ရွှေ့ပြောင်းခိုလှုံသူ သန်း ၂၀ ကျော် အမေရိကန်ကို တရားမဝင် ဝင်ရောက်ခဲ့လား

အမေရိကန်တောင်ပိုင်းနယ်စပ်ကနေ ဖြတ်ကျော်ဝင်ရောက်လာတဲ့သူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်တောင်ပိုင်းနယ်စပ်ကနေ ဖြတ်ကျော်ဝင်ရောက်လာတဲ့သူတွေ

အမေရိကန်ပြည်ထောင်စုမှာ တရားမဝင်လူဝင်မှုကို ဖြေရှင်းရေးဟာ ဒေါ်နယ်ထရမ့်တစ်ယောက် ထုတ်ပြောလေ့ရှိတဲ့ပြဿနာဖြစ်ပေမဲ့ အခုတော့ ဒီမိုကရက်တွေဟာ မက္ကဆီကိုနဲ့ဆက်နေတဲ့ အမေရိကန်နယ်စပ်ကို လုံခြုံအောင်လုပ်ဖို့ ပြောလာပြီး ရွေးကောက်ပွဲအားနည်းချက်တစ်ရပ်ကို ဖြေရှင်းဖို့ ကြိုးပမ်းနေပါတယ်။

အမေရိကန်သမ္မတဟောင်းလည်းဖြစ်၊ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်းလည်းဖြစ်တဲ့ ဒေါ်နယ်ထရမ့်ကတော့ ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ကတော့ ''ကာမလာဟာ ကမ္ဘာတလွှားက တရားမဝင် လူပေါင်း ၂၁ သန်းအထိ နိုင်ငံထဲဝင်လာအောင် ခွင့်ပြုခဲ့တယ်'' လို့ ပြောပြီး လက်ရှိ အမေရိကန်အစိုးရရဲ့ နယ်စပ်က လူဝင်မှုကို ထပ်ချည်းတလဲလဲ ဝေဖန်ပါတယ်။

သမ္မတ ဘိုင်ဒန်လက်ထက်မှာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေက စံချိန်တင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့လတွေအတွင်း သိသိသာသာကျဆင်းခဲ့ပါတယ်။ အခုတော့ ဟဲရစ်က အမေရိကန်မှာ ခိုလှုံဖို့ရှာဖွေသူတွေအရေး အကိုင်အတွယ် တင်းကျပ်မယ်လို့ ပြောလာပါတယ်။

အမေရိကန် ၁၀ ဦးမှာ ၆ ဦးဟာ လူဝင်မှုအခြေအနေကို ကြည့်ပြီး သူတို့ ဘယ်သူ့ကို မဲပေးမလဲဆိုတာကို ဦးစားပေးစဥ်းစားတယ်လို့ PEW သုတေသနစင်တာ လေ့လာချက်က ဆိုပါတယ်။ တခြားစစ်တမ်း တွေမှာတော့ ထရမ့်ဟာ ဒီအရေးကို ဟဲရစ်ထက် ပိုပြီး ကိုင်တွယ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြတဲ့အကြောင်း ပြသနေပါတယ်။

ဒီတော့ အစိုးရနှစ်ဆက်မှာ လူဝင်မှုကိစ္စကို ဘယ်လို ကိုင်တွယ်ခဲ့လဲ၊ နယ်စပ်ကနေ တရားမဝင် ဝင်လာတဲ့သူ ဘယ်လောက်ရှိနေလဲ ကြည့်ကြရအောင်ပါ။

အမေရိကန်တောင်ပိုင်းနယ်စပ်ကနေ ဖြတ်ကျော်လာတဲ့ ရွှေ့ပြောင်း ဘယ်လောက်ရှိနေလဲ

အမေရိကန်နယ်စပ်အရာရှိတွေက ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ''ထိပ်တိုက်ရင်ဆိုင်ရတဲ့အကြိမ်ရေ''လည်း စံချိန်တင်ပါတယ်။ အဲဒီထဲမှာ တရားမဝင် ဝင်ရောက်ဖို့ကြိုးစားသူတွေနဲ့ တရားဝင်နည်းလမ်းနဲ့ဝင်ဖို့ကြိုးစားပေမဲ့ ခွင့်ပြုချက်မရတဲ့သူတွေလည်း ပါဝင်ပါတယ်။

