၂၀၂၄ အမေရိကန် သမ္မတရွေးကောက်ပွဲ စကားစစ်ထိုးပွဲ - လူလိမ်တွေလို့ သမ္မတလောင်းတွေ တစ်ဦးကို တစ်ဦး စွပ်စွဲ

၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲ သမ္မတလောင်းတွေဖြစ်တဲ့ ကမ်မလာ ဟဲရစ်နဲ့ ဒေါ်နယ်ထရမ့်တို့ ပထမဆုံး စကားစစ်ထိုးပွဲ ထူးခြားချက်တွေကို စုစည်းတင်ဆက်မှုဖြစ်ပါတယ်။

အနှစ်ချုပ်

  • ၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် သမ္မတလောင်းတွေဖြစ်ကြတဲ့ ကာမလာ ဟဲရစ်နဲ့ ဒေါ်နယ်ထရမ့်တို့ရဲ့ ဖလယ်ဒဲလ်ဖီးယားမြို့က မိနစ် ၉၀ ကြာ အပြန်အလှန် စကားစစ်ထိုးမှု ပြီးဆုံးပြီဖြစ်ပါတယ်၊
  • ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှုမှာ လက်ဆွဲနှုတ်ဆက်ခဲ့ကြပြီးတဲ့နောက် မူဝါဒအပိုင်းကို ပြောကြဆွေးနွေးကြရာကနေ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေအထိ စကားစစ်ထိုးတာ ပြင်းထန်ခဲ့ပါတယ်၊
  • လူတွေဟာ ထရမ့်ရဲ့ လူထုစုဝေးပွဲတွေမှာ ‘‘ခြေကုန်လက်ပမ်းကျပြီး ပျင်းစရာကောင်းတာလို့’’ စောစော ပြန်ကြတယ်လို့ပြောချိန် ထရမ့်ကတော့ လူတွေဟာ ဟဲရစ်ရဲ့တွေ့ဆုံပွဲထက် သူ့ပွဲကို ဦးစားပေးလာကြတာလို့ ပြန်တုံ့ပြန်ပါတယ်၊
  • လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်အရေးမှာ ဟဲရစ်ကိုင်တွယ်ပုံကို ထရမ့်က ဝေဖန်ပြီး ဟဲရစ်ကတော့ ကိုယ်ဝန် ဖျက်ချခွင့်တားမြစ်မှုဆိုင်ရာ ထရမ့်ရဲ့မူဝါဒနဲ့ ဇန်နဝါရီ ၆ ရက်မှာ အမေရိကန်လွှတ်တော်ကို ဆန္ဒပြသူတွေက စီးနင်းမှုကိုလည်း ထည့်ပြောပါတယ်။
  • အမြင်သဘောထားစစ်တမ်းတွေမှာတော့ အခုစကားစစ်ထိုးပွဲကို ဟဲရစ်က နိုင်တယ်လို့ပြသနေပေမဲ့ ထရမ့်ကတော့ ဟဲရစ် ‘‘အရှုံးကြီးရှုံးတယ်’’ လို့ နောက်ပိုင်းမှာ ပြောပါတယ်၊
  • စကားစစ်ထိုးပွဲအပြီးမကြာခင်မှာပဲ တေလာဆွစ်က ဟဲရစ်ကို ထောက်ခံတဲ့အကြောင်း အင်စတာရမ်ရေးတင်ပြီး ‘‘ပါရမီရှင်ခေါင်းဆောင်’’ လို့လည်း သုံးနှုန်းထားပါတယ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အိမ်ဖြူတော်ကို ဘယ်သူပဲ ရောက်ရောက် တရုတ်နဲ့ဆက်ဆံရေး အပြောင်းအလဲရှိလာမှာလား

    ၂၀၁၉ ခုနှစ်တုန်းက ထရမ့်နဲ့ ရှီတို့ တွေ့ဆုံမှု

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ်တုန်းက ထရမ့်နဲ့ ရှီတို့ တွေ့ဆုံမှု

    လော်ရာ ဘိတ်ကာ (တရုတ် သတင်းထောက်)

    ဘေကျင်းက သတင်း‌ပေးပို့ချက်

    အမေရိကန်သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲ ပြီးသည့်တိုင်အောင် ဘေကျင်းက တရုတ်ခေါင်‌ဆောင်တွေအတွက်တော့ ကာမလာ ဟဲရစ်ဟာ ဘယ်လောက်အထိ ခရီးပေါက်အောင်လုပ်ဆောင်နိုင်မလဲဆိုတာကို မှန်းမရဖြစ်နေဆဲ ဖြစ်ပါတယ်။

    ဟဲရစ်ဟာ တရုတ်ဘက်က မကြိုက်တဲ့အရာတစ်ခုကို ကိုယ်စားပြုနေပါတယ်။ အဲဒါက မရေရာမသေချာမှုပါ။ ဒါကြောင့်ပဲ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗန်ရဲ့ မကြာသေးခင်တုန်းက ခရီးစဥ်မှာ စူပါ အင်အားကြီးနှစ်နိုင်ငံကြား ‘‘တည်ငြိမ်ရေး’’ ကို တိုက်တွန်းလိုက်ပါတယ်။ ဒါဟာ သမ္မတ ဂျိုးဘိုင်ဒန်ထက် နိုဝင်ဘာ သမ္မတရွေးကောက်ပွဲဝင်မယ့် ဒုသမ္မတ ဟဲရစ်ကို သတင်းစကားပါးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။

    တရုတ်ပညာရှင်တွေကြားမှာ မြင်ကြတဲ့အမြင်ကတော့ ဟဲရစ်ဟာ ဘိုင်ဒန် လျှောက်လှမ်းခဲ့တဲ့ တည်တည်ငြိမ်ငြိမ်နဲ့ နှေးနှေးကွေးကွေးလုပ်တဲ့သံခင်းတမန်ခင်း ချဥ်းကပ်မှုလမ်းကနေ ခပ်ခွာခွာ လျှောက်လိမ့်မယ် မထင်ဘူးဆိုတဲ့အမြင်ဖြစ်ပါတယ်။

    သူသာ သမ္မတဖြစ်လာရင် ဒီနည်းနာနဲ့ပဲ တရုတ်နဲ့ဆက်ဆံရေးကိုချဥ်းကပ်မလားဆိုတဲ့အစား ဟဲရစ်က ထရမ့်ဟာ သူ့ရဲ့သမ္မတ သက်တမ်းမှာ ‘‘အမေရိကန် ချစ်ပ်ပြားတွေကို တရုတ်ကို‌ရောင်းချပြီး တရုတ်စစ်တပ်ရဲ့ ခေတ်မီတိုးတက်မှုဖြစ်အောင် ကူညီခဲ့တယ်’’ လို့ စွပ်စွဲ တိုက်ခိုက်ပါတယ်။

    ဒါ့အပြင် ထရမ့်ဟာ ‘‘ကုန်သွယ်စစ်ပွဲတွေ’’ကို ဖန်တီးခဲ့တယ်လို့လည်းပြောပါတယ်။ တရုတ်ကတော့ ဒီအချက်ကို သဘောတူနိုင်ခြေရှိပါတယ်။ ဒါပေမဲ့ ဒီလိုစကားလုံးသုံးရုံနဲ့ သူ့လက်ထက်မှာလည်း အလားတူ မလုပ်ဘူးဆိုတာမျိုး တရုတ်ဘက်က မေးခွန်းထုတ်နိုင်စရာရှိပါတယ်။

