လာအိုရဲ့ အာဆီယံအထူးသံ မြန်မာ့အရေး ဘယ်လိုကိုင်တွယ်မလဲ

ဓာတ်ပုံ ရင်းမြစ်, CINCDS
အာဆီယံ အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံရဲ့ မြန်မာ့အရေး အထူးသံတမန် အာလွန်ကောင်း ကစ်တီကွန်း(Alounkeo Kittikhoun)ဟာ တာဝန်စတင်ထမ်းဆောင်တဲ့ သီတင်းတစ်ပတ်အတွင်းမှာပဲ နေပြည်တော်ကို ရောက်လာပါတယ်။
အထူးသံဟာ လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိတွေလည်းပါဝင်တဲ့ ၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့နဲ့ အတူ ဇန်နဝါရီလ ၁၀ ရက်မှာ နေပြည်တော်ကို ရောက်လာတာပါ။
မြန်မာပြည်တွင်းမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအကျပ်အတည်းအတွက် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ၂၀၂၄ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံအနေနဲ့ ဘယ်လို ချဥ်းကပ်မလဲဆိုတာ စောင့်ကြည့်ခံရချိန်မှာပဲ အထူးသံရဲ့ မြန်မာပြည်ခရီး ထွက်ပေါ်လာတာဖြစ်ပါတယ်။
လက်ရှိမှာ မြန်မာစစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်မှု အားနည်းတယ်ဆိုပြီး ထိပ်သီးဆွေးနွေးပွဲတွေကို တက်ရောက်ခွင့် ပိတ်ပင်ခံထားရပါတယ်။
ဒါပေမဲ့ လာအိုဟာ ထိုင်းနိုင်ငံက ဦးဆောင်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က မတက်ရောက်တဲ့ Track 1.5 လို ဆွေးနွေးပွဲတွေမှာ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့လို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တစ်စားပွဲတည်း ဆွေးနွေးမှုတွေမှာ ပါဝင်နေပါတယ်။
အိမ်နီးချင်း လာအိုနိုင်ငံနဲ့ အခုလိုဆက်ဆံရေးရှိတဲ့ စစ်ကောင်စီဟာ ရက်ပိုင်းအတွင်းမှာပဲ အထူးသံရဲ့နေပြည်တော် ခရီးစဥ်ကို လက်ခံခဲ့တာဖြစ်ပါတယ်။
မြန်မာ့အရေးအတွက် ပထမဆုံးအကြိမ်ခန့်အပ်ခံခဲ့ရတဲ့ အာဆီယံအလှည့်ကျ ဘရူနိုင်းအထူးသံရဲ့ မြန်မာပြည်ခရီးစဥ်ဟာ စစ်ကောင်စီရဲ့ အကြိမ်ကြိမ် ငြင်းဆိုခံခဲ့ရသလို ၂၀၂၃ ခုနှစ်အတွက် အာဆီယံအလှည့်ကျ အင်ဒိုနီးရှားရဲ့ အာဆီယံအထူးသံဟာလည်း အလှည့်ကျ သက်တမ်းကုန်သွားပေမဲ့ မြန်မာခရီးစဥ် မရှိခဲ့ပါဘူး။
အထူးသံအသစ် မြန်မာ့အရေး ဘယ်လိုချဥ်းကပ်မလဲ

ဓာတ်ပုံ ရင်းမြစ်, NCA EAOs
ကုလသမဂ္ဂဆိုင်ရာ လာအိုသံအမတ်ဟောင်းလည်းဖြစ်၊ အာဆီယံအထူးသံလည်းဖြစ်တဲ့ မစ္စတာ ကစ်တီကွန်းဟာ သူ့ရဲ့ နေပြည်တော်ခရီးစဥ်တွင်းမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့၊ အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဇန်နဝါရီလ ၁၀ ရက်မှာ သီးခြားစီ တွေ့ဆုံထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
