ဇူလိုင် ၉ ရက် ထိပ်တန်းသတင်းများ - စစ်ကောင်စီကို ဖိအားပေးဖို့ ကန်သံအမတ်ကြီးနဲ့ NUG ဝန်ကြီးတို့ ဆွေးနွေး

ကုလနိုင်ငံရေးဆိုင်ရာ ကန်သံအမတ်နဲ့ NUG ကျန်းမာရေးနဲ့ပညာရေးဆိုင်ရာဝန်ကြီး တို့ တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, NUG

မြန်မာစစ်ကောင်စီကို ပိုဖိအားပေးဖို့ ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာ အမေရိကန် အထူးသံအမတ်ကြီးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျန်းမာရေးနဲ့ပညာရေးဆိုင်ရာဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ဘက်က သတင်းထုတ်ပြန်လာပါတယ်။

အထူးသံအမတ်ကြီး ရောဘတ် အေ ဝုဒ် နဲ့ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြ တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေးအတွက်ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အခြေခံပြီး ဆွေးနွေးခဲ့ကြတာလို့ ဆိုပါတယ်။

အဲဒီဆုံးဖြတ်ချက်မှာ အကြမ်းဖက်မှုရပ်တန့်ရေး၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေအားလုံးကို ချက်ချင်းလွှတ်ပေးရေး အချက်လည်း ပါဝင်ပါတယ်။

အခုတွေ့ဆုံမှုမှာတော့ ဒီဆုံးဖြတ်ချက်ကို အခြေခံပြီး စစ်ကောင်စီကို အရေးယူဆောင်ရွက်သွားနိုင်ရေးနဲ့ ပိုမိုဖိအားပေးရေးအတွက် လုံခြုံရေးကောင်စီမှာ ဆက်လက်ဆောင်ရွက်မယ့် အဆင့်တွေကို ဆွေးနွေးခဲ့တာလို့ဆိုပါတယ်။

လိုင်ဇာအနီးက နမ်ဆန်ယန်မှာ စစ်ရေးတင်းမာနေဆဲ

လိုင်ဇာဌာနချုပ်နဲ့ မိုင်အနည်းငယ်အကွယ် နမ့်ဆာယန် ဒေသမှာ တွေ့ရတဲ့ ကေအိုင်အေ စစ်သည်တွေ ( ပုံ အဟောင်း)

ကချင်လွတ်လပ်ရေးတပ်(KIA/KIO)ရဲ့ ဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးက နမ်ဆန်ယန်ရွာဘက်ကို စစ်ကောင်စီတပ်က မနေ့ ဇူလိုင်လ ၈ ရက်မှာ တိုက်ခိုက်ရေးလေယာဥ်နဲ့ ဗုံးကြဲခဲ့တယ်လို့ စစ်ရေးအခြေအနေသိရှိသူတွေက ပြောပါတယ်။

နမ်ဆန်ယန်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်တာ သီတင်းတစ်ပတ်ထဲ ဝင်လာပြီဖြစ်ပြီး ဒီကနေ့အထိစစ်ရေးတင်းမာနေတဲ့အနေအထားလို့ KIA ဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ‌ပြောပါတယ်။

"ဗန်းမော်ဘက်က တက်လာတဲ့စစ်ကြောင်း၊ မြစ်ကြီးနားဘက်က တက်လာတဲ့စစ်ကြောင်းကစစ်ကူတွေလည်း ဂါးရာယန်ရွာ၊ တဘတ်ရွာတို့ဘက်ကို ရောက်နေလို့ ကြားပါတယ်၊ အဲ့ဒါကြောင့်မို့ စစ်ရေးတင်းမားတဲ့အနေအထားလို့ ကျွန်တော်ကသုံးသပ်တာဖြစ်ပါတယ်" လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

