မေ ၁၈ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ် - ဘူးသီးတောင်မြို့က စစ်တပ်စခန်းအားလုံး သိမ်းလိုက်ပြီလို့ အေအေ ပြောခွင့်ရအတည်ပြု

ဓာတ်ပုံ ရင်းမြစ်, AA
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့က စကခ ၁၅ ဌာနချုပ်အပါအဝင် စစ်ကောင်စီရဲ့ လက်အောက်ခံတပ်ရင်း ၁၃ ရင်းကို ဒီကနေ့ မေ ၁၈ ရက်မှာ တစ်ခုမကျန်သိမ်းပိုက်လိုက်ပြီလို့ အာရက္ခတပ်တော် အေအေရဲ့ ပြောခွင့်ရ ဦးခိုင်သုခက ဘီဘီစီကို အတည်ပြုပြောပါတယ်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့က စစ်တပ်လက်ကျန်စခန်းအားလုံးကို ဒီကနေ့ မေ ၁၈ ရက်မှာ အပြီးသတ်သိမ်းပိုက်လိုက်နိုင်ပြီလို့ အာရက္ခတပ်တော် (ရက္ခိုင့်တပ်တော် အေအေ) ကလည်းထုတ်ပြန်ပါတယ်။
အဲဒီအထဲမှာ ဘူးသီးတောင်ဗျူဟာဌာနချုပ်နဲ့ ဗျူဟာလက်အောက်ခံ တပ်ရင်းတွေအပြင် အမြောက်တပ်၊ ထောက်ပို့တပ်ရင်းတွေနဲ့ ဒကစ (စစ်တွေ) လက်အောက်ခံဘူးသီးတောင်အခြေစိုက်တပ်ရင်းတစ်ချို့ လည်း ပါ၀င်တယ်လို့ အေအေ က ပြောပါတယ်။
ဘူးသီးတောင်မြို့ပတ်၀န်းကျင်မှာ ဘူးသီးတောင်ဗျူဟာဌာနချုပ်ကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအပြင် စစ်ကောင်စီက စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာအဖွဲ့တွေနဲ့ပါတိုက်ပွဲတွေပြင်းထန်နေတယ်လို့လည်း အေအေရဲ့ ထုတ်ပြန်ချက်ထဲဖော်ပြပါတယ်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မှာ မေလ ၁၇ ရက် မနေ့က ညပိုင်းက မြို့ပေါ်ရပ်ကွက် နေအိမ်တွေအားလုံး မီးရှို့ခံရလို့တစ်မြို့လုံးနီးပါး ပြာကျပျက်စီးသွားပြီလို့ မြေပြင်အခြေအနေကို သိရှိသူတစ်ဦးက ဘီဘီစီကိုပြောထားပါတယ်။
အေအေတပ်ဖွဲ့ဝင်တချို့က မြို့ပေါ်နေထိုင်သူတွေအနေနဲ့ မေလ ၁၈ ရက်နေ့ မနက် ၁၀ နာရီနောက်ဆုံးထားပြီး မြို့ကနေ ထွက်ခွာဖို့ ပြီးခဲ့တဲ့ရက်ကတည်းက သတိပေးပြောတာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အေအေ ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာတော့ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိနေတာကြောင့် ဘူးသီးတောင်မြို့ပတ်ဝန်းကျင်က ကျေးရွာတွေအနေနဲ့ စစ်ရေးသတိနဲ့ နေထိုင်ကြဖို့ သတိပေးထားပါတယ်။
ဒါအပြင် ဒီကနေ့မှာပဲ ၂၀၂၄ ခုနှစ်၊ မေလ ၁၄ ရက်က စစ်ကောင်စီရဲ့ ဘူးသီးတောင်အခြေစိုက် ခမရ (၃၅၃) တပ်ရင်းကို အေအေက သိမ်းပိုက်ချိန်မှာ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ခရုချောင်း မူဆလင်ကျေးရွာက ကလေးငယ်အပါဝင် မူဆလင် အမျိုးသား အမျိုးသမီးစုစုပေါင်း (၃၅) ယောက်ကိုလည်းကယ်ထုတ်ခဲ့တယ်ဆိုပြီး ရုပ်သံမှတ်တမ်းနဲ့ ထုတ်ပြန်ထားပါသေးတယ်။
