အမေရိကန်ရေတပ်ပစ်ခတ်လို့ လူ ၁၇ ဦးသေဆုံးအပြီး ဗင်နီဇွဲလားက အရပ်သားတွေ သေနတ်ကိုင်ကြပြီ

ဓာတ်ပုံ ရင်းမြစ်, Nicole Kolster/BBC
- ရေးသားသူ, နစ်ကိုး ခေါ်စတာ
- ရာထူးတာဝန်, ဘီဘီစီ မွန်ဒိုဘာသာစကားဌာနအတွက် ရေးသားပါတယ်
- ရေးသားပေးပို့သည့်နေရာ, ကာရာကတ်စ်
အိဒစ် ပါရာလက်စ် ငယ်စဉ်တုန်းက သွားလေသူ သမ္မတ ဟူဂိုချားဗက်စ် လက်ထက် ၂၀၀၉ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ အမျိုးသားဘိုလီဗီးယားပြည်သူ့စစ်အဖွဲ့(NBM) မှာ စာရင်းသွင်းခဲ့ပါတယ်။ ဗင်နီဇွဲလားကို ကာကွယ်ဖို့ဆိုပြီး ဒီအဖွဲ့ကို ဖွဲ့ခဲ့တာပါ။
''ကိုယ့်နိုင်ငံ တစ်လက်မကိုမှ မထိပါးနိုင်တဲ့စစ်ရေးခုခံစွမ်း ကျွန်တော်တို့မှာရှိဖို့လိုအပ်တယ်။ ဒါမှပဲ ဘယ်သူမှ အကဲမစမ်းရဲမှာ'' လို့ အဲဒီအချိန်က သမ္မတ ချားဗက်စ်က ပြောပါတယ်။
အဲဒီလိုနဲ့ ၁၆ အကြာမှာတော့ လက်ရှိမှာ အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ပါရာလက်စ် တစ်ယောက်ပြည်သူ့စစ်သင်တန်းအတွက် စာရင်းသွင်းထားပြီးဖြစ်ပါတယ်။ အခုတစ်ခေါက်ကတော့ အမေရိကန်က လုပ်လာနိုင်တဲ့တိုက်ခိုက်မှုကို ကာဖို့ပါ။
တောင်ကာရေဘီယံ ပင်လယ်ထဲ အမေရိကန်ရေတပ်သင်္ဘောတွေ ဖြန့်ကြက်လိုက်ပြီးတဲ့နောက်မှာပဲ သက်ကြီးနိုင်ငံသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီပြည်သူ့စစ်အဖွဲ့ကို အင်္ဂါစဉ်အတိုင်းပြန်ဖွဲ့ဖို့ လုပ်လာတာပါ။ အမေရိကန်အရာရှိတွေကတော့ စစ်သင်္ဘောတွေ ဖြန့်ကြက်တာ မူးယစ်ဆေးဝါးတန်ပြန်နှိမ်နင်းရေးစစ်ဆင်ရေးတွေအတွက်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nicole Kolster/BBC
အမေရိကန်တပ်ဖွဲ့ဟာ ဗင်နီဇွဲလားကနေ အမေရိကန်ထဲကို မူးယစ်ဆေး သယ်ဖို့ကြိုးစားတယ်လို့ဆိုတဲ့ စက်လှေသုံးစီးကို တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း စက်လှေပေါ် ပါတဲ့လူ ၁၇ ဦး သေဆုံးပါတယ်။
ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး ဗလာဒီမီယာ ပါဒင်ညိုကတော့ အဲဒီတိုက်ခိုက်မှုတွေနဲ့ အမေရိကန်ရေတပ်ဖြန့်ကြက်မှုဟာ ဗင်နီဇွဲလားအပေါ် အမေရိကန်က စစ်မကြေညာဘဲ စစ်ဆင်တာလို့ ပြောပါတယ်။ ဗင်နီဇွဲလား သမ္မတ နစ်ကိုးလက်စ် မာဒူရိုကလည်း ပြည်သူ့စစ်တပ်ဖွဲ့တွေ အသင့်ဖြစ်ဖို့ အမိန့်ပေးထားပါတယ်။
