‘သူတို့နဲ့မျက်လုံးချင်းဆုံအောင် မကြည့်နဲ့’ - အယ်လ် ဆာဗေးဒိုး လျှို့ဝှက်ထောင်ကြီးက အကျဥ်းသားတွေနဲ့တွေ့ဆုံခြင်း

စီကော့ အကျဥ်းထောင် ဝန်ထမ်းတွေ

ဓာတ်ပုံ ရင်းမြစ်, Lissette Lemus/BBC

    • ရေးသားသူ, လယ်ရာ ဗန်းတက်စ်
    • ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား
    • ရေးသားပေးပို့သည့်နေရာ, အယ်လ် ဆာဗေးဒိုး

မျက်လုံးရာချီရဲ့အကြည့်က ကျွန်မတို့ဆီရောက်နေပါတယ်။ အဝတ်ဖြူဝတ်၊ ကတုံး တုံးထားပြီး ဆေးမင်ကြောင်အပြည့်နဲ့ အကျဥ်းသားတွေဟာ သူတို့စောင့်ကြည့်ခံနေရတယ်ဆိုတာလည်း သိနေကြတော့ သံတိုင်နောက်ကွယ်ဘက်က သူတို့ရဲ့ အကြည့်ငေးငေးကို လွှဲလိုက်ကြပါတယ်။ စီကော့(Cecot)လို့ ခေါ်တဲ့ အကြမ်းဖက်မှုထိန်းချုပ်ရေးအကျဥ်းထောင်ကြီးကို ကျွန်မတို့ ရောက်နေတာဖြစ်ပါတယ်။ အယ်လ်ဆာဗေးဒိုးနိုင်ငံက အဓိကဂိုဏ်းတွေရဲ့ ‘ထိပ်ပိုင်း’’အဖွဲ့ဝင်တွေအတွက် သမ္မတ နာယစ်ဘူကယ်လယ် အစိုးရက ပြီးခဲ့တဲ့နှစ်တုန်းက ဆောက်ခဲ့တဲ့လုံခြုံရေးအမြင့်ဆုံးထောင်တစ်ခုလည်းဖြစ်ပါတယ်။

တခြားအရာတွေထက် ဦးစားပေးပြီး မြန်မြန်အကောင်အထည်ဖော်ခဲ့တဲ့ ဒီဧရာမ စီမံကိန်းကြီးဟာ သမ္မတ နာယစ်ဘူကယ်လယ်ရဲ့ အငြင်းပွားစရာ လုံခြုံရေးမူဝါဒကို ထင်ဟပ်နေပါတယ်။

ဒီထောင်ကြီးဟာ ညှင်းပန်းနှိပ်စက်မှုကာကွယ်ရေး ကုလသမဂ္ဂကော်မတီခွဲ အဖွဲ့ဝင်ဟောင်း မီဂဲ ဆာရေးရဲ့ အပြောအရဆိုရင် ‘‘လူ့အခွင့်အရေးဆိုင်ရာ တွင်းနက်ကြီး’’အဖြစ်၊ ‘‘သေဒဏ်ကို လုပ်ထုံးလုပ်နည်းအတိုင်းမချမှတ်ဘဲ လူတွေကို ထားဖို့ဆောက်ထားတဲ့ ကွန်ကရစ်၊ သံမဏိတွေနဲ့ပြုလုပ်ထားတဲ့တွင်း တစ်တွင်းလို့’’ ပုံဖော်ခံရပါတယ်။

ဒါပေမဲ့ ဒီထောင်ဟာ နာမည်ကြီးဂိုဏ်းတွေဖြစ်တဲ့ Mara Salvatrucha၊ Barrio 18၊ Los Revolucionarios၊ Los Sureños အဖွဲ့တွေကြောင့် အတွင်းကြေနေတဲ့ အယ်လ်ဆာဗေးဒိုးနိုင်ငံအတွက်တော့ သမ္မတ ဘူကယ်လယ်အတွက် လူကြိုက်များစေတဲ့အဓိက အကြောင်းရင်းဖြစ်ပါတယ်။

