မြန်မာ့အရေးဖြေရှင်းဖို့ဆိုရင် နိုင်ငံရေးဆန္ဒရှိဖို့လိုတယ်လို့ အင်ဒိုပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ဆိုရင် သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအားလုံးကနိုင်ငံရေးဆန္ဒရှိဖို့ လိုတယ်ဆိုပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောလာပါတယ်။
ဂျာကာတာမြို့မှာရှိတဲ့ အာဆီယံအထွေထွေအတွင်းရေးမှူးရုံးချုပ်က နျူဆန်တာရာခန်းမမှာ ပြုလုပ်တဲ့ အာဆီယံ ဖွဲ့စည်းမှု ၅၆ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ရင်း သူက အခုလိုပြောလိုက်တာဖြစ်ပါတယ်။
''မြန်မာ့အခြေအနေဟာ စိန်ခေါ်မှုအပြည့်နဲ့ဆိုတာကို ကျွန်တော်တို့ သတိထားမိပါတယ်။ သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအနေနဲ့ နိုင်ငံရေးဆန္ဒရှိမှသာ ဒီအခြေအနေကို ဖြေရှင်းနိုင်မယ်ဆိုတာကိုလည်း ကျွန်တော်တို့ သတိပြုရပါမယ်'' လို့ သမ္မတက ပြောပါတယ်။
မြန်မာ့အကျပ်အတည်းကို ကျော်ဖြတ်နိုင်ဖို့ဆိုရင် အားလုံးလက်တွဲလုပ်ဆောင်မှသာရမယ်လို့လည်း သမ္မတက ပြောပါတယ်။
''အာဆီယံဟာ ခရီးဆက်နေတဲ့ လှေကြီးတစ်စင်းနဲ့တူပါတယ်။ ဆက်ပြီး ရွက်လွှင့်မှ ဖြစ်မယ်။ အဲဒီလှေထဲမှာရှိတဲ့ ရာနဲ့ချီတဲ့အသက်တွေကို အကာအကွယ်ပေးဖို့က ကျွန်တော်တို့ရဲ့တာဝန်ဖြစ်တယ်''လို့လည်း သူက ဆက်ပြီးမှတ်ချက်ပေးပြောပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားဟာ မြန်မာ့အရေးဖြေရှင်းဖို့ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအပါအဝင် မြန်မာ့အရေးမှာ ပါဝင်ပတ်သက်သူတွေအားလုံးနဲ့ အကြိမ်ပေါင်း ၁၀၀ ကျော် တွေ့ဆုံဆွေးနွေးထားပြီးဖြစ်ပါတယ်။
ဒါပေမဲ့ အင်ဒိုနီးရှားဟာ မြန်မာပြည်တွင်းစစ်အာဏာသိမ်းမှုအစောပိုင်းကာလ ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ သူကိုယ်တိုင်ဦးဆောင်ခေါ်ယူခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲကနေ ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ထဲကမှ မြန်မာ့အရေး အလှည့်ကျအာဆီယံအထူးသံတမန် ခန့်အပ်တာမျိုးမရှိသေးပါဘူး။
ဒီအတောအတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့ ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားတို့ကတော့ အာဆီယံအထူးသံတွေခန့်ခဲ့ပေမဲ့ အင်ဒိုနီးရှားကတော့ သီးသန့် လူပုဂ္ဂိုလ်တစ်ဦးကို ခန့်အပ်တာမျိုး လူသိရှင်ကြား ထုတ်ပြောတာမရှိသေးပါဘူး။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီအစား အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အာဆီယံရေးရာအရာရှိကြီးတစ်ဦးက မြန်မာ့အရေးပါဝင်ပတ်သက်သူတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေလုပ်နေပါတယ်။
အင်ဒိုနီးရှားကတော့ မြန်မာ့အရေးကြိုးပမ်းတဲ့အနေနဲ့ ဘက်ပေါင်းစုံနဲ့တွေ့ဆုံနေပေမဲ့ ဘာတွေတွေ့ဆုံဆွေးနွေးထားတယ်ဆိုတာမျိုး သတင်းထုတ်ပြန်တာမရှိသလို တိတ်တဆိတ်သံခင်းတမန်ခင်းကို ကျင့်သုံးနေတယ်လို့ပဲ ပြောထားပါတယ်။
