သူလျှိုတွေ၊ ဒရုန်းတွေ၊ သတ္တုဖြတ်ဂေါက်တွေကိုပါ သုံးခဲ့တဲ့ ဗင်နီဇွဲလားသမ္မတကိုဖမ်းဆီးမှု

ဗီဒီယို ပုံစာ, ဗင်နီဇွဲလားမှာ အမေရိကန်ရဲ့တိုက်ခိုက်မှု
    • ရေးသားသူ, ဂါရက် အီဗန်
    • ရေးသားပေးပို့သည့်နေရာ, ဝါရှင်တန်

ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုရဲ့ လှုပ်ရှားမှု မှန်သမျှကို အမေရိကန် သူလျှိုတွေ စောင့်ကြည့်နေကြတာ လနဲ့ချီကြာနေပါပြီ။

လူနည်းနည်းနဲ့ ကျဲကျဲဝိုင်းထားတဲ့ အဲဒီသူသျှိုအဖွဲ့ထဲမှာ ဗင်နီဇွဲလား အစိုးရအဖွဲ့ထဲက သတင်းရင်းမြစ်တစ်ဦးတောင်ပါဝင်ပါတယ်။​ သူတို့က အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ သမ္မတ မာဒူရိုတစ်ယောက် ဘယ်အချိန်အိပ်တယ်၊ ဘာစားတယ်၊ ဘာဝတ်တယ်အပြင် ယုတ်စွအဆုံး သူ့ အိမ်မွေး တိရစ္ဆာန်တွေကိုတောင် စောင့်ကြည့်ပါတယ်။​ ဒါက အမေရိကန်စစ်ဘက်ထိပ်တန်းအရာရှိတွေ ဘက်က ထွက်ကျလာတဲ့စကားတွေပါ။

အဲဒီနောက် ဒီဇင်ဘာလ အစောပိုင်းမှာတော့ ''အလုံးစုံဖြေရှင်းရေးစစ်ဆင်ရေး'' လို့နာမည်ပေးထားတဲ့ စစ်ဆင်ရေးတစ်ခုကို နောက်ဆုံးအတည်ပြုနိုင်ပါပြီ။ ဒါဟာ လပေါင်းများစွာကြာအောင် ဇာတ်အကြိမ်ကြိမ်တိုက်၊ အတိမ်းအစောင်းမခံအောင်စီစဥ်ပြီးတဲ့နောက်မှာ အတည်ပြုနိုင်တာပါ။ လေ့ကျင့်ချိန်တုန်းကဆိုရင် အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့ အဝင်အထွက်လမ်းတွေကို မှတ်မိ သိရှိနေအောင်လို့ဆိုပြီး ကာရာကတ်စ်မြို့က မာဒူရိုရဲ့ လုံခြုံရေးအိမ် ပုံစံတူ တစ်ခုကို ဖန်တီးပြီး လေ့ကျင့်ခဲ့ကြပါတယ်။​

စစ်အေးကာလအပြီးကတည်းက လက်တင်အမေရိက နိုင်ငံတစ်နိုင်ငံကို စစ်ရေးအရ မထင်မှတ်ထားတဲ့ကြားဝင်မှုအဖြစ်ပေါ်လာတဲ့ ဒီအစီအစဥ်ကို အမေရိကန်က ခြေသံလုံလုံနဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။​ ဒီ့မတိုင်ခင်မှာ အမေရိကန် လွှတ်တော်ကို အကြောင်းကြား သတင်းပို့တာ၊ တိုင်ပင်တာ မရှိခဲ့ပါဘူး။ အသေးစိတ်ပြင်ဆင်ပြီးတဲ့နောက်မှာ အမေရိကန် စစ်ဘက် ထိပ်တန်းအရာရှိကြီးတွေဟာ စစ်ဆင်ရေးစတင်ဖို့ အသင့်ဆုံးအချိန်ကို စောင့်နေပါတော့တယ်။