    ဒေါ်နယ်ထရမ့်ဟာ တရုတ်ထုတ်ကုန်တွေကို ၆၀ ရာခိုင်နှုန်း အခွန်ကောက်မယ်လို့ ပြောထားပြီးဖြစ်ပါတယ်။ တရုတ်ဘက်ကလည်း ပြန်အခွန်ကောက်တာရှိခဲ့ပြီး လေ့လာချက်တွေမှာတော့ ဒါဟာ နှစ်ဖက်စီးပွားရေးကိုပဲ ထိခိုက်စေလိမ့်မယ်လို့ ပြောပါတယ်။

    အမေရိကန်ဘက်က ကုန်သွယ်အခွန်တိုးကောက်မှုဟာ ကမ္ဘာ့စီးပွားရေးအင်အားအဖြစ် တက်လာတဲ့ တရုတ်ကို ထိန်းဖို့လို့ ဘေကျင်းဘက်က ယူဆပါတယ်။

    တရုတ်ခေါင်းဆောင်တွေအတွက်တော့ ဒီစကားစစ်ပွဲဟာ ထရမ့်ဘက်ကိုကြည့်ရင်လည်း သူတို့မကြိုက်တဲ့ တခြားတစ်ခုဖြစ်တဲ့ မှန်းရခက်တဲ့ ထရမ့်အခြေအနေထက် ပိုတာရှိမနေပြန်ပါဘူး။

    ဒါကြောင့် ဘယ်သူပဲ အိမ်ဖြူတော်ကို ရောက်လာပါစေ၊ တရုတ်နဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့မူဝါဒဟာ သိသိသာသာပြောင်းလဲနိုင်တဲ့မျှော်လင့်ချက် နည်းနည်းသာရှိနေပါတယ်။

  2. စကားစစ်ထိုးပွဲမှာ ဘယ်သူနိုင်တယ်လို့ အမြင်သဘောထားစစ်တမ်းတွေက ပြောနေကြလဲ

    အခုစကားစစ်ထိုးပွဲအပြီးမှာ နိုင်ငံအဆင့်နဲ့ ပြည်နယ်အဆင့် အမြင်သဘောထားစစ်တမ်းတွေဟာ electoral college မဲ အမြင်ကို အပြောင်းအလဲဖြစ်ဖို့ ရက်အနည်းငယ်ကြာဦးမှာ ဖြစ်ပါတယ်။

    electoral college မဲ ဆိုတာကတော့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပြည်နယ်အသီးသီးရဲ့ လူဦးရေအလိုက် သတ်မှတ်ထားတဲ့ သမ္မတနဲ့ ဒုသမ္မတရွေးချယ်ရေးအဖွဲ့ဝင်တွေရဲ့ မဲဖြစ်ပါတယ်။

    ဒါပေမဲ့ စကားစစ်ထိုးပွဲမှာတော့ အကန့်အသတ် နည်းနည်းရှိတဲ့ အမြင်သဘောထား စစ်တမ်းတစ်ခုကို ချက်ချင်း ရခဲ့ပါတယ်။

    CNN/SSRS အမြင်သဘောထား စစ်တမ်းမှာတော့ မှတ်ပုံတင်ထားပြီးသား မဲဆန္ဒရှင် အယောက် ၆၀၀ ဟာ စကားစစ်ထိုးပွဲကို ကြည့်ခဲ့ကြပါတယ်။ အဲဒီထဲက ၆၃ ရာခိုင်နှုန်းကတော့ ဟဲရစ်ဟာ ထရမ့်ရရှိတဲ့ ၃၇ ရာခိုင်နှုန်းထက် ပိုကောင်းအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ စကားစစ်ထိုးပွဲ မတိုင်ခင်တုန်းကတော့ ဒီမဲဆန္ဒရှင်တွေဟာ ဘယ်သမ္မတလောင်းက ဘယ်လိုအကောင်းဆုံး စကားစစ်ထိုးမလဲဆိုတဲ့အမြင်မှာ ကွဲပြားတာတွေရှိခဲ့ပါတယ်။

    ဒါပေမဲ့ ဒါက မဲပေးမှုကို အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်လာနိုင်စရာ မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် ၄ ရာခိုင်နှုန်းဟာ သူတို့ ဘယ်သူကို မဲပေးမယ်ဆိုတာနဲ့ ပတ်သက်ပြီး စိတ်အပြောင်းအလဲ အနည်းငယ်ဖြစ်ခဲ့ကြပါတယ်။

  3. အမေရိကန်သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲကို ရုရှား ဘယ်လိုမြင်လဲ

    ရုရှားသမ္မတ ပူတင်နဲ့ အမေရိကန်သမ္မတ ထရမ့်တို့ ၂၀၁၉ ခုနှစ်တုန်းကတွေ့ဆုံမှု

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရုရှားသမ္မတ ပူတင်နဲ့ အမေရိကန်သမ္မတ ထရမ့်တို့ ၂၀၁၉ ခုနှစ်တုန်းကတွေ့ဆုံမှု

    ကာမလာ ဟဲရစ်က ရုရှားသမ္မတ ဗလာဒီမီယာပူတင်ဟာ ‘‘ရှင့်ကို ကောင်းကောင်းနိုင်မယ့် အာဏာရှင် တစ်ယောက်’’ လို့ ဒေါ်နယ်ထရမ့်ကို မနေ့ညပိုင်းက ပြုလုပ်တဲ့ သမ္မတလောင်း စကားစစ်ထိုးပွဲမှာ ပြောပါ တယ်။

    အင်္ဂလိပ်လို လူတစ်ယောက်ကို နေ့လည်စာ လုပ်စားမယ် တည့်တည့်အဓိပ္ပါယ် သက်ရောက်ပြီး လူတစ်ယောက်က တစ်ယောက်ကိုနိုင်တယ်ဆိုတဲ့ (to eat someone for lunch) စကားစုဟာ ရုရှားမှာတော့ အသုံးအနှုန်း မရှိပါဘူး။ ဒါပေမဲ့ အမေရိကန် ရွေးကောက်ပွဲရလဒ်ဟာ ရုရှားအတွက် အကျိုးရှိမယ်ဆိုရင်တော့ မော်စကိုဘက်က ဒါကို သဘောကျနိုင်ခြေရှိတယ်လို့ ဘီဘီစီ ရုရှား အယ်ဒီတာ စတိဗ် ရိုဆန်ဘာ့က ပြောပါတယ်။

    ရုရှား-ယူကရိန်းစစ်ပွဲမှာ ယူကရိန်းကို အနိုင်ရစေချင်လားဆိုတဲ့ မေးခွန်းကိုတော့ ထရမ့်တစ်ယောက် ဘေးပန်းကနေ ဖြေဆိုသွားတာကိုတော့ ကရင်မလင်နန်းတော်ဘက်က အသိအမှတ်ပြုနိုင်ခြေရှိပါတယ်။

    ‘‘ကျွန်တော်ကတော့ စစ်ပွဲကို ရပ်စေချင်တယ်’’ လို့ ထရမ့်က ပြန်ပြောပါတယ်။

    အပြန်အလှန်အနေနဲ့ ဟဲရစ်ကတော့ ယူကရိန်းရဲ့ ‘‘ခုခံပိုင်ခွင့်’’ ကို ပြောပါတယ်။ ပြီးတော့ ပူတင်ဟာ ဥရောပရဲ့ ကျန်တဲ့အပိုင်းတွေကိုလည်း မျက်စိကျနေတယ်’’ လို့ ပြောပါတယ်။

    လူသိရှင်ကြားပြောတဲ့ မှတ်ချက်မှာတော့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရ မာရီယာ ဇာခါရိုဗာက ဒီစကားစစ်ထိုးပွဲရဲ့ အရေးပါမှုကို လျှော့ပြောပါတယ်။

