အသက်ရှူရပ်တဲ့အထိ လေလုံခန်းထဲ ထည့်ခံရတဲ့ ဗင်နီဇွဲလား နိုင်ငံရေးအကျဉ်းသားတွေ

ဓာတ်ပုံ ရင်းမြစ်, Daniel Arce-Lopez/BBC
- ရေးသားသူ, နိုဘာတို ပါရပ်ဒစ်
- ရာထူးတာဝန်, BBC News Mundo
"သူတို့ကျွန်တော့်ကို နှိပ်စက် ၊ ဖိနှိပ်ခဲ့ပေမယ့် ကျွန်တော့် ပါးစပ်ကိုတော့ ပိတ်လို့ ရမှာမဟုတ်ပါဘူး။ ကျွန်တော့် ပြောဆိုချက်တွေသာ သမိုင်းမှာ ကျန်ခဲ့မှာပါ။"
ဗင်နီဇွဲလားက အသက် ၂၀ ဝန်းကျင်ရှိ လူငယ် ဟွမ် က သူ့အကြောင်းကို စပြောလာတာပါ။
ပြီးခဲ့တဲ့ ဇူလိုင်က ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူ့ကို လုံခြုံရေးတပ်ဖွဲ့တွေက ထိန်းသိမ်းခဲ့ပြီး ရုပ်ပိုင်း၊ စိတ်ပိုင်းအရ နှိပ်စက် ခံခဲ့ရတယ်လို့ သူကပြောပါတယ်။
နီကိုလပ်စ် မဒူရို ရွေးကောက်ပွဲ အနိုင်ရကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ပြီးနောက် ရာနဲ့ချီဆန့်ကျင်ဆန္ဒပြခဲ့သူတွေထဲ သူလည်း တယောက် အပါအဝင် ဖြစ်ပါတယ်။
ကော်မရှင်ရဲ့ စာရင်းဇယားတွေကို လူထုကို ချမပြခဲ့တဲ့ ဗင်နီဇွဲလားမှာ အတိုက်အခံ နဲ့ ပြည်ပ နိုင်ငံ တော်တော်များများက ဒီရွေးကောက်ပွဲ ရလဒ်ဟာ အစစ်အမှန်မဟုတ်ဘဲ လိမ်ထားတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းတုန်းက အကြမ်းဖက်သမား နှစ်ထောင့် နှစ်ရာနှစ်ဆယ့်ကိုးယောက် ကို ဖမ်းဆီး ခဲ့ပြီးပြီလို့ မဒူရိုက ပြောကြောင်း အစိုးရက တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။
တရားစီရင်ရေး ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ မှားယွင်း ဖမ်းဆီးထားမှုတွေကို ပြန်လည် ပြင်ဆင် စီရင်ကြပါလို့ မစ္စတာ မဒူရိုကပြောခဲ့ပြီးနောက် ရက်ပိုင်းအတွင်း နိုဝင်ဘာ လလယ်မှာ ဟွမ် ထောင်ကနေ ပြန်လွတ်လာပါတယ်။
သူ့ကို ဘီဘီစီက အွန်လိုင်းကတဆင့် ဆက်သွယ် မေးမြန်းခွင့်ရခဲ့ပြီး သူ့လုံခြုံရေး အရ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို ထုတ်ပြန်ခြင်း မပြုဘဲ သူ့နာမည်ကိုလည်း နာမည်ရင်း သုံးမထားပါဘူး။
ထိန်းသိမ်းခံခဲ့ရတဲ့ လူငယ်တော်တော်များများဟာ မတော်တရော် ဆက်ဆံ ခံခဲ့ရပြီး ပုပ်နေတဲ့ အစားအစာလည်း ကျွေးခံရတဲ့အပြင် အဆိုးဆုံးကတော့ နှိပ်စက်တဲ့ အခန်းထဲ ပိတ်လှောင်ခံရတာပဲလို့ သူက ဆိုပါတယ်။