စစ်ဆင်ရေးကို ရုတ်ချည်းလုပ်ဆောင်သွားတာမျိုး ဖြစ်နိုင်သမျှဖြစ်အောင် သူတို့ကြိုးပမ်းခဲ့တယ်လို့ အရာရှိတွေက စနေနေ့တုန်းက ပြောပါတယ်။ တကယ်တော့ စစ်ဆင်ရေးစတင်ဖို့ သမ္မတ ထရမ့်က မီးစိမ်းပြ အတည်ပြုခဲ့တာ အဲဒီမတိုင်ခင် ၄ ရက်ကတည်းက ဖြစ်ပါတယ်။ ဒါပေမဲ့ အရာရှိကြီးတွေဟာ ရာသီဥတုကောင်းပြီး တိမ်တွေ ဖုံးတာမျိုး မရှိအောင် ဆက်စောင့်ဆိုင်းခဲ့ကြတာဖြစ်ပါတယ်။

''ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလတွေမှာ အမေရိကန်စစ်တပ်က စစ်သား စစ်သမီးတွေအားလုံး အသင့်အနေအထားရှိခဲ့တယ်။​ လိုချင်တဲ့အခွင့်အခါလည်း ကိုက်ညီ၊ စတော့လို့ သမ္မတက အမိန့်ပေးတာနဲ့ စတင်တာမျိုးဖြစ်အောင် စိတ်ရှည်ရှည်နဲ့ စောင့်ခဲ့ကြတယ်'' လို့ အမေရိကန် စစ်တပ်ရဲ့ထိပ်တန်းစစ်ဘက်ခေါင်းဆောင် ဗိုလ်ချုပ် ဒန်ကိန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

'ကံကောင်းပါစေ၊ စောင့်ရှောက်ခံရပါစေ'

စစ်ဆင်ရေးစတင်ဖို့ သမ္မတရဲ့အမိန့်ဟာ သောကြာနေ့ အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ၂၂ နာရီ ၂၆ မိနစ်မှာ ဝင်လာပါတယ်။ ''ဒီစစ်ဆင်ရေးကို အရင် ၄ ရက်မှာ လုပ်တော့မယ်၊ အရင် ၃ ရက်မှာလုပ်တော့မယ်၊ ၂ ရက်မှာ လုပ်တော့မယ်ဆိုတာမျိုး ပြင်ခဲ့ကြတာ။ ဒါနဲ့ ချက်ချင်းဆိုသလို အခါအခွင့်သင့်တယ်။ ဒါကြောင့်ပဲ စတော့လို့ ကျွန်တော်တို့ ပြောခဲ့တာ'' ထရမ့်က ညသန်းခေါင် စီးနင်းမှုဖြစ်အပြီး နာရီပိုင်းအကြာ Fox & Friends အစီအစဥ်မှာ ထုတ်ပြောပါတယ်။

''သမ္မတက ကျွန်တော်တို့ ပြောတယ်။ ... ကံကောင်းပြီး ဘုရားစောင့်ရှောက်ပါစေလို့ ဆုတောင်းပေးတယ်။ ကျွန်တော်တို့လည်း ကျေးဇူးတင်တယ်။'' လို့ ဗိုလ်ချုပ် ကိန်းက ပြောပါတယ်။​

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထရမ့်အမိန့်ဟာ ဗင်နီဇွဲလားနိုင်ငံမြို့တော် ကာရာကတ်စ်မှာ ညသန်းခေါင်မရောက်ခင်ကလေးမှာ ဝင်လာတာဖြစ်လို့ စစ်တပ်အတွက် မှောင်ရိပ်ခို လှုပ်ရှားဖို့ အခွင့်အသာဆုံးဖြစ်ခဲ့ပါတယ်။​