‘‘ကျွန်တော်တို့ကတော့ လာအိုက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူချိန်မှာ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပိုပြီးမျှော်လင့်တဲ့အကြောင်း ဆွေးနွေးခဲ့တယ်။ အထူးသံကတော့ ဘုံသဘောတူညီချက် ၅ ရပ်အောက်ကနေပဲ လာအိုနိုင်ငံရဲ့ ကိုယ်ပိုင်မူ ကိုယ်ပိုင်ဟန် သံခင်းတမန်ခင်း နည်းလမ်းနဲ့ မြန်မာ့အရေးဆောင်ရွက်မယ်ဆိုတာကို ဆွေးနွေးတယ်။ နောက် သူ့ရှေ့က တာဝန်ယူသွားကြတဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတွေနဲ့လည်း ဆွေးနွေးတိုင်ပင်မယ်လို့ သူပြောပါတယ်’’ လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဘီဘီစီကိုပြောပါတယ်။
ဒါပေမဲ့ အခုတွေ့ဆုံမှုဟာ နိုင်ငံရေးဆက်နွှယ်တဲ့ဆွေးနွေးမှုအဆင့်မျိုးမဟုတ်သေးဘဲ ပထမဆုံး ခရီးစဥ် ဖြစ်တာကြောင့် အထူးသံဟာ သူကြိုးပမ်းမယ့်ကိစ္စတွေကို သက်ဆိုင်ရာအဖွဲ့တွေနဲ့ လာရောက်တွေ့ဆုံ ပြောပြတာမျိုးပဲ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပြပါတယ်။
ဒါပေမဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက်တွေထဲက တစ်ခုဖြစ်တဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စရပ်မှာတော့ နှစ်ဦးနှစ်ဖက် ကြိုးပမ်းဖို့ ပြောဆိုဆွေးနွေးသွားတာရှိတယ်လို့ သူက ပြောပါတယ်။
‘‘လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စမှာတော့ အထူးသံတာဝန်ယူထားချိန် အကူအညီပေးတဲ့အလှူရှင်ရှာရေးမှာ သူလည်း ကြိုးစားမယ်၊ ကျွန်တော်တို့ကိုလည်း ကြိုးစားဖို့ ဆွေးနွေး သွားတယ်’’ လို့ သူက ပြောပါတယ်။
တဖက်မှာတော့ လာအိုဟာ သူ့အရင် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားလိုမဟုတ်ဘဲ အထူးသံတမန်သီးခြားခန့်အပ်တာ၊ ရုံးအဖွဲ့ထားတာမျိုးနဲ့ မြန်မာ့အရေးကို တိုက်ရိုက်နည်းနဲ့ ချဥ်းကပ်နေပါတယ်။
အထူးသံအဖွဲ့ဟာ မြန်မာပြည်ခရီးစဥ်အပြီး ဇန်နဝါရီလ ၁၁ ရက်မှာ မြန်မာ့အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ခရီးဆက်ဖို့ ရှိနေပါတယ်။
ဒါပေမဲ့ အထူးသံဟာ မြန်မာပြည်တွင်း ခရီးစဥ်ကို တာဝန်စယူယူချင်းမှာပဲ စတင်တာဖြစ်တာကြောင့် မြန်မာ့အရေး ဘက်ပေါင်းစုံကို ဘယ်လိုဆက်ပြီး ချဥ်းကပ်မလဲဆိုတာကို အကဲခတ်တွေက ဆက်ပြီးစောင့်ကြည့်နေပါတယ်။
‘‘ဥက္ကဋ္ဌဟောင်း အင်ဒိုနီးရှားလုပ်ချင်တာက မြန်မာ့အရေးဖြေရှင်းဖို့ ရုံးဖွင့်ချင်တယ်။ နောက်ပြီးတော့ အာဆီယံဥက္ကဋ္ဌသုံးယောက်ပေါင်းပြီးတော့ သုံးပွင့်ဆိုင်လုပ်တာတွေလိုချင်တယ်။ ဒါပေမဲ့ အခုအချိန်အထိ လာအိုက အဲဒီအတွက် ကတိမပေးဘူး။ နောက်တစ်ခုက လာအိုက တရုတ်သြဇာလွှမ်းတယ်လို့ ယူဆရတယ်။ အဲဒါကအာဆီယံတွင်းပြဿနာဖြစ်လာမယ်’’ လို့ အာဆီယံအရေးကျွမ်းကျင်တဲ့ အကဲခတ် တစ်ဦးက သုံးသပ်ပါတယ်။