နမ်ဆန်ယန်ဒေသခံတွေကတော့ ဇူလိုင်လ ၆ ရက်နေ့၊ ညနေပိုင်းကတည်းက အပြီးအစီးရွှေ့ပြောင်းခိုင်းတာကြောင့် ဒေသခံတွေစစ်တိမ်းရှောင်ကုန်ကြပြီလို့ သိရပါတယ်။ဒေသခံ ၄၀၀ ကျော်ဟာ တိုက်ပွဲစဖြစ်တဲ့နေ့ကတည်းက ဝိုင်းမော်မြို့ကက်သလစ်ဘုရား‌ကျောင်းမှာ ခိုလှုံနေကြပြီး အချို့ကတော့ KIA ဌာနချုပ် လိုင်ဇာမြို့မှာ တိမ်းရှောင်နေကြတယ်လို့ ‌စစ်ရှောင်တွေက ပြောပါတယ်။

လိုင်ဇာအနီးက နမ်ဆန်ယန်အခုတိုက်ပွဲအပြင် ဖားကန့်မြို့နယ်က တနိုင်း - လီဒိုလမ်းပိုင်း၊ ရှဒူဇွပ်ရွာမှာလည်း KIA နဲ့ ဝါရာဇွပ်ဌာနေပြည်သူ့စစ်အဖွဲ့ အကြား တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။

စစ်‌ကောင်စီနဲ့ နီးစပ်တဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ရှဒူဇွပ်ရွာတိုက်ပွဲအတွင်း ဝါရာဇွပ်ဌာနေပြည်သူ့စစ်အဖွဲ့က အသာစီးရကာ KIA အဖွဲ့တွေဆီက လက်နက်တွေသိမ်းဆည်းရမိကြောင်း ဒီရက်ပိုင်းဆက်တိုက်ရေးသားဖော်ပြနေကြပါတယ်။စစ်ကောင်စီဘက်ကတော့ ကချင်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ တစုံတရာထုတ်ဖော် ပြောလာတာမရှိသေးပါဘူး။

မြင်းမူမှာ စစ်ကြောင်းထိုးတဲ့ သုံးရက်အတွင်း လူ ၄ ဦးသေဆုံး၊ အိမ်ခြေရာနဲ့ချီ မီးရှို့ခံရ

မြင်းမူမှာ စစ်ကြောင်းထိုးတဲ့ သုံးရက်အတွင်း လူ ၄ ဦးသေဆုံး၊ အိမ်ခြေရာနဲ့ချီ မီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က နဘဲကြူးရွာထဲကို စစ်ကောင်စီတပ်တွေ ဇူလိုင်လ ၆ ရက်နေ့ကစပြီး စတင် စစ်ကြောင်းထိုးခဲ့ပြီးနောက် အဲဒီရွာက ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၁ ယောက်အပါအဝင် အမျိုးသား ၄ ယောက် အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဂုံညှင်းဆိပ်ရွာကို ဆက်ဝင်ခဲ့အပြီးမှာ နေအိမ်ရာနဲ့ချီ မီးရှို့ခံခဲ့ကာ ဒီကနေ့မှာတော့ ငကင်းရွာကို ဝင်ရောက်ခဲ့တာကြောင့် ရွာမြောက်ပိုင်းက နေအိမ်တွေမီးလောင်နေတယ်လို့ ပြောပါတယ်။

အခုစစ်ကြောင်းဟာ စစ်ကိုင်းမြို့နယ်ဘက်က စဝင်ရောက်လာခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ အရာတော်မြို့နယ်က အင်အားနဲ့ ပူးပေါင်းကာ ငကင်းရွာ‌ထဲ ဝင်ရောက်တာလို့ ဆိုပါတယ်။

"နဘဲကြူးက လူတွေအသတ်ခံရတာက ရုတ်တရက်ပြေးလွှားရင်း စစ်ကြောင်းနဲ့တိုးသွားပုံရပါတယ်။ စစ်ကြောင်းက လူအင်အား ရာနဲ့ချီကို လက်နက်အပြည့်အစုံနဲ့ ဝင်လာတာဗျ" လို့ မြင်းမူအခြေအနေသိရှိသူ တစ်ယောက်က ပြောပါတယ်။