‘‘ဒီမှာ ကျုပ်တို့နိုင်ငံကို ပူဆွေးရအောင်လုပ်ထားတဲ့ စိတ်မူမမှန်သူတွေ၊ အကြမ်းဖက်သမားတွေနဲ့ လူသတ်သမားတွေပဲ’’ လို့ နာမည်ထုတ်မပြောပေမဲ့ ရုပ်သံရိုက်ကူးခွင့်ပြုခဲ့တဲ့ အကျဥ်းထောင် ညွှန်ကြားရေးမှူးက ပြောပါတယ်။

သူက အကျဥ်းခန်းတွေဆီကို လိုက်ပြတဲ့ အသေအချာစီစဥ်ထားတဲ့လှည့်လှည်ပြသမှုမှာ ကျွန်မတို့ရဲ့ လမ်းညွှန်ဖြစ်ပါတယ်။

‘‘သူတို့နဲ့ အကြည့်ချင်းမဆုံနဲ့’’ လို့ သူက ကျွန်မတို့ကို သတိပေးပါတယ်။

The director of Cecot, holding a shotgun and wearing a mask

ဓာတ်ပုံ ရင်းမြစ်, Lissette Lemus/BBC

ဓာတ်ပုံ ပုံစာ, စီကော့ဟာ နိုင်ငံခြားသတင်းထောက်တွေကို လှည့်လည်ပြသမှုကို ညွှန်ကြားရေးမှူးက ဦးဆောင်ပါတယ်

ညဘက်ကြီးဆိုပေမဲ့ ကိစ္စမရှိလှပါဘူး။ ထွန်းထားတဲ့မီးအလင်းရောင်တွေက ပိတ်သွားတာမျိုးမရှိပါဘူး။ မှန်ကူကွက် မျက်နှာကြက်ကို ဖြတ်လာတဲ့လေထုပါးပါးက အပူဒဏ်ကို ခဏတာ သက်သာသွားစေပါတယ်။ အကျဥ်းခန်းတွေဟာ နေ့ဘက်ဆိုရင် အပူချိန် ၃၅ ဒီဂရီရှိပြီး တခြားလေဝင်လေထွက်လည်း မရှိပါဘူး။

ဒီထောင်ကြီးကို ‘‘ဗဟိုအမေရိကရဲ့ အယ်ကာထရက်ဇ်ထောင်’’ လို့ နာမည်ပေးထားပေမဲ့ လျှော့ချထားတာမျိုး လုံးဝ မရှိပါဘူး။ အားလုံးဟာ သစ်လွင် ပြေပြစ်ပြီး သုတ်‌ဆေးတွေလည်း ဆေးနံ့မပြယ်သေးပါဘူး။

ခေါင်းစွပ်ထားတဲ့လုံခြုံရေးတွေက အပေါ်ကနေ စီးမိုးစောင့်ကြည့်နေပါတယ်။ လက်ထဲမှာ သေနတ် အသင့်ဆောင်ထားပါတယ်။

အောက်မှာတော့ အကျဥ်းသားတွေဟာ မွေ့ယာ အခင်းမရှိတဲ့ လေးထပ် ကုတင်ပေါ်ကို တွယ်တက်ပြီး သတ္တုကုတင်ပေါ်မှာ လှဲသူက လှဲလျောင်း၊ ကြက်ဥပြုတ်၊ ဆန်နဲ့ပဲ ဒါမှမဟုတ် ပါစတာကို လက်နဲ့စားသူက စားလို့ပါ။

“ဇွန်းတို့ ခက်ရင်းတို့ကို လူသတ်နိုင်တဲ့လက်နက်အဖြစ် အသုံးပြုနိုင်လို့လေ” လို့ ညွှန်ကြားရေးမှူးက ပြောပါတယ်။

အကျဥ်းစခန်းထဲက အကျဥ်းသားတွေဟာ လေးထပ်မြင့်တဲ့အိပ်ယာပေါ်မှာ ထိုင်နေကြပါတယ်

ဓာတ်ပုံ ရင်းမြစ်, Lissette Lemus/BBC

ဓာတ်ပုံ ပုံစာ, အကျဥ်းစခန်းထဲက အကျဥ်းသားတွေဟာ လေးထပ်မြင့်တဲ့အိပ်ယာပေါ်မှာ ထိုင်နေကြပါတယ်