မီးရှို့ခံရလို့ တစ်မြို့လုံးနီးပါး မီးလောင်ထားတဲ့ ဘူးသီးတောင်မှာဘာဆက်ဖြစ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အာရက္ခတပ်တော် ( ရက္ခိုင့်တပ်တော် အေအေ) နဲ့ စစ်တပ်တို့ စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မှာ မေလ ၁၇ ရက် မနေ့က ညပိုင်းက မြို့ပေါ်ရပ်ကွက်နေအိမ်တွေအားလုံး မီးရှို့ခံရလို့တစ်မြို့လုံးနီးပါး မီးလောင်ပျက်စီးသွားပြီလို့ မြေပြင်အခြေအနေကိုသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဘူးသီးတောင်ရဲ့ နေရာအများစုကို အေအေက ထိန်းချုပ်ထားပြီး စစ်တပ်ကလည်း ဒီဒေသလက်မလွှတ်ရရေး ကြိုးစားနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ကတော့ အေအေတပ်ဖွဲ့ဝင်တချို့က မြို့ပေါ်နေထိုင်သူတွေအနေနဲ့ မေလ ၁၈ ရက်နေ့ မနက် ၁၀ နာရီနောက်ဆုံးထားပြီး မြို့ကနေ ထွက်ခွာဖို့ သတိပေးပြောတာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။
'' သူတို့ပြောတာတော့လာဖယ်ခိုင်းတာက အေအေက လာဖယ်ခိုင်းတယ်လို့ပြောပါတယ်။ သူတို့ အားလုံးထွက်ကြရမယ်လို့လာပြောတော့ ပြင်ဆင်နေကြချိန်မှာပဲ ည ၁၀ နာရီမှာ နေအိမ်တွေကို မီးရှို့ခံလိုက်ရတယ်လို့ ပြောပါတယ်။ အဲဒီတော့ အရပ်သားတွေအားလုံးညတွင်းချင်းအားလုံးထွက်ပြေးကုန်ကြရတယ်။ မီးရှို့တာတော့ဘယ်သူတွေရှို့လဲ သူတို့မသိဘူးပြောပါတယ်။ သူတို့ အားလုံးကမောင်တောဘက်ကိုပြေးကြဖို့လုပ်ကြပါတယ်။ ဒါပေမဲ့ သွားတဲ့လမ်းကို စစ်တပ်ကလည်း သွားခွင့်မပြုဘူးပြောတယ်။ နောက်ပြီး ဒီမနက်ဖွင့်ပေးမယ်လို့ လည်းသူထပ်ပြောတယ်။ အခု မနက်(မေ ၁၈) ကျတော့ ကျွန်တော့် ညီတွေနဲ့ အဆက်အသွယ်ပြတ်သွားပါတယ်'' လို့ မေလ ၁၇ ရက် ညပိုင်း ၁၀ နာရီလောက်အထိ ဘူးသီးတောင်မြို့ပေါ်က ညီဖြစ်သူနဲ့ တယ်လီဖုန်းပြောခဲ့ရတဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြန်ပြောပြပါတယ်။
အနည်းဆုံးမြို့ပေါ်ရပ်ကွက် ၆ ခုထက်မနည်းက နေအိမ်အားလုံးနီးပါးမီးလောင်ခဲ့တာဖြစ်ပြီး မြို့ပေါ်က နေစရာနေရာမရှိဖြစ်နေကြတယ်လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်ကသူနောက်ဆုံးသိထားတဲ့ အချက်အလက်ကိုပြောပါတယ်။
'' လူတွေအားလုံး ည ၁၁ နာရီ ၁၂ နာရီလောက်အထိလမ်းမမှာပါ။ ဘူးသီးတောင်အကျဥ်းထောင်ရှေ့နေရာမှာ အကုန်စုနေခဲ့ကြတယ်ပြောပါတယ်။ တချို့မိသားစုဆိုရင် ၁၀ ယောက်ထွက်လာရင် ၃ ယောက်လောက်ကပျောက်နေပြီး အဆက်အသွယ်ပြတ်သွားကြတာလည်းဖြစ်ကြတယ်'' လို့ ဆိုပါတယ်။
ဘီဘီစီအနေနဲ့ အေအေတပ်ဖွဲ့ဝင်တွေက ဘူးသီးတောင်မြို့ပေါ်ကမြို့ခံတွေကိုထွက်ခွာခိုင်းတာနဲ့ နေအိမ်တွေမီးရှို့ခံရတယ်ဆိုတာနဲ့ ပတ်သက်လို့ အေအေပြောခွင့်ရ ဦးခိုင်သုခကို ဘီဘီစီကဆက်သွယ်မေးမြန်းထားပါတယ်။ အေအေဘက်ကဖြေကြားတုံ့ပြန်ချက်ရှိလာတဲ့အခါ ထပ်မံဖြည့်စွက်ဖော်ပြသွားမှာဖြစ်ပါတယ်။