    ‘‘တိုက်တန်းနစ်သင်္ဘောပေါ်မှာ နာမည်ကြီး လက်ဝှေ့သမား နှစ်ယောက် လက်ဝှေ့ထိုးကြသလိုပေါ့’’ မစ္စ ဇာခါရိုဗာက Sputnik ရေဒီယိုကိုပြောပါတယ်။

    ‘‘လက်ဝှေ့ပွဲ အဆုံးမှာ လူတွေမေးကြမှာက ‘‘ဘယ်သူနိုင်သွားလဲ’’ ဆိုတဲ့မေးခွန်းပါပဲ။ ဒါပေမဲ့ ဒါက အရေးကြီးသေးလို့လား။ ဒါကြီးက တိုက်တန်းနစ်လေ။ နောက် ၁၅ မိနစ်ဆိုရင် သူတို့ ရေခဲစိုင်ကြီးကို ဝင်တိုက်တော့မှာ’’

    ပြီးခဲ့တဲ့တစ်ပတ်တုန်းကတော့ ပူတင်က သူ့အနေနဲ့ ဟဲရစ်ကို ထောက်ခံကြောင်းပြောပြီး ဟဲရစ်အပြုံးဟာ ဘေးကလူကိုလည်း ကူးစက်စေတယ်လို့ ပြောခဲ့ဖူးပါတယ်။

    နောက်ပိုင်းမှာတော့ ရုရှားနိုင်ငံပိုင်ရုပ်သံသတင်းကြေညာသူက ရုရှားခေါင်းဆောင်ရဲ့အခုအပြောဟာ ရွဲ့ပြောတဲ့အပြောလို့ဆိုပြီး ပြောလာပါတယ်။

  4. အီလွန်မက်စ် ကလည်း ထရမ့်ကို ထောက်ခံတဲ့အကြောင်း ထပ်လောင်းပြော

    ၂၀၂၀ ပြည့်နှစ်တုန်းက ဒေါ်နယ် ထရမ့် သမ္မတ တာဝန်ယူထားချိန်မှာ အီလွန်မက်စ်နဲ့ တွေ့ဆုံမှု

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၀ ပြည့်နှစ်တုန်းက ဒေါ်နယ် ထရမ့် သမ္မတ တာဝန်ယူထားချိန်မှာ အီလွန်မက်စ်နဲ့ တွေ့ဆုံမှု

    ရီပတ်ဘလီကန်ပါတီ သမ္မတဟောင်းလည်းဖြစ်၊ ၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲ သမ္မတလောင်းလည်းဖြစ်တဲ့ ဒေါ်နယ်ထရမ့်ကို အဓိက ထောက်ခံကြသူတွေထဲက တစ်ဦးဖြစ်သူ ဘီလျံနာ သူဌေး အီလွန် မက်စ်ကလည်း သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲအလွန် အခြေ အနေမှာ ဝင်ပါလာပါတယ်။

    သူတို့ နှစ်ဦးဟာ ရင်းနှီးကြသူတွေဖြစ်ပြီး ထရမ့်က နိုဝင်ဘာလ ရွေးကောက်ပွဲမှာ သူသာ အနိုင်ရရင် အစိုးရရဲ့ စွမ်းဆောင်ရည်ဆိုင်ရာကော်မရှင်တစ်ရပ်ကို ဦးဆောင်ဖို့ ခန့်မယ်လို့ ပြောထားဖူးပါတယ်။

    တက်စလာ၊ စပေ့အိတ်စ်နဲ့ စတားလင့်တို့ရဲ့ ပိုင်ရှင်ဖြစ်တဲ့ အီလွန်မက်စ် ကတော့ စကားစစ်ထိုးပွဲမှာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ကာမလာဟဲရစ်ရဲ့ လုပ်ဆောင်ချက်ဟာ ‘‘လူအများစုမျှော်လင့်ထားတာထက်တော့ ကျော်လွန်ခဲ့တယ်’’ လို့ သူပိုင်တဲ့ လူမှုကွန်ရက်ဖြစ်တဲ့ X(အရင်က တွစ်တာ) မှာ ရေးတင်ပါတယ်။

    ‘‘ပြောခဲ့တဲ့အတိုင်းပါပဲ။ အလုပ်ဖြစ်မြောက်မှုအပိုင်းကို ပြောကြရရင် စကားလုံးလှလှတွေနဲ့တင်မပြီးပါဘူး။ ထရမ့်ဟာ ပိုပြီး လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်’’ လို့ သူက ပြောပါတယ်။

  5. စကားစစ်ထိုးပွဲ ဘယ်သူနိုင်လဲ

    စကားစစ်ထိုးပွဲကို ပရိသတ်မပါဘဲ ရုပ်သံထုတ်လွှင့်ခဲ့

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စကားစစ်ထိုးပွဲကို ပရိသတ်မပါဘဲ ရုပ်သံထုတ်လွှင့်ခဲ့

    အန်သနီ ဇက်ခါ(ဘီဘီစီ မြောက်အမေရိကသတင်း‌ထောက်)

    စကားလုပွဲအခမ်းအနားကနေ သတင်း‌ပေးပို့မှု

    သမ္မတလောင်းတွေမှာ ဘယ်လိုအစီအစဥ်တွေရှိနေလဲဆိုတာကို အကဲစမ်းတဲ့ မိနစ် ၉၀ ကြာ စကားစစ်ထိုးပွဲမှာတော့ ကာမလာ ဟဲရစ်ဟာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို မဲဆွယ်ပွဲလာတဲ့ လူအရေအတွက်ကစလို့ အမေရိကန်လွှတ်တော်အ‌ဆောက်အဦကို ဆန္ဒပြသူတွေ ဝင်ရောက်စီးနင်းတဲ့ ဇန်နဝါရီလ ၆ ရက် တိုက်ခိုက်မှု၊ သမ္မတ ထရမ့်အစိုးရလက်ထက်မှာ တာဝန်ထမ်းခဲ့တဲ့ အရာရှိတွေက မစ္စတာထရမ့်ရဲ့ မဲဆွယ်မှုတွေနဲ့ပတ်သက်ပြီး ဘွင်းဘွင်းရှင်းရှင်းပြောဆိုကြတဲ့ဝေဖန်သူတွေဖြစ်လာ ကြတာအဆုံး မစ္စတာထရမ့် ဘက်က တုံ့ပြန်လာအောင် မကြာမကြာ ဆွပြောခဲ့ပါတယ်။

    မဲဆန္ဒရှင်တွေ စိတ်ဝင်စားတဲ့အရေးကိစ္စတွေမှာ အကောင်းဆုံးချေပပြောဆိုနိုင်တဲ့ သမ္မတလောင်းက အခုစကားစစ်ထိုးပွဲ အနိုင်အရှုံးကို ဆုံးဖြတ်တာဆိုရင်၊ နောက်ပြီး အားနည်းချက်အပိုင်းကို ခုခံထောက်ပြတာမျိုးဆိုရင် မနေ့ညပိုင်းတုန်းက ပြုလုပ်ခဲ့တဲ့စကားစစ်ထိုးပွဲဟာ ဒုသမ္မတ ကာမလာ ဟဲရစ်အတွက် အခြေအနေ ဖန်တီးပေးနိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။