ဘုံသုံးကြတဲ့ ဒိုးယိုပေါက် အိမ်သာ ၂ ခုနဲ့ လျှော်ဖွတ်ဆေးကြောဖို့ ကန် ၂ ခုကလွဲပြီး အင်္ဂတေနံရံ ၃ ထပ်ကြားမှာ ဘာဆိုဘာမှ မကန့်ထားပါဘူး။

အချိန်တရွေ့ရွေ့ကုန်သွားတာကို ထိုင်စောင့်တာကလွဲပြီး ဘာမှလုပ်စရာလည်း မရှိကြပါဘူး။

အကျဥ်းသားတွေဟာ အကျဥ်းခန်းတွေကနေ တနေ့ကို မိနစ် ၃၀ ပဲ ထွက်ခွင့်ရပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ဖြစ်ပါတယ်။ ကျွန်မတို့ သတင်းသမားတွေ လိုက်ကြည့်ခဲ့တဲ့ အကျဥ်းခန်းတွဲ အမှတ် ၃ ရဲ့ အလယ်စင်္ကြန်မှာ ပစ္စည်းဗလာနဲ့ လေ့ကျင့်ခန်းလုပ်ကြရတာပါ။

ဒီလိုအလားတူ နောက်ထပ် အကျဥ်းခန်းတွဲ ၇ ခုအထိရှိပါတယ်။ ဘောလုံးအားကစားရုံကြီး ၇ ရုံစာနဲ့ ညီမျှတဲ့ ကြီးမားလှတဲ့ဝန်းကြီးထဲမှာ အကျဥ်းထောင်အဆောင်တွေ သီးခြားစီ ဆောက်ထားတာဖြစ်ပါတယ်။ အဲဒီအဆောင်တွေကိုတော့ လျှပ်စစ်လွှတ်ထားတဲ့ခြံစည်းရုံး နှစ်ထပ်၊ အင်္ဂတေနံရံ ၂ ထိပ်နဲ့ ကင်းစောင့်မျှော်စင် ၁၉ စင်လည်း ရှိပါတယ်။

အယ်လ် ဆာဗေးဒီုး

စီကော့ အကျဥ်းသားတွေဟာ လတ်တလော ထိန်းသိမ်းခံရသူတွေလား၊ တခြားထောင်ကနေ ပြောင်းရွှေ့ခံရသူတွေလား ဒါမှမဟုတ် ဒီထောင်အတွက် သီးသန့်ရွေးထားသူတွေလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရပါဘူး။

အဲဒီထောင်မှာ အကျဥ်းသားဘယ်လောက်များလဲဆိုတာတောင် ရှင်းရှင်းလင်းလင်းမသိရပါဘူး။ အစိုးရအပြောအရဆိုရင်တော့ ထောင်သား ၄၀,၀၀၀ အထိ ဆံ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘယ်လောက်များများ လွှဲပြောင်းမယ့်အခြေအနေရှိနေပါလဲ။

ပြီးခဲ့တဲ့လတွေအတွင်း သုတေသနပြုလုပ်ခဲ့ပေမဲ့ ဘီဘီစီအနေနဲ့ အဲဒီမေးခွန်းတွေအတွက် စိတ်ကျေနပ်လောက်စရာအဖြေမရပါဘူး။

ညွှန်ကြားရေးမှူးကို ကျွန်မတို့ တည့်တည့်ပဲ မေးခဲ့ပါတယ်။ ‘‘ကျွန်တော်တို့ အချက်အလက်ပြောလို့မရဘူးဗျ’’ လို့ သူက တုံ့ပြန်ပြောဆိုပါတယ်။

‘‘ဒီအကျဥ်းခန်းတွေမှာ အကျဥ်းသားအများဆုံး ဘယ်လောက်ဝင်ဆံ့လဲ’’ လို့ ကျွန်မတို့ ထပ်မေးပါတယ်။

‘‘၁၀ ယောက်ဆံ့တဲ့နေရာဆိုရင် အယောက် ၂၀ လည်း ဆံ့ပါတယ်’’ လို့ ညွှန်ကြားရေးမှူးက ကိုဗစ်ကာကွယ်ဖို့ တပ်ထားတဲ့ သူ့နှာခေါင်းစည်းနောက်ကနေ သူ့ဘာသာ ကောက်ချက်ချပြောဆိုပါတယ်။ ဒီအပြောကို ကျွန်မ ပြုံးလိုက်မိပါတယ်။