အဲဒီနောက် ထွက်ပေါ်လာတာကတော့ အမေရိကန်အစိုးရနဲ့ လွှတ်တော်ရှိရာ ဝါရှင်တန်အပြင် တစ်ကမ္ဘာလုံးကပါ အံ့သြခဲ့ကြတဲ့ ၂ နာရီနဲ့ မိနစ် ၂၀ ကြာ ကြည်း ရေ လေ စစ်ဆင်ရေးဖြစ်ပါတယ်။ လူသူလက်နက်နဲ့ ယာဥ်အင်အားအသုံးပြုမှု၊ စစ်ဆင်ရေးဖော်ဆောင်မှု တိကျတဲ့အပိုင်းကို ပြောရရင် မှန်းကြည့်ရုံနဲ့တောင် ခက်ပါတယ်။ တစ်ပြိုင်တည်းမှာပဲ ဒေသတွင်းက ကမ္ဘာ့နိုင်ငံတွေက ဒီစစ်ဆင်ရေးကို ချက်ချင်း ရှုတ်ချ ပြောဆိုကြပါတယ်။​

ဘရာဇီးသမ္မတ လူလာ ဒါ ဆေးလ်ဗားက ဗင်နီဇွဲလားခေါင်းဆောင်ကို အခုလို ဖမ်းဆီးတာဟာ ''နိုင်ငံတကာအသိုက်အဝန်းတစ်ခုလုံးကို ပြသလိုက်တဲ့ နောက်ထပ်အန္တရာယ်ကြီးတဲ့နမူနာ လုပ်ရပ် တစ်ခုဖြစ်တယ်'' လို့ပြောပါတယ်။​

ထရမ့်ဟာ အခုစစ်ဆင်ရေးကို သမ္မတအိမ်တော် အိမ်ဖြူတော်က ကွပ်ကဲရေးရုံးခန်းကနေ မကြည့်ခဲ့ပါဘူး။ အဲဒီအချိန်မှာ သူဟာ ဖလော်ရီဒါပြည်နယ်၊​ ပန်းဘိချ်က မာရာလာဂို ကလပ်မှာ အကြံပေးတွေ ခြံရံပြီး စစ်ဆင်ရေးအခြေအနေ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပါတယ်။ သူ့ဘေး တစ်ဖက်ဆီမှာတော့ အမေရိကန်ထောက်လှမ်းရေး CIA ညွှန်ကြားရေးမှူး ဂျွန် ရက်ချ်ကလစ် နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုတို့ ရှိနေပါတယ်။​

''ကြည့်ရတာ သိပ်ကောင်းဗျာ'' လို့ ထရမ့်က စနေနေ့က ပြောပါတယ်။​ ''ဖြစ်ပျက်ခဲ့တာကို ခင်ဗျားတို့သာ မြင်ရမယ်ဆိုရင်လေ ရုပ်သံရှိုး တစ်ခုကို ကျွန်တော် ကြည့်ခဲ့ရသလိုမျိုးပဲ။ လုပ်ပုံကိုင်ပုံ၊ မြန်ဆန်ပုံနဲ့ ကြမ်းပုံတွေကိုကြည့်ရင် ဒီစစ်ဆင်ရေးမှာ ပါဝင်သူတွေ တော်တော်တော်ကြပါလားဆိုပြီး ထင်မိကြမှာ''

စစ်ဆင်ရေးကို ထရမ့်က ဖလော်ရီဒါမှာရှိတဲ့ သူ့ဂေဟာကနေ တိုက်ရိုက်ကြည့်ရှုခဲ့

ဓာတ်ပုံ ရင်းမြစ်, Donald Trump / TruthSocial

ဓာတ်ပုံ ပုံစာ, စစ်ဆင်ရေးကို ထရမ့်က ဖလော်ရီဒါမှာရှိတဲ့ သူ့ဂေဟာကနေ တိုက်ရိုက်ကြည့်ရှုခဲ့