စစ်ကြောင်းထိုးနေတဲ့ ဒီ ၃ ရက်အတွင်း စစ်ကောင်စီတပ်တွေကို ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေက ၅ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ပေမဲ့ နှစ်ဖက်အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားတာတော့ မရှိဘူးလို့ သိရပါတယ်။

အခုစစ်ကြောင်းကြောင့် နဘဲကြူး၊ မန်ကျည်းကန်၊ ဂုံညှင်းဆိပ်စတဲ့ ကျေးရွာ ၇ ရွာကျော်က ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရဆဲလို့ ‌ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ စစ်ကိုင်းတိုင်းဘက်က စစ်ရေးသတင်းနဲ့ပတ်သက်လို့ ဒီကနေ့ ဇူလိုင်လ ၉ ရက် ညနေပိုင်းအထိ တစုံတရာထုတ်ပြန်လာတာမရှိသေးပါဘူး။

ဖားကန့်မှာ ဟိုတယ်နဲ့ KTV ပိုင်ရှင်တစ်ဦး သတ်ဖြတ်ခံရ

ရှင်းရင်ဟိုတယ်

ဓာတ်ပုံ ရင်းမြစ်, Shin Yin လူမှုကွန်ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့က ရှင်းရင် ဟိုတယ်နဲ့ ကေတီဗီ ပိုင်ရှင်အမျိုးသမီးဟာ ဇူလိုင်လ ၈ ရက် ညပိုင်းမှာ အမည်မသိ သေနတ်သမားတွေရဲ့ပစ်ခတ်သတ်ဖြတ်တာခံခဲ့ရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

ရှင်းရင် ဟိုတယ်နဲ့ ကေတီဗီမှာ ပြီးခဲ့တဲ့ ၅ လပိုင်းတုန်းကဖြစ်ပွားတဲ့ပစ်ခတ်မှုမှာ လူ ၇ ဦးသေဆုံးခဲ့ပြီးတဲ့နောက် အခုဖြစ်ရပ်ထွက်ပေါ်လာတာလို့လည်း ဆိုပါတယ်။

‘‘ဟိုတယ်ထဲမှာပဲ ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ သိရတယ်။ ပြီးခဲ့တဲ့ ၅ လပိုင်း ၁၃ ရက်နေ့တုန်းကလည်း ရှင်းရင်ဟိုတယ်မှာ ပစ်ခတ်မှုဖြစ်ခဲ့ဖူးတယ်။ အဲဒီတုန်းက KIA/PDF အပါအဝင် အရပ်သား ၇ ယောက်သေခဲ့ဖူးတယ်။ အဲဒီဖြစ်စဥ်အပြီးမှာပဲ အခုလို အသတ်ခံရတာ’’ လို့ မြေပြင် အခြေအနေ သိရှိသူတစ်ဦး ပြောပါတယ်။

ဖားကန့်မှာ ဟိုတယ်နဲ့ ကေတီဗီတွေအတွင်းမှာ စစ်တပ်က ကေအိုင်အေအရာရှိတွေကို ဖမ်းဆီးမှု၊ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားနေပါတယ်။

တဖက်မှာလည်း ဖားကန့်မြို့နယ်ထဲမှာ အခုနှစ်အစောပိုင်းကတည်းက ဆိုရင် သေနတ်ဒဏ်ရာ၊ နှိပ်စက်ဒဏ်ရာတွေနဲ့ စွန့်ပစ်ခံရတဲ့အလောင်း ၄၀ ထက်မနည်းရှိနေတယ်လို့ ဖားကန့်က တက်ကြွလှုပ်ရှားသူတွေက ပြောကြပါတယ်။

သိန်းရာနဲ့ချီအကြွေးရဖို့ရှိလို့ Mizzima နဲ့ DVB ရုပ်သံလိုင်းတွေကို တရားစွဲဆိုမယ်လို့ စစ်ကောင်စီပြော

၂၀၂၁ခုနှစ်၊ မတ်လ ၉ ရက်နေ့က ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က Mizzima သတင်းဌာနရုံးခန်းကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီးနောက် မြင်ကွင်း။