ပါရာလက်စ်လည်း လက်ထဲမှာ စစ်ဖိနပ်နဲ့ စစ်ယူနီဖောင်းရရှိပါပြီ။ မြို့တော် ကာရာကတ်စ်အနီး သူနေထိုင်တဲ့အရပ်ကို ကာကွယ်ဖို့ အသင့်ဖြစ်နေပါပြီ။
သူနေတဲ့နေရာက မြို့တော်ကာရာကတ်စ်မှာဆိုရင် သမ္မတ ချားဗက်စ်ရဲ့ လက်ဝဲအယူ ချာဗစ်ဆိုမို ဝါဒ အခိုင်အမာအယူအစွဲရှိတဲ့အရပ်ဖြစ်ပါတယ်။ ၂၃ ဒီ အီနဲရို လို့လည်း ခေါ်ပြီး မြို့တော် အနောက်ဘက်ခြမ်းက စည်ပင်သာယာနယ်နိမိတ်တစ်ခုလည်းဖြစ်ပါတယ်။ ချားဗက်စ်ရဲ့ လက်ဝဲအယူကို အခု လက်ရှိ သမ္မတလည်းဖြစ်၊ သူ ခေါင်းခေါက်ရွေးခဲ့တဲ့သူလည်း ဖြစ်တဲ့ သမ္မတ မာဒူရိုက ဆက်ပြီးကျင့်သုံးပါတယ်။
ပါရာလက်စ်ဟာ အစိုးရကို သစ္စာတော်ခံတဲ့ထောက်ခံသူတစ်ယောက်လည်းဖြစ်တာကြောင့် ''ဘယ်အချိန်ပဲ ဆင့်ခေါ်ခေါ် ကျွန်တော် တာဝန်ထမ်းဖို့ အသင့်'' လို့ဆိုပြီး ပြောပါတယ်။
''အဖနိုင်ငံတော်ကို ကျွန်တော်တို့ ကာကွယ်ရမယ်'' လို့ဆိုပြီး သူက ဘီဘီစီကို ပြောပါတယ်။ သူ့အပြောဟာ စက်လှေတွေတိုက်ခိုက်ခံရအပြီးမှာ သမ္မတ မာဒူရိုပြောခဲ့တဲ့စကားလုံးတွေကို ထင်ဟပ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nicole Kolster/BBC
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တောင်ကာရေဘီယံပင်လယ်မှာ အမေရိကန်ရေတပ်တပ်ဖွဲ့တွေကို ဖြန့်ကြက်လိုက်တာဟာ အင်အားများတယ်လို့ အကဲခတ်တွေက ဘီဘီစီကို ပြောပေမဲ့ ကျူးကျော်မှုတစ်ခုပြုလုပ်ဖို့ စီစဉ်ထားတဲ့အတိုင်း ဖြန့်ကြက်တာမျိုးလို အင်အားတော့ မရှိဘူးလို့ သူတို့က ထောက်ပြပါတယ်။
ခပ်ခွာခွာဖြစ်နေတဲ့ အမေရိကန်နဲ့ ဗင်နီဇွဲလားတို့ကြားက ဆက်ဆံရေးဟာ ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်လာတဲ့အခါမှာ ပိုလို့ ယိုယွင်းသွားတယ်လို့ မြင်နိုင်ပါတယ်။
၂၀၂၄ ခုနှစ် ဇူလိုင်လမှာ မာဒူရို ပြန်လည် ရွေးကောက်ခံရတဲ့အခါမှာ ဒါကို အသိအမှတ်မပြုတဲ့ နိုင်ငံအချို့ထဲ အမေရိကန်လည်း ပါဝင်ပါတယ်။ လွတ်လပ်တဲ့ လေ့လာစောင့်ကြည့်သူတွေအဆိုအရ သူ့ ပြိုင်ဘက် အက်ဒ်မွန်ဒို ဂွန်ဇာလက်စ်ဟာ မဲအပြတ်အသတ်နိုင်တယ်ဆိုတာကို ဗင်နီဇွဲလား အတိုက်အခံတွေဘက်က သက်သေထူနိုင်တယ်ဆိုတဲ့အချက်ကို ကိုင်ပြီး အသိအမှတ်မပြုခဲ့တာပါ။
သမ္မတ အဖြစ် အိမ်ဖြူတော်ကို ဒုတိယအကြိမ်ရောက်ပြီး မကြာခင်မှာပဲ ထရမ့်ဟာ ဗင်နီဇွဲလား ရာဇဝတ်ဂိုဏ်း ထရန် ဒီ အာရာဂွါကို အကြမ်းဖက်အဖွဲ့လို့ ကြေညာပါတယ်။ အဲဒီလိုကြေညာပြီးနောက်မှာ ဗင်နီဇွဲလားရွှေ့ပြောင်းတွေကို အမေရိကန်ကနေ ပြန်ပို့တာနဲ့ ကာရေဘီယံပင်လယ်ထဲ မကြာသေးခင်တုန်းက လုပ်တဲ့စစ်ရေးလုပ်ဆောင်ချက် လိုအပ်တယ်ဆိုတာဖြစ်အောင် ပုံဖော်ပါတယ်။