သင်ခန်းစာတစ်မျိုး

သတိကြီးကြီးထားပြီး သေသေချာချာစီစဥ်လမ်းညွှန်တဲ့ လေ့လာရေးခရီးစဥ်အဖြစ် ထောင်ထဲ လေ့လာခွင့်ရခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Lissette Lemus/BBC

ဓာတ်ပုံ ပုံစာ, သတိကြီးကြီးထားပြီး သေသေချာချာစီစဥ်လမ်းညွှန်တဲ့ လေ့လာရေးခရီးစဥ်အဖြစ် ထောင်ထဲ လေ့လာခွင့်ရခဲ့ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်မှာ စတင်ဖွင့်လှစ်ကတည်းက အဲဒီအကျဥ်းထောင်ကြီးကို ဝင်ခွင့်ရရေး ဘီဘီစီက အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပါတယ်။

ဝင်ခွင့် ဖိတ်ကြားစာကိုတော့ ဖေဖော်ဝါရီလ ၆ ရက်မှာ သမ္မတရဲ့နိုင်ငံတကာသတင်းထုတ်ပြန်ရေးအရာရှိကနေ WhatsApp ကတဆင့် စာပို့လာတာဖြစ်ပါတယ်။ ‘‘ကျွန်တော်တို့ ဒီည စီကော့ကို သွားကြမယ်’’ တဲ့။ သွားမယ့်အချိန်နဲ့ ဆုံရပ်ကိုတော့ ကျွန်မတို့ ထွက်ဖို့လုပ်ထားတဲ့အချိန်မတိုင်ခင် နာရီဝက်ရောက်မှ ပြောတာဖြစ်ပါတယ်။

အဲဒီအချိန်ဟာ သမ္မတ ဘူကယ်လယ် တစ်ယောက် မဲ ၈၅ ရာခိုင်နှုန်းနဲ့ ပြန်လည်ရွေးကောက်ခံရပြီလို့ ကြေညာပြီး ၂ ရက်မှာဖြစ်ပါတယ်။ မဲရုံတွေက မဲတွေ ရေတွက်လို့မပြီးခင်မှာ သူ့ပါတီဟာ ဥပဒေပြုလွှတ်တော်အမတ်နေရာအားလုံးကို နိုင်သွားပြီလို့ ဆိုပြီးကြေညာတာဖြစ်ပါတယ်။

‘‘နိုင်ငံတစ်နိုင်ငံမှာ တစ်ပါတီတည်းရှိပြီး ဒီမိုကရက်ရေစီနည်းကျတဲ့စနစ်ပြည့်ပြည့်ဝဝ ရှိတာ ဒါ ပထမဆုံးဖြစ်မယ်။ အတိုက်အခံတစ်ခုလုံးကို အပြီးသတ်အမှုန်ကြိတ်ပစ်နိုင်ခဲ့ပါပြီ။ အယ်လ်ဆာဗေးဒိုးဟာ ဒီနေ့မှာ သမိုင်းတစ်ရပ်ကို ရေးထိုးလိုက်ပါပြီ’’ လို့ သူက ရွေးကောက်ပွဲနေ့ မွန်းလွဲ ပိုင်းမှာပဲ သမ္မတအိမ်တော် လေသာဆောင်ထက်ကနေ အာပေါင်အာရင်းသန်သန် မိန့်ခွန်းပြောခဲ့ပါတယ်။

ကျွန်မ ဒီစာကိုရေးတော့ ရွေးကောက်ပွဲအပြီး ၅ ရက်ပဲ ရှိပါသေးတယ်။ အယ် ဆာဗဒေါဟာ မဲရေတွက်မှုနဲ့ မဲမှတ်တမ်းစနစ်မှာ အဆင်မပြေမှုတွေနဲ့ မဲစာရွက်တွေကို ကိုင်တွယ်စီမံကြမှုအပိုင်းကို သံသယတွေကြောင့် နောက်ဆုံးရလဒ် မထွက်သေးပါဘူး။

ဘူခဲလက်ရဲ့ သမ္မတရာထူးအတွက် အနိုင်ရမှုကို ဘယ်သူကမှ မေးခွန်း မထုတ်ကြပါဘူး။ အားလုံးအာရုံစိုက်နေကြတာကတော့ သမ္မတ ဘူခဲလက်ဖော်ဆောင်မယ့် အစီအစဥ်ကို ထိန်းကျောင်းနိုင်စွမ်းရှိတဲ့ ဥပဒေပြုလွှတ်တော်ထဲက အမတ်အရေအတွက် ၆၀ နေရာအရေး ဖြစ်ပါတယ်။