ဒီလိုထိပ်တိုက်တွေ့ရဲ့ အရေအတွက်ဟာ သမ္မတ ဘိုင်ဒန်လက်ထက်မှာ စံချိန်တင်ခဲ့ပေမဲ့ အချက်အလက် တိတိကျကျ မပြောဘဲ ရွှေ့ပြောင်းနေထိုင်သူ မြင့်တက်လာတယ်လို့ ပြောပြောနေတဲ့ ထရမ့်လက်ထက်တုန်းကလောက်တော့ မရောက်သေးပါဘူး။

ဂျိုးဘိုင်ဒန် သမ္မတ သက်တမ်းစတင်တာဝန်ယူတဲ့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ကစလို့ ဒီလိုတွေ့တဲ့သူအရေအတွက် ၁၀ သန်းကျော်ရှိခဲ့ပြီး ၈ သန်းခန့်ကတော့ မက္ကဆီကိုနဲ့ထိစပ်နေတဲ့ အနောက်တောင်ဘက်ခြမ်းကနေ ဖြတ်ကျော်ဝင်ရောက်လာတာပါ။

ထရမ့် အုပ်ချုပ်တဲ့အချိန်တုန်းကတော့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့သူ ၂ ဒသမ ၄ သန်းပဲ ရှိခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂေါကြောင့် နိုင်ငံထဲဝင်ရောက်မှု လျော့နည်းသွားတာကြောင့် ၂၀၂၀ ခုနှစ်အစရဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်တဲ့လူအရေအတွက် ကျဆင်းခဲ့တာပါ။

နယ်စပ်ကိုဖြတ်ဖို့ကြိုးစားတဲ့လူအရေအတွက်အားလုံး အမေရိကန်နိုင်ငံထဲ ရွှေ့ပြောင်းအနေနဲ့ ဝင်ရောက်ပြီးပြီလို့ သတ်မှတ်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ တချို့ရွှေ့ပြောင်းသူတွေက လူတစ်ယောက်တည်းကိုပဲ ထပ်ခါထပ်ခါ အမေရိကန်နိုင်ငံထဲ ဝင်ရောက်ဖို့ကြိုးစားခဲ့ကြောင့်ပါ။

ဒီအချက်အလက်တွေထဲမှာ ဖြတ်လို့ ဖြတ်မှန်းမသိဘဲ နယ်စပ်ကနေ ဝင်လာတဲ့သူတွေ မပါဝင်ပါဘူး။

အမေရိကန်ရဲ့ အမိမြေလုံခြုံရေးဌာနကတော့ ၂၀၂၂ ခုနှစ် ဇန်နဝါရီအထိဆိုရင် အမေရိကန်နိုင်ငံထဲမှာ တရားမဝင်နေထိုင်နေသူ ရွှေ့ပြောင်း ၁၁ သန်းရှိတယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီထဲက ၅ ပုံ ၁ ပုံကတော့ ၂၀၁၀ နောက်ပိုင်းမှာ ဝင်ရောက်ခဲ့တာလို့ဆိုပေမယ့် အများစုကတော့ ၂၀၁၀ မတိုင်ခင်ရောက်ရှိလာကြပြီး တချို့ကတော့ ၁၉၈၀ ခုနှစ်လို အစောပိုင်းနှစ်တွေကတည်းက ဝင်ရောက်ခဲ့တာပါ။

အစိုးရရဲ့ မူဝါဒတွေက နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ

အစိုးရရဲ့ မူဝါဒတွေက နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထရမ့်နဲ့ ဘိုင်ဒန်တို့ရဲ့ အုပ်ချုပ်မှု ၂ သက်စလုံးမှာတော့ နယ်စပ်က ရွှေ့ပြောင်းနေထိုင်သူတွေကို အမြန်ပြန်ပို့ဖို့ ကိုဗစ်-၁၉ ပြည်သူ့ကျန်းမာရေးစီမံချက်ဆိုတဲ့ မူဝါဒတွေကို အသုံးချခဲ့ပါတယ်။

၂၀၂၀ ခုနှစ် မတ်လကစလို့ ၂၀၂၃ မေလကုန်အထိ ဒီမူဝါဒကြောင့် ရွှေ့ပြောင်းနေထိုင်သူ ၃ သန်းနီးပါး နိုင်ငံကနေ နှင်ထုတ်ခံခဲ့ရပါတယ်။

ဒါပေမဲ့လည်း နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားတဲ့လူအရေအတွက် ဆက်တိုးနေဆဲပဲလို့ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာမူဝါဒအဖွဲ့က ပြောပါတယ်။

