အမေရိကန်က ဖမ်းဆီးလိုက်တဲ့ ဗင်နီဇွဲလားသမ္မတဇနီးမောင်နှံ ဘာတွေဆက်ဖြစ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဘာတွေဖြစ်ခဲ့လဲ။
ဗင်နီဇွဲလားနိုင်ငံထဲကို အထူးစစ်ဆင်ရေးလုပ်ပြီး သမ္မတ နီကိုလက်စ် မာဒူရိုကို ဖမ်းဆီးလိုက်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
အစောပိုင်းတုန်းကတော့ ထရမ့်ဟာ အမေရိကန် လေယာဥ်တင် စစ်သင်္ဘောကြီး USS Iwo Jima ပေါ်မှာ မျက်လုံးကို အဝတ်စည်းခံထားရတဲ့ မာဒူရိုရဲ့ဓာတ်ပုံကို မျှဝေခဲ့ပါတယ်။
လုံခြုံပြီး သင့်တင့်လျှောက်ပတ်တဲ့ တရားရေးဆိုင်ရာ အသွင်ကူးပြောင်းတဲ့အချိန်တစ်ခု မရောက်မချင်း အမေရိကန်ဟာ ဗင်နီဇွဲလားကို စီမံမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ကပြောပါတယ်။
ဗင်နီဇွဲလားနိုင်ငံထဲမှာတော့ ထရမ့်ဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ ဒီမိုကရေစီအနာဂတ်ထက် နိုင်ငံထဲက ရေနံကြွယ်ဝမှုကို စိတ်ဝင်စားတာလို့ ယူဆသူအချို့လည်း ရှိနေတဲ့အကြောင်း ဘီဘီစီ သတင်းထောက် တွန် ဘိတ်မန်းက ရေးပါတယ်။
ဗင်နီဇွဲလား ဒုတိယသမ္မတ ဒယ်လ်စီ ရိုဒရီးဂတ်စ်ကတော့ မာဒူရိုဟာ မူးယစ်ဆေးနဲ့ လက်နက်မှုတွေနဲ့ စွပ်စွဲခံရပြီး နယူးယောက်မှာ တရားစွဲခံလိုက်ရပြီဖြစ်တယ်လို့ နိုင်ငံပိုင်ရုပ်သံကနေ မိန့်ခွန်းထွက်ပြောပါတယ်။
လက်ရှိမှာတော့ ဗင်နီဇွဲလားနိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာထားပြီး မာဒူရိုကို နိုင်ငံထဲ ဝင်ဖမ်းခဲ့တဲ့ဖြစ်ရပ်ကို ''စစ်ရေးကျူးကျော်မှု'' ဆိုပြီး ရှုတ်ချပြောဆိုထားပါတယ်။

မရေရာမှုတွေနဲ့ပြည့်နေ

ဗင်နီဇွဲလားနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် မူဝါဒရေးရာအကြံပေး လုပ်ခဲ့ဖူးသူ အီဗန် အဲလစ်ကတော့ ဗင်နီဇွဲလားရဲ့ခေါင်းဆောင်ပိုင်း ဘာဆက်ဖြစ်လာမယ်ဆိုတာ "မသေချာမရေရာမှုတွေ အများကြီးပဲ" လို့ ဘီဘီစီကို ပြောပါတယ်။