ရွေးကောက်ပွဲနေ့မှာ သမ္မတ ဘူခဲလက်က သူ့ကို ထောက်ခံသူတွေကို သမ္မတအိမ်တော် လေသာဆောင်ကနေ မိန့်ခွန်းပြောခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Bloomberg via Getty

ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲနေ့မှာ သမ္မတ ဘူကယ်လယ်က သူ့ကို ထောက်ခံသူတွေကို သမ္မတအိမ်တော် လေသာဆောင်ကနေ မိန့်ခွန်းပြောခဲ့ပါတယ်

အနိုင်ရတယ်လို့ ကြေညာပြီးနောက်မှာပဲ ဘူကယ်လယ်ဟာ သူ့ရဲ့သမ္မတတာဝန်ထမ်းဆောင်မှု ပထမ သက်တမ်းမှာ လုံခြုံရေးပိုင်း အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့တာကိုလည်း သူ့ကိုယ်သူ ဂုဏ်ပြု စကားပြောပါတယ်။ မြို့တော် ဆန် ဆယ်ဗေးဒိုး ပြည်သူ့ရင်ပြင်မှာ စုဝေးနေတဲ့ အားပေးတဲ့လူအုပ်ကြီးရှေ့မှာပဲ သူ့ကို ဝေဖန်သူတွေကိုလည်း တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။

‘‘အနောက်ဘက်ရပ်ဝန်းတစ်ခုလုံးမှာ အန္တရာယ်အများဆုံးနိုင်ငံအဖြစ်ကနေ ဘေးအကင်းဆုံးနိုင်ငံ အဖြစ် ကျွန်တော်တို့ လုပ်နိုင်ခဲ့ပြီ။ အမေရိကား တိုက်ကြီးတစ်ခုလုံးမှာ အလုံခြုံဆုံး နိုင်ငံဖြစ်လာပြီ။ ဒီတော့ သူတို့ပြောတာက ဘာလဲ။ ‘‘လူ့အခွင့်အရေး ချိုးဖောက်မှုတဲ့ဗျာ’’ လို့ သူက စပြောပါတယ်။

‘‘ဘယ်သူ့ လူ့အခွင့်အရေးလဲ။ ရိုးသားသူတွေရဲ့ အခွင့်အရေးမဟုတ်ပါဘူး။ ရာဇဝတ်သားတွေရဲ့ အခွင့်အရေးထက် ရိုးသားသူတွေရဲ့အခွင့်အရေးကို ကျွန်တော်တို့ ဦးစားပေးခဲ့တာ။ ကျွန်တော်တို့ လုပ်ခဲ့တာ ဒါပါပဲ’’ လို့ သူက ဆက်ပြောပါတယ်။

နောက် နှစ်ရက်မှာ အကျဥ်းထောင်လေ့လာရေးကို ကိုယ်တိုင်လိုက်ခဲ့ကြတဲ့ နိုင်ငံတကာ သတင်းထောက်တွေအတွက်တော့ သမ္မတရဲ့ အခုလို ခုခံပြောဆိုချက်ကို ပြန်သုံးသပ်နိုင်ခြေရှိနေကြပါတယ်။

အကျဥ်းထောင်ကိုသွားတဲ့ကျွန်မတို့ရဲ့ခရီးဟာ သမ္မတ ဘူကယ်လယ်ရဲ့လုံခြုံရေးမူဝါဒနဲ့ သူအဓိက သုံးတဲ့ ‘‘ခြွင်းချက်အခြေအနေ’’ကို ထင်ဟပ်ပါတယ်။ အဲဒီအရေးပေါ် အစီအမံဟာ စစ်တပ်နဲ့ ရဲကို လုပ်ပိုင်ခွင့် ပိုပေးတာဖြစ်ပြီး အဲဒီအစီအမံ အသက်ဝင်တာ ၂ နှစ်ရှိပြီဖြစ်ပါတယ်။