ပြီးခဲ့တဲ့လတွေအတွင်းမှာ အမေရိကန်ဟာ သူ့ရဲ့တပ်ဖွဲ့ဝင် ထောင်ချီကို ဒေသတွင်းမှာဖြန့်ကြက်ခဲ့ပါတယ်။ ဆယ်စုနှစ်အတွေအတွင်းမှာ စစ်အင်အား စုပြုံပို့တယ်လို့ မြင်ရတဲ့အထိ လေယာဥ်တင်စစ်သင်္ဘောကြီး တစ်စင်းအပါအဝင် စစ်သင်္ဘောတွေကို စေလွှတ်ခဲ့ပါတယ်။ သမ္မတ ထရမ့်က မာဒူရိုကို မူးယစ်ဆေးဝါး မှောင်ခိုကူးတယ်၊ မူးယစ်နဲ့အကြမ်းဖက်မှု လုပ်တယ်တယ်လို့ စွပ်စွဲ၊ ဒေသတွင်း မူးယစ်သယ်ပို့နေတယ်လို့ဆိုတဲ့ သင်္ဘောငယ် ဒါဇင်ချီကို ဖောက်ခွဲဖြစ်တာတွေ လုပ်အပြီးမှာ အခုလို ဖြန့်ကြက်မှု ထွက်လာတာပါ။

ဒါပေမဲ့ မာဒူရိုကို ဖမ်းတဲ့ အလုံးစုံဖြေရှင်းမှု စစ်ဆင်ရေး လို့ခေါ်တဲ့ Operation Absolute Resolve ရဲ့ ပထမဆုံး အရိပ်အယောင်တွေကတော့ ကင်းကင်ကနေ စတင်ပါတယ်။ စစ်ဆင်ရေးလုပ်တဲ့ တစ်ညလုံးမှာ ဗုံးကြဲလေယာဥ်တွေ၊ တိုက်လေယာဥ်နဲ့ ကင်းထောက်လေယာဥ်တွေအပါအဝင် လေယာဥ် အစင်း ၁၅၀ လောက်ကို ဖြန့်ကြက်ထားခဲ့တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။​

''တော်တော်လေးကိုမှ ရှုပ်ထွေးတဲ့လုပ်ငန်းပါ။ လေယာဥ်တွေ ပျံတက် ပျံဆင်းနဲ့ လမ်းကြောင်းတွေလည်း ရှင်းရတော့လေ '' လို့ ထရမ့်က ဖောက်စ်သတင်းဌာနကို ပြောပါတယ်။ ''ဘယ်လိုအခြေနေမျိုးကြုံကြုံဆိုပြီး တိုက်လေယာဥ်တစ်စင်းတော့ အသင့်လုပ်ထားခဲ့တယ်''

ဒေသစံတော်ချိန် မနက်ခင်း ၂ နာရီဝန်းကျင်မှာ ကာရာကတ်စ်မြို့မှာ ပေါက်ကွဲသံတွေ စကြားရပါတယ်။ မီးခိုးလုံးတွေကြီးတွေလည်း မြို့ကောင်းကင်ပေါ်ကို ထိုးတက်လာတာကိုတောင် မြင်နိုင်ပါတယ်။ ''အုန်းကနဲ ပေါက်ကွဲသံကြီး တစ်ချက်ကြားခဲ့ရတယ်'' လို့ သတင်းထောက် အန်နာ ဗန်နက်ဆာ ဟာရဲရိုက ဘီဘီစီကို ပြောပါတယ်။​ ''ပြတင်းတံခါးတွေ လှုပ်ခါကုန်တယ်။ ချက်ချင်းဆိုသလိုပဲ မြင်ခဲ့ရတဲ့ မီးခုံးလုံးကြီးက ပတ်ဝန်းကျင်ကို ဘာမှမဖြစ်နိုင်လောက်တဲ့အထိ ဖုံးအုပ်သွားတယ်''

''တစ်မြို့လုံးမှာ ရဟတ်ယာဥ်သံ လေယာဥ်သံတွေနဲ့ ပြည့်နေရော'' သူက ပြောပါတယ်။​

ဗီဒီယို ပုံစာ, ကာရာကတ်စ်မြို့ပေါ်မှာ လေယာဥ်တွေ၊ ရဟတ်ယာဥ်တွေ၊ မီးခိုးလုံးတွေနဲ့ပြည့်နေခဲ့