    ညပိုင်း စကားစစ်ထိုးမှု အရှိန်ရလာတာနဲ့အမျှ ဟဲရစ်ဟာ ထရမ့်ကို သူကိုင်တွယ်ဖြေရှင်းရမယ့်အပိုင်းတွေနဲ့ ပတ်သက်ပြီး တချက်ပြီး တစ်ချက် စကားလုံးနဲ့ ထိုးနှက်တာတွေလုပ်ခဲ့ပါတယ်။ ထရမ့်ဟာ အားနည်းသူလို့ သူက ခေါ်ပါတယ်။ နိုင်ငံခြားခေါင်းဆောင်တွေကလည်း ထရမ့်ကို လှောင်ရယ်ကြတယ်လို့ သူက ပြောပါတယ်။ လူတွေဆိုရင်လည်း ထရမ့်ရဲ့မဲဆွယ်တွေ့ဆုံမှုကနေ ‘‘ပင်ပန်း ငြီးငွေ့ပြီး’’ စောစောထပြန်ကြတယ်လို့ သူက ပြောပါတယ်။

    ဟဲရစ်ဟာ ငွေကြေးဖောင်းပွမှု၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အာဖဂန်ကနေ အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်းမှုအပိုင်းတွေနဲ့ ပတ်သက်ပြီး အားနည်းချက်ရှိတယ်လို့ အမေရိကန်လူထုက တွေးထင်ထားတဲ့အတိုင်းပဲ အခု စကားရည်လုပွဲကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ စကားရည်လုပွဲအချိန် အများစုမှာတော့ ထရမ့်ဟာ သူ့ရဲ့ လေကြီးမိုးကြီးစကားလုံးတွေကို ချပြခွင့် မစွမ်းသာခဲ့ပါဘူး။ လာမယ့် ရက်တွေ လတွေမှာတော့ ဒီအခြေအနေဟာ သူ့အတွက် အခွင့်အလမ်းကောင်းကို ဆုံးရှုံးခဲ့မှုလို့ သူနောင်တရနိုင်ခြေရှိနိုင်ပါတယ်။

  6. အခွန်တိုးကောက်မယ့်အခြေအတင်ဆွေးနွေးမှုကို အာရှမှာ ဘယ်လိုတုံ့ပြန်ကြလဲ

    အမေရိကန်က ဒီစကားစစ်ထိုးပွဲကို အာရှက ရင်းနှီးမြှုပ်နှံသူတွေကလည်း နီးနီးကပ်ကပ် စောင့်ကြည့်ခဲ့ကြပါတယ်။ အာရှက စတော့စျေးကွက်တွေမှာ လှုပ်လှုပ်ခတ်ခတ်သိပ်မရှိခဲ့ပေမဲ့ အခွန် တိုးကောက်မယ်ဆိုတဲ့လေသံတွေကိုတော့ စိတ်ဝင်စားမှု မြင့်ခဲ့ပါတယ်။

    ပြည်ပကလာတဲ့ ကုန်တွေကို အခွန်တိုးမြှင့်ကောက်မယ့် ထရမ့်ရဲ့ အစီအစဥ်ကို ဟဲရစ်က တိုက်ခိုက်ပြောဆိုပါတယ်။ တိုးသမျှအခွန်ကို စားသုံးသူကပဲ နောက်ဆုံးပေးလိုက်ရတာကို သူက ထောက်ပြပါတယ်။

    ထရမ့်ကတော့ ဒီအပြောကို ပယ်ချပါတယ်။ အဲဒီအခွန်တွေကြောင့် အစိုးရဟာ ဝင်ငွေ အများကြီးရခဲ့တာကိုလည်း သူက ပြန်ထောက်ပြပြောဆိုပါတယ်။

    လက်ရှိဘိုင်ဒန်အစိုးရက အဲဒါကို မပယ်ဖျက်ပြီး ဆက်ကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့တာကိုလည်း သူက ထောက်ပြပါတယ်။

    အမှန်တော့ ဒီအပြောဟာ မမှားပါဘူး။ သမ္မတ ဘိုင်ဒန် စီမီကွန်ဒတ်တာကနေ လျှပ်စစ်ကားအဆုံး ပြည်ပက တင်သွင်းတာတွေ အားလုံးမှာ အခွန်ကန့်သတ်ချက်တွေ ဆက်ထားခဲ့တာဖြစ်ပါတယ်။ စျေးကွက်မှာ စျေးပေါပေါ တရုတ်ထုတ်ကုန်တွေဝင်လာပြီး အမေရိကန်ကုမ္ပဏီတွေ လုပ်ငန်းမလုပ်သာတဲ့ အခြေအနေနဲ့ နိုင်ငံထဲက အလုပ်လက်မဲ့နှုန်း ရှိလာမှာကို ကာကွယ်ဖို့လို့ သူ ကြိုးစားခဲ့တာပါ။

    တရုတ်အစိုးရကလည်း နိုင်ငံ့ထုတ်ကုန်တွေအတွက် သူ့ရဲ့ပင်မစျေးကွက်ကြီးတစ်ခု ဆုံးသွားမှာကို စိုးရိမ်သလို အခွန်ပြန်ကောက်တဲ့ တုံ့ပြန်အစီအစဥ်တွေချခဲ့တာကြောင့် နှစ်နိုင်ငံ ကုန်သွယ်ဆွေးနွေးပွဲတွေလုပ်ရတဲ့အထိ ကုန်သွယ်စစ်ကို ပိုနက်ရှိုင်းစေခဲ့ပါတယ်။

  7. စကားစစ်ထိုးပွဲကို ကြီးကြပ်တင်ဆက်သူတွေက မျှတမှုမရှိဘူးလို့ ထရမ့်ပြော

    စကားစစ်ထိုးပွဲအပြီးမှာ သတင်းထောက်တွေကြား‌သွားခဲ့တဲ့ မစ္စတာ ထရမ့်

    ဓာတ်ပုံ ရင်းမြစ်, EPA

    စကားစစ်ထိုးပွဲပြီးတဲ့နောက်မှာ ထရမ့်က မီဒီယာတွေ သတင်းယူနေတဲ့အခန်းကိုဝင်ရောက်သွားခဲ့ပြီး စကားရည်လုပွဲကို စီစဥ်တင်ဆက်သူတွေဟာ မမျှတဘူးလို့ သတင်းထောက်တွေကိုပြောပါတယ်။

    ''အလွန်မှ မတရားဖြစ်နေတယ်'' လို့ ထရမ့်ကသုံးပြီး ပြောခဲ့ပါတယ်။

    '' ဟဲရစ်က သူ အခုပွဲမှာ အရမ်းဆိုးဆိုးရွားရွားရှုံးတဲ့အတွက် ဒုတိယအကြိမ် စကားစစ်ထိုးချင်နေပါတယ်။ အဲဒါကို ကျွန်တော်တို့ စဉ်းစားမှာပါ'' လို့လည်း ထရမ့်က ဆက်ပြောပါတယ်။

    "ကျွန်တော် မဲရှုံးတာပဲဖြစ်ဖြစ် နိုင်တာပဲဖြစ်ဖြစ် အမှန်အတိုင်းပဲပြောတာပါ။ အခုစကားရည်လုပွဲက ကျွန်တော့်အတွက် အကောင်းဆုံးငြင်းခုံပွဲဖြစ်ခဲ့ပါတယ်။ ဟဲရစ်ရဲ့ နိုင်ငံခြားရေး မူဝါဒက အရမ်း အားနည်းသလို နယ်စပ်ထိန်းချုပ်မှုစည်းမျဥ်းကလည်း အရမ်း အားနည်းတယ်။" လို့ ထရမ့်က ထပ်ပြောပါတယ်။