သူပြောတဲ့အကြောင်းတွေနဲ့ ပတ်သက်လို့ ဟွမ် က ခိုင်မာတဲ့ အထောက်အထား စာရွက်စာတမ်းတွေ ဘီဘီစီကို ပြသခဲ့ပြီး ဒါဟာ အရပ်ဖက် အဖွဲ့တွေရဲ့ တိုင်တန်းချက်တွေ ၊ ထုတ်ဖော် ပြောဆိုမှုတွေနဲ့ တထပ်တည်း ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မဲဆွယ်ပွဲနဲ့ ရွေးကောက်ပွဲ မတိုင်ခင် အချိန်တွေတုန်းကတော့ လူတွေဟာ မျှော်လင့်ချက်တွေနဲ့ အပြောင်းအလဲအတွက် မဲပေးလိုကြတယ်လို့ အစိုးရဆန့်ကျင်တဲ့ နိုင်ငံရေးတက်ကြွသူ ဟွမ်က ပြောပါတယ်။
ဒါပေမယ့် မဒူရို အောင်နိုင်ကြောင်း ကြေညာပြီးနောက်တနေ့ တနင်္ဂနွေနေ့မှာ လူတွေရဲ့ အောင်ပွဲခံလိုတဲ့ ခံစားမှုတွေဟာ ဒေါသတွေဖြစ် ၊ စိတ်ဇဝေဇဝါ ဖြစ်ကုန်ကြပါတယ်။
အဲဒီနောက် ရွေးကောက်ပွဲ ရလဒ် ဟာ အစစ်အမှန်မဟုတ်ဘူးလို့ ယူဆပြီး ထောင်နဲ့ချီတဲ့ ဗင်နီဇွဲလား ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြကုန်ပါတယ်။
တချိန်တည်းမှာ ဆန္ဒပြမှုတွေ အတွင်း လူအယောက်နှစ်ဆယ်ကျော် သေဆုံးခဲ့ပြီး ဆန္ဒပြသမားတွေ အပေါ် ရဲတွေရဲ့ နှိပ်ကွပ်မှုတွေကို အတိုက်အခံနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ရှုတ်ချခဲ့ကြပါတယ်။
ဗင်နီဇွဲလားမှာ အခြေစိုက်တဲ့ အရပ်ဖက် အဖွဲ့အစည်း Foro Penal ရဲ့ မှတ်တမ်းအရ လူပေါင်း ၂၃ ယောက် ထိန်းသိမ်းခံရပြီး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
အဲဒီလူတွေ လက်ရှိ ဘယ်ရောက်နေသလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး ၊ သေချာတာကတော့ သူတို့ အဖမ်းခံခဲ့ရတာပါပဲ လို့ ဗင်နီဇွဲလားရှေ့နေလည်းဖြစ် တက်ကြွ လှုပ်ရှားသူလည်း ဖြစ်တဲ့ Foro Penal က ဒု ဥက္ကဋ္ဌ ဂွန်ဇလာ ဟီမီရော့ဘ်က ဘီဘီစီကို ပြောပါတယ်။
ဗင်နီဇွဲလားမှာ ပျောက်ဆုံးနေတဲ့ ထိန်းသိမ်းခံရသူတွေနဲ့ ပတ်သက်လို့ အစိုးရက တစုံတရာ တုန့်ပြန်တာ မရှိပါဘူး။
''အာဏာရှင်ဆန်ဆန် ဖမ်းဆီးမှုတွေ ရှိခဲ့ပါတယ်၊ ရွေးကောက်ပွဲမှာ အတိုက်အခံတွေဘက်က အက်ဒမွန်ဒို ဂွန်ဇာလပ်စ် အနိုင်ရကြောင်း ကြေညာချက်အပေါ် လူမှုကွန်ယက်ပေါ်မှာ ပို့စ် တင်ခဲ့သူတွေ ၊အောင်ပွဲခံခဲ့ကြသူတွေကို ဖမ်းဆီးတာနဲ့ ပတ်သက်လို့ သူတို့မှာ အထောက်အထားတွေ ရှိပါတယ်'' လို့ ဟီမီရော့ဘ်က ဆက်ပြောပါတယ်။
ဆန္ဒပြပွဲမှာ မပါဘဲ အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒပြပွဲနားရောက်နေသူတွေလည်း ဖမ်းဆီးခံရတာတွေ ရှိခဲ့ပြီး သူက ဆန္ဒမပြဘဲ အနားတဝိုက်မှာ အဖမ်းခံရတာလို့ ဟွမ်က ဆိုပါတယ်။
တိုက်ပိတ်ခံရတဲ့ အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, Daniel Arce-Lopez/BBC