ထရမ့် အစိုးရအဖွဲ့ဟာ မာဒူရိုကို မူးယစ်ဂိုဏ်းတွေနဲ့ ပေါင်းတယ်လို့ စွပ်စွဲပြီး သူ့ကို ဖမ်းမိဖို့ သတင်းပေးရင် ဒေါ်လာ သန်း ၅၀ ဆုချမယ်လို့တောင် ဆုကြေးကို မကြာသေးခင်တုန်းကမှ မြှင့်လိုက်ပါတယ်။
မာဒူရိုကတော့ ဝါရှင်တန်ဘက်က စွပ်စွဲချက်တွေကို ပယ်ချပြီး သူ့အစိုးရဟာ မူးယစ်ဆေးနှိမ်နင်းရေးတွေ လုပ်နေတဲ့အကြောင်းလည်း ခုခံပြောဆိုပါတယ်။
ဒါပေမဲ့ မာဒူရိုအစိုးရဟာ အမေရိကန်ကနေ ပြန်ပို့တဲ့ ဗင်နီဇွဲလားရွှေပြောင်းတွေကို ပြန်လက်ခံရာမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ အမေရိကန်အရာရှိတွေကတော့ ဒီလူတွေဟာ ဂိုဏ်းထဲပါသူတွေဆိုပြီး ပြန်ပို့တာပါ။
ပထမ စက်လှေတိုက်ခိုက်ခံရချိန်မှာ မာဒူရိုဟာ အမေရိကန်သမ္မတဆီ စာပို့ပြီး အစည်းအဝေးလုပ်ဖို့တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီချဉ်းကပ်မှုကို အိမ်ဖြူတော်ဘက်က ငြင်းခဲ့ပါတယ်။
ဒါပေမဲ့လည်း ပြည်တွင်းမှာ သူ့ရဲ့ ဒေါသက တိုက်ပွဲဝင်ဖို့ အသင့်ပြင်တဲ့အနေအထားကနေ မလျော့သွားခဲ့ပါဘူး။
မာဒူရိုဟာ ဗင်နီဇွဲလားစစ်တပ် (FANB) ကို အိဒစ် ပါရာလက်စ်တို့လို လူတွေပါဝင်တဲ့ ပြည်သူ့စစ်တွေကို လေ့ကျင့်ပေးဖို့ စေခိုင်းပါတယ်။
ဒီပြည်သူ့စစ်တွေဟာ အများအားဖြင့် ဆင်းရဲတဲ့ရပ်ကွက်တွေက စေတနာ့ဝန်ထမ်းတွေနဲ့ ဖွဲ့လေ့ရှိပါတယ်။ အစိုးရဝန်ထမ်းတွေလည်း ဒီသင်တန်းတက်ဖို့ ဖိအားပေးခံရတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဟိုအရင်တုန်းကတော့ ဒီလိုပြည်သူ့စစ်တွေကို နိုင်ငံရေးလူစုလူဝေးပြုလုပ်ရာမှာ စီတန်းလှည့်လည်ရာမှာ အင်အားဖြည့်ဖို့ သုံးခဲ့ကြပါတယ်။
အဖွဲ့ဝင်တွေဟာ အစိုးရဟာ အသေအကြေထောက်ခံသူတွေနဲ့ ဖွဲ့စည်းထားပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်မှု၊ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေကို လူစုခွဲရာမှာ သုံးစွဲခံရတယ်လို့ စွပ်စွဲခံရပါတယ်။

ဒါပေမဲ့ အမေရိကန်ရဲ့ခြိမ်းခြောက်မှုကြုံနေရပြီလို့ ပုံဖော်ထားပုံရတဲ့ မာဒူရို အစိုးရဟာ အခုတော့ ဒီပြည်သူ့စစ်တွေကို လူစုနေပါတယ်။
