စစ်ခေါင်းဆောင်ဆီ စာပို့ပြီး ကြိုတင်မဲကိစ္စကို ပါတီတွေ မေးခွန်းထုတ်

ပလက်စတစ် ပုံးတစ်ပုံး၊ အပြာရောင် ခြင်း ၂ ခြင်းနဲ့ လုပ်ထားတဲ့ မဲပုံးတွေထဲက မဲတွေကို ရေတွက် နေသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း ၁ ကြိုတင်မဲ‌ရေတွက်နေတဲ့ အခြေအနေ

စစ်ကော်မရှင်ရဲ့ ရွေး‌ကောက်ပွဲ အပိုင်း ၁ ရလဒ်မှာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(USDP)က ကြိုတင်မဲတွေရဲ့ အားနဲ့ ရှေ့ကပြေးတဲ့အနိုင်ရပါတီ ဖြစ်နေတယ်လို့ ပါတီအချို့က ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ကြိုတင်မဲတွေရဲ့ ပွင့်လင်းမြင်သာမှုနဲ့ပတ်သက်လို့ ကြံ့ခိုင်ရေးပါတီကလွဲလို့ ရွေးကောက်ပွဲဝင်ပါတီအချို့က မေးခွန်းထုတ်လာကြပါတယ်။

ဒီကိစ္စကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် သတိထားမိအောင် ပါတီအချို့က ဗိုလ်ချုပ်မှူးကြီးထံ စာပေးပို့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

ပြည်သူ့ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)နဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က စစ်ခေါင်းဆောင်ဆီ စာပို့အကြောင်းကြားခဲ့ကြတာပါ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံကြချိန်မှာလည်း ကြိုတင်မဲကိစ္စကို အဓိကထား တင်ပြကြတယ်လို့ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ဘီဘီစီကို ပြောပါတယ်။

ကြိုတင်မဲနဲ့ ပတ်သက်လို့ ပါတီတွေရဲ့တွေ့ရှိချက်တွေ

၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း ၁ ကြိုတင်မဲ‌ရေတွက်နေတဲ့ အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း ၁ ကြိုတင်မဲ‌ရေတွက်နေတဲ့ အခြေအနေ

ဇန်နဝါရီလ ၆ ရက်တုန်းကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)နဲ့ ပါတီအချို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံပွဲကို တက်ခဲ့တဲ့ပါတီတစ်ခုရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက "ကြိုတင်မဲတွေ လိုက်စုတော့ UEC နဲ့ နောက်ထပ် ပါတီတစ်ခုလောက်ပဲ ပါတယ်။ ကျန်တဲ့ပါတီတွေက ပါဝင်ခွင့်မရခဲ့ဘူး"လို့ ပြောပြပါတယ်။

သူ့အပြောနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါပေမဲ့ အဲဒီပါတီခေါင်းဆောင်ရဲ့ အပြောအရ ကြိုတင်မဲတွေကို စုဆောင်းတဲ့သူတွေဟာ ရပ်/ကျေး အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ဖြစ်ကြသလို ရပ်/ကျေးအဖွဲ့ဝင်အများစုဟာလည်း ကြံ့ခိုင်ရေးပါတီဝင်တွေ ဖြစ်နေတာကြောင့် အများအထင်လွဲမှု မဖြစ်အောင် ပွင့်လင်းမြင်သာဖို့လိုတယ်လို့ သူက ဆက်ပြောပါတယ်။

ပြည်သူ့ပါတီ၊ ကျားဖြူပါတီနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ရဲ့ တာဝန်ရှိသူတွေကလည်း ရပ်/ကျေးကြိုတင်မဲ‌ကောက်ခံရာမှာ ပါတီကိုယ်စားလှယ်တွေထံ အကြောင်းကြားတာမရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဒီအချက်ကို ပါတီအများစုက UEC နဲ့တွေ့ဆုံချိန်မှာ အဓိက‌ထောက်ပြတာလို့လည်း ဆိုကြပါတယ်။

"ကြိုတင်မဲပေးမယ့်ဟာကို ကျွန်တော်တို့ ကိုယ်စားလှယ်ကိုရော၊ ပါတီကိုရော မခေါ်တော့ မသိရဘူးလေ။ နောက်တော့ တချို့နေရာ ဘယ်သူတွေ မဲပေးခဲ့လဲဆိုတာ မကပ်ထားဘူး" လို့ ကျားဖြူပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ဆိုပါတယ်။