ထရမ့်အစိုးရအနေနဲ့ ဗင်နီဇွဲလားအတွက် ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်စေမယ့် အသွင်ကူးပြောင်းရေးကို မြန်မြန်လုပ်တာထက် "အသာစီးရလိုတဲ့ညှိညှိနှိုင်းနှိုင်းကာလတစ်ခု'' ကို ဗင်နီဇွဲလားနဲ့ လုပ်လိုဟန်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ဗင်နီဇွဲလား ဒုတိယသမ္မတ ဒယ်လ်စီ ရိုဒရီးဂတ်စ် ကို ယာယီသမ္မတအဖြစ် တရားရုံးချုပ်က အသိအမှတ်ပြု ပေးလိုက်ပြီဖြစ်ပေမဲ့ ဒီနေရာမှာ အဓိက မေးခွန်းထုတ်စရာရှိနေတာက ထရမ့်အနေနဲ့ ဗင်နီဇွဲလား ယာယီသမ္မတနဲ့အတူ လက်တွဲအလုပ်လုပ်နိုင်မလားဆိုတာဖြစ်တယ်လို့ အဲလစ်က ပြောပါတယ်။
မာဒူရိုအစိုးရအဖွဲ့က ခေါင်းဆောင်တွေအနေနဲ့ သမ္မတထရမ့်လိုချင်တဲ့ ရေနံလိုအရာမျိုးတွေအတွက်
ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ လက်တွဲလုပ်ဖို့ခက်နိုင်တယ်လို့ သူက ပြောပါတယ်။
သမ္မတက အမေရိကန်မှာ ဖမ်းဆီးခံထားရတာကြောင့် နိုင်ငံထဲ ကျန်ခဲ့တဲ့မာဒူရိုရဲ့မဟာမိတ်တွေအနေနဲ့ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အလားအလာရှိနေပြီး "နှစ်ဖက်အဆင်ပြေနိုင်မယ့်အပေးအယူကိစ္စတွေ"ကို အမေရိကန်နဲ့ ရှိလာနိုင်တယ််လို့လည်း အဲလစ်က ပြောပါတယ်။
ဗင်နီဇွဲလားကို အမေရိကန် တိုက်ခိုက်မှု - အိမ်နီးချင်းနဲ့ ကမ္ဘာ့နိုင်ငံတွေ ဘယ်လိုတုံ့ပြန်လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကိုလံဘီယာ - အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ကိုလံဘီယာနိုင်ငံသမ္မတ ဂူတဗို ပီထရိုကတော့ ဗင်နီဇွဲလားနဲ့နယ်စပ်ကို တပ်တွေ စေလွှတ်ထားပြီးဖြစ်သလို အမေရိကတိုက်နိုင်ငံများအဖွဲ့(OAS)နဲ့ ကုလသမဂ္ဂတို့ အမြန်ဆုံးတွေ့ဆုံကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဘရာဇီး - ဘရာဇီးသမ္မတ လူလာကတော့ အမေရိကန်ရဲ့လုပ်ရပ်ဟာ "မကျော်သင့်တဲ့စည်းကို ကျော်လိုက်ပြီ" လို့ ပြောပြီး "ဗင်နီဇွဲလားရဲ့ အချုပ်အခြာအာဏာကို လွန်လွန်ကျူးကျူးချိုးဖောက်လိုက်တာ" လို့လည်းပြောပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိထိရောက်ရောက် တုံ့ပြန်ဖို့ တောင်းဆိုသွားပါတယ်။
ယူကေ - ဝန်ကြီးချုပ် ကီယာ စတားမာကတော့ မာဒူရိုရဲ့အုပ်စိုးမှု အဆုံးသတ်အတွက် "မျက်ရည်ကျစရာမရှိ" လို့ ဆိုပေမဲ့ အမေရိကန်စစ်တပ်ရဲ့ လုပ်ရပ်က နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုရှိ၊ မရှိကိုတော့ ယတိပြတ် ပြောဆိုတာ မရှိသေးပါဘူး။