ဓာတ်ပုံ ရင်းမြစ်, Mizzima

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV) ရဲ့ အခမဲ့ရုပ်သံလိုင်းမှာ ထည့်သွင်းပြသခဲ့တဲ့ Mizzima နဲ့ DVB ရုပ်သံလိုင်းတွေကနေ ကြွေးကျန် ငွေကျပ် သိန်း ၁၀၀၀ ခန့်ရဖို့ရှိလို့ ရန်ကုန်အရှေ့ပိုင်းခရိုင်မှာ အမှုဖွင့် တရားစွဲဖို့လုပ်နေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ချန်နယ်ထည့်သွင်းခအဖြစ် တစ်လကို ငွေကျပ် သိန်း ၂၀၀ ပေးဖို့ရာ Mizzima ရုပ်သံဟာ ၄ လ အတွက် ငွေကျပ် သိန်း ၈၀၀၊ DVB ရုပ်သံက ၁ လစာ၊ သိန်း ၂၀၀ ပေးရဖို့ရှိနေတယ်လို့ဆိုထားပြီး ဒီငွေတွေကို ပေးဖို့ ဆက်သွယ်တောင်းပေမဲ့ မရတာကြောင့် တရားစွဲဖို့လုပ်တာလို့ မနေ့က သတင်းထုတ်ပြန်တာပါ။

Mizzima ရုပ်သံကတော့ ကြွေးကျန်ရှိတာမှန်ကန်ကြောင်း အတည်ပြုထားပြီး စစ်အာဏာသိမ်းစကတည်းက ရုပ်သံလိုင်းကို တရားမဝင်တော့တဲ့အကြောင်း စစ်ကောင်စီဘက်က ကြေညာထားတာကြောင့် ဒီလိုတောင်းဆိုမှုဟာလည်း တရားမဝင်ဘူးလို့ တုံ့ပြန်ပါတယ်။

"အရှေ့ပိုင်းခရိုင်ကနေ တရားစွဲမယ့်စာရောက်မလာသေးပါဘူး။ တရားရင်ဆိုင်မယ်ဆိုလည်း လွတ်လပ်တရားမျှတတဲ့ တရားခွင်ဖြစ်ကြောင်း အာမခံနိုင်ရင် ဘယ်မှာဖြစ်ဖြစ် ကျွန်တော်တို့က တရားရင်ဆိုင်ဖို့အသင့်ရှိနေပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ထောက်ပြစရာတွေရှိပါတယ်"လို့ Mizzima သတင်းဌာနတည်ထောင်သူ ဦးစိုးမြင့်က ဘီဘီစီကို ပြောပါတယ်။

ရုပ်သံလိုင်းကို ပိတ်သိမ်းပြီးနောက် Mizzima ကပိုင်ဆိုင်တဲ့ ဘဏ်အကောင့်တွေကိုလည်း သိမ်းခဲ့တာကြောင့် အဲဒီဘဏ်တွေကနေ ‌ငွေကျပ် သိန်း ၉၀၀ ခန့် ပြန်ရဖို့ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

DVB သတင်းဌာန သတင်းနဲ့မျက်မှောက်ရေးရာ ဒါရိုက်တာ ဦးသန်းဝင်းထွဋ်ကလည်း အာဏာသိမ်းစ ဖေဖော်ဝါရီ ၁ ရက်ကနေ ၅ ရက်အထိ စီစဉ်ထားတဲ့ ကြော်ငြာပါတာတွေ (content) တွေအတွက် စာချုပ်အတိုင်းဆိုရင် ချန်နယ်ဘက်က ပိုနစ်နာနေတာလို့ တုံ့ပြန်ပါတယ်။

'ရုပ်သံ ထုတ်လွှင့်တဲ့ကြိုးကို ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းလို့ဆိုပြီး ဆွဲဖြုတ်လိုက်တာ။ အဲဒီလို အလွယ်တကူ ဆွဲဖြုတ်လိုက်လို့ မရဘူးလေ။ အဲဒီထဲက ကြော်ငြာဆိုင်ရာသဘောတူညီချက်တွေ၊ ရုပ်သံသဘောတူညီချက်က ဘယ်လို ဆိုတာ တွက်လိုက်ရင် တရားစွဲချင်စွဲ ကျွန်တော်တို့က ပြန်ပြီး စွဲရမှာ" လို့ ဦးသန်းဝင်းထွဋ်က ဆက်ပြောပါတယ်။