မကြာခင်မှာပဲ ကောင်းကင်မှာ လေယာဥ်တွေအတော်များများ ပျံသန်းနေတဲ့ ရုပ်သံတွေ ထွက်လာပါတယ်။​ တချို့ရုပ်သံတွေမှာတော့ ပေါက်ကွဲမှုတွေဖြစ်အပြီး အခြေအနေ မြင်ကွင်းတွေ ပါဝင်ပါတယ်။ အဲဒီရုပ်သံတွေဟာ လူမှုကွန်ရက်မှာ မျှဝေပြောဆိုတာတွေလည်း များခဲ့ပါတယ်။​ ရုပ်သံတစ်ခုမှာဆိုရင် ကာရာကတ်စ်မြို့ထဲ ဖောက်ခွဲခံလိုက်ရတဲ့နေရာတွေကနေ တက်လာတဲ့ မီးခိုးလုံးတွေကြားထဲမှာ ခပ်နိမ့်နိမ့် ဖြတ်ပျံနေတဲ့ ရဟတ်ယာဥ်စုကိုလည်း တွေ့ရပါတယ်။​

''မနက် ၁ နာရီ ၅၅ မိနစ်မှာ ကာရာကတ်စ်မြို့ပေါ်မှာ ပေါက်ကွဲသံတွေနဲ့ လေယာဥ်သံတွေ ညံလာလို့ နိုးလာတာ'' လို့ မျက်မြင်တစ်ဦးဖြစ်တဲ့ ဒန်နီယယ်လာက ဘီဘီစီကို ပြောပါတယ်။​ ''အရာအားလုံး ပိန်းပိတ်မှောင်သွားတယ်။ အနီးနား ပေါက်ကွဲမှုတွေကနေ တစ်ချက်တစ်ချက်ထွက်လာတဲ့ အလင်းကလွဲပြီး ဘာမှ မမြင်ရတော့ဘူး''

"အိမ်နီးချင်းတွေလည်း သူတို့အချင်းချင်းဖွဲ့ထားတဲ့ ကွန်ဒို ဂရုချက်ထဲမှာ မေးကြ မြန်းကြပေါ့။ အားလုံးက ပေါက်ကွဲသံတွေကြောင့် ကြောက်တာကလွဲပြီး ဘာတွေဖြစ်ကုန်မှန်း မသိကြဘူး" လို့ သူက ပြောပါတယ်။​

ပေါက်ကွဲမှုတွေ၊ မီးလောင်နေတာတွေနဲ့ မီးခိုးလုံးတွေကို ရိုက်ကူးထားတဲ့ ရုပ်သံတွေကိုကြည့်ပြီး ဘယ်နေရာတွေ ပစ်မှတ်ထားခံခဲ့ရလဲဆိုတာကို ဘီဘီစီ Verify က ခွဲခြားစိတ်ဖြာကြည့်ခဲ့ပါတယ်။​

လက်ရှိမှာတော့ ပေါက်ကွဲမှုတွေဟာ လာ ကွာအီရာနဲ့ လာ ကာလိုတာလို့ခေါ်တဲ့ လေယာဥ်ကွင်း၊ ဂျန်နရယ်လစ်စီမို ဖရန်စစ္စကို ဒီ မီရန်ဒါ လေတပ်စခန်းအပါအဝင် နေရာ ၅ နေရာမှာဖြစ်ခဲ့တယ်ဆိုတာကို အတည်ပြုထားနိုင်ပါတယ်။​

ပေါက်ကွဲမှုတွေဟာ လာ ကွာအီရာနဲ့ လာ ကာလိုတာလို့ခေါ်တဲ့ လေယာဥ်ကွင်း၊ ဂျန်နရယ်လစ်စီမို ဖရန်စစ္စကို ဒီ မီရန်ဒါ လေတပ်စခန်းအပါအဝင် နေရာ ၅ နေရာမှာဖြစ်ခဲ့တယ်ဆိုတာကို အတည်ပြုထားနိုင်ပါတယ်။​