ရွေးကောက်ပွဲအပိုင်း ၁ မှာ ကျားဖြူပါတီက လင်းခေးမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တစ်ခုမှာသာ အနိုင်ရထားတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲအပိုင်း ၁ ပြုလုပ်ခဲ့တဲ့ မြို့နယ် ၁၀၂ မြို့နယ်ရှိပါတယ်။ အဲဒီထဲက ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၀၂ ခုမှာ ကြံ့ခိုင်ရေးက ၈၉ နေရာနိုင်တယ်လို့ UEC က ထုတ်ပြန်ပါတယ်။ ကျန် ၁၃ နေရာကိုတော့ တစညနဲ့ တိုင်းရင်းသားပါတီ ၆ ခုက အနိုင်ရခဲ့တာပါ။

ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ်လောင်းတွေက တခြားပါတီကိုယ်စားလှယ်လောင်းတွေထက် တစ်ဦးချင်း ကြိုတင်မဲရရှိမှုမှာ သာလွန်နေတာ တွေ့ရတယ်လို့ ရွေးကောက်ပွဲရလဒ်တွေကို စောင့်ကြည့်တဲ့ Data for Myanmar သုတေသနအဖွဲ့ရဲ့အချက်အလက်အရ သိရပါတယ်။

ဒီအချက်အလက်ကို ရွေးကောက်ပွဲအပိုင်း ၁ လုပ်ခဲ့တဲ့ မြို့နယ် ၈၁ ခုက အချက်အလက်ကို အခြေခံတွက်ချက်ထားတာဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၁ ဦးရတဲ့ ကြိုတင်မဲ ၃ သိန်း ၄ သောင်းကျော်ရပြီး တခြားပါတီနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၆၂ ဦးက ကြိုတင်မဲ ၉ သောင်း ၄ ထောင်ကျော်သာ ရခဲ့တာပါ။

ကြံ့ခိုင်ရေးပါတီက ကြိုတင်မဲနဲ့အသာစီးရစေတဲ့ ထူးခြားတဲ့မြို့နယ်တွေကတော့

  • ကျောက်ဖြူ ခိုင်လုံမဲရဲ့ ၄၇ ရာခိုင်နှုန်း
  • သံတောင်ကြီး ခိုင်လုံမဲရဲ့ ၈၃ ရာခိုင်နှုန်း
  • ဘောလခဲ ခိုင်လုံမဲရဲ့ ၇၉ ရာခိုင်နှုန်း
  • ဟားခါး ခိုင်လုံမဲရဲ့ ၅၂ ရာခိုင်နှုန်း

ရပ်/ကျေးကော်မရှင်တွေက ကြိုတင်မဲကောက်ယူရာမှာ ကြံ့ခိုင်ရေးပါတီကသာ လိုက်ပါခွင့်ရတယ်ဆိုတဲ့အချက်ကိုလည်း ပါတီတွေဘက်က ထောက်ပြပါတယ်။

ဒီလို လိုက်ပါခွင့်မရတဲ့အချက်အပြင် တခြားအချက် ၃ ချက်ကိုလည်း ထောက်ပြကြတယ်လို့ ပါတီ တာဝန်ရှိသူတချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။

ကြိုတင်မဲနဲ့ ပတ်သက်လို့ ပါတီတွေ ဖြည့်စွက်ထောက်ပြချက် ၃ ချက်ရှိပါတယ်။

  • ကြိုတင်မဲပုံးရဲ့လုံခြုံရေးကြိုးက သတ်မှတ်တဲ့ကြိုးမဟုတ်တာ
  • ကြိုတင်မဲလက်မှတ်ရဲ့နောက်ကျောမှာ ရပ်/ကျေးကော်မရှင်ဥက္ကဋ္ဌလက်မှတ်မပါတာ
  • ကြိုတင်မဲကို အမှန်ခြစ်ရာမှာ တစ်ဦးတည်းက ရေးခြစ်တယ်လို့ ယူဆရတာတို့ဖြစ်ပါတယ်။

ကျားဖြူပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကတော့ "မူဆယ်က မဲရုံ ၁၈ ရုံထဲက ၁၇ ရုံမှာ ကျွန်တော်တို့ ပါတီနိုင်နေတာကနေ တစ်ရုံတည်းရဲ့ နောက်ကျမှ ရောက်လာတဲ့ ကြိုတင်မဲကြောင့် ကျွန်တော်တို့ ရှုံးသွားတယ်" လို့ ပြောပါတယ်။

နောက်ကျတဲ့ကြိုတင်မဲပုံး အကြောင်းအသေးစိတ် မေးမြန်းရာမှာတော့ ကျားဖြူပါတီဥက္ကဋ္ဌက ဖြေဆိုဖို့ ငြင်းဆိုပါတယ်။ ကြိုတင်မဲပုံးတွေဟာ ရွေးကောက်ပွဲရက်ရဲ့ မဲစတင်ပေးမယ့်အချိန်မတိုင်ခင်မှာ ရောက်ရှိနေရမှာ ဖြစ်ပါတယ်။