စနေနေ့ မွန်းလွဲပိုင်းတုန်းကတော့ ကာရာကတ်မြို့မှာ စစ်သားတွေဟာ ''စစ်တန်းလျားက လူထုဆီလာခဲ့ပြီ'' ဆိုတဲ့ မာဒူရိုအမိန့်ကြောင့် မြို့ထဲမှာ ဖြန့်နေပါတယ်။
သူတို့အလုပ်က ရန်သူကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကို သိအောင် လက်နက်ကိုင်တတ်အောင် ဒေသခံတွေကို သင်ပေးတာဖြစ်ပါတယ်။
သင်တန်းပေးတဲ့အခင်းအကျင်းမှာ တင့်ကားတွေ၊ ကျည်မဖြည့်ထားတဲ့ ရုရှားလုပ် ရိုင်ဖယ်တွေနဲ့ လမ်းညွှန်ချက်ပိုစတာတွေ ပါဝင်ပါတယ်။
စစ်သားတစ်ယောက်က ပြည်သူ့စစ်အဖွဲ့သေးတစ်ဖွဲ့ကို အသံချဲ့စက်ကနေ လှမ်း အမိန့်ပေးပါတယ်။
"အရေးအကြီးဆုံးက ကိုယ့်လက်နက်နဲ့ကိုယ် အကျွမ်းဝင်အောင်လုပ်ထားဖို့ပါပဲ။ ပစ်မှတ်ကို ချိန်မယ်၊ ပြီးရင် ထိအောင်ပစ်မယ်''

ဓာတ်ပုံ ရင်းမြစ်, Nicole Kolster/BBC
အဲဒီအနီးနားမှာနေထိုင်တဲ့ အမျိုးသမီးနဲ့ ကလေးမကျန် အားလုံးက အာရုံစိုက် နားထောင်နေကြပါတယ်။
ဆန္ဒအလျောက် ပါဝင်လာကြတဲ့သူ အများစုဟာ တကယ့်လက်နက်အစစ်နဲ့ ပစ်တာ ခတ်တာ အတွေ့အကြုံမရှိပါဘူး။ ဒါပေမဲ့ ဒီလိုမရှိတာကြောင့်ပဲ စိတ်အားတက်ကြွမှု ဖြစ်စေပါတယ်။
"တိုက်ပွဲမှာ ကျပဲ ကျကျ ကျွန်တော် လုပ်မှာ" လို့ ဖရန်စ္စကို အိုဂျဲဒါက ဘီဘီစီ မွန်ဒိုဘာသာစကားဌာနကို ပြောပါတယ်။ သူက သင်တန်းတက်နေတဲ့ဒေသခံတွေထဲက တစ်ဦးပါ။
အသက် ၆၉ နှစ်အရွယ် သူဟာ နေပြင်းပြင်းအောက်မှာ ကတ္တရာလမ်းပေါ် တွားသွားပြီး တိုက်ရေးခိုက်ရေးအသင့် ပုံစံနဲ့နေနေပါတယ်။ လက်ထဲမှာတော့ အေကေ ၁၀၃ ရိုင်ဖယ်ကို ကိုင်ထားပါတယ်။ သူ့ပုံစံ မမှန်တာကို စစ်သားတစ်ယောက်က ပြင်ပေးပါတယ်။
''အဖနိုင်ငံတော်ကို ကာကွယ်ဖို့ အိမ်ကကြောင်တွေတောင် ထွက်လာပြီး ပစ်ကြခတ်ကြတော့မလားပဲ'' လို့ သူက ပြောပါတယ်။
သူ့နည်းတူ စိတ်အားထက်သန်သူလည်းရှိနေပါတယ်။ သူက အသက် ၆၇ နှစ်အရွယ် ဂလက်ဒီ ရော့ဒရီးဂတ်စ်ပါ။ သူကတော့ ပြည်သူ့စစ်ဖြစ်တာမကြာသေးပါဘူး။ ''ကျွန်မတို့ ဘယ် အမေရိကန်တပ်ကိုမှ ကျူးကျော်ခွင့်ပြုမှာမဟုတ်ဘူး'' လို့ သူက ပြောပါတယ်။
အသက် ၃၈ နှစ်အရွယ် ရဲလစ် ဟေးမီစ်ကတော့ နည်းနည်း တုံ့ဆိုင်းဆိုင်းဖြစ်ပါတယ်။ '' ဘဝမှာ တခုတစ်ခေါက် ပထမဆုံးအကြိမ် လက်နက်ကိုင်ဖူးတာပါ။ နည်းနည်းလေးတော့ စိတ်လှုပ်ရှားတယ်။ ဒါပေမဲ့ လုပ်နိုင်မှာပါ။ ကိုယ့်ကိုကိုယ်သိတယ်''