သူ့အနေနဲ့ ပြေးပြေးလွှားလွှား လုပ်နေတုန်း ခေါင်းဆောင်းအုပ်ထားတဲ့ လူတစုကသူ့မျက်နှာကိုအုပ် သူ့ကိုရိုက်နှက်ပြီး အကြမ်းဖက်သမားလို့ စွပ်စွဲခံခဲ့ရတယ်လို့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ လူငယ်တယောက်ဖြစ်တဲ့ ဟွမ်က ပြောပါတယ်။
သူတို့ဟာ အိမ်တွင်းဖြစ် ဓါတ်ဆီဗုံးတွေနဲ့ ဆီတွေလောင်းပြီး ကျွန်တော်ကို ထိန်းသိမ်းရေး စခန်းဆီ ခေါ်သွားတယ်လို့ သူက ဆက်ပြောပါတယ်။
သူ့ကို ပြည်ထဲရေး ဌာနလက်အောက်က ထောင်တခုမှာ သီတင်းပတ် အတော်ကြာချုပ်ထားပြီး နောက်ပိုင်းမှာ ကာရာကတ်စ်မြို့တော် အနောက်တောင်ပိုင်း ၁၄၀ ကီလိုမီတာ အကွာက လုံခြုံရေး အကြီးအကျယ် ချထားတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တိုကိုရွန် ထောင်ဆီ ရွှေ့ပြောင်းခံခဲ့ရပါတယ်။
ဒါကြောင့် သူပြောသလို ဘဝမှာ အဆိုးဆုံး အတွေ့အကြုံတွေ အဲဒီမှာ ဖြတ်သန်း ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
''ကျွန်တော်တို့ တိုကိုရွန် ထောင်ကို ရောက်တော့ အဝတ်အစားတွေ အကုန်ချွတ်ပြီး ရိုက်ခံ ၊ စော်ကားခံခဲ့ရပါတယ်။ ကျွန်တော်တို့ ခေါင်းထောင်ပြီး ထောင်စောင့်တွေကို မကြည့်ရဘူးလို့အပိတ်ခံရတယ်၊ ခေါင်းကို ကြမ်းပြင်နားလောက် နှိမ့်ထားရတယ်'' လို့ ဟွမ်က ပြန်ပြောပြပါတယ်။
သူဟာ ၃ မီတာ ပတ်လည်ကျယ်ဝန်းတဲ့ အခန်းကျဉ်းထဲမှာ တခြားသူ ၅ ယောက်နဲ့အတူ နေထိုင်ရပြီး အခန်းထောင့်မှာ အိပ်ယာ ၆ ခုအတွက် နှစ်ထပ်ကုတင် သုံးလုံးနဲ့ တခြားထောင့်တဘက်မှာ အိမ်သာ ကမုတ်နဲ့ ရေချိုးဖို့ ရေပိုက်တခု ရှိပါတယ်။
''တိုကိုရွန် ထောင်က ကျွန်တော့်အတွက်တော့ ထောင်ဆိုတာထက် ချွေးတပ်စခန်းလို ခံစားရတယ်'' လို့ ဟွမ်က ပြောပါတယ်။ ဒါ့အပြင် အိပ်ယာတွေကလည်း မွေ့ရာပါးပါးလေးတင်ထားတဲ့ ကျောက်ဂူတွေလိုဘဲလို့ သူက ဆိုပါတယ်။
ထောင်ဝန်ထမ်းတွေက ကျွန်တော်တို့ကို ရုပ်ပိုင်း ၊ စိတ်ပိုင်းအရ နှိပ်စက်တယ် ၊ အိပ်ခွင့်မပေးဘူး ၊ ထ ခိုင်းလိုက် ၊ တန်းစီခိုင်းလိုက်နဲ့ပေါ့ သူက ရှင်းပြပါတယ်။
ကျွန်တော်တို့ကို မနက် ငါးနာရီ အိပ်ယာထခိုင်းပြီး စခန်းနောက်ဘက်မှာ တန်းစီခိုင်းတယ် ၊ ထောင်ဝန်ထမ်းတွေက ကျွန်တော်တို့ နံပါတ်နဲ့ ကတ်ပြားတွေ ပြခိုင်းပြီး စစ်တယ်လို့လည်း သူက ပြောပါတယ်။
မနက် ၆ နာရီလောက်မှာ ရေလာတော့ ကျွန်တော်တို့ ၆ မိနစ်လောက် ရေချိုးခွင့်ရတယ်လို့ သူက ဆိုပါတယ်။