ရုရှား - "အာဏာပိုင်နိုင်ငံတနိုင်ငံရဲ့ တရားဝင်ရွေးကောက်ခံသမ္မတနဲ့ သူ့ဇနီးကို ပြန်လွှတ်ပြီး အမေရိကန်အနေနဲ့ ကိုယ့်နေရာကို ပြန်စဉ်းစားသင့်တယ်" လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောလာပါတယ်။ ဗင်နီဇွဲလားနဲ့ အမေရိကန်ကြား စေ့စပ်ညှိနှိုင်းရေးစကားပြောဆိုမှုရှိခဲ့သင့်တယ်လို့လည်း ဆိုပါတယ်။
တရုတ် - "အမေရိကန်ရဲ့ အင်အားသုံးလုပ်ဆောင်မှုကို အပြင်းအထန်ရှုတ်ချသလို အလွန်အမင်း ထိတ်လန့်တုန်လှုပ်ရတယ်" လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပြီး အမေရိကန်ရဲ့ လုပ်ရပ်က နိုင်ငံတကာဥပဒေကိုချိုးဖောက်နေတယ်လို့ ဆိုပါတယ်။
ဂျပန် - အမေရိကန်ရဲ့ဝင်ရောက်ဖမ်းဆီးမှုအပေါ် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က တုံ့ပြန်လာပြီး G 7 အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဂျပန်ရဲ့ အမြင်ကို ထုတ်ဖော်ခဲ့တာဖြစ်ပြီး "ဗင်နီဇွဲလားမှာ တည်ငြိမ်မှုရရှိရေးနဲ့ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် အကူအညီတွေပေးမယ်" လို့လည်း ကမ်းလှမ်းခဲ့ပါတယ်။
မလေးရှား - "တခြားနိုင်ငံရဲ့ပြည်တွင်းရေးကို တိုင်းတပါးက ဘယ်လိုပုံစံနဲ့မဆိုဝင်ရောက်စွက်ဖက်တဲ့ အပေါ် ဆန့်ကျင်သလို အင်အားသုံးအကြမ်းဖက်တာတွေကိုလည်း လက်မခံဘူး" လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက စကားပြတ်ပြတ် သုံးပြီး ပြောပါတယ်။
ဂြိုဟ်တု ဓာတ်ပုံတွေကနေတဆင့်မြင်ရတဲ့ ဖွဲတေး တီယိုနာ စစ်စခန်းက အပျက်အစီးတွေ
ဇန်နဝါရီ ၃ ရက်တုန်းက အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်အပြီး ဗင်နီဇွဲလားနိုင်ငံရဲ့အခိုင်အမာစစ်တပ်စခန်းထဲက အဆောက်အဦအချို့ ပျက်စီးခဲ့တဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို Vantor ကရိုက်ကူးမိခဲ့သလို့ BBC Verify ကလည်း အဲဒီဓာတ်ပုံတွေကို စိစစ်ခဲ့ပါတယ်။
ကောင်းကင်ဓာတ်ပုံတွေအရ ဗင်နီဇွဲလားမြို့တော် ကရာကက်စ်မှာရှိတဲ့ ဖွဲတေး တီယိုနာ စစ်ခြေစိုက်စခန်းမြင်ကွင်းတွေကို တိုက်ခိုက်မခံရခင် ဒီဇင်ဘာ ၂၂ ရက်နဲ့ တိုက်ခိုက်ခံရပြီး ဒီနေ့ အခြေအနေတွေကို မြင်နိုင်ပါတယ်။
စခန်းထဲမှာရှိတဲ့ အဆောက်အဦ ၆ ခုခန့်မှာ ထိခိုက်ပျက်စီးမှု ကြီးကြီးမားမားဖြစ်ခဲ့တာကိုတွေ့နိုင်ပါတယ်။
