အာဆီယံ - ဂျပန်ဆက်ဆံရေး နှစ် ၅၀ ပြည့်မှာ မြန်မာ့အရေး ဘာပြောခဲ့ကြလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
ရာစုနှစ်တစ်ဝက်ကျိုးလာပြီဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)နဲ့ ဂျပန်နိုင်ငံတို့ရဲ့ ဆက်ဆံရေးအနှစ် ၅၀ ပြည့်အထိမ်းအမှတ် အဖြစ် အာဆီယံနဲ့ ဂျပန်နိုင်ငံခေါင်းဆောင်တွေ တိုကျိုမြို့မှာ ၃ ရက်ကြာ တွေ့ဆုံခဲ့ကြပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့နဲ့ တရုတ်ကြားပိုင်ဆိုင်မှု အငြင်းပွားနေတဲ့တောင်တရုတ်ပင်လယ်အရေး ခေါင်းဆောင်တွေ အလေးထားခဲ့ကြသလို အာဆီယံအဖွဲ့ဝင်ဖြစ်ပေမဲ့ အစည်းအဝေးတက်ဖို့ ဖိတ်ကြားမခံရတဲ့မြန်မာအရေးကိုလည်း ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။
နိုင်ငံ့ခေါင်းဆောင်တွေထဲ ဖိလစ်ပိုင်သမ္မတ မားကို့စ် ဂျူနီယာကတော့ မြန်မာပြည်တွင်းက အကြမ်းဖက်မှု အခြေအနေ ဆိုးရွားလာတာကို ဖြေရှင်းဖို့လိုအပ်တယ်ဆိုတဲ့အကြောင်း ထိပ်သီးဆွေးနွေးပွဲမှာ ထပ်လောင်းပြောဆိုပါတယ်။
‘‘ဆိုးရွားလာနေတဲ့မြန်မာ့အရေးနဲ့ မြန်မာပြည်သူတွေခံစားနေရတာတွေအတွက် သက်ဆိုင်ရာ ပါဝင်ပတ်သက်သူတွေနဲ့ ကိုယ်ကဦးဆောင် ထိတွေ့ပြောဆိုမှုမလုပ်ဘဲ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ကျွန်တော်တို့ ဆွေးနွေးလို့ မရပါဘူး’’ လို့ သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာထိုင်ခုံ လစ်လပ်နေဆဲဖြစ်ပေမဲ့ မြန်မာဟာ အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်ရှိနေသေးတဲ့အချက်ကိုလည်း သမ္မတက ထောက်ပြပြောဆိုပါတယ်။
‘‘ဘုံသဘောတူညီချက် ၅ ရပ်၊ ကုလသမဂ္ဂလုပ်ထုံးလုပ်နည်းယန္တရားနဲ့ အာဆီယံလူသားချင်းစာနာမှု အကူအညီပေးရေးစင်တာ(AHA Center) တို့ကနေ တဆင့် မြန်မာ့အခြေအနေ တိုးတက်အောင် ကျွန်တော်တို့ ကူညီဖို့ အသင့်ဖြစ်သင့်ပါတယ်’’ လို့လည်း သမ္မတမားကို့စ် က ပြောပါတယ်။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီကတော့ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အာဆီယံ-ဂျပန် မိတ်ဖက်ဆက်ဆံရေးက အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်နေတယ်လို့ ပြောပါတယ်။
ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ သုံးနိုင်ငံပူးပေါင်းပြီး မြန်မာ့အရေး ကို ဖြေရှင်းရာမှာ မိတ်ဖက်အနေနဲ့ ဂျပန်နိုင်ငံရဲ့ ထောက်ခံမှုကို အာဆီယံဘက်က လိုအပ်တဲ့အကြောင်းပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဂျပန်ဝန်ကြီးချုပ်ရုံး
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တိုကျိုမြို့က ဟိုတယ် အိုခုရာမှာ ကျင်းပတဲ့ အာဆီယံ-ဂျပန် ဆက်ဆံရေး နှစ် ၅၀ ပြည့် ထိပ်သီးဆွေးနွေးပွဲကို ဂျပန်ဝန်ကြီးချုပ် ဖူမီယိုခီရှီဒါ နဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီတို့က ပူးတွဲဦးဆောင်ပြုလုပ်ကြတာဖြစ်ပါတယ်။
အိမ်ရှင် ဂျပန်ကတော့ ထိပ်သီးဆွေးနွေးပွဲတွေမှာ မြန်မာ့အရေး တိတိပပ ထုတ်ဖော်ပြောဆိုတာ မရှိပေမဲ့ အစည်းအဝေးပွဲကိုတက်ရောက်လာတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံက ခေါင်းဆောင်တွေနဲ့ သီးခြားစီ တွေ့ဆုံရာမှာတော့ ဒေသတွင်းအရေးတွေနဲ့ဆက်စပ်ပြီး မြန်မာ့အရေးကို ဆွေးနွေးခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပြောဆိုပါတယ်။
ထိုင်း၊ လာအို၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်တွေနဲ့ သီးခြားစီတွေ့ဆုံပြီး မြန်မာ့အရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်ပေမဲ့ ဘယ်လိုအကြောင်းအရာတွေကို အဓိက ထားဆွေးနွေးခဲ့လဲဆိုတာကိုတော့ အကျယ်တဝင့် မပြောထားပါဘူး။
ဂျပန်ဟာ မြန်မာပြည်တွင်းက စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အာဏာသိမ်းမှုကို ရှုတ်ချကြောင်း ပြောဆိုတာ၊ စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ပိတ်ပင်တားမြစ်တဲ့အခါ စိုးရိမ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက စာထုတ်ပြောဆိုတာတွေရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NUG ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး
ဒါပေမဲ့ ဂျပန်ဟာ အမေရိကန်၊ ဗြိတိန်နဲ့ သြစတေးလျလို သူ့ရဲ့ ဒီမိုကရေစီမဟာမိတ်နိုင်ငံတွေနည်းတူ မြန်မာစစ်ခေါင်းဆောင်တွေ၊ သူတို့နဲ့ ဆက်စပ်သူတွေကို စီးပွားရေးပိတ်ဆို့တာတွေလုပ်တာမရှိပါဘူး။ တဖက်မှာလည်း မြန်မာနိုင်ငံကို အကူအညီပေးရေးတွေ ဆက်လုပ်နေပါတယ်။
ဒါကြောင့်လည်း ဂျပန်ဟာ လူ့အခွင့်အရေးနဲ့ပတ်သက်လာရင် မြန်မာကို မျက်နှာနှစ်မျိုးနဲ့ ဆက်ဆံနေတယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်တာကိုခံရပါတယ်။
တဖက်မှာတော့ ဂျပန်အစိုးရဟာ ပြည်တွင်းမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာပြည်တွင်းမပြန်ရအောင် နေထိုင်ခွင့် ဗီဇာ သက်တမ်းတစ်မျိုးကို ၂၀၂၁ ခုနှစ်၊ မေလကတည်းက စီမံခဲ့ပါတယ်။
မြန်မာပြည်တွင်းပြန်ဖို့ လုံခြုံရေးအခြေအနေဆိုးရွားနေချိန်မှာ ဗီဇာသက်တမ်းကုန်တဲ့သူတွေကို ပြည်တွင်းပြန်ဖို့မလိုဘဲ အလုပ်အကိုင်ဆက်လုပ်နိုင်မယ့် ဗီဇာအစီအစဥ်ကို ဂျပန်လူဝင်မှုကြီးကြပ်ရေးဌာနက စီစဥ်ခဲ့တာပါ။ ၂၀၂၂ ခုနှစ်အစောပိုင်းအထိဆိုရင် မြန်မာနိုင်ငံသား ၄၆၀၀ နီးပါးကို အဲဒီဗီဇာအစီအစဥ်ထဲ အကျုံးဝင်အောင် လုပ်ပေးခဲ့ပါတယ်။
ဂျပန်အစိုးရက မြန်မာစစ်တပ်၊ စစ်ဘက်အရာရှိတွေနဲ့ စစ်ကောင်စီအရာရှိတွေကို အရေးယူပိတ်ဆို့တာတွေ မလုပ်ပေမဲ့ ဂျပန်အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်နှစ်ရပ်ပေါင်းထားတဲ့ Diet လွှတ်တော်ဟာ စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး ‘‘ဒီမိုကရေစီနည်းကျစနစ်ကို မြန်မြန်ပြန်လည်ဖော်ဆောင်ဖို့’’တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်ကို ၂၀၂၁ ခုနှစ်၊ ဇွန်လမှာ မဲပေးဆုံးဖြတ်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ဂျပန်အစိုးရအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းနေပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အခု အာဆီယံ-ဂျပန် ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ပြီးခဲ့တဲ့လကုန်ပိုင်းမှာပဲ ဂျပန်နိုင်ငံကို သွားရောက်ပြီး ဂျပန်လွှတ်တော်အမတ်တွေနဲ့တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီးကတော့ ‘‘အာဏာသိမ်းမှုမတိုင်ခင်တုန်းက ဂျပန်အစိုးရဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံခြားရေးမူဝါဒဟာ အမျိုးသားရင်ကြားစေ့ရေးကို ကြိုးပမ်းမှုဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ မြေပြင်မှာလက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေကြောင့် ဒီမူဝါဒဟာ လိုက်လျောညီထွေမှု မရှိတော့ပါဘူး။ ဒါကို ဂျပန်အစိုးရနဲ့ အရာရှိတွေနဲ့ ဂျပန်လူထုကို သတင်းစကားပါးဖို့ ကျွန်မ ဂျပန်နိုင်ငံကို လာရောက်တာဖြစ်ပါတယ်’’ လို့ နိုဝင်ဘာလအတွင်း ဂျပန်နိုင်ငံကို သွားရောက်ခဲ့တဲ့ သူ့ခရီးစဥ်အတွင်း ဂျပန်နိုင်ငံခြားသတင်းထောက်များအသင်း(FCCJ)ကို ရောက်ချိန်ပြောထားပါတယ်။
မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေဟာ မြန်မာပြည်တွင်း အကြမ်းဖက်မှုတွေ ရပ်စဲရေးအပါအဝင် ဘုံသဘောတူညီချက် ၅ ရပ်ကို သဘောတူခဲ့ကြတာ ၂၀၂၁ ခုနှစ်၊ ဧပြီလကတည်းက ဖြစ်ပါတယ်။ ဂျာကာတာမှာပြုလုပ်တဲ့အဲဒီဆွေးနွေးပွဲကို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်လည်း တက်ရောက်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီသဘောတူညီချက်တွေရရှိခဲ့တာ ၂ နှစ်ကျော်လာပြီဖြစ်ပေမဲ့ အကောင်အထည်ဖော်မှုအပိုင်းမှာ သိသိသာတိုးတက်မှုမရှိတာကြောင့် အာဆီယံအနေနဲ့ အဲဒီသဘောတူညီချက်တွေကို ဆက်ပြီး မကိုင်ဆွဲထားဖို့ မြန်မာ့အရေးအလေးထားသူတွေက တိုက်တွန်းပြောဆိုနေကြပါတယ်။