ဒီအစီအမံအရ လူပေါင်း ၇၀၀၀၀ သောင်းကို ထိန်းသိမ်းထားပြီး အယ် ဆာဗဒေါဟာ အခုဆိုရင် ကမ္ဘာမှာ အကျဥ်းချမှုအမြင့်ဆုံးနိုင်ငံဖြစ်လာပါတယ်။

နိုင်ငံသားတွေနဲ့ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့တွေကတော့ အဲဒီထဲက ထောင်နဲ့ချီတဲ့လူတွေဟာ အုပ်စုဖွဲ့ရာဇဝတ်မှုတွေနဲ့ ဆက်နွှယ်မှုမရှိသူတွေလို့ အခိုင်အမာပြောပါတယ်။ တခြားလူတွေကတော့ သူတို့ဘဝ အသက်ရှင်ရေးအတွက် ဂိုဏ်းတွေနဲ့ ပေါင်းဖို့ အင်အားသုံးခံခဲ့ရသူတွေ၊ နောက် အဲဒီဂိုဏ်းတွေအတွက် သေနတ်၊ မူးယစ်ဆေးဝါးနဲ့ လူကြည့်ပေးခဲ့ရသူတွေလို့ ဆိုပါတယ်။

အယ်လ်ဆာဗေးဒိုးရဲ့ အဓိက လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ခရစ်တိုဆယ်ကတော့ အဲဒီလိုအစီအမံ အောက်မှာ ထိန်းသိမ်းခံရပြီး သေဆုံးမှု ၁၅၀ ကျော်နဲ့ နှိပ်စက်ခံရမှုတွေကို မှတ်တမ်းတင် တွေ့ရှိထားတယ်လို့ ပြောပါတယ်။

ဒီဇင်ဘာလတုန်းက အစီရင်ခံစာတစ်စောင်မှာတော့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့(AI)ဟာ ‘‘ လူဂိုဏ်းအဖွဲ့ ကြမ်းဖက်မှုကနေ နိုင်ငံတော်အကြမ်းဖက်မှုကို တဖြည်းဖြည်း အစားထိုးမှု’’ လို့ ဝေဖန်ပါတယ်။

ပြည်ပအဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့မဟုတ်တဲ့အဖွဲ့အစည်းတွေ အကျဥ်းထောင်ကို လည်ပတ်ခွင့် မပေးဘူးလို့ ညွှန်ကြားရေးမှူးက ကျွန်မကို ပြောပါတယ်။ ဒါပေမဲ့ အကျဥ်းထောင်ဟာ နိုင်ငံတကာ စံနှုန်းတွေကို လိုက်နာနေတယ်လို့ သူက အခိုင်အမာပြောပါတယ်။

လုံခြုံရေးအတွက် အစွမ်းကုန်ကြိုးပမ်း

ထောင်မှာ လုံခြုံရေးမြှင့်ထားတဲ့အထဲ အိတ်စ်ရေး ဖြတ်ရင် ကိုယ်တွင်းအင်္ဂါတွေကိုပါ မြင်ရတဲ့လုံခြုံရေး အစီအမံလည်း ပါဝင်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Lissette Lemus/BBC

ဓာတ်ပုံ ပုံစာ, ထောင်မှာ လုံခြုံရေးမြှင့်ထားတဲ့အထဲ အိတ်စ်ရေး ဖြတ်ရင် ကိုယ်တွင်းအင်္ဂါတွေကိုပါ မြင်ရတဲ့လုံခြုံရေး အစီအမံလည်း ပါဝင်ပါတယ်

ကျွန်မတို့ လုံခြုံရေးကို ဖြတ်လိုက်တဲ့အခါ ကိုယ်အနှံ့ကို လက်နဲ့စမ်းရှာတာ၊ ဆေးမင်ကြောင်တွေ အကြောင်း မေးခွန်းမေးတာ၊ ဖန်သားပြင်ပေါ်မှာ ကိုယ့်ရဲ့အူတွေကိုတောင်မြင်နိုင်တဲ့ အိတ်စ်ရေး ကို ဖြတ်ရတာတွေလုပ်ရပါတယ်။ အဲဒီနောက်မှာ အကျဥ်းသားအချို့နဲ့တွေ့ဖို့ ကျွန်မတို့ကို ခေါ်သွားပါတယ်။