စခန်းရဲ့မြောက်ဘက်ပိုင်းကို ပြသပေးတဲ့ ဓာတ်ပုံတစ်ပုံမှာဆိုရင် အနီရောင်ခေါင်မိုးနဲ့အဆောက်အဦကနေ မီးခိုးတွေအပေါ်ကို ထွက်လာတာတွေ့ရပြီးတော့ တောင်ဘက်မှာရှိတဲ့ အဆောက်အဦအသေး ၃ လုံးကတော့ လုံးဝ ပျက်စီးသွားပါတယ်။
ဒါကို အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံ ၇ နဲ့ ၈ မှာ ကြည့်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, VANTOR

ဓာတ်ပုံ ရင်းမြစ်, VANTOR
စခန်းရဲ့ အနောက်ဘက်ပိုင်းကို ပြသပေးတဲ့ နောက်ထပ်ဓာတ်ပုံမှာတော့ အဆောက်အဦ ၂ လုံးရဲ့ အပျက်အစီးကိုတွေ့ရမှာဖြစ်ပြီး အဲဒီကနေ လေထဲကို မီးခိုးလုံးထိုးတက်နေပါတယ်။
ဒါကိုတော့ ဓာတ်ပုံ ၅ နဲ့ ၆ မှာ ကြည့်နိုင်တယ်။

ဓာတ်ပုံ ရင်းမြစ်, VANTOR

ဓာတ်ပုံ ရင်းမြစ်, VANTOR
ဖွဲတေး တီယိုနာဆိုတာ ဗင်နီဇွဲလားရဲ့အကြီးမားဆုံးစစ်စခန်းဖြစ်ပြီး တိုင်းပြည်ရဲ့ ကာကွယ်ရေးကဏ္ဍကို ကြီးကြပ်ကွပ်ကဲတဲ့အဓိကအဖွဲ့အစည်းတွေ တည်ရှိတဲ့နေရာလည်းဖြစ်ပါတယ်။
အမေရိကန်စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်လိုက်တဲ့နေရာတွေကို ဂြိုဟ်တုဓာတ်ပုံတွေနဲ့ ဓာတ်ပုံအတည်ပြုနိုင်ဖို့ BBC Verify က ကြိုးစားနေဆဲဖြစ်ပါတယ်။
ဗင်နီဇွဲလားမှာ အမေရိကန်ရဲ့လုပ်ရပ်တွေကို အထူးစိုးရိမ်ကြောင်း အတွင်းရေးမှူးချုပ်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗင်နီဇွဲလားနိုင်ငံထဲ ဝင်ရောက်စီးနင်းတဲ့ အမေရိကန်ရဲ့စစ်ဆင်ရေးကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က "အလွန်အမင်းစိုးရိမ်''ပြီး ဒေသအတွင်း ရိုက်ခတ်မှုတွေကို ဖြစ်လာမှာကို ပူပန်နေတဲ့အကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။
"ဗင်နီဇွဲလားမှာ ဖြစ်နေတဲ့အခြေအနေတွေအရ လက်ရှိဖြစ်ပေါ် တိုးတက်မှုတွေဟာ နောင်မှာ အန္တရာယ်များတဲ့ရှေ့ခရီးကို ဖြစ်စေနိုင်တယ်'' လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ကုလသမဂ္ဂပဋိညာဉ်တွေအပါအဝင် နိုင်ငံတကာဥပဒေပါအချက်တွေကိုလေးစားမှုရှိဖို့ အရေးကြီးကြောင်းလည်း အတွင်းရေးမှူးချုပ်က အလေးပေးပြောကြားခဲ့ပါတယ်။
