ဟီရိုရှီးမားမှာ ချထားတဲ့ ယူကရိန်းအလံရောင် ဖဲကြိုးနဲ့ချည်တဲ့ ပန်းစည်း - မေ ၂၁ရက်၊ နိုင်ငံတကာ ထိပ်တန်းသတင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
စက်မှုထိပ်သီး ၇ နိုင်ငံ အဖွဲ့ G7 ရဲ့ ထိပ်သီး အစည်းအဝေး ကျင်းပနေခဲ့တဲ့ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ ယူကရိန်း သမ္မတ ဇာလန်းစကီး လည်း ရှိနေခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ် နျူကလီယာဗုံးကြောင့် သေဆုံးခဲ့ရသူတွေ အတွက် ရည်စူးထားရှိတဲ့ ဟီရိုရှီးမားရဲ့ နာမည်ကျော် နေရာဖြစ်တဲ့ Peace Memorial ငြိမ်းချမ်းရေး အထိမ်းအမှတ်နေရာမှာ သမ္မတ ဇာလန်းစကီး ပန်းစည်းချခဲ့ပါတယ်။
အဲဒီပန်းစည်းဟာ ယူကရိန်း အလံရဲ့ အရောင်တွေ အတိုင်း ဖြစ်နေတဲ့ ဖဲကြိုးနဲ့ ချည်နှောင်ထားတာ ဖြစ်တာကြောင့် ရုရှားရဲ့ ကျုးကျော် တိုက်ခိုက်မှု ခံနေရတဲ့ ယူကရိန်းရဲ့ အဖြစ်ကို သင်္ကေတဆောင်နေပြီး၊ မြင်ရသူတွေ အတွက် အင်မတန် စိတ်ထိခိုက် ခံစားရစေပါတယ်။
G7 ထိပ်သီး အစည်းအဝေး အဆုံးသတ်တဲ့ ဒီကနေ့ မေလ ၂၁ ရက်၊ တနင်္ဂနွေနေ့ အစောပိုင်းတုန်းကလည်း သမ္မတ ဇာလန်းစကီးဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံခဲ့ရာမှာ၊ သမ္မတဘိုင်ဒင်က ယူကရိန်း အတွက် အမေရိကန်က ထပ်မံ ပေးအပ်တဲ့ စစ်ဘက်ဆိုင်ရာ အကူအညီတွေ အကြောင်း ကြေညာပါတယ်။
အဲဒီ အကူအညီတွေထဲ လက်နက်ကြီးတွေ၊ သံချပ်ကာကားတွေ အပါအဝင် လက်နက်ခဲယမ်းမီးကျောက်တွေ ပါဝင်ပါတယ်။
ဘာ့ခ်မွတ်မြို့ကို ထိန်းချုပ်နိုင်ပြီလို့ ရုရှားဘက်က ပြောဆိုမှုနဲ့ ပတ်သက်ပြီး သတင်းထောက် တစ်ဦးက မေးတဲ့ အပေါ် သမ္မတ ဇလန်စကီးက အခုလို တုံ့ပြန် ခဲ့ပါတယ်။
“မဟုတ်ပါဘူး။ ဒါပေမဲ့အဲဒီနေရာမှာ ဘာမှ မရှိတော့ဘူး ဆိုတဲ့ အချက်ကိုလည်း သဘောပေါက်ဖို့ လိုပါတယ်။ သူတို့ အားလုံးကို ဖျက်ဆီးထားပါတယ်။ အဆောက်အအုံရယ်လို့ မရှိတော့ပါဘူး။ ဒါဟာ အင်မတန် ကြေကွဲစရာ ဖြစ်ပါတယ်” ဆိုပြီး သမ္မတ ဇာလန်းစကီး ပြောသွားပါတယ်။
အခု G7 ထိပ်သီး အစည်းအဝေးနဲ့ တဆက်တစပ်တည်းမှာပဲ အမေရိကန် သမ္မတ ဘိုင်ဒင်ဟာ ဂျပန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေနဲ့လည်း ၃ ပွင့်ဆိုင် သီးသန့် တွေ့ဆုံပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီယာ ခြိမ်းခြောက်မှု အန္တရာယ်ကို ဆွေးနွေးတာ ဖြစ်ပါတယ်။