ဘူခဲလက်ဟာ သူ့အပေါ် လူကြိုက်များမှုဖြစ်စေခဲ့တဲ့နည်းလမ်းတွေနဲ့ လူဆိုးဂိုဏ်းတွေကို နှိမ်နင်းတဲ့ စစ်ကြေညာခဲ့သူပါ။ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ဝေဖန်မှုတွေလည်း ကြုံရပါတယ်။ ဒါပေမဲ့ အကျဥ်းထောင်ညွှန်ကြားရေးမှူးကတော့ ကျွန်မတို့ကို အကျဥ်းသားတွေ မျက်နှာချင်းဆိုင် ဆုံစေချင် ပါတယ်။

အစောင့်တွေက အကျဥ်းစခန်းတွေထဲကနေ ကြိုတင်ရွေးထားတဲ့ လူ ၅ ယောက်ကို ခေါ်ပါတယ်။ အဲဒီမတိုင်ခင်တုန်းကတော့ ခြေကျင်းဝတ်နဲ့ လက်ကောက်မှာ သူတို့ကို လက်ထိပ်ခတ်ပါတယ်။ နံရံကို မျက်နှာအပ်ခိုင်းပြီး ပုံစံထိုင်ခိုင်းပါတယ်။

သူတို့ကို စကားပြောခွင့် မပေးပါဘူး။

‘‘ဒီကိုလာ။ နောက်လှည့်။ အင်္ကျီချွတ်’’ သူကပဲ ကျွန်မတို့ကို အကျဥ်းသားနဲ့ မိတ်ဆက်ပေးပါတယ်။ ‘‘ကတ်စတာ’’လို့ ခေါ်တဲ့ မီဂေး အန်တိုနီယို ဒီးယား ဆာရာဗီယာ ဖြစ်ပါတယ်။ “Mara Salvatrucha အဖွဲ့ရဲ့ ကြေးစား” ဆိုပြီး ကျွန်မတို့ကို ပြောကြပါတယ်။

၂၀၁၆ ခုနှစ်မှာ စစ်သား ၄ ဦးကို ပြန်ပေးဆွဲမှု၊ နှိပ်စက်မှု၊ (တခြားလူဆိုးဂိုဏ်းအဖွဲ့ဝင်တွေနဲ့အတူ) လူသတ်မှုတွေနဲ့ ၂၀၂၂ ခုနှစ်မှာ ထောင်ဒဏ် ၂၆၉ နှစ် ချမှတ်ခံရပါတယ်။

ဒီအကျဥ်းသားရဲ့ ဆေးမင်ကြောင်က သူဟာ Mara Salvatrucha လူဆိုးဂိုဏ်းအဖွဲ့ဝင်ဆိုတာကို ညွှန်ပြပါတယ်

ဓာတ်ပုံ ရင်းမြစ်, Lissette Lemus/BBC

ဓာတ်ပုံ ပုံစာ, ဒီအကျဥ်းသားရဲ့ ဆေးမင်ကြောင်က သူဟာ Mara Salvatrucha ဂိုဏ်းအဖွဲ့ဝင်ဆိုတာကို ညွှန်ပြပါတယ်

မာဗင် မာရီယို ပါရာဒါကတော့ အသက် ၁၆ နှစ်အရွယ် ကျောင်းသူမိန်းကလေးကို ၂၀၁၂ ခုနှစ်မှာ သတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရသူဖြစ်ပါတယ်။ နပန်း ဝါသနာထုံပါတယ်။ သူ့ သတ်မှုနဲ့ ၂၀၁၂ ခုနှစ်မှာ ပြစ်ဒဏ်ချမှတ်ခံရပါတယ်။ သူ့ရင်ဘတ်က ဆေးမင်ကြောင်ကို ကျွန်မတို့ကို ပြပါတယ်။

“ဆန် ဗင်းဆန့်က ရေမြောင်းထဲမှာ ကိုယ်လက် ဖြတ်တောက်ခံထားရတဲ့ အဲဒီကလေးမ အလောင်းကို သူတို့ သွားရှာကြတာကို ကျွန်တော် မှတ်မိနေသေးတယ်” လို့ ထောင်ကနေ မြို့တော် အပြန်လမ်းမှာ ကျွန်မဘေးမှာအတူထိုင်ခဲ့တဲ့ ဆာဗေးဒိုး ဓာတ်ပုံဆရာတစ်ဦးက ပြောပါတယ်။