( မေ ၁၈ ရက်ညပိုင်း ထပ်မံဖြည့်စွက်ချက် - ဘူးသီးတောင်မြို့ထဲမှာ မီးလောင်တယ်ဆိုတဲ့ကိစ္စက စစ်တပ်ကလေကြောင်းတိုက်ခိုက်တာ၊ တချို့သူတွေက သူတို့အိမ်တွေကနေ မဆုတ်ခွာခင်မှာ မီးရှို့ခဲ့တာသာဖြစ်ပြီး သူတို့မီးရှို့တဲ့ပုံတွေကိုရိုက်ကူးပြီး ပြည်တွင်းပြည်ပကို လုပ်ကြံသတင်းဖြန့်နေတာလို့ ဘီဘီစီကို အေအေပြောခွင့်ရ ဦးခိုင်သုခက ဒီကနေ့ နေ့လယ်ပိုင်းမှာ တုံ့ပြန်လာပါတယ်။အေအေက နေအိမ်တွေမီးရှို့ဖျက်ဆီးတယ်ဆိုတာနဲ့ဒရော့ဗုံးတွေနဲ့တိုက်ခိုက်တယ်ဆိုတာဟာမဟုတ်မှန်ကြောင်း ဦးခိုင်သုခကတော့ ငြင်းဆိုပါတယ်။ အေအေ အနေနဲ့ စစ်ပွဲဧရိယာအတွင်းမှာရှိတဲ့ရွာတွေကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ကြိုတင်အသိပေးခဲ့သလိုလူမျိုးဘာသာမခွဲခြားဘဲ အေအေကကူညီထောက်ပံ့ကယ်ဆယ်ထားတယ်လို့လည်း သူက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ဘူးသီးတောင်အခြေအနေကို မေ ၁၈ ရက်ညနေပိုင်းအထိသတင်းထုတ်ပြန်တာမရှိသေးပါဘူး။)
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး ကတော့ ဘူးသီးတောင်မြို့ တခုလုံး ဒီကနေ့ မနက် မီးလောင်ပြာကျသွားပြီလို့ သူ့ရဲ့ လူမှုကွန်ရက်မှာ အင်္ဂလိပ်ဘာသာနဲ့ ရေးသားဖေါ်ပြထားပါတယ်။
စစ်ပွဲမှာ စစ်ဥပဒေရှိတယ်လို့ အဓိပ္ပါယ်ရတဲ့ “War has rules” ဆိုတဲ့ ခေါင်းစဥ်နဲ့ ရေးသားထားတာ ဖြစ်ပြီး မြေပြင်က ရိုဟင်ဂျာ တချို့နဲ့ စကားပြောထားတာကိုပြန်လည်တင်ပြထားတာလို့လည်း သုံးနှုန်းဖော်ပြထားပါတယ်။
ဘူးသီးတောင်မြို့ဟာ ရခိုင်ပြည်နယ်ရဲ့ စစ်ကောင်စီအင်အားအတောင့်တင်းဆုံး နယ်မြေတစ်ခုဖြစ်ပြီး အမှတ် ၁၅ စစ်ဆင်မှုကွပ်ကဲရေးဌာနချုပ်နဲ့ လက်အောက်ခံတပ်ရင်း လေးရင်းကို အေအေဘက်က သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။
အစောပိုင်းရက်တွေတုန်းကတော့ ဘူးသီးတောင်မြို့နယ်ထဲက အာရက္ခတပ်တော် (AA)ရဲ့ ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်ခိုလှုံလာခဲ့ကြတဲ့ မွတ်ဆလင်အရပ်သား ၇ ထောင်လောက်ရှိနေတယ်လို့ သိရပါတယ်။
အေအေရဲ့ ထိန်းချုပ်နယ်မြေတွေဆီ ဦးတည်လာနေကြတဲ့ မွတ်ဆလင်လူအုပ်ကြီးကို တပ်ဖွဲ့ဝင်တွေက လုံခြုံရေးပေးပြီး ကူညီရွှေ့ပြောင်းပေးနေကြတဲ့ ဗီဒီယိုဖိုင်တစ်ခုကို အေအေရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)ရဲ့ တယ်လီဂရမ် Chennel ကနေ မေလ ၁၃ ရက် မှာ ထုတ်ပြန်ခဲ့ပြီး သူတို့ကို ဘယ်နေရာတွေကို ခေါ်ဆောင်သွားခဲ့လဲဆိုတာတော့ အတိအကျ ပြောဆိုတာမျိုး မရှိပါဘူး။
ထွက်ပြေးလာခဲ့တဲ့ရွာတွေက တချို့မွတ်ဆလင်တွေကတော့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ အမှတ် ၈ နယ်ခြားစောင့် ရဲတပ်ရင်းနဲ့ ပူးပေါင်းသွားကြတယ်လို့ အေအေရဲ့ထုတ်ပြန်ချက်မှာရေးထားသလို ထွက်ပြေးလာခဲ့ကြသူတွေထဲ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေသာပါဝင်တာကိုလဲ ဗီဒီယိုဖိုင်ကနေတစ်ဆင့် တွေ့မြင်ရပါတယ်။