နိုင်ငံတကာဥပဒေတွေ မထီမဲ့မြင်ပြုခံနေရတာကလည်း စိုးရိမ်ဖွယ်ကောင်းကြောင်း သူက ပြောပါတယ်။
နောက်ပြီး လူ့အခွင့်အရေးနဲ့ ဥပဒေစိုးမိုးရေးကို လေးစားလိုက်နာပြီး အားလုံးပါဝင်တဲ့တွေ့ဆုံးဆွေးနွေးရေးကို လုပ်ဆောင်ကြဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။
ရုရှားနဲ့ တရုတ်တို့ရဲ့ ပံ့ပိုးမှုနဲ့ ကိုလံဘီယာနိုင်ငံက ဆင့်ခေါ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အရေးပေါ်အစည်းအဝေးကို လာမယ့်တနင်္လာနေ့မှာ ပြုလုပ်ဖို့လည်းရှိနေပါတယ်။
နီကိုလက်စ် မာဒူရိုနဲ့ ဇနီးကို အမေရိကန်က မြို့ပြထိန်းသိမ်းရေးစခန်းဆီပို့လိုက်ပြီ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဗင်နီဇွဲလား သမ္မတ နီကိုလက်စ် မာဒူရိုကို တင်ဆောင်တယ်လို့ မှတ်ယူရတဲ့မော်တော်ယာဉ်တန်းဟာ အမေရိကန် မူးယစ်တိုက်ဖျက်ရေးရုံးချုပ် (DEA)ကနေ ထွက်ခွာပြီးနောက် Westside အဝေးပြေးလမ်းကနေတဆင့် ရဟတ်ယာဥ်ရပ်နားရာနေရာကို သွားနေပါပြီ။
ဒါကြောင့် ဗင်နီဇွဲလားသမ္မတနဲ့ ဇနီးဖြစ်သူကို ဘရွတ်ကလင်းမြို့မှာရှိတဲ့ ပြည်ထောင်စုအဆင့်ထိန်းသိမ်းရေးစခန်းဆီ ရဟတ်ယာဥ်နဲ့ ပို့မယ်လို့ နားလည်ရပါတယ်။
နယူးယောက်ဆိပ်ကမ်းအနီးက လေဘာတီရုပ်တုကြီးကို ဖြတ်သန်းပြီး ဟက်ဆွန်မြစ်ကြောင်းအတိုင်း ရဟတ်ယာဥ် ၃ စင်း ပျံသန်းသွားတာကိုလည်းတွေ့ခဲ့ရပါတယ်။
ဒါကြောင့် သူတို့နှစ်ဦးကို တရားဥပဒေစိုးမိုးရေးအဖွဲ့တွေက စီစဥ်ထားတဲ့ယာဉ်တွေနဲ့ သယ်ဆောင်ပြီး ထိန်းသိမ်းရေး စခန်းဆီ ပို့ဆောင်မယ်ဆိုတာ ထင်ရှားပါတယ်။
သူတို့ကို ဘယ်မှာထိန်းသိမ်းမလဲဆိုတဲ့ တရားဝင်ထုတ်ပြန်ချက်ကိုတော့ စောင့်နေရဆဲပါ။
ဒီအချိန်မှာပဲ White House Rapid Response အကောင့်ကနေ မန်ဟက်တန်က DEA ဌာနချုပ်ထဲမှာ အစောပိုင်းကရိုက်ကူးထားတယ်ဆိုတဲ့ ဗီဒီယိုတခုကို ဖော်ပြလာပါတယ်။
အဲဒီ ဗီဒီယိုထဲမှာ ပြစ်မှုကျူးလွန်သူတွေကိုလုပ်ဆောင်လေ့ရှိတဲ့ ပုံစံအတိုင်း နီကိုလက်စ် မာဒူရို ရဲ့ လက်မောင်းတွေကို လုံခြုံရေးအရာရှိတွေက ဘေးတဖက်စီက ကိုင်ထားပြီး ခေါ်ဆောင်သွားတဲ့ ပုံစံ ကိုတွေ့မြင်ရပါတယ်။
ထရမ့်ကြောင့်သာ မဟုတ်ရင် ဒီလိုဖြစ်လာမှာမဟုတ်ဘူး - ဗင်နီဇွဲလားနိုင်ငံသားတွေ ဘယ်လို တုံ့ပြန်နေကြလဲ

ဘာ့ဒ် ဒဘက်စ်မန်း ဂျူနီယာ