    စကားရည်လုပွဲကိုစောင့်ကြည့်နေတဲ့ အမေရိကန်ကွန်ဂရက်အမတ်တွေ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ နှစ်ဖက်ပါတီဝင်တွေက‌တော့ ကာမလာ ဟဲရစ်ဟာ ထရမ့်ကို ကောင်းကောင်းစစ်ထိုးနိုင်ခဲ့ပြီး နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု၊ လူဝင်မှုကြီးကြပ်ရေးပြဿနာ၊ အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်တွေဆုတ်ခွာခဲ့တာ စတဲ့ အမေရိကန်နိုင်ငံသားတွေ စိတ်ထဲ ရှင်းရှင်းလင်းလင်းသိချင်ကြားချင်တာတွေကို ဆွေးနွေးပွဲကိုသယ်လာပြီး ပြောခဲ့ပါတယ်။

    ကာမလာ ဟဲရစ်ရဲ့ စကားရည်အများစုကို ထရမ့်က ကောင်းကောင်းချေပနိုင်တာမရှိသလို အချက်အလက်အမှားတွေနဲ့ စစ်ထိုးခဲ့တယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိနေပါတယ်။

  8. ထရမ့်ကတော့ အကျဘက်ကိုရောက်တဲ့နိုင်ငံ့အရေးကို သတိပေး

    စကားစစ်ထိုးပွဲမှာ မြင်ရတဲ့ ဒေါ််နယ်ထရမ့်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    စကားစစ်ထိုးပွဲအပိတ်မှာ ထရမ့် ဘာပြောသွားလဲဆိုတာကိုလည်း ဆက်ကြည့်ကြရအောင်ပါ။

    ဟဲရစ်ရဲ့ မူဝါဒတွေဟာ ဘာမှ အဓိပ္ပါယ်မရှိဘူးလို့ သူက ပြောပါတယ်။ အာဏာရရှိထားတာ ၄ နှစ်နီးပါးရှိနေပြီဖြစ်ပေမဲ့ အဲဒီမူဝါဒတွေကို တခုမှ ပြီးမြောက်အောင် အကောင်အထည်မဖော်နိုင်ဘူးလို့ဆိုပြီး သူက ထောက်ပြပါတယ်။ လက်ရှိမှာ သမ္မတ ဘိုင်ဒန်အစိုးရမှာ ဒုသမ္မတအဖြစ် ဟဲရစ် တာဝန်ယူထားတာကို သူက ရည်ညွှန်းပြောတာဖြစ်ပါတယ်။

    ‘‘ဒါတွေကို သူ ဘာကြောင့်မလုပ်နိုင်တာလဲ’’ ဆိုတာကတော့ မဲဆန္ဒရှင်တွေ မေးရမယ့် မေးခွန်းလို့ ထရမ့်က ပြောပါတယ်။

    ‘‘အနာဂတ်မကောင်းတဲ့မျှော်မှန်းချက်အတွက် ကျွန်တော်တို့ နိုင်ငံကို မစတေးသင့်ပါဘူး’’ လို့လည်း သူက ထပ်လောင်းပြောပါတယ်။

    ‘‘ကျွန်တော်တို့ နိုင်ငံ အကျဘက်ကိုရောက်နေတယ်။ တကယ့်ကို အကျဘက်ကိုရောက်နေတာ။ ကမ္ဘာမှာ ကျွန်တော်တို့ အလှောင်ခံနေရတယ်’’ လို့ သူကဆိုပါတယ်။

    ‘‘သမိုင်းမှာ အဆိုးရွားဆုံး ဒုသမ္မတ’’ သာ နိုဝင်ဘာရွေးကောက်ပွဲမှာ ရွေးချယ်ခံရမယ်ဆိုရင် တတိယကမ္ဘာစစ်ဖြစ်လာနိုင်တယ်လို့လည်း သူက ပြောပါတယ်။

  9. အနာဂတ်အရေးကိုပဲ အာရုံထားတယ်လို့ ဟဲရစ်ပြော

    စကားစစ်ထိုးပွဲမှာတွေ့ရတဲ့ ကမ်မလာဟဲရစ်

    ဓာတ်ပုံ ရင်းမြစ်, Reuters

    စကားစစ်ထိုးပွဲမှာ သမ္မတလောင်းတွေရဲ့ နောက်ဆုံးပိတ် ပြောဆိုချက်တွေကိုလည်း ကြားခဲ့ရပါတယ်။

    ဟဲရစ်ကတော့ သူနဲ့ ထရမ့်ဟာ အမေရိကန်အတွက် ‘‘တကယ့်ကို ကွဲပြားတဲ့’’ မျှော်မှန်းချက် ၂ ခုရှိတယ်လို့ ပြောပါတယ်။

    အရင်က ထုတ်ထုတ်ပြောနေကျ စကားကိုပဲ သူက ထပ်လောင်းပြောဆိုပါတယ်။ အဲဒါကတော့ သူက အနာဂတ်အရေးကိုပဲ မျှော်တွေးပြီး ထရမ့်ကတော့ အတိတ်မှာပဲ တရစ်ဝဲဝဲဖြစ်နေတယ်ဆိုတဲ့ စကားပါ။

    ‘‘ကျွန်မတို့ နောက်ပြန်သွားမှာမဟုတ်ပါဘူး’’ လို့ သူက ပြောပါတယ်။ ‘‘ရှေ့အနာဂတ်ကို မျှော်တဲ့ နည်းလမ်းသစ်ကို ကျွန်မတို့ လုပ်နိုင်ပါတယ်’’

    အဲဒီနောက်မှာတော့ အစိုးရရှေ့နေလုပ်ခဲ့ဖူးတဲ့ သူ့အတွေ့အကြုံ၊ နောက် ကိုယ်ဝန်ဖျက်ချခွင့်အရေး စတာတွေနဲ့ ပတ်သက်ပြီး သူ့ မူဝါဒအချို့ကို ထပ်လောင်းပြောသွားပါတယ်။

  10. ဘယ်သူ့မှာ အကောင်းဆုံးအစီအစဥ်ရှိလဲ

    စကားစစ်ထိုးပွဲမှာ မြင်တွေ့ရတဲ့ ဒေါ်နယ် ထရမ့်နဲ့ ကမ်မလာ ဟဲရစ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဟဲရစ်ကတော့ နိုင်ငံ့စီးပွားရေးနဲ့ပတ်သက်ပြီး ‘‘ကျွန်မမှာ အကောင်းဆုံးအစီအစဥ်တစ်ခုရှိတယ်’’ ဆိုတဲ့ စကားကို ထပ်ချည်းတလဲလဲ ပြောခဲ့ပါတယ်။

    အမေရိကန်လူထုဟာ အဖြေတွေပဲပါဝင်တဲ့ စကားကိုလိုချင်တာလို့ ပြောပေမဲ့ ‘’အဲဒီအစား သိမ်ငယ်စေတဲ့အကြောင်းအရာတွေနဲ့ နာမည်တွေကိုပဲ ခေါ်နေတယ်’’ လို့ ဟဲရစ်က ပြောပါတယ်။

    ‘‘ကျွန်မတို့ စာမျက်နှာသစ် ဖွင့်ကြပါစို့’’ လို့ သူက စိတ်တိုနေတဲ့လေသံနဲ့ ပြောပါတယ်။

    ထရမ့်ကလည်း ဒေါသတကြီး တုံ့ပြန်ပါတယ်။ ‘‘သူ့မှာ ရဲတွေကိုပေးတဲ့ရန်ပုံတွေကို လျှော့ချမယ့် အစီအစဥ်ပဲရှိတာ။ လူတွေရဲ့သေနတ်တွေကို လိုက်သိမ်းမယ့် အစီအစဥ်ရှိတာ’’ လို့ တုံ့ပြန်ပါတယ်။