တဖက်မှာလည်း ပြီးခဲ့တဲ့ရက်က ဒေသခံတွေမြို့ကိုစွန့်ခွာလာခဲ့ကြတဲ့နောက်ပိုင်း စစ်ကောင်စီနဲ့ မွတ်ဆလင်လက်နက်ကိုင်တွေကရခိုင်လူမျိုးတွေရဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဘူးသီးတောင်တစ်မြို့လုံး မီးလောင်ပျက်စီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့လည်း ဒေသခံတွေကပြောဆိုထားကြပါတယ်။ နှစ်ဖက်တပ်တွေအပြန်အလှန်စွပ်စွဲမှုတွေရှိနေတဲ့ ဘူးသီးတောင်မြို့ရဲ့ မြေပြင်အခြေအနေမှန်ကိုသိရဖို့ ဘီဘီစီကဆက်လက်မေးမြန်းနေပါတယ်။
မလေးရှားမှာ မြန်မာရာနဲ့ချီ ဖမ်းဆီးခံထားရ

ဓာတ်ပုံ ရင်းမြစ်, ကိုဝင်း
မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ် ကလန်းမြို့က အီလက်ထရောနစ်ပစ္စည်းစက်ရုံကို မေ ၁၆ ရက်က မလေးရှားအာဏာပိုင်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး အထောက်အထားမပြည့်စုံတဲ့ မြန်မာ ၂၈ ဦးအပါအဝင် နိုင်ငံခြားသားစုစုပေါင်း ၃၃ ဦးကို ဖမ်းဆီးသွားတယ်လို့ မလေးရှားမှာ အလုပ်လုပ်ကိုင်နေသူတချို့က ဘီဘီစီကိုပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ၃၃ ဦးထဲ တရုတ်နိုင်ငံသား ၂ ဦး နဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၃ ဦး ပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မေ ၁၄ ရက်တုန်းကလည်း မလေးရှားနိုင်ငံ၊ ဥတ္တမြို့မှာလည်း မြန်မာနိုင်ငံသား ၄၀၀ ကျော်ဝန်းကျင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အဲဒီထဲမှာ ရခိုင်လူမျိုး တော်တော်များများပါဝင်တယ်လို့ မလေးသတင်းတွေမှာ ဖော်ပြထားကြပါတယ်။
လက်ရှိမှာ အဲဒီ လေးရာကျော်ထဲက အထောက်အထားပြည့်စုံတဲ့ သူတချို့ကိုသာ ပြန်လွှတ်ပေးပြီး တရားမဝင်နေထိုင်နေတဲ့ မြန်မာတွေကိုတော့ မလေးရှားထောင်ကို ပို့လိုက်တယ်လို့ ဖမ်းခံရတဲ့သူနဲ့ နီးစပ်သူတချို့က ဘီဘီစီကိုပြောပါတယ်။
တစ်ရက်အတွင်း ကချင်၊ ဝိုင်းမော်အနီးက စစ်တပ်စခန်း ၅ ခုကို KIA သိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ထဲက အောင်မြေ ၁ နဲ့ အောင်မြေ ၂ ရွာက စစ်တပ်နဲ့ပြည်သူ့စစ်ပေါင်းထားတဲ့ စခန်းတွေ၊ ခရှီနဲ့ အင်းလေးရွာ က စစ်တပ်စခန်းနဲ့ ဝထောင်ဘွမ် စစ်တပ်စခန်းအပါအဝင် စုစုပေါင်း ၅ ခုကို ဒီနေ့ တစ်ရက်တည်းမှာပဲ ကချင်လွတ်လပ်ရေးတပ် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားတယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။ KIA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းထားတဲ့ အဲဒီတပ်စခန်းတွေက ဝိုင်းမော်မြို့အဝင်နားက စခန်းတွေလို့ သိရပါတယ်။