အမေရိကန်အရာရှိတွေကတော့ အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ တခြားစစ်ရေးပစ်မှတ်တွေကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောပါတယ်။​ အမေရိကန်ရဲ့ စစ်ဆင်ရေးမစခင်မှာ ကာရာကတ်စ်မြို့ကို မီးဖြတ်တောက်ခဲ့တာမျိုး ထရမ့်ကလည်း ပြောပါတယ်။​ ဒါပေမဲ့ ဘယ်လိုလုပ်ခဲ့တယ်ဆိုတာမျိုးတော့ သူမပြောပါဘူး။

''ကျွန်တော်တို့မှာရှိတဲ့ကျွမ်းကျင်မှုအရ ကာရာကတ်စ်မြို့ကို မီးပိတ်ချခဲ့တယ်'' လို့ သူက ပြောပါတယ်။​ ''တစ်မြို့လုံးအမှောင်ကျသွားတယ်''

'ကျွန်တော်တို့ လာမယ်ဆိုတာ သူတို့ကြိုသိနေခဲ့တယ်'

ကာရာကတ်စ်မြို့ကို လေကြောင်းကနေ တိုက်ခိုက်တာနဲ့တပြိုင်နက်မှာပဲ အမေရိကန်တပ်ဖွဲ့ဝင်တွေလည်း မြို့ထဲကို ဝင်ပါတယ်။​ အဲဒီတပ်ထဲမှာ ထိပ်တန်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ Delta Force တပ်ဖွဲ့ဝင်တွေလည်း ပါဝင်တဲ့အကြောင်း သတင်းရင်းမြစ်တွေက ပြောတယ်လို့ ဘီဘီစီရဲ့ အမေရိကန်က မိတ်ဖက်သတင်းဌာန စီဘီအက်စ်က ပြောပါတယ်။​ လက်နက်အပြည့်အစုံ တပ်ထားအဲဒီတပ်သားတွေမှာ မာဒူရိုခိုလှုံနေတဲ့ လုံခြုံရေးအိမ်က သတ္တုတံခါးတွေကို ဖျက်ဝင်ရမယ်ဆိုရင် အသင့်ဖြစ်နေအောင်ဆိုပြီး သံဂဟေ ဖြတ်ဆက်ရာမှာ ငရဲမီးနဲ့အသုံးပြုရတဲ့ ဖြတ်ဂေါက်ကိုပါ သယ်သွားကြတယ်လို့ဆိုပါတယ်။​

ကောင်းကင်ကနေ လေကြောင်းတိုက်တဲ့ ဒေသစံတော်ချိန် မနက် ၂ နာရီ ၁ မိနစ်ပိုင်းစွန်းပြီး မကြာခင်မှာပဲ အဲဒီတပ်ဖွဲ့တွေဟာ မာဒူရိုရှိနေတဲ့နေရာကို ရောက်တယ်လို့ ဗိုလ်ချုပ် ကိန်းက ပြောပါတယ်။​ ထရမ့်ကတော့ မာဒူရို ခိုလှုံနေတဲ့ လုံခြုံရေးအိမ်ဟာ ကာရာကတ်စ်မြို့လယ်မှာ စစ်ရေးအရ ခံတပ်ပြင်ထားသလို အခိုင်အမာ လုပ်ထားတာလို့ ပြောပါတယ်။ ''ကျွန်တော်တို့ လာမှာကို သူတို့သိတယ်။ သူတို့လည်း အသင့်အနေအထားနဲ့ပဲ'' လို့ ထရမ့်က ပြောပါတယ်။​