ဒီလို အမေရိကန်ထဲ ခိုလှုံလာတဲ့ ရွှေ့ပြောင်းတွေ များပြားလာတဲ့ အကြောင်းရင်းတွေက ဗင်နီဇွဲလားလိုမျိုး နိုင်ငံရေးနဲ့ စီးပွားရေးမတည်ငြိမ်ကြတာတွေအပြင် နယ်စပ်ဖြတ်ကျော်မှုတွေ တင်းကျပ်ပိတ်ဆို့လိုက်တာတွေကြောင့် ပါဝင်တယ်လို့ဆိုပါတယ်။

ရီပတ်ဘလီကန်တွေကတော့ ဘိုင်ဒန်ရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေ ''အားနည်း''တာကြောင့် အမေရိကန်ကို ရွှေ့ပြောင်းတွေဝင်လာဖို့ ဖြစ်စေခဲ့တယ်လို့ဆိုသလို နယ်စပ်ပြည်နယ်တွေက ဒီမိုကရက်တချို့ကလည်း ဒီအကျပ်အတည်းကို ကောင်းကောင်းမဖြေရှင်းနိုင်ဘူးဆိုပြီး အစိုးရကို မေးခွန်းထုတ်ပါတယ်။

နယ်စပ်လုံခြုံရေးတင်းကျပ်ဖို့ရည်ရွယ်ပြီး ၂၀၂၄ ခုနှစ်၊ မေလမှာ နှစ်ဖက်စလုံးက လွှတ်တော် တင်ဖို့ ကြိုးပမ်းခဲ့တဲ့ ဥပဒေမူကြမ်းတစ်ရပ် မအောင်မမြင်ဖြစ်ခဲ့တဲ့အခါ ထရမ့်ရဲ့ ''ကဖျက်ကယက်'' လုပ်မှုကြောင့်လို့ ဟဲရစ်က ပြောပါတယ်။

နောက်လမှာတော့ နယ်စပ်က ရွှေ့ပြောင်းနေထိုင်သူတွေကို အမြန်ပြန်ပို့ဖို့ ၂၀၂၄ ခုနှစ် ဇွန်လမှာ သမ္မတ ဘိုင်ဒန် အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်အရ အပတ်စဉ်ရရှိတဲ့ ရွှေ့ပြောင်းချင်တဲ့သူစာရင်းအရေအတွက်က သတ်မှတ်ထားတာထက် ကျော်လွန်နေမယ်ဆိုရင် ခိုလှုံခွင့်တောင်းခံမှုကို ဆောင်ရွက်မပေးဘဲ ရွှေ့ပြောင်းနေထိုင်တဲ့သူတွေကို ပြန်ပို့နိုင်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအမိန့်ထုတ်ပြီး တစ်လအကြာမှာပဲ တောင်ပိုင်းနယ်စပ်ကနေ ဖြတ်ကျော်ဝင်ရောက်လာတဲ့သူအရေအတွက် ၅ ပုံ ၁ ပုံ ကျဆင်းခဲ့ပါတယ်။

မက္ကဆီအစိုးရကလည်း စစ်ဆေးရေးဂိတ်အသစ်တွေတည်ဆောက်တာ၊ ကင်းလှည့်တာတွေ တိုးမြှင့်တာ စတာတွေ လုပ်ခဲ့တာကြောင့် နယ်စပ်ဖြတ်ကျော်မှုတွေကို လျှော့ချခဲ့ပါတယ်။

မေလမှာပဲ မက္ကဆီကိုအစိုးရ Andrés Manuel López Obrado ကနေ အမေရိကန်တောင်ပိုင်းနယ်စပ်ကို ခိုလှုံလာတဲ့လူဦးရေ တစ်ရက် ၁၂,၀၀၀ ကနေ ၆,၀၀၀ အထိ ထက်ဝက်ကျဆင်းခဲ့တယ်လို့ ပြောထားပါတယ်။

ရွှေ့ပြောင်းခိုလှုံလာတဲ့သူတွေ ဘယ်ကရောက်လာတာလဲ

အခုဘဏ္ဍာရေးနှစ် (၂၀၂၃ ခုနှစ် အောက်တိုဘာကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာလ)အတွင်း တောင်ပိုင်းနယ်စပ်ကို ဖြတ်ကျော်ခိုလှုံဖို့လာတဲ့ လူအရေအတွက်

အမေရိကန်တောင်ပိုင်းနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့သူအများစုက အမေရိကတိုက်ရဲ့ အနီးနားက နိုင်ငံသားတွေ ပိုများပါတယ်။