    အစီအစဥ် တင်ဆက်သူတွေက ရှေ့ဆက်ဆွေးနွေးဖို့ တိုက်တွန်းနေပေမဲ့ သမ္မတလောင်း နှစ်ယောက်ဟာ အပြန်အလှန် ထိုးနှက်မှုတွေကို ခေတ္တကြာအောင် ထပ်ပြီး ပြောနေခဲ့ကြပါတယ်။

  11. ပူတင်ဟာ ထရမ့်ကို ကောင်းကောင်းနိုင်မယ့် အာဏာရှင်တစ်ယောက်လို့ ဟဲရစ်ပြော

    ကမ္ဘာ့အသိုင်းအဝိုင်းမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍကိုလည်း အခု စကားစစ်ထိုးပွဲမှာ သမ္မတလောင်းတွေ ဆွေးနွေးကြပါတယ်။

    ထရမ့်က လက်ရှိအမေရိကန်သမ္မတလည်းဖြစ်၊ ၂၀၂၄ အမေရိကန်သမ္မတလောင်းအဖြစ်ကနေ နုတ်ထွက်သွားသူလည်းဖြစ်တဲ့ ဂျိုးဘိုင်ဒန်ကို သတိလက်လွတ်ဖြစ်နေတဲ့သမ္မတလို့ ဝေဖန်သလို ဟဲရစ်ကလည်း အဲဒါကို ပြန်တုံ့ပြန်ပါတယ်။

    ‘‘ရှင် အခုယှဥ်ပြိုင်ရမှာက ဘိုင်ဒန်ကိုမဟုတ်ပါဘူး။ ကျွန်မကို ယှဥ်ရမှာ’’ လို့ သူက ပြောပါတယ်။

    ယူကရိန်းနဲ့ ပတ်သက်ပြီး မေးတဲ့မေးခွန်းဘက်ကို ပြန်ဖြေတဲ့အခါ ယူကရိန်းသမ္မတနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ရှိတဲ့အကြောင်း ဟဲရစ်က ပြောပါတယ်။

    ‘‘ကျွန်မတို့ရဲ့ နေတိုးအဖွဲ့ဝင် မဟာမိတ်နိုင်ငံတွေဟာ ရှင် သမ္မတ မဖြစ်တော့လို့ သိပ်ကို ကျေးဇူးတင်နေကြတာ’’ လို့ ဟဲရစ်က ထရမ့်ကို ပြောပါတယ်။

    ‘‘မဟုတ်ရင် ပူတင်ဟာ အခုဆို ကိယက်ဗ်(ယူကရိန်းမြို့တော်) ရောက်နေလောက်ပြီ။ ကျန်နေတဲ့ ဥရောပဘက်ခြမ်းကိုလည်း မျှော်ကြည့်လို့ပေါ့ ရှင်’’ သူက ပြောပါတယ်။

    ပူတင်ဟာ ‘‘ရှင့်ကို ထရမ့်ကို ကောင်းကောင်းနိုင်မယ့် အာဏာရှင်တစ်ယောက်’’ လို့လည်း သူက ထရမ့်ကို ထိုးနှက်ပါတယ်။

    ထရမ့်ကတော့ ဟဲရစ်ကို ‘‘အမေရိကန်နိုင်ငံ့သမိုင်းမှာ အဆိုးရွားဆုံး ဒုသမ္မတ’’ လို့ ခေါ်ပြီး ရုရှားက ယူကရိန်းကို ကျူးကျော်တာ စခင်မှာ ယူကရိန်းနဲ့ ရုရှားကြား ကြားဝင်ညှိနှိုင်းပြီး စစ်ပွဲမဖြစ်အောင် မလုပ်နိုင်ခဲ့သူလို့လည်း ဟဲရစ်ကို ပြောပါတယ်။

  12. စကားစစ်ထိုးပွဲရှိနေတဲ့ ဖလယ်ဒဲလ်ဖီးယားမှာ ပါလက်စတိုင်းလိုလားသူတွေ ဆန္ဒပြ

    ဖလယ်ဒဲလ်ဖီးယားမြို့က ပါလက်စတိုင်းလိုသားသူတွေရဲ့ ဆန္ဒဖော်ထုတ်မှဒ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    အမေရိကန်သမ္မတလောင်း ၂ ဦး စကားစစ်ထိုးပွဲရှိနေတဲ့ ဖလယ်ဒဲလ်ဖီးယားမြို့မှာ ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြသူ ရာပေါင်းများစွာက ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

    သူတို့က ပါလက်စတိုင်းအလံတွေကို ဝှေ့ယမ်းပြီး "လက်နက်ထောက်ပံ့တာမရပ်ရင် ၊ မဲမပေးနဲ့ '' ဆိုပြီး ကြွေးကြော်ကြပါတယ်။

    အစ္စရေးကို အမေရိကန်အစိုးရက လက်နက်နဲ့ ထောက်ခံအားပေးမှုတွေရှိတာကို ဆန္ဒပြသူတွေကရည်ရွယ်ပြီး ဆန္ဒထုတ်ဖော်နေကြတာပါ။

    ဆန္ဒပြက အကြမ်းမဖက်ဘူးလို့ Philadelphia Inquirer က အစီရင်ခံတင်ပြပေမဲ့ စကားစစ်ထိုးပွဲအပြီးမှာတင်းမာမှုတွေမြင့်တက်လာပါတယ်။

    ဆန္ဒပြပွဲမှာမီးကျည်ဖောက်၊ လူစုခွဲတာရှိပြီးနောက် ဆန္ဒပြသူတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ပြည်နယ်တွင်းသတင်းတွေက ဖော်ပြထားပါတယ်။

  13. ထရမ့် - ဟဲရစ်သာ အနိုင်ရမယ်ဆိုရင် ‘‘အစ္စရေးဟာ ၂ နှစ်အတွင်း ရှိတော့မှာမဟုတ်ဘူး’’

    ဂါဇာမှာ စစ်ပွဲအသုံးသတ်ဖို့ ဘာလုပ်မလဲ၊ ဟားမတ်စ်အဖွဲ့ ဓားစာခံတွေအဖြစ် ဖမ်းဆီးတာ ခံထားရတဲ့ အရပ်သားတွေ အိမ်ပြန်လာနိုင်ဖို့ ဘာလုပ်မလဲလို့ စကားစစ်ပွဲကို ဦးဆောင်ဆွေးနွေးသူတွေက ထရမ့်ကို မေးပါတယ်။

    သူသာ သမ္မတအဖြစ်ရှိနေခဲ့မယ်ဆိုရင် ဒီပဋိပက္ခဟာ စတင်ခဲ့စရာအကြောင်းမရှိဘူးလို သူက အခိုင်အမာပြောပြီး မေးခွန်းကို စဖြေပါတယ်။

    ‘‘သူက အစ္စရေးကို မုန်းနေတာ။ သူသာ သမ္မတဖြစ်လာရင် အစ္စရေးနိုင်ငံဟာ ၂ နှစ်အတွင်းရှိတော့မှာတောင် မဟုတ်ဘူး’’ လို့ သူက ဟဲရစ်ကို ရည်ညွှန်းပြီး ပြောပါတယ်။