''တယောက် ၆ မိနစ်နဲ့ ၆ယောက် ဟာ ရေဘုံဘိုင် တခုတည်းမှာ ချိုးရတယ် ၊ ရေကလည်း အရမ်းအေးတာ ၊ ခင်ဗျားက နောက်ဆုံးမှ ချိုးရတယ် ဆိုရင် ဆပ်ပြာပြောင်အောင် ချိုးဖို့ အချိန်မရဘူး။ အဲဒီတော့ ကိုယ်ပေါ်မှာ ဆပ်ပြာတွေနဲ့ တနေကုန်နေရတာပေါ့'' လို့ သူက ဆက်ပြောပါတယ်။
အဲဒီနောက် မနက် ၆ နာရီလောက်မှာ မနက်စာ ရောက်လာပြီး တခါတလေ နေ့လည် ၁၂ နာရီမှ ရောက်လာတယ်။ ညစာကျတော့လည်း တခါတလေ ည ၉ နာရီမှာ ရောက်လာတက်ပြီး တချို့ရက်တွေ ကျတော့ ညလယ် ၂ နာရီ ကျမှ စားရတယ် လို့ ဆိုပါတယ်။
ကျွန်တော်တို့မှာ ထမင်းစားဖို့ စောင့်ရတာကလွဲလို့ တနေ့ကုန် လုပ်စရာမရှိဘူး။ ကျွန်တော်တို့ အခန်းကျဉ်းလေးထဲမှာ လမ်းလျှောက်တယ် ၊ ဇာတ်လမ်းတွေ ပြောပြကြတာပေါ့။ ကျွန်တော်တို့ နိုင်ငံရေး အကြောင်းတွေလည်း ပြောကြပေမယ့် ထောင်စောင့်တွေ ရှိရင် အသံတိုးတိုးလေး ပြောကြတာပေါ့ ။ သူတို့သိရင် အပြစ်ပေးခံရမှာလေ လို့ ဟွမ်က ပြောပါတယ်။
အလှည့်ကျ ရိုက်နှက်ခံရ
ဘဝတူ အကျဉ်းသားတော်တော်များများဟာ စိတ်ဖိစီးဒဏ်ခံနေရပြီး ဖုတ်ကောင်တွေလို ကျင့်ကြံ နေထိုင်ကြတယ်လို့ ဟွမ်က ပြောပါတယ်။
''သူတို့ ကျွန်တော်တို့ကို အသိုးတွေကျွေးတယ်၊ အသားတွေဆိုလည်း ရက်လွန်နေပြီး ကြက်တွေ ၊ ခွေးတွေနဲ့ ငါးစာကျွေးတဲ့ စားကြွင်းစားကျန် တွေ'' လို့ သူက ဆိုပါတယ်။
တချို့ ထိန်းသိမ်းခံထားရသူတွေဆိုရင် အလှည့်ကျ အရိုက်ခံရတာ ၊ လက်ကို ခြေချင်းဝတ်မှာတင်ပြီး ဖားခုန် ခုန်ခိုင်းတယ်လို့ သူက ပြောပါတယ်။
ထောင်ဝန်ထမ်းတွေနဲ့ အလွမ်းမသင့်ဘဲ ကလန်ကဆန် လုပ်သူလို့ ယူဆခံရသူတွေ ဒါမှမဟုတ် နိုင်ငံရေး အကြောင်း ပြောသူတွေ နဲ့ မိသားစု ဆွေမျိုးတွေဆီ ဖုန်းခေါ်ချင်တယ်လို့ တောင်းဆိုသူတွေကို အပြစ်ပေးတဲ့ နေရာတွေဆီ ပို့တယ်လို့ သူက ရှင်းပြပါတယ်။
တိုကိုဒါထောင်မှာ အပြစ်ပေးတဲ့ နေရာတွေထဲက တခုဆီ သူလည်း ပို့ခံခဲ့ရဖူးပြီး အဲဒီမှာ နှစ်ရက်တကြိမ်သာ အစာစားခွင့်ရတယ်လို့ ဟွမ်က ပြောပါတယ်။
အပြစ်ပေးခန်းက မှောင်မည်းနေပြီး တမီတာ ပတ်လည် အကျယ်ပဲ ရှိတယ် ၊ ကျွန်တော် တချိန်လုံး ဗိုက်ဆာနေခဲ့တယ် ၊ အဲဒီမှာ မတရားလုပ်ခံရတာတွေ အားလုံးကို ပြန်တွေးနေမိပြီး တနေ့မှာ ဒီနေရာကနေ လွတ်မြောက်ရမယ်လို့ ကြုံးဝါးထားခဲ့တယ်လို့ သူက ဆိုပါတယ်။
နောက်ထပ် နှိပ်စက်ခန်း တခုကတော့ "Adolfo's bed"အဒိုဖို အိပ်ယာ ပါ။ အဲဒီမှာ နှိပ်စက်ခံရရင်း ပထဆုံး သေသွားတဲ့သူရဲ့ နာမည်ကို အစွဲပြုပြီး ခေါ်တာ လို့ ဟွမ်က ရှင်းပြပါတယ်။