အခုဘဏ္ဍာရေးနှစ် (၂၀၂၃ ခုနှစ် အောက်တိုဘာကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာလ)အတွင်း တောင်ပိုင်းနယ်စပ်ကို ဖြတ်ကျော်ခိုလှုံဖို့လာတဲ့လူက သိန်းဂဏန်း ၆၁၇,၇၇၀ ဦး ရှိပြီး အများစုက မက္ကဆီကန်လူမျိုးတွေဖြစ်တယ်လို့ မကြာသေးခင်က ကြေညာထားပါတယ်။

အဲဒီ ၆ သိန်းကျော်ထဲ ဗင်နီဇွဲလားနိုင်ငံသား ၂ သိန်းခွဲနဲ့ ဂွါတီမာလာ နိုင်ငံသား ၂ သိန်းနီးပါးလည်း ပါဝင်ပါတယ်။

ဒီဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ဖြတ်ကျော်ဖို့လာတဲ့ တရုတ်နိုင်ငံသားအရေအတွက် ၃၆,၉၂၀ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီအရေအတွက်က ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်ထက် တစ်သောင်းဝန်းကျင် ပိုများနေတာပါ။

နယ်စပ်ဖြတ်ကျော်လာတဲ့သူဘယ်လောက်မှာ ရာဇဝတ်မှတ်တမ်းတွေရှိနေလဲ

ထရမ့်ကတော့ ရွှေ့ပြောင်းခိုလှုံလာတဲ့သူတွေနဲ့ ပတ်သက်ပြီး “ဝင်ရောက်လာတဲ့သူ တော်တော်များများ ထောင်ထွက်တွေနဲ့ စိတ်ပိုင်းဆိုင်ရာချို့တဲ့နေသူတွေနဲ့ ရူးနေတဲ့ဒုက္ခသည်တွေ” လို့ ထပ်ခါတလဲလဲ ပြောနေပါတယ်။

ထောင်ထဲမှာနေခဲ့ရတဲ့ကြာချိန်နဲ့ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေတဲ့သူတွေလားဆိုတာကိုတော့ လူသိရှင်ကြားမသိရပေမယ့် အရင်က ရာဇဝတ်မှုကျူးလွန်ခဲ့လားဆိုတဲ့ အချက်အလက်တွေကတော့ ရှိနေပါတယ်။

ဒီဘဏ္ဍာရေးနှစ်စာရင်းတွေအရ တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့သူ ၁ ဒသမ ၅ သန်းခန့်ရှိတဲ့အထဲ ရာဇဝတ်မှုကျူးလွန်ခဲ့ဖူးတဲ့လူအရေအတွက်က ၁၅,၆၀၈ ဦးရှိတယ်လို့ အမေရိကန် နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးရရှိထားတဲ့ အချက်အလက်တွေက ဖော်ပြနေပါတယ်။

အများဆုံးတွေ့ရတဲ့ ရာဇှဝတ်မှုတွေကတော့ တခြားနိုင်ငံထဲ တရားမဝင်ဝင်ရောက်ဖူးတာက ၉,၅၄၅ မှု၊ ကားအရှိန်ပြင်းမောင်းနှင်မှု ၂,၅၇၇ မှုနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ၁,၄၁၄ မှုတို့ ဖြစ်တယ်လို့ဆိုပါတယ်။

ထရမ့်က အမေရိကန်မှာ အကြမ်းဖက်ရာဇဝတ်မှုတွေဖြစ်အောင် လှုံ့ဆော်သွေးထိုးသူတွေနဲ့ နယ်စပ်ဖြတ်ကျော်မှုတွေကို ချိတ်ဆက်ပြီး ပြောပြန်ပါတယ်။

မဲဆွယ်ပွဲတွေမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေက အမေရိကန်အမျိုးသမီးငယ်တွေကို သတ်ဖြတ်ခဲ့တယ်လို့လည်း ထရမ့်က စွပ်စွဲပြောဆိုခဲ့ပါသေးတယ်။

နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့သူတချို့နဲ့ အမေရိကန်နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့သူတချို့နဲ့ အမေရိကန်နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေ

ဒါပေမဲ့ မကြာသေးခင်နှစ်တွေအတွင်း ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ ရွှေ့ပြောင်းခိုလှုံသူတွေအပေါ် လူပြောများနေတဲ့ အကြောင်းအရာတွေက ဆန့်ကျင်ဘက်အခြေအနေတွေဖြစ်ခဲ့ပါတယ်။