UEC ရဲ့ကြေညာချက်အရ မူဆယ်မြို့နယ်တစ်ခုလုံးမှာ USDP ပါတီကသာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတုန်းကတော့ မူဆယ်မြို့နယ်မှာ SNLD အနိုင်ရတာဖြစ်ပြီး ဒီရွေးကောက်ပွဲမှာ ဝင်မပြိုင်တဲ့ပါတီဖြစ်ပါတယ်။ ပါတီတွေက ကြိုတင်မဲကိစ္စကို တင်ပြပြောဆိုရာမှာ ကောလာဟလကိစ္စရပ်တွေကို မပြောဖို့ UEC က ပြောတယ်လို့ ဦးကျော်စွာစိုးက ပြောပါတယ်။

"UEC ကတော့ သူတို့ ကြိုတင်မဲကို အကောင်းဆုံးဖန်တီးပြီးလုပ်တယ်လို့ ပြောတယ်။ ပြစ်ချက်မရှိဘူးပေါ့ဗျာ။ ရှုံးသွားလို့ တောင်ပြောမြောက်ပြော ပြောတယ်ဆိုတဲ့ သဘောမျိုးပြောတာပေါ့" လို့ သူက ပြောပါတယ်။

ပါတီတွေဘက်က မဲရုံတိုင်းမှာ ကိုယ်စားလှယ်ထားပြီး စောင့်ကြည့်နိုင်ခြင်းမရှိတာကြောင့် ကြိုတင်မဲနဲ့ပတ်သက်လို့ UEC ကို တင်ပြရာမှာ တိကျခိုင်မာတဲ့သက်သေပြလို့ မရဖြစ်နေတယ်လို့ ပြည်သူ့ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဖေသက်က ပြောပါတယ်။

"ကျွန်တော်တို့ပါတီအနေနဲ့ မဲရုံမှာ တစ်ယောက်ချင်းစောင့်ဖို့က ခက်ခဲတယ်။ သင်္ဃန်းကျွန်းမြို့န ယ်မှာ မဲရုံ ၁၀၀ ရှိတာ လူ ၁၀၀ မစောင့်နိုင်ဘူး။ ပိုခက်ခဲတာက ကြိုက်တဲ့သူရှာပြီး စောင့်ခိုင်းလို့ မရဘူး။ အဲဒီရပ်ကွက်မှာ မဲစာရင်းပါတဲ့သူပဲ စောင့်ရမယ်ဆိုတော့ ပိုပြီးကျပ်တည်းတယ်" လို့ ဦးဖေသက်က ထောက်ပြပါတယ်။

ဒါက အခုရွေးကောက်ပွဲမှာ ပြောင်းလဲလိုက်တဲ့နည်းဥပဒေကြောင့်ဖြစ်ပြီး အရင်ရွေးကောက်ပွဲတုန်းက ဒီလိုသတ်မှတ်ချက်မရှိဘူးလို့ သူက ပြောပါတယ်။

ရွေးကောက်ပွဲအပိုင်း ၁ မှာ ကြုံခဲ့ရတဲ့ ကြိုတင်မဲပွင့်လင်းမြင်သာမှု အားနည်းချက်ကို ကျန်ရှိနေသေးတဲ့အပိုင်း ၂ နဲ့ ၃ မှာ မကြုံရဖို့ ပါတီတွေဘက်က မျှော်လင့်နေကြပါတယ်။

"အပိုင်း ၁ လုပ်တာက အားလုံးအတွက် အခွင့်အရေးတစ်ခုပါပဲ။ မလိုလားတဲ့ ကိစ္စရပ်တွေ ပြုပြင်နိုင်မယ်လို့ပဲ မြင်ပါတယ်" လို့ ဦးကျော်စွာစိုးက ပြောပါတယ်။

ရွေး‌ကောက်ပွဲအပိုင်း ၂ နဲ့ ၃ မှာ ကြိုတင်မဲ ဘယ်လိုဖြစ်လာမလဲ

မဲပေးစက်နားမှာရပ်နေတဲ့ ရှပ်အဖြူ၊ ပုဆိုးအပြာဝတ်ထားတဲ့ မဲရုံဝန်ထမ်းတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း ၁၊ ရန်ကုန်မြို့က မဲရုံတစ်ရုံ အခြေအနေ

ပါတီတွေရဲ့တင်ပြချက်ဖြစ်တဲ့ကြိုတင်မဲကောက်ယူရာမှာ ပါတီကိုယ်စားလှယ်တွေ လိုက်ပါ ခွင့်ကိုတော့ လာမယ့်ရွေးကောက်ပွဲအပိုင်းတွေမှာ လုပ်ဆောင်သွားမယ်လို့ UEC ဘက်က တုံ့ပြန်ပါတယ်။