(ဖလော်ရီဒါပြည်နယ်၊ ဒိုရယ်ကနေ သတင်းပေးပို့)
အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တာ ၉ နှစ်ရှိပြီဖြစ်တဲ့ အယ်လ်ကင်က ဗင်နီဇွဲလားမှာ ပစ်တာခတ်တာတွေ လူမှုကွန်ရက်ပေါ် မတက်လာခင် သူငယ်ချင်းတစ်ယောက်က ဖုန်းလှမ်းဆက်တာကြောင့် အိပ်ယာကနေ နိုးခဲ့ရတယ်လို့ ပြောပါတယ်။
''သမ္မတ ထရမ့်ကြောင့်သာ မဟုတ်ရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး'' လို့ သူက စပိန်စကားကိုမှ ဗင်နီဇွဲလားမှာပြောတဲ့လေသံဟန်နဲ့ ခပ်ပြုံးပြုံးပြောပါတယ်။ သူ့ လက်ထဲမှာလည်း ဗင်နီဇွဲလားအလံ ကိုင်ထားပါတယ်။
အခုအထိတော့ အယ်လ်ကင်တစ်ယောက် ဗင်နီဇွဲလားမှာ အာဏာလွှဲပြောင်းရေး ဘယ်လိုဖြစ်မလဲ၊ ဒါမှမဟုတ် အမေရိကန်ဟာ ဗင်နီဇွဲလားကို လတ်တလော စီမံကောင်းစီမံမယ်ဆိုတဲ့ ထရမ့်ရဲ့ အစောပိုင်းမှတ်ချက်တွေကို သူ့ စိတ်ထဲ မရှိသေးပါဘူး။
''အခုအရေးကြီးတာက (မာဒူရိုနဲ့ သူ့ဇနီးတို့) ဇာတ်လမ်း ပြီးသွားတာပါပဲ။ သူတို့ နောက်တစ်ကြိမ် ခြေဦး မလှည့်နိုင်တော့ဘူး'' လို့ သူက ပြောပြီး ''ဒီလိုဖြစ်အောင် ထရမ့် လုပ်ပေးခဲ့တာ'' လို့လည်း ဆိုပါတယ်။
၂၀၁၂ ခုနှစ်ကတည်းက အမေရိကန်ကိုရောက်နေတဲ့ ဗင်နီဇွဲလားနွယ်ဖွားတစ်ဦးဖြစ်တဲ့ ရိုဆာနာ မက်တေယိုကလည်း မာဒူရိုကိုရော၊ သူ့မတိုင်ခင်တုန်းက ဟူဂို ချားဗက်စ် အမေရိကန်က ဖြုတ်ချနိုင်တယ်ဆိုတာကို သူသိခဲ့ပေမဲ့ ဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့မိတဲ့အကြောင်း ပြောပါတယ်။
မက်တေယိုက မာဒူရို မရှိတော့ဘူးဆိုတဲ့သတင်းနဲ့ ညကြီးမင်းကြီး အိပ်မက်မက်ပြီး နိုးထခဲ့ရတဲ့အချိန်တွေရှိတယ်လို့လည်း ပြောပါတယ်။
''မနေ့ညတုန်းကတော့ ကျွန်မ အမျိုးသားက ကျွန်မကို အိပ်ယာကနေ နှိုးပြီး ပြောပြခဲ့တာ'' လို့ သူက ပြောပါတယ်။
အသွင်ကူးပြောင်းရေးကာလကို သူ စိတ်မပူပေမဲ့ မာဒူရိုအစိုးရအဖွဲ့ထဲက အရာရှိတွေ နိုင်ငံ့အုပ်ချုပ်ရေးမှာ ရာထူးတွေ ဆက်ယူထားကြမှာမျိုးမဖြစ်အောင် ထရမ့်အစိုးရက ရှင်းရှင်းလင်းလင်း လုပ်သင့်တယ်ဆိုတော့ သူရော၊ တခြား ဗင်နီဇွဲလားနိုင်ငံသားတွေရာ ဖြစ်စေချင်ကြတယ်လို့ ပြောပါတယ်။
''ဒါမျိုးကို ကျွန်မတို့ လက်ခံမှာမဟုတ်သလို လိုလည်း မလိုချင်ဘူး''