အမေရိကန်အမျိုးသမီးငယ်တွေ ပစ်မှတ်ထားခံရတဲ့ ရာဇဝတ်မှုတွေက ပြီးခဲ့တဲ့ ၅ နှစ်ကထက်စာရင် ကျဆင်းလာတယ်လို့ ၂၀၂၃ ခုနှစ် အမေရိကန် တရားရေးဌာနရဲ့ ကိန်းဂဏန်းတွေက ပြသနေတာပါ။

အမေရိကန်ထောက်လှမ်းရေးအဖွဲ့ (FBI) ရဲ့ အချက်အလက်တွေကလည်း အကြမ်းဖက်မှုတွေ ကျဆင်းသွားတာကို သက်သေပြနေပါတယ်။

အကျဥ်းသားတွေ အမေရိကန်ထဲရောက်အောင်ဆိုပြီး ဗင်နီဇွဲလား ထောင်ခါနေလား

သမ္မတဟောင်း ဒေါ်နယ်ထရမ့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သမ္မတဟောင်း ဒေါ်နယ်ထရမ့်

ဗင်နီဇွဲလားနိုင်ငံက သူတို့ရဲ့ အကျဉ်းသားတွေကို အမေရိကန်နိုင်ငံဆီ တွန်းပို့နေတယ်လို့ ထရမ့်က ပြောထားပါတယ်။

ဇူလိုင်လမှာ ထရမ့်က “နောက်နှစ်ကျရင် ငါတို့တွေ့ဆုံမှုတွေကို ဗင်နီဇွဲလားမှာပဲ လုပ်ကြမယ်။ ဘာလို့လဲဆိုတော့ အဲဒီမှာ လုံခြုံတယ်လေ။ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေ၊ ရာဇဝတ်ကောင်တွေနဲ့ အကျဉ်းသားတွေကို ငါတို့နိုင်ငံထဲ ပို့လိုက်တဲ့အတွက် သူတို့နိုင်ငံမှာ ရာဇဝတ်မှု ၇၂ ရာခိုင်နှုန်း ကျဆင်းသွားတာပေါ့” လို့ ပြောဆိုထားတာရှိပါတယ်။

ဒီအချက်တွေကို စစ်ဆေးအတည်ပြုနိုင်ဖို့ ဘီဘီစီကနေ ဗင်နီဇွဲလားအကြမ်းဖက်မှုတွေကို အလွတ်သဘော စောင့်ကြည့်လေ့လာတဲ့အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဗင်နီဇွဲလားအစိုးရအနေနဲ့ သူတို့အကျဉ်းသားတွေကို အမေရိကန် ဒါမှမဟုတ် တခြားနိုင်ငံတွေဆီ ကြံစည်ပြီး စေလွှတ်ထားတဲ့အထောက်အထားတွေ မတွေ့ရှိရဘူးလို့ အဲဒီအဖွဲ့က တုံ့ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ဗင်နီဇွဲလားမှာ ရာဇဝတ်မှုတွေ ကျဆင်းခဲ့တဲ့အကြောင်း စောင့်ကြည့်လေ့လာတဲ့အဖွဲ့ရဲ့ ကိန်းဂဏန်းတွေက ဖော်ပြနေပေမယ့်လည်း ထရမ့်ပြောတဲ့အကြောင်းတွေကြောင့်တော့ မဟုတ်ပါဘူး။

“ဗင်နီဇွဲလားမှာ ရာဇဝတ်မှုတွေ လျော့ကျသွားစေတဲ့ အကြောင်းအရင်းတွေက ဘဏ်မှာပိုက်ဆံမရှိတော့ ဘဏ်ဓားပြတိုက်တာတွေ ပျောက်ကွယ်သွားတယ်၊ ပြန်ပေးဆွဲမှုတွေလည်း နည်းပါးလာတယ်။ ဘာလို့လဲဆိုတော့ ပြန်ရွေးစရာ ငွေမှမရှိတာ၊ ခရီးသွားတွေကလည်း အိတ်ကပ်ထဲမှာ ပိုက်ဆံမဆောင်ကြတော့ လုယက်မှုတွေ နည်းလာတယ်။ လာတဲ့သူတွေကလည်း သက်ကြီးရွယ်အိုတွေများတယ်။ ပြီးတော့ လက်ကိုင်ဖုန်းတွေကလည်း ဈေးပေါတဲ့ဖုန်းတွေ” လို့ စောင့်ကြည့်လေ့လာတဲ့အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့ပါတယ်။