၂၀၂၅ ရွေးကောက်ပွဲမတိုင်ခင် ရှေ့ကရွေးကောက်ပွဲတွေမှာတော့ ကော်မရှင်က ပါတီတွေကို ကြို အကြောင်းကြားပြီး မဲကောက်ယူရင်လိုက်ခွင့်ရှိခဲ့တယ်လို့ ဘီဘီစီနဲ့ စကားပြောခဲ့တဲ့ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

ကြိုတင်မဲပုံးတွေနဲ့ ပတ်သက်လို့လည်း အခု UEC က "တောင်ဒဂုံနဲ့ သင်္ဃန်းကျွန်းက သတ်မှတ် လုံခြုံရေးကြိုး မချည်ထားတဲ့ကြိုတင်မဲပုံးကိစ္စကို မလုံခြုံဘူးလို့ ပြောတာတော့ ပယ်လိုက်တာရှိတယ်" လို့ ပြည်သူ့ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဖေသက်က ပြောပါတယ်။

ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌလက်မှတ်မပါတဲ့ ကြိုတင်မဲလက်မှတ်ကိုလည်း ပယ်မဲအဖြစ် သတ်မှတ်ဖို့ UEC က တုံ့ပြန်တဲ့အကြောင်း တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၁ မှာ စစ်ကော်မရှင်က ကြိုတင်မဲကို ၃ ကြိမ်ခွဲပြီး ကောက်ယူခဲ့တာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ပြည်ပရောက်နေသူတွေကို သံရုံးတွေကနေတဆင့် ကြိုတင်မဲ ကောက်ယူပါတယ်။

ဒုတိယအနေနဲ့ တက္ကသိုလ်ကျောင်းသားတွေ၊ မြို့နယ်ပြင်ပရောက်နေသူတွေကို ကောက်ယူတာ ဖြစ်ပြီး တတိယအနေနဲ့ သက်ကြီး၊ မသန်စွမ်း၊ ရွေးကောက်ပွဲနေ့ အလုပ်ရှိနေသူတွေကို ကောက်ယူတာဖြစ်ပါတယ်။

မဲရလဒ်မှာ လိုအပ်ချက်ရှိရင် ကြိုတင်မဲကို အသုံးချလာနိုင်တယ်လို့ ရွေးကောက်ပွဲများဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သလို၊ နိုင်ငံရေးအကဲခတ်တစ်ဦးဖြစ်တဲ့ ကိုထင်ကျော်အေးက ပြောပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၁ မှာ စစ်ကော်မရှင်က ကြိုတင်မဲရဖို့ လုပ်ဆောင်ခဲ့တဲ့အချက်တွေကို ကြည့်ပြီး သူက ချိန်ထိုးသုံးသပ်ပြတာဖြစ်ပါတယ်။

မြေပြင်မှာ ကြိုတင်မဲရဖို့ ပုံစံမျိုးစုံနဲ့ အကောင်အထည်ဖော်ပြီး မဖြစ်မနေထည့်ဖို့ ဖိအားပေးခဲ့တယ်လို့ သူက ဥပမာနဲ့အတူ ထောက်ပြပါတယ်။

"တက္ကသိုလ်အပ်တဲ့ကျောင်းသားတွေ၊ ခရီးသွားမယ့်သူတွေ ကြိုတင်မဲမထည့်ရင် ကျောင်းအပ် လို့ မရတာ၊ ခရီးသွားလို့ မရတာဖြစ်အောင် ဖိအားပေးတယ်"

"နောက်တစ်ခုက ကြိုတင်မဲထည့်လို့ရတဲ့ လူပုဂ္ဂိုလ်အမျိုးအစားကိုလည်း ရွေးကောက်ပွဲ ဥပဒေပြင်ဆင်ချက်တွေနဲ့ တိုးချဲ့ခဲ့တာရှိတယ်။ ဒါကြောင့် ကြိုတင်မဲရဖို့ သူတို့(စစ်ကော်မရှင်) အားစိုက်ခဲ့တာရှိတယ်လို့ ပြောတာ" လို့ ကိုထင်ကျော်အေးက ပြောပါတယ်။

ရွေးကောက်ပွဲပြုလုပ်ဖို့ ကျန်ရှိတဲ့ မြို့နယ် ၁၆၃ မှာ မဲပေးတဲ့သူတိုးလာအောင် ဖိအားပေးတာ ပိုလုပ်လာနိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

"မဲမပေးရင် ဘယ်လိုသက်ရောက်မှုရှိနိုင်တယ်ဆိုတဲ့ခြိမ်းခြောက်မှုတွေနဲ့ မဲမပေးဖို့ စည်းရုံးတာတွေအပေါ် ဖိနှိပ်တာတွေလည်း ဒီထက်ပို ပြင်းပြင်းထန်ထန်လုပ်လာနိုင်တယ်"