ဒီရုပ်သံလိုင်း ၂ ခုဟာ စစ်အာဏာစသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ ပြည်တွင်းမှာ ထုတ်လွှင့်ခွင့်ပိတ်ပင်ခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီလက်အောက် ပြန်ကြားရေးဝန်ကြီးဌာနကလည်း သတင်းမီဒီယာဌာန ၁၀ ခုထက်မနည်းကို ထုတ်ဝေခွင့်လိုင်စင်တွေ ရုပ်သိမ်းထားပါတယ်။

လီလီနိုင်ကျော်ကို သတ်ဖြတ်မှုနဲ့ စွပ်စွဲခံရသူ ၂ ဦးသေဆုံး

လီလီနိုင်ကျော်ကို သတ်ဖြတ်မှုနဲ့ စွပ်စွဲခံရသူ ၂ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့

အဆိုတော် လီလီနိုင်ကျော်ကို သတ်မှုနဲ့စွပ်စွဲဖမ်းဆီးခံရတဲ့ ကိုကောင်းဇာနည်ဟိန်းနဲ့ ကိုကျော်သူရတို့ဟာ ရန်ကုန်မြို့၊‌ မြောက်ဒဂုံမြို့နယ်၊ မောင်းမကန်လမ်းမှာ လက်နက်တွေဝှက်ထားတဲ့နေရာကို လိုက်ပြချိန် ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးခဲ့တာလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

သူတို့နှစ်ဦးဟာ မြောက်ဒဂုံမြို့နယ်ထဲမှာ လက်နက်ခဲယမ်းတွေကို ဝှက်ထားတယ်လို့ ထွက်ဆို ခဲ့တာကြောင့် ဇူလိုင်လ ၆ ရက်နေ့တုန်းက မောင်းမကန်လမ်းဘေး ခြုံပုတ်အတွင်းမှာ လက်နက်ရှာနေကြချိန် လုံခြုံရေးအဖွဲ့တွေကို တွန်းထိုးတိုက်ခိုက် ထွက်ပြေးခဲ့ကြတာလို့ ဖော်ပြပါတယ်။

အဲဒီနေရာကနေ FGC - 9 သေနတ် ၁ လက်အပါအဝင် ကျည်၊ လက်ပစ်ဗုံးတွေ သိမ်းမိတယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။

စစ်တပ်ထောက်ခံသူ၊ အမျိုးသားရေးတက်ကြွသူလို့လည်း လူသိများတဲ့ အဆိုတော် လီလီနိုင်ကျော်ဟာ မေလ ၃၀ ရက်က ရန်ကင်းမြို့နယ်ထဲ သေနတ်ပစ်ခတ်ခံရလို့ သီတင်းတစ်ပတ်ကြာ ဆေးကုသမှုခံယူခဲ့အပြီးမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ စစ်ကောင်စီက သူ့ကို သတ်ဖြတ်သူတွေလို့ စွပ်စွဲထားတဲ့ ကိုကောင်းဇာနည်ဟိန်းနဲ့ ကိုကျော်သူရတို့ရဲ့ အမည်ကို ထုတ်ပြန်ခဲ့ပါတယ်။

သူတို့ နှစ်ဦးကို ဖမ်းဆီးထားကြောင်းကြေညာအပြီး နာရီပိုင်းအကြာ ဇွန်လ ၆ ရက်နေ့ညနေပိုင်းမှာပဲ ကိုကောင်းဇာနည်ဟိန်းရဲ့ မိခင်နဲ့ အမ တဝမ်းကွဲတို့ နှစ်ယောက်ဟာ ထန်းတပင်မြို့နယ်ထဲက နေအိမ်မှာ လူတစုက လာရောက် သတ်ဖြတ်တာခံခဲ့ရပါတယ်။

