ရွေးကောက်ပွဲအပိုင်း ၂ က အပိုင်း ၁ ထက် တိုက်ခိုက်မှုပိုလာ

ဓာတ်ပုံ ရင်းမြစ်, NUG
စစ်တပ်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပတဲ့ ဇန်နဝါရီ ၁၁ ရက်မှာ ပဲခူးနဲ့ မကွေးတိုင်းထဲ ရွေးကောက်ပွဲပြုလုပ်တဲ့မြို့နယ်အချို့မှာ မိုင်းပေါက်ကွဲတာ၊ ရှော့တိုက်ဒုံးနဲ့ လက်နက်ကြီးအသုံးပြုတိုက်ခိုက်တာနဲ့ ဒရုန်းအသုံးပြု ဗုံးကြဲတာတွေဖြစ်ခဲ့ပါတယ်။
အထွေထွေအုပ်ချုပ်ရေးရုံး၊ မဲရုံဝန်းကျင်၊ ရဲစခန်း၊ စစ်တပ်နဲ့ ဝန်ထမ်းအိမ်ရာတချို့ ဦးတည်တိုက်ခိုက်ခံရတာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် ရွေးကောက်ပွဲ အပိုင်း ၂ ဟာ အပိုင်း ၁ ထက် တိုက်ခိုက်မှုပိုလာတယ်ဆိုတဲ့အချက်လည်း မြင်သာလာပါတယ်။
"အဓိကတော့ ပြည်သူကို ခြိမ်းခြောက်မဲထည့်ခိုင်းလို့ တိုက်ရတာပဲ။ ပြည်သူ့ဆန္ဒအတိုင်း လွတ်လပ်စွာလုပ်ခွင့်ရှိရင် ကျွန်တော်တို့ တိုက်ခိုက်စရာအကြောင်း မရှိဘူး" လို့ ပဲခူးတိုင်း၊ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။
မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ သူတို့အဖွဲ့ဟာ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)နဲ့အတူ မင်းလှမြို့၊ လမ်းမတော်လမ်းမှာရှိတဲ့ တရုတ်ကျောင်းမဲရုံအနီးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
ဒီဖြစ်စဥ်မှာ လူထိခိုက်သေဆုံးမှု ရှိ မရှိ မသိရပေမဲ့ ပဲခူးတိုင်း၊ ထန်းတပင်မြို့မှာတော့ ဒရော့ဗုံးချ တိုက်ခိုက်ခံရလို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့လက်ထောက်ညွှန်ကြားရေးမှုး တစ်ဦး သေဆုံးတယ်လို့ မြေပြင်သတင်းအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။
ဂန့်ဂေါနဲ့ စလင်းမြို့နယ်ထဲက ရွေးကောက်ပွဲ အပိုင်း ၂

ဓာတ်ပုံ ရင်းမြစ်, ဂန့်ဂေါခရိုင်စစ်ဌာန
မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်ကို ရွေးကောက်ပွဲ မတိုင်ခင်တစ်ရက်အလို ဒီဇင်ဘာ ၁၀ ရက်ကတည်းက ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တာတွေရှိခဲ့တယ်လို့ မြို့ပေါ်နေသူ ၂ ဦးက ဘီဘီစီကို ပြောပါတယ်။
"မနေ့ (ဇန်နဝါရီ ၁၀ ရက်)ကစပြီး မြို့ပေါ်ကို ရှော့တိုက်ဒုံး ပစ်သံတွေ တဒုံးဒုံးနဲ့ ကြားနေရတာ ဆက်တိုက်ပဲ" လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဂန့်ဂေါမြို့အခြေစိုက် စစ်တပ်ခြေလျင်တပ်ရင်း ခလရ ၅၀နဲ့ ဝန်ထမ်းအိမ်ရာနေရာတွေကို ဒီဇင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်မှာ ဂန့်ဂေါခရိုင်စစ်ဌာန လက်အောက်ခံတပ်ရင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်တယ်လို့ ဒေသတွင်းစစ်ရေးသတင်းတွေဖော်ပြနေတဲ့ ယောအလင်းတန်းသတင်းက ဆိုပါတယ်။