အဲဒီအခန်းဟာ မှောင်မည်းပြီး အောက်စီဂျင်မရှိတဲ့ မြေတိုက်ခန်းလေးပါ။ အဲဒီမှာ ခင်ဗျားကို အသက်မရှူနိုင်တဲ့ အထိ ထားတာ ဒါမှမဟုတ် တံခါးကို တဒိုင်းဒိုင်းနဲ့ အကြီးအကျယ် ထုတာမျိုးတွေ လုပ်ပါတယ်။ သူတို့ ကျွန်တော်ကို အဲဒီအခန်းထဲ ထည့်ထားတာ ၊ ငါးမိနစ်လောက် အထိဘဲ ခံနိုင်တယ်။ ကျွန်တော်ကိုယ် ကျွန်တော် သေပြီတောင် ထင်တာ'' လို့ သူက ပြန်ပြောင်း ပြောပြပါတယ်။
လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်မှု

ဓာတ်ပုံ ရင်းမြစ်, Daniel Arce-Lopez/BBC
ဒီအကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေဟာ တပတ်ကို သုံးကြိမ် တကြိမ်ကို ဆယ်မိနစ်စီ အခန်းပြင်ထွက် လေ့ကျင့်ခန်း လုပ်ခွင့်ရှိပေမယ့် အများစုကတော့ သူတို့အခန်းထဲမှာဘဲ နေကြတယ်လို့ ဟွမ်က ပြောပါတယ်။
တိုကိုရွန် ထောင်မှာ ထိန်းသိမ်းခံရသူတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဖိုရိုပန်နယ်လ်က ဟီမီရော့ဘ် ကတော့ အံ့သြတုန်လှုပ်စရာကောင်းတယ် ၊ ကိုယ်ကြိုက်တဲ့ရှေ့နေကို ခေါ်ခွင့် မရှိတာကလည်း အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်မှု ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့အားလုံးအတွက် အစိုးရကစီစဉ်ပေးထားတဲ့ ရှေ့နေတွေကိုယ်စီ ရှိပါတယ် ။ ထိန်းသိမ်းခံထားရတဲ့အမှုသည်တွေအနေနဲ့ သူတို့ကိုယ်ပိုင်ရှေ့နေတွေ ခေါ်သုံးရင် သူတို့ချမှတ်ထားတာတွေကို ချိုးဖောက်ကုန်ကြလိမ့်မယ်လို့ အစိုးရက တွက်ဆထားပုံရကြောင်း သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ဗင်နီဇွဲလားမှာ သမ္မတရွေးကောက်ပွဲ ကာလအတွင်း ဆန္ဒပြမှုတွေမှာ နိုင်ငံရေးအရ နှိပ်ကွပ်မှု ၊ အင်အားသုံး ဖြေရှင်းမှု ၊ ဖမ်းဆီး ထိန်းသိမ်းစဉ် ပျောက်ဆုံးသွားတာတွေ အပြင် လုံခြုံရေးတပ်ဖွဲ့နဲ့ သူတို့နဲ့သက်ဆိုင်တဲ့ အရပ်ဘက်အဖွဲ့တွေ ရဲ့ မျက်ကွယ်မှာ စီရင်တာတွေ စတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂ က ကျွမ်းကျင်သူတွေရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လတ်တလောမှာတော့ ဗင်နီဇွဲလား အစိုးရကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး ICC မှာ လူသားမျိုးနွယ်စုပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စုံစမ်းစစ်ဆေးလျက် ရှိပါတယ်။
ဒီလို စွပ်စွဲချက်တွေကို ဗင်နီဇွဲလား အစိုးရက ငြင်းဆိုထားပြီး စုံစမ်းစစ်ဆေးမှုတွေ နိုင်ငံရေး ရည်ရွယ်ချက်အရ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်တဲ့သဘောရောက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာလို့ ပြောပါတယ်။