ဝါရှင်တန်ဒီစီမြို့တော်မှာလည်း အခုလို ၃ ပွင့်ဆိုင် တွေ့ဆုံကြဖို့ရာ အမေရိကန်ကို အခုနှစ်မကုန်ခင် လာကြဖို့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနဲ့ တောင်ကိုရီးယား သမ္မတ ယွန်ဆတ်ခ်ယောလ်ကို သမ္မတ ဘိုင်ဒင်က ဖိတ်ခေါ်ခဲ့ပါတယ်။
ကတ်ကိုဘိန်း စင်ပေါ် ရိုက်ချိုးခဲ့တဲ့ ဂီတာ နယူးယောက်လေလံပွဲမှာ ဒေါ်လာ ၆ သိန်းရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်ရဲ့ နာမည်ကျော် ရော့ခ် တီးဝိုင်းတစ်ခု ဖြစ်တဲ့ နီဗားနား အဖွဲ့ရဲ့ ကွယ်လွန်သူ အဆိုတော်၊ ဂီတပညာရှင် ကတ်ကိုဘိန်း စင်ပေါ်မှာ ရိုက်ချိုးခဲ့တဲ့ ဂီတာကို နယူးယောက်မြို့မှာ လေလံတင် ရောင်းချခဲ့တာမှာ ဒေါ်လာ ၆ သိန်းနီးပါး ရရှိခဲ့ပါတယ်။
အဲဒီဂီတာဟာ အခု ပြန်ပြီး ဆက်ထားပေမယ့်၊ တကယ် တီးလို့တော့ မရတော့ပါဘူး။ ဒေါ်လာ ၆ သောင်း လောက် ရမယ်လို့ မှန်းထားရဟာ ဆယ်ဆလောက် ပိုရခဲ့တာ ဖြစ်ပါတယ်။
ကတ်ကိုဘိန်းဟာ ၁၉၉၄ နှစ်တုန်းက ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားခဲ့ပါတယ်။ သူ့ရဲ့ ပြင်းထန် ပေါက်ကွဲတဲ့ တင်ဆက်မှုတွေ၊ ဒေါသနဲ့ အရိုင်းဆန်တဲ့ အငွေ့အသက်တွေ လွှမ်းထားတဲ့ ဂီတပုံစံဟာ ခေတ်ပြိုင် လူငယ်တွေ အပေါ် လွှမ်းမိုးခဲ့ပြီး၊ အခုချိန်ထိအောင် ရော့ခ်ဂီတ သမိုင်းရဲ့ အရေးကြီးတဲ့သူ တစ်ဦး အဖြစ် အသိအမှတ်ပြု ခံရပါတယ်။
အယ်လ်ဆာဗေးဒိုး ဘောလုံးကွင်းမှာ လူအုပ်ပိပြီး ၁၂ ဦး ထက်မနည်း သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗဟို အမေရိက နိုင်ငံတစ်ခု ဖြစ်တဲ့ အယ်လ်ဆာဗေးဒိုး El Salvador ရဲ့ မြို့တော်မှာ၊ ဘောလုံးကွင်းထဲကို ဝင်ဖို့ လူအုပ်ကြီးက တိုးကြတဲ့ အတွက်၊ လူပိပြီး သေဆုံးကြရတဲ့ အထိ ဖြစ်ခဲ့ပါတယ် လူ ၁၂ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ မြို့တော် ဆန်ဆာဗေးဒိုးက လာတဲ့ သတင်းတွေက ဆိုပါတယ်။ ဒေသခံ ပြိုင်ဘက် နှစ်သင်း ကန်တဲ့ ပွဲမှာ ဂိတ်ပေါက်တွေ အားလုံး ပိတ်သွားခဲ့တဲ့ နောက်မှာကို ကွင်းထဲကို ဝင်နိုင်ဖို့ လူအုပ်ကြီးက စုပြုံ တိုးဝှေ့နေခဲ့တာ ဖြစ်ပါတယ်။ အခုလို ဖြစ်ရတာဟာ လက်မှတ် အတုတွေ ရောင်းချထားတဲ့ ပြဿနာကြောင့်လည်း တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်တယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ယူဆထားပါတယ်။