ဒီအတောအတွင်းမှာပဲ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား တသားတည်းရှိမှုအရေးကြီးတဲ့အကြောင်း သမ္မတ ဝီဒိုဒိုကပြောသလို ဒေသတွင်းတည်ငြိမ်ရေးအရေးကြီးတဲ့အကြောင်းလည်း ပြောလာပါတယ်။
အထူးသဖြင့် မြန်မာ့ပဋိပက္ခကို ဖြေရှင်းဖို့ဆိုရင် ဘုံသဘောတူညီချက် ၅ ရပ်ကို အထမြောက်အောင် အကောင်အထည်ဖော်ဖို့ အရေးကြီးတယ်လို့ သူက ပြောပါတယ်။
'' မြန်မာပြည်သူတွေနဲ့ရော လူသားတွေေနဲ့ပါ ဆက်နွှယ်နေတဲ့ကိစ္စမို့ မြန်မာနဲ့ဆိုင်တဲ့ကိစ္စတွေကို မြန်မြန်ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ တကယ်တော့ ပြဿနာတွေက အရမ်းကိုရှုပ်ထွေးနေပါတယ်။ တစ်ဦးတစ်ဖွဲ့တည်းနဲ့ဖြစ်တဲ့ကိစ္စမဟုတ်ဘဲ ပါဝင်ပတ်သက်တဲ့အဖွဲ့အစည်းဆိုတာ လေး ငါး ဖွဲ့ မကရှိနေတာပါ။ ဖြေရှင်းဖို့တော့ အချိန်ယူရပါမယ်။ ဘုံဆန္ဒတစ်ရပ်ရှိဖို့လည်း လိုတယ်။ မဟုတ်ရင် အတော်လေးကို ခက်ခဲလိမ့်မယ်'' လို့ သမ္မတက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, အင်ဒိုနီးရှားသမ္မတရုံး
တစ်ချိန်တည်းမှာပဲ အင်ဒိုနီးရှားဟာ ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံကို လာမယ့် စက်တင်ဘာလမှာ ကျင်းပနိုင်ဖို့ အသင့်ဖြစ်နေပြီလို့ သမ္မတက ပြောပါတယ်။
အာဆီယံထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ တစ်လ နီးပါးသာ ကျန်တော့တာမို့ အာဆီယံဟာ မြန်မာစစ်ကောင်စီအပေါ် ကန့်သတ်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲတွေနဲ့ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးပွဲတွေမှာ စစ်ခေါင်းဆောင်နဲ့ သူ့နိုင်ငံခြားရေးဝန်ကြီးတို့ကို တက်ရောက်ခွင့်မပေးဘဲ နိုင်ငံရေးရာထူးမယူထားသူ တစ်ဦးကိုသာ ကိုယ်စားလှယ်အဖြစ်တက်ခွင့်ပေးတဲ့ ဆုံးဖြတ်ချက် ဆက်ထားရှိဦးမယ်လို့ ယူဆရပါတယ်။
ဘုံသဘောတူညီချက်တွေကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်မှုအပိုင်းမှာ အားနည်းတယ်လို့ ဆိုပြီး ထိပ်သီးအစည်းအဝေးပွဲတွေကို စစ်ခေါင်းဆောင်နဲ့ သူရဲ့နိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့် မပေးခဲ့တာ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ဖြစ်ပါတယ်။
ဒီလိုတက်ရောက်ခွင့်ပိတ်ထားပေမဲ့ စစ်ကောင်စီလက်အောက် ထိပ်တန်းသံတမန်တွေ၊ သံအရာရှိတွေဟာ အာဆီယံအပါအဝင် အဖွဲ့ဝင်နိုင်ငံတွေက ကျင်းပတဲ့အခမ်းအနားတွေကို တက်ရောက်ပြီး အာဆီယံယန္တရားနဲ့ အဆက်မပြတ်ထိတွေ့မှုရှိနေတယ်ဆိုတာကို စစ်ကောင်စီလက်အောက် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒါပေမဲ့ မြန်မာစစ်ကောင်စီဘက်ကတော့ အာဆီယံပဋိညာဥ်ပါ အချက်တွေကိုထောက်ပြပြီး တန်းတူရည်တူ ခေါင်းဆောင် တက်ခွင့်မရှိဘူးဆိုရင် ကိုယ်စားလှယ်လည်း မလွှတ်ဘူးဆိုပြီး အစောပိုင်းကတည်းက တုံ့ပြန်ထားလို့ ထိပ်သီးဆွေးနွေးပွဲတွေမှာ မြန်မာကိုယ်စားပြု ထိုင်ခုံနေရာဟာ လစ်လပ်နေဆဲဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ အာဆီယံကြား ဆက်ဆံရေးအခုလိုဖြစ်နေချိန် ၂၀၂၂ ခုနှစ်အတွင်းမှာပဲ အာဆီယံကနေ နုတ်ထွက်ဖို့ အထိ စစ်ကောင်စီဘက်က စဥ်းစားချက်ရှိနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့ဖူးပါတယ်။
ဒီလိုသတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အာဆီယံထဲမှာ ဆက်နေမှာဖြစ်ပြီး လိုက်နာရမယ့် တာဝန်ဝတ္တရားတွေကို ပြည့်မီအောင်လုပ်မယ်လို့ ထုတ်ပြောလာပါတယ်။
အာဆီယံနှစ်ပတ်လည်နေ့ကို သြဂုတ်လ ၈ ရက်တုန်းက ပေးပို့တဲ့သူ့သဝဏ်လွှာမှာ အခုလိုပြောခဲ့တာပါ။
အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အာဆီယံပဋိညာဉ် စာတမ်းပါအချက်တွေကို လေးစားလိုက်နာပြီး အာဆီယံ အခြေခံမူတွေနဲ့အညီ ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့လည်း သဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။
အကြမ်းဖက်မှုတွေကိုလျှော့ချဖို့ အာဆီယံရဲ့ မြန်မာ့အရေးထုတ်ပြန်တိုက်တွန်းချက်တွေကို အာဆီယံ ပဋိညာဉ်ပါ မူတွေနဲ့ မကိုက်ညီဘူးလို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တောက်လျှောက်ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ မြန်မာ့အရေး အဖြေရှာဖို့ဆိုပြီး အိမ်နီးချင်းထိုင်းနိုင်ငံက အာဆီယံပြင်ပ အားထုတ်မှုအနေနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်တို့ကို ဖိတ်ကြားပြီး မြန်မာ့အိမ်နီးချင်းနိုင်ငံတွေ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့နဲ့အတူ ဆွေးနွေးတာတွေ ပြုလုပ်ထားပါတယ်။
ဒီဆွေးနွေးပွဲတွေအပြီးမှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးပွဲမတိုင်ခင်မှာ နေပြည်တော်ကို တိတ်တဆိတ်ခရီးစဥ် သွားရောက်ခဲ့ပြီး စစ်ကောင်စီကလည်း ဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခွင့်ပြုခဲ့တဲ့အရွေ့တွေ ဖြစ်လာပါတယ်။
ဒီအရွေ့တွေကြောင့်ပဲ စစ်ကောင်စီအနေနဲ့ အာဆီယံနဲ့ပူးပေါင်းဆောင်ရွက်ဖို့ စစ်ခေါင်းဆောင်ကိုယ်တိုင် လေသံပြောင်းလာစေတာလားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာဆီယံရေးရာညွှန်ကြားရေးမှူးကတော့ လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံကပြုလုပ်ထားတဲ့တွေ့ဆုံမှု ၁၀၀ ကျော်မှာ စစ်ကောင်စီလည်းပါဝင်တယ်လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဘီဘီစီရဲ့မေးမြန်းမှုကို ဖြေကြားထားပါတယ်။
အာဆီယံအရေးအကဲခတ်တွေကတော့ အင်ဒိုနီးရှားအနေနဲ့ တိတ်တဆိတ်သံခင်းတမန်ခင်းကို သုံးပြီး ဘက်ပေါင်းစုံနဲ့တွေ့ဆုံနေမယ့်အစား တွေ့ဆုံမှုရလဒ်တွေကို ထုတ်ပြန်မှသာ အဲဒီအခြေအနေတွေကို ချင့်တွက်ပြီး မြန်မာ့အရေးအရွေ့ဖြစ်အောင် လက်တွေ့ကျတဲ့ချဥ်းကပ်မှုတွေ လုပ်လာနိုင်မယ်လို့ ပြောနေကြပါတယ်။