ဂန့်ဂေါမြို့ခံတစ်ဦးက "မနက်စောစောပဲ မဲသွားပေးကြတယ်။ အစိုးရရုံးနေရာတွေကို ရှောင်ကွင်းသွားကြတာပေါ့။'' လို့ ဘီဘီစီကို ပြောပါတယ်။
မြို့ခံတွေကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက် နေ့လည်ပိုင်းအရောက်မှာတော့ မြို့ထဲမှာ ပစ်ခတ်သံတွေကြားရသလို လူသွား လူလာလည်း ရှင်းသွားပြီလို့ သူက ပြောပါတယ်။
ဂန့်ဂေါ်မြို့ပေါ်က တိုက်ခိုက်မှုတွေအတွင်း စစ်ကော်မရှင်တပ် တပ်ဖွဲ့ဝင် ၅ ဦးထက်မနည်းနဲ့ မိသားစုဝင်တချို့ ထိခိုက်ဒဏ်ရာရတယ်လို့ ယောအလင်းတန်းသတင်းက ဖော်ပြပါတယ်။
ဘီဘီစီရဲ့သတင်းအရင်းအမြစ်က ရှော့တိုက်ဒုံးတွေဟာ လူနေအိမ်တွေ အပေါ်ကျရောက်ပေါက်ကွဲလို့ အရပ်သား ၃ ဦး ထိခိုက်တယ်လို့ ဆိုပါတယ်။
ဂန့်ဂေါခရိုင်စစ်ဌာနနဲ့ ပူးပေါင်းအဖွဲ့တွေက ခရိုင်ထဲက စစ်တပ်စခန်းတွေနဲ့ ပြည်သူ့စစ် (အရပ်အခေါ် ပျူစောထီး)ရွာတွေကို Yawland Operation နာမည်နဲ့ စစ်ဆင်ရေးတစ်ခုကို ရွေးကောက်ပွဲ အပိုင်း ၁ မစခင် ဒီဇင်ဘာ ၂၇ ရက်မှာ စတင်ခဲ့ပါတယ်။
ဒီစစ်ဆင်ရေးမှာ ဝင်ဝရွာနဲ့ ရွှေမြစ်သာရွာတွေကို ဂန့်ဂေါခရိုင်စစ်ဌာနက သိမ်းခဲ့ပါတယ်။
စစ်တပ်က ရွေးကောက်ပွဲအပိုင်း ၂ ထဲမှာ ဂန့်ဂေါမြို့နယ်ကို ထည့်သွင်းထားပေမဲ့ မြို့နယ်ရဲ့ နယ်မြေအများစုမှာ ရွေးကောက်ပွဲမလုပ်နိုင်ဘူးဆိုတာကို ရွေးကောက်ပွဲကော်မရှင်ရဲ့ အချက်အလက်မှာ မြင်နိုင်ပါတယ်။
ဂန့်ဂေါ်မြို့နယ်ရဲ့ မြို့ပေါ်ရပ်ကွက် ၇ ခုထဲက ၄ ခုမှာပဲ မဲရုံထားရှိနိုင်ပါတယ်။
မြို့ပေါ်ထက် လူနေပိုများတဲ့ကျေးလက်ဒေသဘက်မှာတော့ ကျေးရွာအုပ်စု ၇၀ ထဲက အုပ်စု ၁ ခုမှာပဲ ရွေးကောက်ပွဲလုပ်နိုင်တယ်လို့ ကော်မရှင်က အစောပိုင်းမှာ ကြေညာပါတယ်။
တိုက်ခိုက်မှုတွေကြားက မြို့ပေါ် ကွက်ကွက်လေးမှာပဲ ရွေးကောက်ပွဲဖြစ်မြောက်အောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
"ဂန့်ဂေါနယ်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ၂ ခု ဆုံရာမှာ ရှိတယ်။ ဒီနေရာက ရခိုင်အတွက်အရေးပါတဲ့ ထွက်ပေါက်နေရာမှာ ရှိနေလို့ စစ်တပ်က ဖျာတစ်ချပ် စာနေရာရရင်တောင် ရွေးကောက်ပွဲလုပ်တာ တွေ့ရတယ်။ အေအေနဲ့ CB(ချင်းညီနောင်) ကျွံဝင်လာနိုင်တဲ့နေရာကို စစ်အခင်းအကျင်းရှိတဲ့နေရာမှာ ကြိုဖြန့်ထားတဲ့သဘောပဲ" လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းအရ ဂန့်ဂေါမြို့နယ်မှာ တခြားပါတီက ပြိုင်သူ မရှိတာကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ အမတ်လောင်းကပဲ မပြိုင်ခင်ကတည်းက နိုင်နှင့်နေပြီးဖြစ်တာ တွေ့ရပါတယ်။