အလားတူပဲ အောင်မြေ ၁ ၊ အောင်မြေ ၂ ရွာဘက်ကနေ ဗန်းမော်ဘက်ကို သွားတဲ့လမ်းပိုင်းမှာလည်း ရွှေညောင်ပင်ကျေးရွာရှိနေပြီး ရွှေညောင်ပင်ရွာစပ်က စစ်တပ်ခြေလျင်တပ်ရင်း (ခလရ-၃၂၁) စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ သိရပါတယ်။
ရွှေညောင်ပင်ရွာအကျော်က ကဇူးယန်နဲ့ ဒဘတ်စစ်တပ်စခန်း ၂ ခုကိုလည်း ကိုလည်း ဒီနေ့မနက်ပိုင်းမှာပဲ KIA ဘက်က တိုက်ခိုက်သိမ်းပိုက်ထားပြီးနောက် စန်ပိုင်ရွာအခြေစိုက်တပ်စခန်းကို ဆက်ပြီး ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
စန်ပိုင်ရွာဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်က KIA ထိန်းချုပ်ခဲ့တဲ့နယ်မြေဖြစ်ပြီး စစ်တပ်က တိုက်ခိုက်သိမ်းယူခဲ့တဲ့နောက် လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ဝိုင်းမော်ဘက်ကအခြေအနေတွေနဲ့ပတ်သက်လို့ ဒီနေ့ နေ့လယ်ပိုင်းအထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ကိုရီးယား၊ ဂွမ်ဂျူးအရေးတော်ပုံနေ့ NUG ဝန်ကြီးတွေ တက်ရောက်

ဓာတ်ပုံ ရင်းမြစ်, NUG
ကိုရီးယားနိုင်ငံ ဂွမ်ဂျူး ၅.၁၈ ဖောင်ဒေးရှင်း ကျင်းပတဲ့ ၄၄ နှစ်မြောက် ဂွမ်ဂျူးအရေးတော်ပုံ အောက်မေ့ဖွယ်အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့အတူ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့တက်ရောက်ခဲ့ကြတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။
အဲဒီအခမ်းအနားကို တောင်ကိုရီးယားနိုင်ငံ သမ္မတယွန်းဆောယိုနဲ့ အစိုးရအဖွဲ့ဝင်တွေ၊ အတိုက်အခံဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌအီဂျဲမြောင်၊ လွှတ်တော်အမတ်တွေနဲ့ နိုင်ငံရေးနဲ့ လူထုအဖွဲ့အစည်းတွေတက်ရောက်ကြတယ်လို့ ဓာတ်ပုံတွေနဲ့ ဖော်ပြပါတယ်။
အဲဒီအခမ်းအနားမှာပါဝင်တဲ့ လူထုအစည်းအဝေးအစီအစဥ်မှာ ဒီမိုကရေစီအရေးနဲ့ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်တဲ့ မိန့်ခွန်းပြောခဲ့တယ်လို့ ဆိုပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ သဘောတူညီချက်၊ တော်လှန်ရေး လက်ရှိအခြေအနေနဲ့ နိုင်ငံတကာက ထောက်ပံ့ကူညီမှုလိုအပ်ချက်တွေကို ပြောခဲ့ပြီး ကိုရီးယားနိုင်ငံ ဒီမိုကရေစီသမိုင်းမှာ ဂွမ်ဂျူးအရေးတော်ပုံရဲ့ အရေးပါမှုကိုလေးစားအားကျရသလို မြန်မာ့ဒီမိုကရေစီရေး သမိုင်းမှာလည်း နွေဦးတော်လှန်ရေးရဲ့ အရေးပါမှုကို ကမ္ဘာက သိစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
မြစ်ကြီးနားမှာ လက်နက်ကြီးကျလို့ ဒေသခံ ၂ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
စစ်တပ်စခန်း ၁၀ ခုနီးပါးထိုးစစ်ဆင်တိုက်ခိုက်ခံနေရ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပမ္မတီးရွာနဲ့အကြဲရွာတွေထဲကို ဒီကနေ့ မေ ၁၈ ရက်မနက်က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ပမ္မတီးဒေသခံ ၂ ဦး သေဆုံးခဲ့သလို ၈ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေက ဘီဘီစီကိုပြောပါတယ်။