တပ်ဖွဲ့တွေ ရောက်ရောက်ချင်းမှာပဲ အပစ်ခံရပါတယ်။ အမေရိကန်ရဟတ်ယာဥ်တွေထဲက တစ်စင်းကို ထိမှန်ခဲ့ပေမဲ့ ဆက်ပျံသန်းနိုင်ခဲ့တဲ့အခြေအနေပါ။ ''ဖမ်းဆီးရေးတပ်ဖွဲ့ဟာ မာဒူရိုရဲ့ ခြံဝင်းထဲကို စနစ်တကျနဲ့ မြန်ဆန်တိကျစွာ ဝင်နိုင်ခဲ့တယ်'' လို့ ဗိုလ်ချုပ် ကိန်းက ပြောပါတယ်။​

''ဖျက်ဝင်ခဲ့ကြတယ်။ မဖျက်နိုင်အောင်လုပ်ထားတဲ့ စတီးတံခါးလို နေရာတွေကို ဖျက်ပြီး ဝင်ခဲ့ကြတာ'' လို့ ထရမ့်က ပြောပါတယ်။​

ဒါပေမဲ့ အဲဒါဟာ မာဒူရိုတင်မက သူ့ဇနီး စီလီယာ ဖလောရက်စ်ကို ဖမ်းတဲ့စစ်ဆင်ရေးဖြစ်ခဲ့ပါတယ်။ ဒါတွေက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာဒူရိုက အခုစစ်ဆင်ရေးအကြောင်း လွှတ်တော်အမတ်တွေကို အသိပေးတော့မှ သိရတဲ့အခြေအနေတွေဖြစ်ပါတယ်။​ ဒါကြောင့်လည်း ဒီဆုံးဖြတ်ချက်ကို ကွန်ကရက်စ်လွှတ်တော်က အမတ်အချို့က ဒေါသထွက်ခဲ့ပါတယ်။​

'ကျွန်တော် ရှင်းရှင်းပဲ ပြောပါရစေ။ နီကိုလက်စ် မာဒူရိုဟာ နိုင်ငံ့အာဏာကို တရားမဝင်ယူထားတဲ့အာဏာရှင်တစ်ဦးဖြစ်တယ်။ ဒါပေသိ ကွန်ကရက်စ်လွှတ်တော်ရဲ့အတည်ပြုချက်ကို မယူဘဲ၊ နောက်ပြီး နောက်တစ်ဆင့်မှာ ဘာဆက်လုပ်မယ်ဆိုတဲ့ လက်ဆုပ်လက်ကိုင်အစီအစဥ် လက်ထဲမရှိဘဲ လုပ်တာကတော့ မိုက်ရူးရဲရာကျတယ်'' လို့ အထက်လွှတ်တော်က ဒီမိုကရက်ပါတီ ခေါင်းဆောင် ချက်ရှူးမားက ပြောပါတယ်။​

စစ်ဆင်ရေး မတိုင်ခင်မှာ လွှတ်တော်ကို တင်ပြခဲ့မယ်ဆိုရင် စစ်ဆင်ရေးကို ထိခိုက်နိုင်တာကြောင့် ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက စနေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။​''ကွန်ကရက်စ်လွှတ်တော်ဘက်ကနေ ပေါက်ကြားနိုင်ခြေရှိတယ်လေ'' လို့ ထရမ့်က ပြောပါတယ်။​ ''ဒါဆို အခြေအနေမဟန်ဘူး''

ဗင်နီဇွဲလားက အကြီးဆုံး စစ်ဌာနချုပ်ဖြစ်တဲ့ ဖွဲတေး တီယိုနာ စစ်စခန်းကိုလည်း အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗင်နီဇွဲလားက အကြီးဆုံး စစ်ဌာနချုပ်ဖြစ်တဲ့ ဖွဲတေး တီယိုနာ စစ်စခန်းကိုလည်း အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့