ဂန့်ဂေါမြို့နယ်လိုပဲ ရွေးကောက်ပွဲမတိုင်ခင် NUG ကာကွယ်ရေးက စစ်ဆင်ရေးဖော်ဆောင်ခဲ့တဲ့ စလင်းမြို့နယ်မှာလည်း စစ်တပ်က ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ဦးစားပေးလုပ်ပါတယ်။
ဒီဇင်ဘာ ၂၃ ရက်ကတည်းက စလင်းမြို့နယ်ထဲက ဆင်ဖြူကျွန်းမြို့နဲ့ စလင်းမြို့တို့ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေက ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဆင်ဖြူကျွန်းမြို့ပေါ်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် ဇန်နဝါရီ ၁၁ ရက် ရွေးကောက်ပွဲ အပိုင်း ၂ ကို မကျင်းပနိုင်လောက်တော့ဘူးလို့ မြို့ခံတချို့က ခန့်မှန်းခဲ့ကြပါတယ်။
ဆင်ဖြူကျွန်းဒေသခံတစ်ဦးက "မြို့မှာ လူမကျန်လည်း လုပ်မယ့်ပုံစံပဲ။ မဲရုံတွေ ပြင်တာ၊ ရဲနဲ့စစ်တပ်အင်အား တိုးချလာတာတွေ တွေ့ရတယ်" လို့ ပြောပါတယ်။ ရွေးကောက်ပွဲ ဒုတိယပိုင်း မလုပ်ခင် ရက်ပိုင်းအလိုမှ သူက မြို့ကနေ တိမ်းရှောင်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက မြင်ခဲ့ တွေ့ခဲ့ရတာကို ပြန်ပြောခဲ့တာပါ။
ဘီဘီစီရဲ့သတင်းအရင်းအမြစ်တွေက ဆင်ဖြူကျွန်းမြို့ပေါ်ကနေ တိမ်းရှောင်ကြပြီဖြစ်လို့ ရွေးကောက်ပွဲ ဒုတိယအပိုင်းကို ဆင်ဖြူကျွန်းမြို့မှာ ကျင်းပနိုင်တာမျိုး ရှိ မရှိ မသိရပါဘူး။
စစ်တပ်ကတော့ PDF တွေ ခြေကုပ်ယူထားတယ်လို့ ယူဆတဲ့ မြို့မြောက်ဘက်က ရွာတွေကို ရွေးကောက်ပွဲမလုပ်ခင် ဇန်နဝါရီ ၉ ရက်နဲ့ ၁၀ ရက်မှာ ဒရုန်းနဲ့ဗုံးကြဲတာကြောင့် စစ်ရှောင်အပါအဝင် အရပ်သား ၂၂ ဦး ထိခိုက်တယ်လို့ ပြည်သူ့ညီနောင်-စလင်းက သတင်းထုတ်ပါတယ်။
ပြည်သူ့ညီနောင်-စလင်းက စလင်းမြို့နယ်ထဲက စစ်ရေးသတင်းတွေကို ဖော်ပြနေတဲ့ ထောက်ပို့အဖွဲ့ဖြစ်ပါတယ်။
ဆင်ဖြူကျွန်းမြို့ခံရဲ့ ပြောပြချက်အရ မြို့ပေါ်မှာ လမ်းကြိုလမ်းကြားမကျန် ကြိုးဆွဲမိုင်းတွေ ထောင်ထားတာကြောင့် မြို့မှာ ဆက်မနေရဲဘဲ စစ်ရှောင်လာရတာလို့ ဆိုပါတယ်။
"ဘယ်အဖွဲ့က ထောင်မှန်းတော့ မသိပါဘူး။ အန္တရာယ်များလို့ မြို့မှာ လူကုန်နီးပါး ထွက်ကုန်ကြပြီ။ ရွေးကောက်ပွဲလုပ်ရင် ဘယ်သူ မဲပေးမလဲတော့ မသိဘူး" လို့ မြို့ခံက ပြောပါတယ်။
ဆင်ဖြူကျွန်းမြို့ရဲ့ တောင်ဘက်မှာရှိတဲ့ စလင်းမြို့မှာတော့ ရွေးကောက်ပွဲ မတိုင်ခင်ရက်ပိုင်းအတွင်း စစ်တပ်က လုံခြုံရေးတိုးချလာတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
"ဒီမနက် (ဇန်နဝါရီ ၁၁ ရက်) ကနေစပြီး ပေါက်ကွဲသံတွေ ကြားနေရလို့ မဲသွားပေးဖို့ကို အခြေအနေ စောင့်ကြည့်နေတုန်းပဲ။" လို့ သူက ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်းမှာ ပြောပါတယ်။