ပူတင်ကိုဝေဖန်သူတွေ အဆိပ်နဲ့တိုက်ခိုက်ခံရမှု ဂျာမနီမှာ ဖြစ်ခဲ့လား စုံစမ်းနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျာမနီနိုင်ငံမှာ ရုရှားသမ္မတ ပူတင် အစိုးရအပေါ် ဝေဖန်မှုတွေ ပြုလုပ်နေသူ နှစ်ဦး အဆိပ်ခတ် ခံခဲ့ကြရတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး၊ ဂျာမန် ရဲတပ်ဖွဲ့က အဲဒီ ကိစ္စအပေါ် စုံစမ်း နေပါတယ်။
“ဖရီးရုရှား” ရုရှားလွတ်မြောက်ရေး ဖောင်ဒေးရှင်းကို ဦးဆောင်သူ နာတာလီယာ အာနိုနဲ့ နာမည်မဖော်လိုတဲ့ အတိုက်အခံ ရုရှား သတင်းစာ ဆရာ တစ်ဦးတို့ဟာ ဂျာမနီနိုင်ငံထဲ ပြီးခဲ့တဲ့ ဧပြီလ နှောင်းပိုင်းတုန်းက ကွန်ဖရင့်စ် အစည်းအဝေးတစ်ခု တက်ရောက် နေခဲ့ကြတုန်း အတိုက်အခိုက် ခံခဲ့ကြရတာ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။
နာတာလီယာ အာနိုဟာ ဂျာမနီကနေ သူ အခြေစိုက်တဲ့ အမေရိကန်ကို ပြန်ရောက် ခဲ့ပြီးတဲ့နောက် နာမကျန်း ဖြစ်လာခဲ့ပြီး၊ ဆေးရုံ တင်လိုက်ရပါတယ်။ ကရင်မလင်ကို ဝေဖန်သူတွေဟာ အဆိပ်အသုံးပြု အတိုက်အခိုက် ခံရတာမျိုး အခုနှစ်ပိုင်းတွေမှာ အတော်လေး တွေ့လာရပါတယ်။ တချို့ဆိုရင် သေဆုံးသွားကြပါတယ်။ ရုရှားကတော့ အဲဒီဖြစ်ရပ်တိုင်းမှာ သူတို့နဲ့ မသက်ဆိုင်ဘူးလို့ အမြဲပဲ ငြင်းဆို ခဲ့ပါတယ်။
လက်ရှိ အာဏာရ ဗဟိုလက်ျာ ဒီမိုကရေစီပါတီသစ် အခြေအနေကောင်းတဲ့ ဂရိရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဂရိနိုင်ငံမှာ ပါလီမန်ရွေးကောက်ပွဲ ဒီကနေ့ ကျင်းပပါတယ်။ မဲထည့်ခဲ့သူတွေကို ကောက်ခံကြည့်တဲ့ စစ်တမ်းတွေ အရ လက်ရှိ အာဏာရ ဗဟိုလက်ျာပါတီ ဖြစ်တဲ့ ဒီမိုကရေစီသစ်ပါတီဟာ ကျန်တဲ့ ပါတီတွေနဲ့ နှိုင်းယှဉ်ရင် ပါလီမန်ခုံနေရာ ပိုမို ရရှိနိုင်တယ် ဆိုတာ ပြသနေပါတယ်။ ဒါပေမဲ့လည်း ခုံနေရာ
အများစုဟာ ဒီမိုကရေစီသစ်ပါတီ တစ်ခုထဲရဲ့ လက်ထဲ ရောက်ပြီး အပြတ်အသတ် နိုင်တဲ့ အနေအထားမျိုးတော့ မဟုတ်ဘူးလို့လည်း အကဲခတ်တွေက ဆိုပါတယ်။
လက်ရှိမှာတော့ ဂရိနိုင်ငံရဲ့ စီးပွားရေးဟာ အရှိန်နဲ့ တိုးတက်နေပါတယ်။ တစ်ဖက်မှာလည်း လူနေမှုစားရိတ်လည်း ကြီးမြင့်လာတဲ့ အတွက် လုပ်ခလစာတွေ၊ ပင်စင်တွေ တိုးပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။
ဒီမိုကရေစီသစ်ပါတီရဲ့ ခေါင်းဆောင် လက်ရှိ ဝန်ကြီးချုပ် ကရီယာကို့စ် မစ်ဆိုတားကစ်(စ) Kyriakos Mitsotakis ပြောတာက ….