မြို့တော့ ကာရာကစ်က ပဲတဲအရပ်က ဒေသခံတွေ ရိုင်ဖယ်သေနတ် ကိုင်ပုံကိုင်နည်း သင်နေကြချိန်မှာ မာဒူရိုကို ထောက်ခံမှုအားမကောင်းတဲ့အရပ်တွေမှာတော့ လူတွေ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြပါတယ်။ ဒါပေမဲ့ အဲဒီထဲက အနည်းငယ်ကပဲ ကျုးကျော်မှုကိစ္စကိုအာရုံရကြတဲ့ပုံပါ။
ဖုန်ထူထူ လမ်းမထက် စစ်ပုံစံယူဖို့ ဖရန်စ္စကို အိုဂျဲဒါ နေရာယူ လေ့ကျင့်နေတဲ့ ခပ်လှမ်းလှမ်း မီတာ အနည်းငယ်အကွာမှာတော့ မြို့ခံတွေဟာ နေ့စဉ်ရုန်းကန်လှုပ်ရှားဖို့ကိုပဲ အာရုံရောက်နေကြတဲ့ပုံပါ။ လမ်းဘေး စျေးရောင်းသူတွေက ပစ္စည်းတွေ ချခင်းနေပြီး တချို့ကလည်း သင်တန်းတက်နေသူတွေဆီတောင် အကြည့်မရောက်ဘဲ စနေ တနင်္ဂနွေ ပိတ်ရက်အတွက် ချက်ဖို့ပြုတ်ဖို့ဝယ်ခြမ်းတာကိုပဲ အာရုံရောက်နေကြပါတယ်။
အန်ဒရဲ ဘယ်လို ကတ်သလစ် တက္ကသိုလ်က နိုင်ငံရေးအကဲခတ် ဘန်နီနို အယ်လာရွန်ကတော့ ပြည်သူ့စစ်ကိစ္စနဲ့ပတ်သက်ပြီး မာဒူရိုရဲ့အစီအစဉ်ဟာ တိုက်ပွဲမှာ တိုက်ခိုက်ဖို့ထက် လူသား ဒိုင်းအဖြစ် လုပ်ဆောင်ချက် သက်သက်ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။
အရပ်သားတွေကို အခုလို ဆင့်ခေါ်လိုက်တာဟာ မာဒူရိုအစိုးရအနေနဲ့ အမေရိကန်ရဲ့ ဘယ်လို စစ်ရေးလုပ်ဆောင်ချက်အတွက်မဆို လူ့အသက်တွေ သေဆုံးမှုတိုးစေချင်တဲ့လုပ်ရပ်လို့ သူက ဝေဖန်စောကြောပြီး လူထိခိုက် သေဆုံးမှုဟာကြီးမားနိုင်တယ်လို့ သတိပေးပါတယ်။
ပါမောက္ခ အယ်လာရွန်ကတော့ ဒီအခြေအနေကြောင့် ပြည်သူ့စစ်တွေကို လေ့ကျင့်ပေးပေး၊ လက်နက်တပ်ဆင်ပေးပေး အကြောင်းမထူးဘူးလို့ ဆိုပါတယ်။
မာဒူရိုကတော့ အရပ်သား ၈. ၂ သန်းဟာ ပြည်သူ့စစ်ထဲဝင်ဖို့ အရန်တပ်မှာပါဖို့ စာရင်းသွားပြီးပြီလို့ပြောပါတယ်။ ဒါပေမဲ့ ဒီအရေအတွက်ဟား မေးခွန်းထုတ်စရာပါ။
ဆယ်စုနှစ်များစွာကြာအောင် ပြည်သူ့စစ်လုပ်ခဲ့တဲ့ ပါရာလက်စ်ကတော့ သူ့အခန်းကဏ္ဍဟာ သူ့ သိသလောက် သူ့လမ်းကို ကာကွယ်ဖို့၊ သူ့ ရပ်ကွက်ကို ကာကွယ်ဖို့ ဖြစ်တယ်လို့ပြောပါတယ်။
အရင်သင်တန်း လေ့ကျင့်မှုတွေမှာ သူ ပါဝင်ခဲ့ပေမဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးကြောင့် မကြာသေးခင်က သင်တန်းတွေမှာ ဖယ်ချန်ခံရတာတွေရှိလာပါတယ်။
ဒါပေမဲ့ ပဋိပက္ခဖြစ်ပြီဆိုရင်တော့ သူ့ဘက်က တာဝန်ထမ်းဖို့အသင့်ပဲလို့ သူကပြောပါတယ်။
''ကျွန်တော်တို့ ကိုယ့်နိုင်ငံပိုင်နက်ကို ကာကွယ်ရမယ်။ ယူနီဖောင်းဝတ်ပြီဆိုကတည်းက တာဝန်လည်း တန်းပါလာပြီ''