ဒီနေ့ မနက် ၈ နာရီဝန်းကျင်မှာ စစ်တပ်နမ့်ပေါင်လေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရခဲ့ပြီးနောက် လေတပ်ဘက်ကနေ မြစ်ကြီးနားမြို့တဝိုက်ကို လက်နက်ကြီးတွေနဲ့ ပြန်ပြီးပစ်ခတ်နေတာလို့ မြေပြင်အခြေအနေသိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
ဘီဘီစီအနေနဲ့ကတော့ ဘယ်အဖွဲ့ရဲ့ လက်နက်ကြီးလဲဆိုတာနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
ဒါ့အပြင် မြစ်ကြီးနားမြို့နဲ့ ဧရာဝတီမြစ်ပဲခြားတဲ့ ဝိုင်းမော်မြို့ထဲက ရွှေညောင်ပင်ရွာမှာလည်း စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) ပူးပေါင်းတပ်တွေကြား ဒီမနက် ၄ နာရီဝန်းကျင်ကတည်းက တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။
ရွှေညောင်ပင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်တစ်စီးကို KIA ဘက်က ပစ်ချနိုင်ခဲ့တယ်လို့ လူမှုကွန်ရက်မှာ ရုပ်သံဖိုင်တွေနဲ့အတူ သတင်းတွေထွက်ပေါ်နေပေမယ့် ဘီဘီစီအနေနဲ့ အတည်ပြုနိုင်ဖို့ KIA ဘက်ကို ဆက်သွယ်စုံစမ်းနေဆဲဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ကချင်ပြည်နယ်က စစ်ကောင်စီတပ်စခန်း ၁၀ခုနီးပါးကို ဒီနေ့မနက်ပိုင်းကစပြီး ကချင်လွတ်လပ်ရေးတပ် (KIA) အပါအဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ (PDF) တွေက တပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အဲဒီတပ်စခန်းတွေထဲက ခရှီတပ်စခန်းကို KIA/PDF အဖွဲ့တွေက သိမ်းပိုက်ထားနိုင်ပြီး ကဇူး၊ စန်ပိုင်နဲ့ ဒဘတ် စစ်တပ်စခန်း ၃ ခုကိုလည်း ဆက်ပြီးထိုးစစ်ဆင်နေတယ်လို့ဆိုပါတယ်။
စစ်ကောင်စီကတော့ ကချင်ပြည်နယ်က တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ လက်ရှိအချိန်ထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
မြန်မာခရီးစဥ်မှာ အာဆီယံဘုံ ၅ ချက်ကို အကောင်အထည်ဖော်ဖို့ စစ်ခေါင်းဆောင်ကိုတိုက်တွန်းခဲ့တယ်လို့ အာဆီယံပြော

ဓာတ်ပုံ ရင်းမြစ်, Cincds
ပြီးခဲ့တဲ့ရက်က မြန်မာနိုင်ငံကိုသွားပြီး စစ်ကောင်စီဥက္ကဋ္ဌနဲ့တွေ့ခဲ့တဲ့ အာဆီယံ အထူးကိုယ်စားလှယ်အာလွန်ကောင်းကစ်တီကွန်နဲ့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ကာအိုကင်ဟွန်းရဲ့ ခရီးစဥ်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို စစ်ကောင်စီက အကောင်အထည်ဖော်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တိုက်တွန်းခဲ့တယ် လို့ အာဆီယံ က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီကတော့ အာဆီယံအစည်းအဝေးမှာ မြန်မာကိုယ်စားပြုအနေနဲ့ ပြန်တက်ရောက်ခွင့်ရအောင် နဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ဦးတည်ဆွေးနွေးခဲ့တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မြန်မာ့အကျပ်အတည်းကို ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေးအကူအညီပေးဖို့ အာဆီယံဘက်က စီစဥ်နေတဲ့အကြောင်း စစ်ကောင်စီသတင်းတွေကဖော်ပြပါတယ်။
အာဆီယံကိုယ်စားလှယ်တွေရဲ့ ၄ ရက်ကြာ မြန်မာခရီးစဉ်အတွင်း အာဆီယံက လူသားချင်းစာနာမှုဆိုင်ရာ အကူညီတွေပေးနိုင်ရေးအတွက် ကမ္ဘာ့ဘဏ်အပါအ၀င် ကုလသမဂ္ဂ လက်အောက်ခံအေဂျင်စီတွေနဲ့ပါတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အာဆီယံရဲ့ ထုတ်ပြန်ချက်မှာပြောထားပါတယ်။
စစ်ကောင်စီ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အာဆီယံ ကိုယ်စားလှယ်တွေရဲ့ မြန်မာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ တောင်းဆိုတာမျိုး မရှိဘူးလို့ ပြောထားပါတယ်။
အိန္ဒိယလေတပ်နဲ့ မြန်မာလေတပ်တို့ နေပြည်တော်မှာ ၅ ရက်ကြာတွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, CINCDS
မြန်မာစစ်ကောင်စီလေတပ်နဲ့ အိန္ဒိယလေတပ်ကြား နေပြည်တော်လေတပ်စခန်းမှာ ၅ ရက်ကြာဆွေးနွေးပွဲလုပ်ပွဲလုပ်ခဲ့တယ်ဆိုပြီး စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။
အိန္ဒိယလေတပ်ဘက်က Assistant Chief of the Air Staff (Intelligence) ဖြစ်တဲ့ Air Vice Marshal Ichettira Iyappa Kuttappa VM VSM နဲ့ အိန္ဒိယစစ်သံမှူးတို့ ဦးဆောင်တက်ရောက်တယ်လို့ဆိုပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ အဲဒီအဖွဲ့ဟာ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ် နဲ့ နေပြည်တော်ကနေရာတချို့ကိုသွားရောက်လည်ပတ်ခဲ့တယ်လို့ ပြောထားပြီး ၅ ရက်ကြာဆွေးနွေးပွဲမှာ ဘယ်လို အချက်တွေကိုဆွေးနွေးတယ်လို့ တိတိကျကျသတင်းထုတ်ပြန်တာမရှိပါဘူး။
မေ ၁၅ ရက်ကထုတ်တဲ့ စစ်ကောင်စီသတင်း ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နဲ့ Air Vice Marshal Ichettira Iyappa Kuttappa VM VSM တို့တွေ့ဆုံခဲ့ပြီးနှစ်နိုင်ငံလေတပ်နှစ်ရပ်အကြား အပြန်အလှန်ပူးပေါင်း ဆောင်ရွက်နေတဲ့ကိစ္စတွေ၊ သင်တန်းသားစေလွှတ်ရေးနဲ့ နှစ်နိုင်ငံလေတပ်နှစ်ရပ်အကြား ဆက်ဆံရေးပိုတိုးတက်ဖို့နဲ့ နည်းပညာဆိုင်ရာကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
လူ့အခွင့်အရေးအဖွဲ့ “Justice For Myanmar” ကတော့ မေ ၁၆ ရက်မှာ အိန္ဒိယနိုင်ငံအနေနဲ့ စစ်ကောင်စီ ကို လက်နက်၊ နည်းပညာ၊စစ်သင်တန်းနဲ့ လောင်စာဆီရောင်းချတာတွေကို ပိတ်ပင်ပေးဖို့ ဆိုပြီး စာထုတ်ပြန်တောင်းဆိုတာတွေ့ ရပါတယ်။