    ဟဲရစ်ဟာ ‘‘အာရပ်လူဦးရေကို မုန်းတယ်’’ လို့ ထရမ့်က စွပ်စွဲပြောဆိုပါတယ်။

    ‘‘ကျွန်တော်ကတော့ ဒီအရေးကို အရင် ဖြေရှင်းနိုင်အောင်လုပ်မယ်’’ လို့ သူပြောသလို သူဟာ ပြန်လည်ရွေးကောက်ခံရမယ်ဆိုရင် ရုရှား-ယူကရိန်းစစ်ပွဲကိုလည်း အဆုံးသတ်အောင်လုပ်မယ်လို့ပြောပါတယ်။

    အစ္စရေးရဲ့ လုံခြုံရေးကို ထောက်ပံ့မယ်လို့ ထပ်ချည်းတလဲလဲ ပြောထားတဲ့ ဟဲရစ်ကတော့ ထရမ့်ရဲ့ ပြောဆိုချက်တွေကို ငြင်းပါတယ်။ ထရမ့်ဟာ ‘‘တကယ်ဖြစ်နေတာတွေကနေ အာရုံလွှဲဖို့နဲ့ ကွဲလွဲမှုတွေဖြစ်အောင် ကြိုးစားနေတာ’’ လို့ တုံ့ပြန်ပါတယ်။

    ‘‘အာဏာရှင်တွေကို သူက အားကျတတ်သူအဖြစ် အများသိကြပါတယ်။ ပြီးတော့ အာဏာရှင်တစ်ဦးလည်း ဖြစ်ချင်နေတာ’’ လို့ ဟဲရစ်က ပြောပါတယ်။

    နောက်ပိုင်းမှာတော့ စစ်ခေါင်းဆောင်တွေဟာ ထရမ့်ကို ‘‘အရှက်ရစရာ’’လူတစ်ဦးအဖြစ် ပုံဖော်ထားကြတယ်လို့လည်း သူက ပြောပါတယ်။

    ဒီအပြောတွေကိုကြည့်ရင် သမ္မတ နှစ်ဦးဟာ အခြေအတင်ပြောဆိုချက်တွေနဲ့ တင်းတင်းမာမာ ရှိနေတယ်ဆိုတာကို ပြနေပါတယ်။

  14. အစ္စရေးရဲ့ ဂါဇာစစ်ပွဲအကြောင်းလည်း အခြေအတင် ပြောကြ

    ထရမ့်နဲ့ဟဲရစ်တို့ရဲ့ ရုပ်သံ စကားစစ်ထိုးပွဲ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဂါဇာမှာဖြစ်နေတဲ့ အစ္စရေးရဲ့ စစ်နဲ့ပတ်သက်ပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာနဲ့ ရှေ့လည်းမတိုး နောက်လည်းမဆုတ်ဖြစ်နေတဲ့အခြေအနေကို ဘယ်လို ကျော်လွှားမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း သမ္မတလောင်း ဟဲရစ်ကို စကားစစ်ထိုးပွဲ တင်ဆက်သူတွေက မေးပါတယ်။

    ဒီအရေးနဲ့ ပတ်သက်ပြီး အရင်တုန်းက ပြောထားတဲ့ မှတ်ချက်အချို့ကိုပဲ သူက ထပ်လောင်းပြောပါတယ်။ အစ္စရေးဟာ သူ့ကိုယ်သူ ကာကွယ်ခွင့်ရှိတယ်၊ ဒါပေမဲ့ ဘယ်လိုဘယ်ပုံ ကာကွယ်လဲဆိုတာကသာ အရေးကိစ္စ ဖြစ်တယ်လို့ သူကပြောပါတယ်။

    ‘’ဒီစစ်ပွဲ အဆုံးသတ်ရမယ်’’ လို့ သူက ပြောပါတယ်။ ‘’ချက်ချင်းကို ရပ်တန့်ရမယ်’’

    ဟဲရစ်က အပစ်ရပ်ဖို့ကိုလည်း တိုက်တွန်းပါတယ်။ ဒီလိုမှသာ နောက်ပိုင်းမှာ နှစ်နိုင်ငံ ဖြေရှင်းချက်ဟာ ‘’ဂါဇာကို ပြန်လည်ထူထောင်’’ နိုင်မယ်လို့ပြောပါတယ်။

  15. ယူကရိန်းစစ်ပွဲ အဆုံးသတ်ချင်တယ်လို့ ထရမ့်ပြော

    သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲ ဒုတိယပိုင်းမှာတော့ ယူကရိန်းစစ်ပွဲအကြောင်းရောက်ရှိပြီဖြစ်ပါတယ်။

    ‘‘ကျွန်တော်ကတော့ အဲဒီစစ်ပွဲကို ရပ်တန့်စေချင်ပြီ’’ လို့ ထရမ့်က ပြောပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲမှာ ယူကရိန်းကို နိုင်စေချင်လားလို့ မေးတဲ့အခါမှာ သူက အခုလို ပြောလိုက်တာဖြစ်ပါတယ်။

    ယူကရိန်းအပေါ် ရုရှားက ပြုလုပ်တဲ့စစ်ပွဲဟာ အမေရိကန်အတွက်လည်း ကုန်ကျမှုရှိစေတဲ့အကြောင်း သူကပြောပါတယ်။ ဒါ့အပြင် ဥရောပဟာ အမေရိကန်ထက်စာရင် ယူကရိန်းစစ်ပွဲကို ထောက်ပံ့မှုနည်းနေတယ်လို့လည်း သူက ဆိုပါတယ်။

    နောက်ပြီး သူဟာ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ ရုရှားသမ္မတ ပူတင်တို့ကို ‘’ကောင်းကောင်းသိ’’ သူလို့လည်း ထည့်ပြောသွားပါတယ်။

  16. ပေါ့ပ် စတား တေလာဆွစ်ဖ်က ဟဲရစ်ကို ထောက်ခံကြောင်း ထုတ်ပြောလာ

    တေလာဆွစ် အင်စတာဂရမ်

    ပေါ့ပ် စတား တေလာ ဆွစ်ဖ်က အမေရိကန်သမ္မတနေရာအတွက် သမ္မတလောင်း ကာမလာ ဟဲရစ်ကို ထောက်ခံတဲ့အကြောင်း ဖော်လိုဝါ ၂၈၃ သန်းရှိတဲ့ သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ ထုတ်ပြောလာပါတယ်။

    ‘‘၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ကမ်မလာ ဟဲရစ်နဲ့ တင် ဝေါ့ဇ်(ဒုတိယသမ္မတလောင်း) ကို မဲထည့်ပါမယ်’’

    ‘‘ကျွန်မ ကာမလာ ဟဲရစ်ကို မဲထည့်ပါမယ်။ ဘာကြောင့်လဲဆိုရင် သူဟာ ကျွန်မယုံကြည်တဲ့ အခွင့်အရေးတွေနဲ့ ယုံကြည်ရာတွေအတွက် ဒါတွေကို ရွပ်ရွပ်ချွံချွံလုပ်နိုင်မယ့် သူရဲကောင်းတစ်ဦး အဖြစ် ကြိုးပမ်းတာကြောင့် ဖြစ်ပါတယ်။ ရုန်းရင်းဆန်ခတ် အခြေအနေတွေမဟုတ်ဘဲ တည်တည် ငြိမ်ငြိမ်တဲ့ဦးဆောင်နိုင်တဲ့ခေါင်းဆောင်ကပဲ ကျွန်မတို့နိုင်ငံအတွက် အောင်မြင်ရာအောင်မြင်ကြောင်းတွေ ဆောင်ကျဥ်းနိုင်မှာပါ’’

  17. နိုင်ငံ့စီးပွားရေးနဲ့ ပတ်သက်ပြီး သမ္မတလောင်းတွေ တစ်ဦးပြောတာကို တစ်ဦးက ဘယ်လိုတုံ့ပြန်ကြလဲ

    ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟဲရစ်ကတော့ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း ထရမ့်ရဲ့ စီးပွားရေး ဆိုင်ရာမူဝါဒတွေကို စီးပွားရေးနိုဘယ်ဆုရသူ ၁၆ ဦးက ဝေဖန်ခဲ့တာကို ထောက်ပြပါတယ်။

    မစ္စတာ ထရမ့်ဟာ သူလုပ်မယ်ဆိုတဲ့ စီးပွားရေး မူဝါဒတွေသာ အကောင်အထည်ဖော်မယ်ဆိုရင် နောက်နှစ်ရောက်တာနဲ့ အမေရိကန်ဟာ စီးပွားပျက်ကပ်ဆိုက်မယ်ဆိုတဲ့ နိုဘယ်ဆုရှင်တွေရဲ့ ဝေဖန်ချက်ကို ဟဲရစ်က ထောက်ပြပါတယ်။

    ‘‘ရှင်တို့အတွက် ဒေါ်နယ်ထရမ့်မှာ ဘာအစီအစဥ်မှ မရှိဘူး။ ဘာကြောင့်လဲဆိုရင် သူက ရှင်တို့ကို ဂရုပြုတာထက် သူ့ကိုယ်ခု ခုခံကာကွယ်ပြောဆိုနေတာကိုပဲ ပိုအာရုံထားနေတာ’’ လို့ ဟဲရစ်က ပြောပါတယ်။

    ထရမ့်ကလည်း ပြန်တုံ့ပြန်ပါတယ်။ စီးပွားရေး ပါမောက္ခတွေက သူ့အစီအစဥ် ‘‘သိပ်ကိုကောင်းတယ်’’ လို့ တွေးနေကြပြီး ‘‘ကောင်းမွန်တဲ့အစီအစဥ်’’ လို့လည်း တွေးကြတယ်လို့ ထရမ့်က ပြောပါတယ်။

  18. အကျဥ်းသားတွေနဲ့ စိတ်မနှံ့နေတဲ့သူတွေအထိ လူသန်းပေါင်းများစွာ အမေရိကန်ကို ဝင်လာနေပြီလို့ ထရမ့်က ကာမလာကို စစ်ထိုး

    စကားစစ်ထိုးပွဲမှာ တွေ့ရတဲ့ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း ဒေါ်နယ် ထရမ့်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စကားစစ်ထိုးပွဲမှာ တွေ့ရတဲ့ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း ဒေါ်နယ် ထရမ့်

    ၂၀၂၄ အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် စကားစစ်ထိုးပွဲမှာ ထရမ့်က ဒီမိုကရက်အစိုးရဟာ အမေရိကန်ထဲကို ထောင်ထွက်တွေနဲ့ စိတ်မနှံ့သူတွေအထိ အမေရိကန်ကို ဝင်ခွင့်ပြုနေပြီး လူဝင်မှုကြီးကြပ်မှုပြဿနာကို ကိုဆွဲထုတ်ကိုင်ပြောပါတယ်။

    ''ကျွန်တော်တို့နိုင်ငံထဲကို ထောင်ထွက်တွေ၊ ရူးနေတဲ့သူတွေအထိ ကျွန်တော်တို့နိုင်ငံထဲကို သန်းနဲ့ချီတဲ့ဝင်လာပါတယ်" လို့ ပြောပါတယ်။

    ဒါပေမဲ့ ဒီစစ်ထိုးစကားက ချဲ့ကားနေတယ်လို့ နားလည်ရပြီး ထရမ့်ပြောတဲ့ ဒီစကားအတွက် တိကျတဲ့အချက်အလက်ကတော့ မရှိပါဘူးလို့ စစ်ထိုးပွဲအကဲခတ်တွေကပြောထားပါတယ်။

    ၂၀၂၁ ခုနှစ် ဇန်နဝါရီလကတည်းက အမေရိကန်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းဒုက္ခသည်က စာရင်းတွေအရ လူဦးရေ ၁၀ သန်းခန့် ရှိခဲ့ပါတယ်။

    ဒီ ကိန်းဂဏန်းထဲမှာ ရာဇဝတ်မှုတွေကို တိမ်းရှောင်ပြီး ဝင်ရောက်လာသူတွေမပါဝင်ပါဘူး။

    ဒီလိုဝင်လာတဲ့ သန်းနဲ့ချီတဲ့ သူတွေထဲမှာ ထောင်ကျခဲ့သူ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာအဖွဲ့အစည်းတွေကနေ ရောက်ရှိလာတဲ့သူတွေဆိုပြီး လူသိရှင်ကြား မသိရှိရပေမဲ့ အရင်က ရာဇ၀တ်မှုဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခံရသူတချို့ရဲ့ အချက်အလက်တွေတော့ရှိနိုင်ပါတယ်။

    အခု ဘဏ္ဍာရေးနှစ် (၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ) နယ်ခြားစောင့်တပ်က တရားဥပဒေစိုးမိုးရေးဆိုင်ရာအချက်အလက်တွေကို တားဆီးစစ်ဆေးခဲ့မှုအရ လူဦးရေ ၁ ဒသမ ၄ သန်း ရှိတဲ့အထဲ လူဦးရေ ၁၄,၇၀၀ ခန့်သာ အရင်ရာဇဝတ်မှုတချို့ရှိခဲ့ပြီး ထရမ့် ပြောနေတဲ့ သန်းပေါင်းများစွာ ပမာဏမဟုတ်ဘဲ ဝင်လာသူလူဦးရေရဲ့ ၁ ရာခိုင်နှုန်းသာရှိပါတယ်။

  19. သမ္မတလောင်း နှစ်ယောက် ဘယ်အကြောင်းအရာတွေကို စကားစစ်ထိုးထားကြပြီးပြီလဲ

    အမေရိကန်ပြည်ထောင်စုမှာ‌‌တော့ ‌ဒေသစံတော်ချိန် စက်တင်ဘာလ ၁၀ ရက်၊ အင်္ဂါ‌နေ့ ည ၁၁ နာရီပဲ ရှိနေသေးပြီး သမ္မတ ‌လောင်း‌တွေရဲ့စကားစစ်ထိုးပွဲလည်း ဆက်ပြီး ပြုလုပ်နေပါတယ်။

    ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ကာမလာ ဟဲရစ်နဲ့ ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်တို့ရဲ့ ပထမဆုံး ရုပ်သံစကားစစ်ထိုးပွဲကို အမေရိကန်ပြည်ထောင်စု၊ ဖလယ်ဒဲဖီးယားပြည်နယ်မှာပြုလုပ်နေပါတယ်။

    သမ္မတလောင်းတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် လူလိမ်တွေ၊ အားနည်းနေသူတွေလို့ စကားစစ်ထိုးရင်း အပြန်အလှန် ပြောဆိုကြပါတယ်။

    အစ္စရေး -ဂါဇာ စစ်ပွဲအရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ယူကရိန်းစစ်ပွဲအရေးတွေကို အခြေအတင် ဆွေးနွေးထားကြပါတယ်။

  20. မင်္ဂလာပါ။ ၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲ သမ္မတ လောင်းတွေရဲ့ ပထမဆုံး စကားစစ်ထိုးပွဲကို တိုက်ရိုက်တင်ဆက်မှု စာမျက်နှာကနေ ကြိုဆိုပါတယ်။

    သမ္မတလောင်း ကာမလာ ဟဲရစ်နဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့်တို့ရဲ့ ရုပ်သံ စကားစစ်ထိုးမှု ထူးခြားချက်တွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။