စွပ်စွဲခံရသူ‌နှစ်ဦးဟာ Special Task Force- STF အမည်ရ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေလို့ စစ်ကောင်စီဘက်က ပြောပေမဲ့ အဖွဲ့ဘက်ကတော့ ဒီကနေ့ ဇူလိုင် ၉ ရက်အထိ တစုံတရာ သတင်းထုတ်လာတာမရှိခဲ့ပါဘူး။

မင်းတပ်မှာ လေကြောင်းတိုက်ခိုက်ခံရချိန် ကလေးငယ်နဲ့နို့တိုက်မိခင်အပါအဝင် ၃ ဦးသေဆုံး

မင်းတပ်မှာ လေကြောင်းတိုက်ခိုက်ခံရချိန် ကလေးငယ်နဲ့နို့တိုက်မိခင်အပါအဝင် ၃ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ဝုမ်းခုမ်ရွာမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ရုတ်တရက်လာရောက်တိုက်ခိုက်ခဲ့တာကြောင့် ၉ နှစ်အရွယ် မိန်းကလေးငယ်နဲ့ နို့တိုက်မိခင်အပါအဝင် ၃ ဦး သေဆုံးတယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

နို့တိုက်မိခင်ဆိုသူ အမျိုးသမီးဟာ အသက် ၂၈ နှစ်သာရှိသေးပြီး လသားအရွယ် ကလေးငယ်ရှိတယ်လို့ ဆိုသလို နောက်ထပ် အသက် ၆၅ နှစ်အရွယ် သက်ကြီးအမျိုးသမီးတစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၅၀ အရွယ် အမျိုးသား ၁ ယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မနေ့ ဇူလိုင်လ ၈ ရက်၊ မနက် ၁၁ နာရီခွဲအချိန်မှာ လေကြောင်းလာ‌တိုက်ခဲ့တာဖြစ်ပြီး မင်းတပ်မြို့ပေါ်က အမှတ် ၂၇၄ ခြေလျင်တပ်ရင်းကလည်း တာဝေးပစ်အမြှောက်နဲ့ ပစ်ကူခဲ့တာကြောင့် အခုလို လူသေဆုံးတဲ့အထိ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ကျေးရွာစာသင်ကျောင်းအပါအဝင် လူနေအိမ် ၁၀ လုံးခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဓာတ်ပုံနဲ့တကွထုတ်ပြန်ပါတယ်။

"နို့တိုက်မိခင်ဆို လွတ်ရာကျွတ်ရာပြေးပြီးသား၊ နို့စို့သမီးလေးကို စိုးရိမ်လို့ အိမ်ကိုပြန်ပြေးလာတာ။ သမီးလေးကို သယ်ပြေးသွားကြပြီး နောက်တစ်ကြိမ်လေယာဉ်ဝဲလာလို့ အိမ်နောက်ဖေးတောထဲက ဝါးရုံနောက်ပုန်းရင်း ထိသွားတာ" လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်ကပြောပါတယ်။

မင်းတပ်မြို့နယ်ထဲက ချပ်၊ စွန်တောင်၊ ပလိပ်ထွီ၊ ရောင်လောင်း၊ ပန်းပါ၊ လုပ်ခေးစတဲ့ရွာတွေအပြင် မင်းတပ် - မတူပီကားလမ်းမပေါ်က စခန်းတွေကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်နယ် အမှတ် ၂၊ ၃၊ ၄ ထဲကို လက်နက်ကြီးတွေနဲ့ စစ်ကောင်စီက မကြာခဏပစ်ခတ်လေ့ရှိတယ်လို့ အခုဇူလိုင်လအစမှာပဲ သတိပေးစာထုတ်လာပါတယ်။

ဒါကြောင့် ပြည်သူတွေရဲ့ အိမ်ပျက်စီး၊ ဒဏ်ရာရတာတွေကြုံနေရတာကြောင့် ပြည်သူတွေအနေနဲ့မလိုအပ်ဘဲ လူစုလူဝေးမလုပ်ဖို့၊ အရေးပေါ်ပုန်းခိုဖို့ ဗုံးခိုကျင်းတွေ ပြုလုပ်ထားဖို့ မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၁ ရက်နေ့မှာပဲ ကြေညာထားပါတယ်။