သမ္မတထရမ့်အပြောအရဆိုရင် ပြီးခဲ့တဲ့လတွေအတွင်း ကျူးဘား သက်တော်စောင့်တွေကို ပိုသုံးလာတဲ့ ဗင်နီဇွဲလား သမ္မတမာဒူရိုဟာ အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေ သူ့ခြံဝင်းထဲကို ရောက်ချိန်မှာ လုံခြုံရေးအခန်းဆီ ပြေးဖို့ ကြိုးပမ်းခဲ့တယ်လို့ဆိုပါတယ်။​ ''သူက သူ့ရဲ့လုံခြုံရေးအခန်းကို ပြေးဖို့ လုပ်တာ။ တကယ်တော့လည်း မလုံခြုံပါဘူး။ ဘာလို့ဆိုရင် ကျွန်တော်တို့က ၄၈ စက္ကန့်လောက်နဲ့ တံခါးတွေကို ဖျက်နိုင်တာကိုး''

''တံခါးအထိတော့ သူရောက်သွားတယ်။​ ဒါပေမဲ့ ပိတ်ဖို့ရာ မဖြစ်နိုင်ခဲ့ဘူး။ ခပ်မြန်မြန်ပဲ ဖမ်းဆီးတာ လုပ်ခဲ့တော့ သူ အဲဒီအခန်းဆီတောင် မရောက်လိုက်ဘူး''

ဖမ်းဆီးတာကို အသာတကြည် လက်မခံဘူးဆိုရင် ၂၀၁၃ ခုနှစ်ကတည်းက နိုင်ငံ့အာဏာကို ယူထားခဲ့တဲ့ မာဒူရိုကို အမေရိကန်က သတ်ဖြတ်မှာလားလို့ အမေးခံရချိန်မှာတော့ ထရမ့်က ''ဒါမျိုးလည်း ဖြစ်သွားနိုင်တာပါပဲ'' လို့ ပြောပါတယ်။​ အမေရိကန်တပ်ဖွဲ့ဝင် ''အချို့ ကျည်မှန်ခဲ့တာမျိုးရှိတယ်'' လို့ သူက ပြောပြီး သေဆုံးသူ မရှိဘူးလို့ဆိုပါတယ်။​ ထိခိုက်သေဆုံးမှု ရှိ မရှိကို ဗင်နီဇွဲလားဘက်ကလည်း တစုံတရာ ထုတ်ပြောတာမရှိသေးပါဘူး။

အမေရိကန်ဟာ မာဒူရိုကို ဖမ်းဆီးမိနိုင်တဲ့သတင်းအချက်အလက်ပေးသူကို ဆုကြေး အမေရိကန်ဒေါ်လာ သန်း ၅၀ ဆုချမယ်လို့ အစောပိုင်းကတည်းက ကြေညာထားပါတယ်။ ဒါပေမဲ့ စနေနေ့ ဒေသစံတော်ချိန် မနက် ၄ နာရီ မိနစ် ၂၀ မှာတော့ မာဒူရိုနဲ့ သူ့ဇနီးကို ခေါ်ဆောင်လာတဲ့ ရဟတ်ယာဥ်တွေဟာ ဗင်နီဇွဲလားပိုင်နက်ထဲကနေ ထွက်လာခဲ့ပြီဖြစ်ပါတယ်။​ သူတို့ကို ဦးတည်ခေါ်ခဲ့တဲ့နေရာကတော့ နယူးယောက် ဖြစ်ပါတယ်။ အဲဒီမှာ သူတို့ဟာ ရာဇဝတ်မှုဆိုင်ရာပြစ်မှု စွပ်စွဲချက်တွေနဲ့ တရားရင်ဆိုင်ရဖို့ရှိနေပါတယ်။

မာဒူရိုကို ဖမ်းမိပြီလို့ ကမ္ဘာကြီးကို သတင်းလွှင့်လိုက်ပြီး ၁ နာရီအကြာမှာပဲ ထရမ့်က ''မာဒူရိုနဲ့ သူ့ဇနီးဟာ အမေရိကန်ရဲ့တရားရေးအစွမ်းကို မကြာခင်မှာ မျက်မြင် ဒိဋ္ဌကြုံရပါတယ်'' လို့ ပြောပါတယ်။

ခရစ္စတိုဘယ် ဗက်စ်ကတ်စ်လည်း ပါဝင်ရေးသားပါတယ်။​