆိုရင် မဲစာရင်းတွေမှန်ကန်ရေးကို ဒီနှစ်ထဲမှာ အဓိကထားလုပ်ရမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

    မဲစာရင်းတွေ ပြည့်စုံပြီး တိုင်းပြည်တည်ငြိမ်မှုကောင်းပြီဆိုတာနဲ့ တချိန်တည်းမဟုတ်တောင် လုပ်နိုင်တဲ့အပိုင်းလိုက် ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ရုရှားသတင်းဌာနကို ဗိုလ်ချုပ်မှူးကြီးက ဖြေခဲ့ပါတယ်။

    မြန်မာနိုင်ငံဟာ စီးပွားရေးကျဆင်းခဲ့တာဟာ ကိုဗစ်ရောဂါကြောင့် မဟုတ်ဘဲ ၂၀၁၈ ခုနှစ်ကတည်းက ကျဆင်းခဲ့တာကို စစ်ကောင်စီက ရုန်းကန်ခဲ့ပြီး ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ်အထိ တောက်လျှောက် စီးပွားရေးဦးမော့လာခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

    နိုင်ငံအတွင်းက တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် နယ်စပ်ကုန်သွယ်ရေးကျဆင်းတာ၊ ပြည်တွင်းမှာငွေကြေးဖောင်းပွတာနဲ့ ကုန်စျေးနှုန်းကြီးမြင့်တာတွေ ဖြစ်နေချိန်မှာ စစ်ခေါင်းဆောင်က အခုလို ပြောလာတာဖြစ်ပေမဲ့ ဘယ်လောက်အထိ တိုးတက် ဦးမော့လာတယ်လို့တော့ တိတိကျကျ ပြောဆိုတာမျိုး မရှိပါဘူး။

  14. မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အေအေ တိုက်ပွဲအရှိန်မြှင့်နေ

    AA ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ လက်နက်ပစ္စည်းများ

    ဓာတ်ပုံ ရင်းမြစ်, AA info Desk

    ဓာတ်ပုံ ပုံစာ, AA ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ လက်နက်ပစ္စည်းများ

    ရက္ခိုင့်တပ်တော်(AA)ဟာ မြန်မာနဲ့ ဘင်္ဂလာဒေ့ရှ်နယ်စပ်၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲမှာရှိနေတဲ့ စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်တာတွေကို အရှိန်မြှင့်နေပါတယ်။

    မောင်တောမြို့နယ်ထဲက ကြိမ်ချောင်း နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်နေတာ တစ်လကြာနေပြီး အဲ့ဒီစခန်းကို အပြီးသတ်သိမ်းနိုင်ရေး အားထုတ်နေတာလို့ ‌ ၂ ရက်တိတိရှိပြီလို့ AA က ‌ပြောပါတယ်။

    တချိန်တည်းမှာပဲ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်း အနောက်ဘက်မှာရှိတဲ့ ရန်အောင်မြင်စခန်းကိုလည်း မတ် ၂၃ ရက်မှာ သိမ်းယူထားနိုင်သလို စစ်ကောင်စီရုပ်အလောင်းတွေ၊ စစ်အသုံးအဆောင်နဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းမိထားတယ်လို့ ဆိုပါတယ်။

    နောက်မောင်တောမြို့နယ်ထဲကပဲ တမန်းသားစခန်းကို အေအေက ထိုးစစ်ဆင်တာကြောင့် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အေအေက လိုက်လံတိုက်ခိုက်တဲ့အခါ စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်း ၂၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေ ထပ်သိမ်းနိုင်ခဲ့တယ်လို့ အေအေက ထုတ်ပြန်ပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ‌သေဆုံးမှု အရေအတွက်ကိုတော့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

    ဒါ့အပြင် ဘူးသီးတောင်မြို့နယ်အခြေစိုက်၊ ခမရ ၅၅၂ တပ်ရင်းကို ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး ထိုးစစ်ဆင်နေတာကနေ စခန်းတစ်ခုလုံး သိမ်းပိုက်နိုင်ဖို့ အရှိန်အဟုန်မြှင့်တင်နေတယ်လို့လည်း သိရပါတယ်။