မနေ့ကဖြစ်စဉ်ကတော့ လူစုလူဝေးပြုလုပ်တာမရှိဘဲ ရုတ်တရက် တိုက်ခိုက်ခံရတာဖြစ်တာကြောင့် ဒေသခံတွေလည်း ကြောက်လန့်ထွက်ပြေးခဲ့ရတယ်လို့ ဆလိုင်းယောမန်က ပြောပါတယ်။ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကတော့ မင်းတပ်မြို့နယ်က လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဒီကနေ့ဇူလိုင် ၉ ရက်အထိ တစုံတရာထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။

မြန်မာကို အာဆီယံလေတပ်ဦးစီးချုပ်ညီလာခံဥက္ကဋ္ဌ ခန့်အပ်မှု ကုလရှုတ်ချ

ထိုင်းလေတပ်ဦးစီးချုပ်နဲ့ တွေ့ဆုံပြီးနောက် ဇူလိုင်လ ၁ ရက်မှာ ရန်ကုန်ကို ပြန်လာတဲ့ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

ဓာတ်ပုံ ပုံစာ, ထိုင်းလေတပ်ဦးစီးချုပ်နဲ့ တွေ့ဆုံပြီးနောက် ဇူလိုင်လ ၁ ရက်မှာ ရန်ကုန်ကို ပြန်လာတဲ့ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်

အာဆီယံလေတပ်စစ်ဦးစီးချုပ်များအစည်းအဝေးဥက္ကဋ္ဌအဖြစ် မြန်မာစစ်တပ်ကို ခန့်အပ်လိုက်တာနဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် တွန် အန်ဒရူးစ်က ရှုတ်ချပြောဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ အခုလို ခန့်အပ်ခံရမှုကို သူတို့အပေါ် တရားဝင်အသိအမှတ်ပြုလာအောင် အသုံးချနိုင်တာကြောင့် မြန်မာပြည်သူတွေအတွက် အရှုံးဖြစ်သလို ရက်စက်တဲ့စစ်တပ်နဲ့ တိုက်ရိုက်ဆက်ဆံမှုဖြစ်လို့ အာဆီယံအနေနဲ့လည်း ရှုံးတာကြောင့် နှစ်ထပ်အရှုံးဖြစ်တယ်လို့ သူက ထောက်ပြပြောဆိုပါတယ်။

‘‘ရက်စက်မှုတွေအတွက် တာဝန်ခံရမယ့်လူတွေကို အာဆီယံမှာ ခေါင်းဆောင်မှုအပိုင်းအတွက် နေရာမပေးသင့်ပါဘူး။ သူတို့ဟာ ရာဇဝတ်မှုတွေအတွက် ထောင်ဒဏ်ကျခံသင့်သူတွေပါ’’ လို့ သူကပြောပါတယ်။

မြန်မာစစ်တပ်ရဲ့လှုပ်ရှားမှုကို စောင့်ကြည်တဲ့ Justice for Myanmar အဖွဲ့ကတော့ အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးမှာ မြန်မာလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို နေရာပေးတာဟာ မြန်မာစစ်တပ်က လူထုအပေါ် ပြုလုပ်နေတဲ့အကြောက်တရားစွက်ရေးလုပ်ဆောင်ချက်ကို အာဆီယံဘက်က သိသိကြီးနဲ့ ထောက်ခံတဲ့လုပ်ရပ်လို့ ဝေဖန်ထားပါတယ်။

တဖက်မှာလည်း မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးတဲ့နောက် လေကြောင်း တိုက်ခိုက်မှုတွေ တိုးလုပ်နေပြီး အဲဒီဖြစ်စဥ်တွေအတွင်း အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် ရာနဲ့ချီတဲ့အရပ်သားတွေ သေဆုံးထားပါတယ်။