“ အလောင်းပြန်ဆယ်တာကို သတင်းယူခဲ့ရတယ်လေ။ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ဆေးမှုခင်း ဆရာဝန်က စားပွဲ‌ပေါ်မှာ ပြန်စီတင်ခဲ့တာ” အဲဒီစကားက နောက်ထပ် ဓာတ်ပုံသတင်းထောက်တစ်ဦးကို သူဆက်ပြီးပြောပြတဲ့စကားဖြစ်ပါတယ်။

လမ်းပေါ်မှာ နောက်ထပ်တစ်နာရီကားစီးတဲ့အချိန်ဟာ ၂၀၁၀ ပြည့်နှစ်တုန်းက ခရီးသည် ၁၇ ဦးပါတဲ့ ဘတ်စ်ကားငယ် မီးရှို့ခံရတာမျိုးလို ဂိုဏ်းတွေရဲ့ ထိတ်လန့်ကြောက်ရွံ့စရာ ရာဇဝတ်မှုတွေကို ပြန်ပြောင်းပြောပြတဲ့ ခရီးဖြစ်ခဲ့ပါတယ်။

စီကော့ စခန်းက အကျဥ်းသားတွေဟာ တစ်နေ့ကို အခန်းအပြင်မှာ မိနစ် ၃၀ ပဲ နေခွင့်ရပါတယ်

ဓာတ်ပုံ ရင်းမြစ်, Lissette Lemus/BBC

ဓာတ်ပုံ ပုံစာ, စီကော့ စခန်းက အကျဥ်းသားတွေဟာ တစ်နေ့ကို အခန်းအပြင်မှာ မိနစ် ၃၀ ပဲ နေခွင့်ရပါတယ်

‘‘ကိုယ်နဲ့ တစ်ရပ်ကွက်တည်းနေတာတောင် ကျွန်တော့်ဦးလေးကို မတွေ့ရတဲ့နှစ်တွေမှ အကြာကြီးပဲ’’ လို့ ဓာတ်ပုံဆရာက ဆက်ပြောပါတယ်။ သူ့ပြောဆိုချက်က ပြိုင်ဘက်ဂိုဏ်းတွေ ယှဥ်ပြိုင်မှုကြားက ဆယ်စုနှစ်ချီကြာအောင် ကန့်သတ်ထားတဲ့ မမြင်နိုင်တဲ့အဟန့်အတားကို ထင်ဟပ်ပါတယ်။

‘‘သွားပြီဆိုရင်လည်း အသက်ရှင်ပြီးပြန်လာဖို့မဖြစ်နိုင်ဘူး’’

ဒီလိုအလားတူ ဇာလမ်းတွေကို လမ်းဘေးစျေးတွေနဲ့ ပိုဆင်းရဲတဲ့အရပ်တွေမှာ မြို့ထဲက ဟိုတယ်တွေထဲမှာ၊ ကမ်းခြေမှာ၊ ဖေဖော်ဝါရီလ ၄ ရက် ရွေးကောက်ပွဲ မတိုင်ခင်ရက်တွေမှာ ကျွန်မ ကြားခဲ့ရပြီးဖြစ်ပါတယ်။

မဲရလဒ်ဟာ ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း ဘူခဲလေ တစ်ယောက် မြေကြီးလက်ခတ်မလွဲနိုင်မယ်ဆိုတာကို တနည်းတဖုံပြောပြနေတဲ့ နိုင်ငံအတွင်းအရေးပေါ် အခြေအနေ ကြေညာချက်ကို ထောက်ခံတာတွေလည်းရှိပါတယ်။

ကိုယ့်အိမ်ရှေ့မှာ ငွေညှစ်တာနဲ့ လမ်းထောင့်မှာ အကြမ်းဖက်တာတွေနဲ့ ဆယ်စုနှစ်ချီကြာအောင် နေလာခဲ့ရတဲ့ ကျွန်မ စကားပြောခဲ့တဲ့နိုင်ငံသားတွေကတော့ လုံခြုံရေးအတွက် ဘူခဲလေ သမ္မတ ဆက်ဖြစ်မှာကို လဲလှယ်ရမယ်ဆိုလည်း လဲကြမယ့် အခြေအနေပါ။