စစ်ကော်မရှင် အာဏာပိုင်တွေ ဘက်က လုံခြုံရေးအာမခံချက် ပေးတယ်လို့ဆိုပြီး မဲလာထည့်ခိုင်း ပေမဲ့ ကြောက်စိတ်နဲ့သံသယကြောင့် မဲထည့်ဖို့ စဉ်းစားနေဆဲလို့ သူက ပြောပါတယ်။
ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပတဲ့ စလင်းမြို့မှာ ပုထိုးဖြူရပ်ကွက်နဲ့ မြေမိရပ်ကွက်က မဲရုံတွေအနီးကို ဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။
ဒါပေမဲ့ ဘယ်အဖွဲ့က တိုက်ခိုက်တယ်ဆိုတာကိုတော့ သက်ဆိုင်ရာအဖွဲ့က ထုတ်ပြန်တာမရှိသေးပါဘူး။
ထွေအုပ်အရာရှိ သေဆုံးတဲ့ ပဲခူးတိုင်းထဲက တိုက်ခိုက်မှု

ဓာတ်ပုံ ရင်းမြစ်, MOI
မြို့နယ် ၁၂ ခုမှာ ရွေးကောက်ပွဲပြုလုပ်ခဲ့တဲ့ ပဲခူးတိုင်းထဲမှာတော့ ထန်းတပင်မြို့နဲ့ မင်းလှမြို့တို့မှာ တိုက်ခိုက်မှုတွေ ရှိပါတယ်။
ရွေးကောက်ပွဲ ဒုတိယပိုင်းနေ့၊ ဇန်နဝါရီ ၁၁ ရက်မှာ ရွေးကောက်ပွဲဆိုင်ရာ အစည်းအဝေးပြုလုပ်နေတဲ့ ထန်းတပင်မြို့လယ်က အထွေထွေအုပ်ချုပ်ရေးမှူးရုံးပေါ် ဒရုန်းနဲ့ ဗုံးကြဲခံရပါတယ်။
အစည်းအဝေးတက်ရောက်နေတဲ့ ခရိုင်ထွေအုပ်ရဲ့လက်ထောက်ညွှန်ကြားရေးမှူး ၁ ဦး သေဆုံးပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦး ပြင်းထန်ဒဏ်ရာရတယ်လို့ မြေပြင်သတင်းအရင်းအမြစ်က ဘီဘီစီကို ပြောပါတယ်။
ထွေအုပ်ရုံးတိုက်ခိုက်ခံရပေမဲ့ မဲရုံတွေ ပိတ်လိုက်တာတော့ မရှိဘူးလို့ သူက ပြောပါတယ်။
မြို့ခံတစ်ဦးကလည်း"ပေါက်ကွဲသံကြားပြီးကတည်းက မြို့ပေါ်မှာ ဘယ်သူမှ မသွားရဲကြတော့ဘူး။ ဒီမတိုင်ခင်လည်း မဲပေးတဲ့သူက မများပါဘူး" လို့ သူက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ မသိရသေးပါဘူး။
ထန်းတပင်မြို့မှာ မဲလက်မှတ်တွေ အိမ်တိုင်ရာရောက် လာပေးထားတာကြောင့် မဲပေးသူ စာရင်းထဲ ပါဝင်ဖို့အတွက်သာ မဲပေးတာဖြစ်တယ်လို့ သူက ပြောပါတယ်။
"နားအေးတယ်ဆိုပြီး သွားပေးလိုက်တာ။ ရွေးကောက်ပွဲပြီးရင်လည်း ဘာမှ ထူးခြားလာမှာ မဟုတ်ပါဘူး"လို့ ထန်းတပင်မြို့ခံက ပြောပါတယ်။
ပဲခူးတိုင်းထဲက မင်းလှမြို့မှာလည်း ဒီနေ့မနက်ပိုင်းတုန်းက မိုင်းဖောက်ခွဲမှုတစ်ခု လုပ်ခဲ့တယ်လို့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
လမ်းမတော်လမ်း၊ တရုတ်ကျောင်း မဲရုံအနီးမှာ ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။
ရွေးကောက်ပွဲမှာ မဲပေးဖို့ ဖိအားပေးတာကြောင့် အခုလိုတိုက်ခိုက်တာလို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဘီဘီစီကို ပြောပါတယ်။
"ထိခိုက်မှု ရှိ မရှိတော့ မသိရဘူး။ ပြန်ဆုတ်လာခဲ့ရလို့။ မြို့ထဲမှာက လုံခြုံရေးလည်း တင်းကျပ်ထားတယ်"လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