“ဒီကနေ့ဟာ အနာဂတ် အရေးအတွက် မဲထည့်ခဲ့ကြတာ ဖြစ်ပါတယ်။ ပိုမိုမြင့်မားတဲ့ လုပ်ခလစာ၊ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ အတူ နိုင်ငံတော်ရဲ့ ကျန်းမာရေး စနစ်၊ လူမှု ဖူလုံရေး စနစ်တွေ အတွက်လည်း မဲထည့် ခဲ့ကြတာ ဖြစ်ပါတယ်။ ဂရိဟာ ဥရောပ တိုက်မှာ ပိုမို အားကောင်းတဲ့နိုင်ငံ၊ အရေးပါတဲ့ နိုင်ငံ ဖြစ်ဖို့နဲ့ လုံခြုံတဲ့ နယ်နိမိတ်တွေ ရှိဖို့လည်း အခု ရွေးကောက်ပွဲမှာ မဲထည့်ကြတာ ဖြစ်ပါတယ်။ရွေးကောက်ပွဲ ဆိုတာ ဒီမိုကရေစီရဲ့ အောင်ပွဲခံမှု၊ ဒီမိုကရေစီရဲ့ အနှစ်သာရပဲ ဖြစ်တယ်” ဆိုပြီး ပြောသွားပါတယ်။
ဆူဒန်ရဲ့ နောက်တချီ အပစ်ရပ်မှု ဘယ်လောက် ခိုင်မြဲမလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆူဒန်နိုင်ငံမှာတော့ လက်နက်ကိုင်တပ်ချင်း စည်းလုံးမှု ပြိုကွဲပြီး တိုက်ခိုက် နေကြတဲ့ ဆူဒန်စစ်တပ်နဲ့ အမြန်ထောက်ပံ့ရေးတပ် RSF လို့ ခေါ်တဲ့ ပြည်သူ့ စစ် အဖွဲ့တို့ သီတင်းတစ်ပတ်ကြာ အပစ်ရပ်ထားဖို့ သဘောတူလိုက် ကြပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့တော်မှာ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့ကြပြီးတဲ့နောက် နှစ်ဖက်ကိုယ်စားလှယ်တွေ လက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ ဆော်ဒီ ကြားဝင် ညှိနှိုင်း ပေးခဲ့ကြတာ ဖြစ်ပြီး ဆူဒန်ထဲ စာနာမှု ဆိုင်ရာ အကူအညီတွေ လိုအပ်နေတဲ့ သန်းနဲ့ချီတဲ့ အရပ်သားတွေထံ အရေးပေါ် အထောက်အပံ့တွေ အရောက်ပို့ဆောင်နိုင်ရေး အတွက်လည်း အပြိုင် တပ်ဖွဲ့ နှစ်ဖွဲ့ စလုံးဘက်က ကတိပြု ပါတယ်။
ဒါ့အပြင် ဆေးရုံတွေ ကနေလည်း နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထွက်ခွာပေးမယ် ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။
အရင်ကလည်း အပစ်ရပ် သဘောတူမှု အကြိမ်ရေတချို့ ရယူခဲ့ပေမယ့် မခိုင်မြဲခဲ့ပါဘူး။ အမြဲပဲ ကျိုးပေါက်ပြီး တိုက်ပွဲတွေ မရပ်နိုင် ဖြစ်နေခဲ့ပြီး၊ ပြီးခဲ့တဲ့ သီတင်းငါးပတ်တာ ကာလ အတွင်း မြို့တော် ခါတူးမ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်လတ်မှုတွေ ပေါ်ပေါက် နေခဲ့ပါတယ်။