“Justice For Myanmar” ရဲ့ ထုတ်ပြန်ချက်ထဲမှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှာ ကျင်းပခဲ့ပြီး အိန္ဒိယသမ္မတကိုယ်တိုင် တက်ရောက်စစ်ဆေးခဲ့ အိန္ဒိယဗိုလ်လောင်းသင်တန်းဆင်းပွဲ၊ အိန္ဒိယရေတပ်က လက်ခံကျင်းပခဲ့တဲ့ Goa ရေကြောင်းဆိုင်ရာအထူးအစည်းအဝေး (GMC) မှာ မြန်မာရေတပ်ချုပ်တက်ရောက်တာ၊ ၂၀၂၃ ခုနှစ် ဇွန်လတုန်းက အိန္ဒိယကာကွယ်ရေးဝန်ကြီး Shri Giridhar Aramane မြန်မာနိုင်ငံကို တရားဝင်ခရီးသွားရောက်တာစတဲ့ အချက်တွေကို ထောက်ပြပြီးဖော်ပြထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် အိန္ဒိယစစ်တပ်နဲ့ပတ်သက်နေတဲ့ နိုင်ငံတွေဟာ စစ်ကောင်စီကို အိန္ဒိယက ကာကွယ်ရေးပစ္စည်းတွေနဲ့ စီးပွားရေးပံ့ပိုးနေတာတွေကို ပိတ်ပင်နိုင်ရေးအတွက် တိုက်တွန်းသင့်တယ်လို့လည်း “Justice For Myanmar” အဖွဲ့ က တောင်းဆိုခဲ့ပါတယ်။
ကချင်၊ ဝိုင်းမော်အနီးမှာ တိုက်ပွဲပြင်းထန်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မိုးမောက်မြို့ လေကြောင်းတိုက်ခိုက်ခံနေရ
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အနီးက ရွှေညောင်ပင်ရွာမှာ ဒီနေ့ မေ ၁၈ ရက် မနက် ၄ နာရီဝန်းကျင်လောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ပူပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
“ပတ်ပတ်လည်ကနေ အသံအကျယ်ကြီးတွေ ကြားနေရတယ်၊ လေယာဉ်တွေလည်း ရွှေညောင်ပင်ဘက်ကို ပျံသွားတာတွေ့တယ်” လို့ စစ်ရှောင်လာတဲ့ ရွာခံတစ်ဦးကဆိုပါတယ်။
ရွှေညောင်ပင်ရွာရဲ့ အရှေ့ဘက်ရွာအစပ်နားမှာရှိတဲ့ စစ်ကောင်စီတပ်ရင်း ၃၂၁ တပ်စခန်းကို KIA/PDF တပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတာလို့ မြေပြင်အခြေအနေသိတဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ရွှေညောင်ပင်ရွာက ဝိုင်းမော်မြို့မြောက်ဘက်ခြမ်းမှာရှိပြီး ၁၂ မိုင်ကျော်ဝန်းကျင်လောက်သာ ကွာဝေးပါတယ်။ တိုက်ပွဲပြင်းထန်နေတာကြောင့် ရွာခံတော်တော်များများ ဘေးလွတ်ရာတိမ်းရှောင်နေကြရပြီး နာမကျန်းဖြစ်နေတဲ့သူတွေနဲ့ သက်ကြီးရွယ်အိုတွေလောက်ပဲ ရွာထဲကျန်နေခဲ့တယ်လို့ စစ်ရှောင်လာသူတစ်ဦးကဆိုပါတယ်။
တစ်ဖက်မှာလည်း ဗန်းမော်ခရိုင်ထဲက မိုးမောက်မြို့မှာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးတပ်စခန်း ၄၃၇ ကို KIA/PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မိုးမောက်ဈေးနဲ့ အရပ်သားနေအိမ်တော်တော်များများ မီးလောင်ပျက်စီးသွားပြီလို့ ဒေသအခြေစိုက်မီဒီယာတွေမှာ ဖော်ပြထားကြပါတယ်။
စစ်ကောင်စီကတော့ ဝိုင်းမော်မြို့က အခြေအနေတွေနဲ့ပတ်သက်လို့ ဒီနေ့ နံနက်ပိုင်းအထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။