မြို့ခံတွေရဲ့အပြောအရ မင်းလှမြို့နယ်မှာ မဲမထည့်ရင် ဒဏ်ငွေနဲ့ ထောင်ဒဏ်ကျခံ ရမယ်လို့ အုပ်ချုပ်ရေးဘက်က ခြိမ်းခြောက်တာ၊ လူငယ်ဆိုရင် စစ်မှုထမ်းရမယ် လို့ ခြိမ်းခြောက်တာနဲ့ စစ်ရှောင်တွေကို နေရပ်ပြန်နေလို့ ဖိအားပေးတာတွေရှိတယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲနီးလာတဲ့ကာလမှာ စစ်တပ်က ပဲခူးရိုးမအပေါ် စစ်ကြောင်းထိုး လာတာရှိတယ်လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
စစ်ကော်မရှင်က ရွေးကောက်ပွဲအပိုင်း ၂ ကို ပဲခူးတိုင်းထဲက မြို့နယ် ၁၂ ခုမှာ ကျင်းပတယ်လို့ ကြေညာထားပေမဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၄၈ ခုမှာ မကျင်းပနိုင်ပါဘူး။
ထန်းတပင်မြို့နယ်ရဲ့မြို့ပေါ်ရပ်ကွက်မှာသာ လုပ်နိုင်ပြီး ကျေးရွာအုပ်စု ၂၉ စုရှိတဲ့ထဲက ၂၅ စုမှာ ရွေးကောက်ပွဲမလုပ်နိုင်တာကို UEC နဲ့သန်းခေါင်စာရင်းအချက်အလက်ကို တိုက်ဆိုင်ကြည့်ချက်အရ သိရပါတယ်။
မင်းလှမြို့နယ်မှာလည်း ကျေးရွာအုပ်စု ၉ ခုမှာ ရွေးကောက်ပွဲ မလုပ်နိုင်ပါဘူး။
ရွေးကောက်ပွဲအပိုင်း ၃ မှာတော့ ပဲခူးတိုင်းထဲက ကျောက်တံခါး၊ ကျောက်ကြီးနဲ့ ဖြူးအပါအဝင် မြို့နယ် ၉ ခုမှာ ဆက်လက်ကျင်းပမယ်လို့ စစ်ကော်မရှင်က ကြေညာထားပါတယ်။
ကျောက်တံခါးမြို့နယ်ထဲက တောကျွဲအင်းမြို့အပါအဝင် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က စစ်စခန်း ၁၄ ခုကို ဇန်နဝါရီ ၉ ရက်နေ့ တစ်ရက်တည်းမှာပဲ သိမ်းပိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါအပြင် ဇန်နဝါရီ ၁၁ ရက်မနက်ပိုင်းမှာ ဖြူးမြို့နယ် ဆားဂွန်းရွာမှာရှိတဲ့ စစ်တပ်စစ်ဆေးရေးဂိတ်ကိုလည်း ဒီနေ့မနက် ၅ နာရီ ဝန်းကျင်ခန့်မှာ တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်တောင်းမြစ်ဝှမ်းဒေသဖြစ်တဲ့ ရေတာရှည်မြို့နယ်ကနေ ကျောက်တံခါးမြို့နယ်အထိ စစ်ရေး တင်းမာနေတဲ့အနေအထားဖြစ်ပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၃ လုပ်မယ့် ကျောက်ကြီးနဲ့ ကျောက်တံခါးမြို့နယ်တွေဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ စစ်တပ်ထက် ကရင်အမျိုးသားအစည်းအရုံး(KNU)က နယ်မြေထိန်းချုပ်မှု ပိုလုပ်လာတဲ့မြို့နယ်တွေဖြစ်ပါတယ်။
ပဲခူးတိုင်းဟာ နေပြည်တော်အထိ တက်ပြီးတိုက်နိုင်တဲ့ စစ်တောင်းမြစ်ဝှမ်း အရှေ့ ခြမ်း၊ အနောက်ခြမ်းမှာ တော်လှန်ရေးအားကောင်းနေတဲ့ဒေသဖြစ်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။
CDM ဗိုလ်ကြီးဇင်ယော်က "ဇန်နဝါရီ ၂၅ လောက်အထိ ပဲခူးဘက်မှာ တိုက်ပွဲပြင်းလာနိုင်တယ်။ ရွေးကောက်ပွဲ ၃ ပိုင်းစလုံး ပြီးသွားပြီဆိုရင်တော့ စစ်ရေးအရ တိုးလာနိုင်တာက စစ်ကိုင်း၊ မကွေးနဲ့ ဧရာဝတီပဲ ဖြစ်လိမ့်မယ်" ဆိုပါတယ်။