    အေအေ ထိုးစစ်ဆင်နေတဲ့ ဂုပ္ပီစခန်းက ထွက်ပြေးလာကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မတ် ၂၀ ရက်ကစပြီး လိုက်လံတိုက်ခိုက်ချိန် ဘူးသီးတောင်မြို့နယ်၊ အနောက်ပြင် (ရွာပျက်)ရဲ့ မီတာ ၃၀၀ အကွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ယောက်ကိုသေဆုံးပြီး ဒဏ်ရာရသူ ၁၀ ယောက်ကျော်ကို လက်နက်တွေနဲ့အတူ ဖမ်းမိတယ်လို့လည်း အေအေကထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီတပ်ဘက်ကတော့ မြန်မာ-ဘင်္ဂလား‌‌ဒေ့နယ်စပ်က စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

  15. ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်ထဲကနေ မြန်မာအတွက် ဘယ်လို အကူအညီ ပေးသွားမှာလဲ

    အမေရိကန်လွှတ်တော်အဆောက်အဦ

    ဓာတ်ပုံ ရင်းမြစ်, Getty

    မြန်မာအတွက် အကူအညီပေးရေးပါဝင်တဲ့ ၂၀၂၄ ဘဏ္ဍာနှစ် အမေရိကန်အစိုးရအသုံးစရိတ်ဥပဒေကို အမေရိကန်အစိုးရနိုင်ငံခြားရေး၊ ပြည်ပလုပ်ငန်းဆောင်တာများနဲ့ ဆက်စပ်အစီအစဥ်များအတွက် လျာထားငွေ(SFOPS) လို့ ခေါ်ပါတယ်။

    စုစုပေါင်းအသုံးစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၁.၂ ထရီလီယံအထိရှိပြီး မြန်မာကိုတော့ စီးပွားရေးအထောက်အကူပြုရန်ပုံငွေ(Economic Support Fund) အောက်ကနေ ဒေါ်လာ ၁၂၁ သန်း အကူအညီပေးမှာဖြစ်ပါတယ်။

    ဒါဟာ ပြီးခဲ့တဲ့နှစ်တုန်းက မြန်မာအတွက်အကူအညီ‌ပေးမှု ကန်ဒေါ်လာ သန်း ၅၀ ရှိရာကနေ နှစ်ဆကျော် အထိ တိုးမြှင့်အသုံးပြုဖို့ လျာထားလာတာဖြစ်ပါတယ်။

    ဒီလျာထားရန်ပုံငွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမေရိကန်အစိုးရအေဂျင်စီ(USAID) ကနေတဆင့် မြန်မာကို အကူအညီပေးမှာလို့ နားလည်ရပါတယ်။

  16. မြန်မာအတွက် ထိုင်းရဲ့လူသားချင်းစာနာ‌မှု အကူအညီ စတင်ပြီ

    မြန်မာအတွက် ထိုင်းရဲ့လူသားစာနာ‌အကူအညီပေးရေး စတင်ပြီ

    ဓာတ်ပုံ ရင်းမြစ်, ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန

    မြန်မာဒုက္ခသည် နှစ်သောင်းကိုပေးအပ်မယ့် ကယ်ဆယ်ရေးအိတ်၊ ဆန်၊ အစာခြောက်နဲ့ အခြားထောက်ပံ့ရေးပစ္စည်းတွေကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ကနေ မြန်မာဘက်ခြမ်း ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်ကို ဒီကနေ့ မတ်လ ၂၅ ရက်နေ့မှာ လွှဲပြောင်းပေးလိုက်ပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    ဒီလိုထောက်ပံ့တာတွေကို နှစ်နိုင်ငံကြက်ခြေနီအဖွဲ့တွေကတဆင့် ဖြန့်ချိဆောင်ရွက်မှာဖြစ်ပြီး အကူအညီပေးရေးပစ္စည်းတွေကို ဒီကနေ့မှာပဲ အခမ်းအနားနဲ့ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

    အစီအစဥ်ကို အာဆီယံလူသားချင်းစာနာမှုအကူအညီပေးညှိနှိုင်းရေးရုံး (AHA Centre) အကြီးအကဲတွေက ကြီးကြပ်ပေးခဲ့ပါတယ်။

    အစီအစဥ်ကို အာဆီယံလူသားချင်းစာနာမှုအကူအညီပေးညှိနှိုင်းရေးရုံး (AHA Centre) အကြီးအကဲတွေက ကြီးကြပ်