ဗင်နီဇွဲလား မှာ ထိန်းသိမ်းခံထားရသူတွေကို နှိပ်စက်ညှင်းပမ်းမှုနဲ့ မတရားဆက်ဆံမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ လူထုတရားစီရင်ရေးဆိုင်ရာ ရုံးကို အင်တာဗျူးပေးဖို့ ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် ဒီဆောင်းပါး ထုတ်ချိန်အထိ တုံ့ပြန် ဖြေကြားတာ မရှိခဲ့ပါဘူး။
အစိုးရကို မကြောက်ဘူးပြောတဲ့ အကျဉ်းသား

ဓာတ်ပုံ ရင်းမြစ်, Getty Images
တိုကိုရွန် အကျဉ်းထောင်က အကျဉ်းသားတွေအတွက် အမှတ်တရ ရက်စွဲကတော့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့ ဖြစ်ပါတယ်။
သမ္မတ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့နောက် အာဏာလွှဲပေးမယ့်ရက်မှာ သူတို့ လွတ်မြောက်လာကြမယ်လို့ အကျဉ်းသားတွေက မျှော်လင့်ထားကြတာပါ။
အတိုက်အခံခေါင်းဆောင် အက်ဒ်မွန်ဒို ဂွန်ဇာလပ်စ် ကတော့ သမ္မတ ရွေးကောက်ပွဲမှာ သူအနိုင်ရကြောင်း ကြေညာခဲ့ပြီး ရွေးကောက်ခံ သမ္မတ အနေနဲ့ စပိန်ပြည်နှင်ဒဏ် ခံထားရာကနေ ပြည်တော်ပြန်လာမယ်လို့ အခိုင်အမာ ပြောနေပါတယ်။
မဒူရိုကလည်း သူ့ကို အာဏာကနေ ဖယ်ရှားဖို့ ကြိုးစားရဲသူမှန်သမျှ ပြန်လည်ပေးဆပ်ရလိမ့်မယ်လို့ ဆိုထားပါတယ်။
ဟွမ် ကတော့ သူလွတ်မြောက်လာချိန်မှာ ခြိမ်းခြောက်မှုတွေ ရှိခဲ့ပေမယ့်လည်း သူ့အနေနဲ့ ထူးဆန်းတဲ့ ခံစားမှု တခုရတယ် ၊ ထောင်ထဲမှာ သူနဲ့ဘဝတူ ရာနဲ့ချီ အကျဉ်းသားတွေ ဆက်လက် ဒုက္ခဆင်းရဲ ခံနေကြရတယ် ၊ ဒါပေမဲ့ ဇန်နဝါရီ ၁၀ ရက်နေ့မှာ အက်မွန်ဒို ဂွန်ဇာလပ် နောက်က လိုက်ပါရင်း လမ်းတွေပေါ် ပြန်တက် ဆန္ဒပြဖို့ စီစဉ်ထားတယ် လို့ သူက ဆိုပါတယ်။
လတ်တလောမှာ အတိုက်အခံ နိုင်ငံရေးသမား အက်ဒ်ဝင် ဆန်းတိုးစ် သေဆုံးမှုနဲ့ပတ်သက်လို့ အရပ်ဖက်လူ့အခွင့်အရေး အဖွဲ့ Provea ပရိုဗီရာ က ရှုတ်ချထားပါတယ်။
မစ္စတာ ဆန်းတိုးစ်ကို လုံခြုံရေးအဖွဲ့ကလို့ ယူဆရတဲ့ ခေါင်းစွပ်တွေနဲ့ လူတစုက ဖမ်းသွားခဲ့ပြီးနောက် နှစ်ရက်အကြာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့တုန်းက သေဆုံးနေတာ တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။
ကျွန်တော် တခုခု ဖြစ်ခဲ့ရင် ဆိုတဲ့ စာတန်း မရေးခင် ဟွမ်ကတော့ ကျွန်တော် မကြောက်ဘူးလို့ ထပ်တလဲလဲ ပြောနေပါတော့တယ်။