    ဓာတ်ပုံ ရင်းမြစ်, ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန

    ဓာတ်ပုံ ပုံစာ, အစီအစဥ်ကို အာဆီယံလူသားချင်းစာနာမှုအကူအညီပေးညှိနှိုင်းရေးရုံး (AHA Centre) အကြီးအကဲတွေက ကြီးကြပ်

    ထိုင်းအစိုးရ“လူသားချင်းစာနာမှုဆိုင်ရာရှေ့ပြေးအစီအစဉ်” ကနေ အထူးသဖြင့် ထိုင်း - မြန်မာ နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ အကူအညီလိုအပ်နေသူတွေအတွက် အကူအညီ‌တွေ ထပ်မံတိုးမြှင့်ပေးနိုင်မယ့် နည်းလမ်းတွေကိုလည်း သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပိုပြီး‌ဆွေးနွေးသွားဖို့ရှိနေပါတယ်။

    အကူအညီပေးရေးယာဉ်တန်းဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ရဲ့ နယ်မြေတွေကတဆင့် ဖြတ်သန်းသွားမှာဖြစ်ပါတယ်။

    ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညဒေသမှာ ရပ်တန့်ကာ ဖြန့်ဝေရေးလုပ်ငန်းစဥ်တွေဆောင်ရွက်သွားမယ်လို့ အဲဒီအကြောင်း သိရှိသူက ဘီဘီစီကို ပြောပါတယ်။

    NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ဟာ အခုလထဲမှာပဲ ညီလာခံကျင်းပခဲ့ပြီး 7 EAO - Alliance အဖြစ် ဖွဲ့စည်းခဲ့ကာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ရဲ့ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဒီမဟာမိတ်အဖွဲ့ကို ဦးဆောင်မှာလည်းဖြစ်ပါတယ်။

  17. မြန်မာကို အကူအညီပေးရေးလည်းပါတဲ့ အစိုးရအသုံးစရိတ်ကို သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ်ထိုး

    အမျိုးသမီးလအတွက် လက်မှတ်ရေးထိုးနေတဲ့ သမ္မတ ဂျိုးဘိုင်ဒန်

    ဓာတ်ပုံ ရင်းမြစ်, Reuters

    မြန်မာပြည်ကို ဒေါ်လာ သန်းပေါင်း ၁၂၁ သန်းအထိ အကူအညီပေးရေးလည်း ပါဝင်တဲ့ ၂၀၂၄ ခုနှစ်အတွက် အမေရိကန်အစိုးရအသုံးစရိတ် ဥပဒေမူကြမ်းကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။

    အမေရိကန်အထက်လွှတ်တော်က အတည်ပြုပေးလိုက်တဲ့အဲဒီ ဥပဒေမူကြမ်းကို သမ္မတက ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းအတွင်းမှာပဲ လက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်။

    အမေရိကန်လွှတ်တော်ထဲမှာ လနဲ့ချီကြာအောင် အကြိတ်အနယ်ဆွေးနွေးခဲ့ရတဲ့ဒီဥပဒေမူကြမ်းကို အတည်ပြုနိုင်ပြီဖြစ်တာကြောင့် အသုံးစရိတ်မရှိလို့ အမေရိကန်အစိုးရယန္တရားရပ်ဆိုင်းရမယ် အခြေအနေကို ကျော်လွှားနိုင်ခဲ့ပြီလို့ သမ္မတ ဘိုင်ဒန်က ထုတ်ပြန်ပြောဆိုထားပါတယ်။

  18. မတ်လ ၂၅ ရက် ဘီဘီစီမြန်မာပိုင်းရဲ့တိုက်ရိုက်တင်ဆက်မှုကနေ ကြိုဆိုပါတယ်။

    - မြန်မာကို အကူအညီပေးရေးလည်းပါဝင်တဲ့ အစိုးရအသုံးစရိတ်ကို အမေရိကန်သမ္မတ လက်မှတ်ရေးထိုးတဲ့သတင်း၊ ‌

    - နောက် ထိုင်း-မြန်မာ နယ်စပ်မှာ ဒီနေ့စတင်တဲ့လူသားချင်းစာနာမှုအကူအညီ‌ပေးရေးသတင်းတွေအပါအဝင် မြန်မာနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကိုလည်း ဒီနေ့ တိုက်ရိုက်တင်ဆက်မှုမှာ စုစည်းပြောပြပေးဖို့ရှိပါတယ်။